ငွေကိုယူပါ လူကိုထောင်ချပါ..

winkyawaungOctober 17, 20101min2209

ငွေကိုယူပါ လူကိုထောင်ချပါ..

ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း အဟောင်းတွေကဖြင့် ကျွန်တော့်ရင်ထဲမှာ ယနေ့အထိ အသစ်ဖြစ်နေလျှက်ပါ…။ အဲဒီအခါက ဖားတော့ဖားခဲ့မိတာအမှန်၊ ဒါပေမဲ့ အများအတွက်ဖားခဲ့ရ၊ရေးခဲ့ရလို့ကျေနပ်ပါတယ်..။ဖားတဲ့စာပိုက်ကိုချန်ပြီး ပြန်လည်တင်ပြလိုက် ပါတယ်…။ ဟိုး..လွန်ခဲ့တဲ့ (………….) ခုနှစ်လောက်က ဖြစ်ရပ်ကလေး တစ်ခု…။

လူတိုင်းလူတိုင်း(ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ )။ ဖြစ်စေချင်၊နေစေချင်လို့ သင်ခန်းစာယူဖို့ တင်ပြပေးပါရစေ။
မြေလတ်ဒေသ ရေနံမြေ မြို့ကလေးမှာ…စာရေးသူရဲ့ ဂျစ်ကားကို ရေနံဂျီး မှောင်ခိုတင်ခဲ့မိလို့ ပုဒ်မ၆(၁) အမှုနဲ့ အဖမ်းခံခဲ့ရပါတယ်..။ ဂျစ်ကားနဲ့အတူ ကားဒရိုင်ဘာရယ်၊ရေနံဂျီးအိပ်တွေရယ်..ကို ဖမ်းတဲ့နေ့ကစပြီး (၂)လတိတိ အာမခံမပေးဘဲ ချုပ်ထားခဲ့ပါတယ်။ (အဲဒီအချိန်က ရေနံမှောင်ခိုမှုဆိုရင် (၂)လချုပ်ပြီး လုံးဝအာမခံ မပေးရန်ညွှန်ကြားထားတယ်သိရပါတယ်။)
အမှုဆိုတာ တစ်ခါမှ မတွေ့ဘူးတော့ စာရေးသူတို့ဇနီးမောင်နှံမှာ ခေါင်းကို မီးတောက်နေတယ် ဆိုတာကိုယ်တွေ့ကျမှ ယုံရပါတော့တယ်။
မစားနိုင်၊မသောက်နိုင်၊မအိပ်နိုင်၊မပြောနိုင်၊ မဆိုနိုင်ဖြစ်နေကြတာပါဘဲ။ ကျွန်တော်ဆို ဝဝကြီးကနေ ကုလားပိန်နက်ချောက်ကလေးအသွင်ပုံပြောင်းသွားခဲ့ပါတယ်။ စိတ်ထောင်း တော့ ကိုယ်ကြေဆိုတာ အမှုဖြစ်ဘူးသူတိုင်းသိကြမှာပါ..။
အမှုသည်တိုင်းဟာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ “ကိုယ်လွတ်ခြင်တာ တစ်ခုကိုသာ မျှော်လင့်ကြပါတယ်”။ လွတ်ရာ လွတ်ကြောင်းတွေ့ရင် တောင်းသလောက် ပေးတတ်ကြပါတယ်။ ဗေဒင်ဆရာကအစ၊နတ်ကတော်၊ ဓာတ်ဆင်ဓာတ်ရိုက်၊ အကြားအမြင် မယ်တော်ကြီး၊မယ်တော်လေး၊ ဘိုးဘိုးအောင်အထိ မြင်ရတဲ့သူရော မမြင်ရတဲ့သူတွေကိုပါ အားကိုးလိုက်ရှာကြပါတယ်။
မှောင်ခိုသမားတွေဆိုတာကလည်း အမှုမဖြစ်ခင်က သက်ဆိုင်ရာတွေကို လစဉ်ကြေး တွေပေး၊ လက်ဆောင်တွေပေးပြီး ဝေစားခဲ့ရတာပါ။ အမှုဖြစ်ပြီဟေ့ဆိုရင်တော့ အကုန် ခေါင်းရှောင်သွားကြပြီး ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုချောက်သလို မရမက အကြောင်းပြ ငွေတောင်းတတ်ကြပါတယ်။ စီးပွါးရေး၊ ကြီးပွါးရေးတွေ ပြောင်တလင်းခါသွားအောင်၊ နလံမထူနိုင်အောင် အမှုသည်ကိုဝိုင်းဆော်ကြပါတော့တယ်။အမှုသည်ကို ဘောလုံးနေရာ မှာထားပြီး ဟိုဘက်လွဲကန်ပြီးငွေတောင်းလိုက် သည်ဘက်ကလွဲချပြီးငွေတောင်းလိုက်နဲ့ နည်းမျိုးကိုစုံလို့။ ကြောက်လေ လွတ်ခြင်လေ ငွေများများကုန်လေတရားခံတွေနဲ့၊ ရလေလိုလေ အိုတစ္ဆေ အကျင့်ပျက်ဝန်ထမ်းတွေဟာ ပရောဂါဆရာက ပြုစားကုစားလုပ်သလို၊ ပရောဂါ ဆရာကြီးက ရောဂါသည်တွေကို ငိုနာ၊ ရယ်နာတိုက်ပြီး ငိုစား၊ရယ်စားလုပ်နေကြသလိုပါပဲဗျာ..။
မှတ်မှတ်ရရ၊ ကျွန်တော့်အမှုအတွက် ကယ်တင်ရှင်ကြီး သွားလေသူ တရားရေးဝန်ထမ်း (လက်နှိပ်စက် စာရေး) ကို မြင့်သိန်းက အရက်မူးမူးနဲ့ ပြောခဲ့တဲ့စကားကို ယနေ့တိုင် ပြန်လည် ကြားယောင်နေပါတယ်
“ဒီမယ် သူငယ်ချင်း၊ အမှု တစ်ခုဖြစ်လာပြီဆိုရင် ( မိန်းမ တစ်ယောက် ကိုယ်ဝန်ဆောင်ရပြီ) လို့သာ သဘောထားလိုက်ပါ။ ကိုယ်ဝန်ဆောင်မိန်းမတွေဟာ လမစေ့ဘဲနဲ့ မွေးဖွား၍ မရပါဘူး၊ လနုသေးရင်လည်း ဖျက်ချလို့တော့ ရတာပေါ့၊ ဒါလည်း ဥပဒေနဲ့ မညီဘူး၊ ငွေကုန်မယ်၊ လူအနာခံရမယ်၊ သက်ဆိုင်တဲ့ သူတို့က တရားစွဲရင် လူသတ်မှုနဲ့ အမှုဖြစ်နိုင်သေးတယ်။လရင့်နေမှ ခွဲထုတ်ဖျက်ချရင်လည်း ငွေကုန်၊ လူသေဖြစ်မယ်၊ သူ့လစေ့မှပဲ ကျွတ်ကျွတ်လွတ်လွတ်မွေးတာ ကောင်းပါတယ်။ အမှု တစ်ခု ဖြစ်ပြီဟေ့ဆိုရင် အချိန်မကျသေးဘဲ သတ်မှတ်တဲ့ ရက်မရောက်သေးဘဲ ပြီးချင်၊ လွတ်ချင်လို့ မရပါဘူး၊ မင်းရဲ့ ကားနဲ့၊ မင်းရဲ့ ဒရိုင်ဘာ ဟာ သတ်မှတ်ထားတဲ့ နှစ်လမပြည့်ဘဲနဲ့ ဘယ်လိုမှ အာမခံ မရနိုင်ဘူး၊ အမှု ရုံးချိန်းလေးငါးခါ ရှိပြီဆိုရင် မင်းကို ငါလာခေါ်မယ်၊ မင်းတို့ အမှုသည်တွေကလည်းကွာ၊ အမှု မဖြစ်ခင်ကတော့ ရွှေမှုံကိုစား ၊ရွှေထီးဆောင်းနေခဲ့ပေမယ့် ငါတို့ တရားရုံးကို ရောက်လာကြရင်တော့ မွဲကြောင်း၊ ငတ်ကြောင်း၊ မရှိကြောင်း ခိုငြီး ငြီးသလို ငြိီးကြမယ်၊ ဘယ်လိုပဲ ပြောကြ ၊ ပြောကြ မင်းတို့ဒုက္ခ ရောက်မှ ငါတို့က ငွေ ရတာပါကွာ၊”
”အော် တရားသူကြီးရဲ့ ညာလက်ရုံး သူငယ်ချင်းမြင့်သိန်း လက်နှိပ်စက်စာရေး ဖြစ်ကာမှ ထောင်လုံးလုံးကျပါတယ်ကွာလို့တော့ မပြောဖို့ ကြိုပြီး တောင်းပန်ထားပါရစေ၊ မင်းတို့ရဲ့အမှုက ကြီးတယ်၊ ပေါ်လစီ အမှုကြီး ဖြစ်နေတော့ အနည်းဆုံး (၃)နှစ်အထက် ထောင်ကျသွားနိုင်တယ်။ ခုတစ်လော သတင်းစာတွေထဲမှာလည်း ဖတ်နေရတယ်။ ——ဘယ် ပြည်နယ်တရားသူကြီး ဦး——————၊ ————-တိုင်းက တရားသူကြီး ဦး————————–မြို့နယ်တရားသူကြီးဦး—————များကို လာဘ်စားမှုတွေနဲ့ ပြစ်ဒဏ် ပေးခံရခြင်း၊ ထုတ်ပယ်ခံရခြင်းတွေ တွေ့နေကြတာကို မင်းအသိဘဲ၊ အဲဒါတွေကြောင့် ငါ့ဆရာက လုပ်မပေးရဲသေးဘူး၊ လုပ်ပေးရဲတောင်မှ တော်တော် စွန့်စားရမှာ ဆိုတော့ ပေးရမယ့် ငွေကတော့ ဂဏန်းကြီးမှာပဲ၊ စကားချပ်(စားပြီး စွန့်သွားရ၍ ယင်းတရားသူကြီး ယခုမရှိတော့ကြောင်း ကြားသိရပါသည်။)
ကျွန်တော်က “သူငယ်ချင်းရာ ငါ့ အခြေအနေလည်း မင်းအသိဘဲ ၊ အိမ်ငှားနေရတာပါ၊ ကုန်စရာ နေနေသာသာ ဒီဂျစ်ကားနဲ့ အငှားလိုက်ရမှ ထမင်းစားရတာပါကွာ၊ ငါ့အမှုအတွက် စဖမ်းကတည်းက ပေးလိုက်ရတဲ့ ငွေတွေကို အိမ်နီးချင်းဖြစ်သူ သူငယ်ချင်း ကိုစိုးဝင်းဆီက ချေးယူလာရတာ၊နှစ်သောင်းကျော်၊ သုံးသောင်းလောက် ကုန်နေပါပြီကွာ”၊
ကယ်တင်ရှင် လက်နှိပ်စက် စာရေး ကိုမြင့်သိန်းမှ “ အေးကွာ၊ မင်းတို့က ကြောက်လို့ ဖမ်းတဲ့ အဖွဲ့ကို ပေးတာ၊ တို့နဲ့ မဆိုင်ဘူး၊ ငါတို့ တရားရုံးကမှ မင်းတို့ အမှုသည်တွေရဲ့ ဘဝကံကြမ္မာကို ဖန်တီးပေးနိုင်တာ၊ မင်းအခု ကုန်ခဲ့တဲ့ ငွေထက်၊နှစ်ဆတိုးပြီးလောက်တော့ ကုန်မှာပဲ သူငယ်ချင်း၊ ရှေးစကားပုံ တစ်ခု ကြားဖူးမှာပါ၊( အိုစာ၊မင်းစာ)တဲ့။ အိုစာမရှိရင် တောင်းစားလို့ ရတယ်၊ မငတ်နိုင်ပါဘူး၊ မင်းစာ ဆိုတဲ့ ငါတို့ရုံးကို ပေးဖို့ကတော့ မရှိလို့ကို မဖြစ်ဘူးကွ၊ မရှိ ရှိအောင်လုပ်၊ မရှိ ရှိတာရောင်းရမှာပဲ၊ ပေါင်ရမှာပဲ၊ ငါ ကောင်း ကောင်းပြောလိုက်မယ်၊ မင်းပြန်ပေတော့၊ အေးအေးဆေးဆေး နေပြီး ငွေသာ ရအောင်ရှာထားပါ။ စားဖို့ မရှိ၊ လျော်ဖို့တော့ ရှိရမှာပေါ့ သူငယ်ချင်းရာ၊ မင်းရဲ့ အမှုအတွက် ငါအားလုံး တာဝန်ယူပါတယ်”
ဆို၍ ပြန်လာခဲ့ရပါတယ်။ကျွန်တော်လည်း အမှုအတွက် ကုန်ဖို့ ငွေကိုတော့ ရွာမှာ ငှားထားတဲ့ တစ်သိန်းကျော်တန် ဗွီဒီယို စက် အစုံအလင်ကို (လင်သေ၊ ကြွေးပူဈေးနဲ့) ခြောက်သောင်းကျပ်နဲ့သာ ချရောင်းခဲ့ရပါတယ်။ ကျွန်တော့် ရဲ့ အမှု နှစ်လ ပြည့်ခါနီး၊ (၂)ရက်အလို စီရင်ချက်ချရန်နောက်ဆုံးရုံးချိန်း မတိုင်မီ တစ်ညနေခင်းမှာ ကယ်တင်ရှင် လက်နှိပ်စက်စာရေး မြင့်သိန်း ကြွလာပြီး ကျွန်တော့်ကို လာခေါ်ပါတယ်။ ကျွန်တော်ကလည်း သက်သေလည်းဖြစ် အဖေါ်လည်းရတယ်ဆိုပြီး ငွေထုတ်ချေးထားတဲ့ သူငယ်ချင်း တစ်ယောက်ကို အဖေါ်ခေါ်ပြီး လိုက်လာခဲ့ပါတယ်။
ကယ်တင်ရှင်မြင့်သိန်းမှ “ မင်း ငွေ အဆင်ပြေပြီ မဟုတ်လား၊ တစ်ခါတည်း ငွေယူပြီး ငါနဲ့ လိုက်ာခဲ့ပါ၊ ငါ့ဆရာနဲ့မင်း နှစ်ယောက်ချင်း တွေ့ပေးမယ်။ မနက်ဖြန် မင်းတိုု့ အမှုကို စီရင်ချက် ချတော့မှာတဲ့၊ ချုပ်ရက်၊ နှစ်လနဲ့ ပြီးရင် ငွေကျပ်(————) -ပေးရမယ်။ ချုပ်ရက်နဲ့ မပြီးရင်ငွေကျပ်(———–)သာပေးရမယ်။(အခုငါ့ဆရာဆီ မသွားခင် ငါတို့ရုံးက ပါလာတဲ့ ငါတို့ရုံးအဖွဲ့ကို စားသောက်ဆိုင် တစ်ဆိုင်မှာ ဧည့်ခံရမယ်)။
ကယ်တင်ရှင်ကြီး ပြောတဲ့အတိုင်း ကျွန်တော် ဧည့်ခံ ကျွေးမွေးလိုက်ပါတယ်။ စားတဲ့သူက (၉)ယောက်၊ အရက်၊ ထမင်း၊ အကြော်အလှော်ဖိုးနဲ့(၇၅ဝကျပ် ကျပ်)ဖိုးလောက်ကုန်သွားခဲ့ပါတယ်၊ (အဲဒီအချိန် နယ်ဆိုင်တစ်ဆိုင်မှာ စားသောက်သော ဈေးနှုန်းဖြစ်ပါသည်။)သူတို့အဖွဲ့မှာ ပါလာတဲ့ ဆရာတွေက အဝစား ၊ အဝသောက်ရုံတင်မကဘဲ အိမ်က မိန်းမနဲ့ ကလေးတွေ အတွက်ပါ ခေါက်ဆွဲကြော် နှစ်ထုပ်စီ ၊ပါဆယ် ယူသွားကြပါသေးတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ငိုနေမိပါတယ်။ သူတို့ကတော့ ပျော်လို့ ပါးလို့ ဟားတိုက် ရယ်မောလို့ နေကြပါတယ်။အော် ယခုမှပဲ ငိုစား၊ ရယ်စား ဆိုတာ ရင်ထဲမှာ နားလည်ခဲ့ရပါတော့တယ်။
ကယ်တင်ရှင် လက်နှိပ်စက်စာရေး ဦးဆောင်လို့ သူက ပြောပါတယ်၊
“ ကဲ၊ ကဲ စားပြီးတဲ့ကောင်တွေ ပြန်ကြ”
ကျွန်တော့်ကိုတော့ လက်တို့ပြီး အပြင်ကို ခေါ်ပြီး ပြောပါတယ်။
“ကိုယ့်လူ မင်းနဲ့ ကပ်ပါလာတဲ့ သူငယ်ချင်း ဟိုဆရာကို ဒီဆိုင်မှာ ထားခဲ့ပါ၊ ငါ့ဆရာက ဝမ်းဘိုင်ဝမ်း၊ တစ်ယောက်ချင်းမှ တွေ့ခွင့်ပေးမှာ၊ ကဲ၊ ကဲ သူ့ကို ပြောထားခဲ့ပြီး မင်းငါနဲ့ လိုက်ခဲ့ပေတော့”
ကျွန်တော်ဟာ သူခေါ်ရာနောက်၊ သူ့ဆရာ တရားသူကြီး၏ အိမ်ဆီသို့ ရောက်လာကြပါတယ်။သူခိုင်းတဲ့အတိုင်း သူ့ဆရာ တရားသူကြီး ဦး(————)-အိမ်နောက်ပေါက်မှ ဝင်ခဲ့ရပါတယ်။ တရားသူကြီးမင်းနဲ့ နှစ်ယောက်တည်း တွေ့ပြီး မြန်မြန်ပြော၊ မြန်မြန်ပေး စနစ်ကို ကျင့်သုံး၍ ပြစ်ဒဏ်( ) နှစ်ကနေ( ၂)လချုပ်ရက်နဲ့ပြီးရန် တောင်းပန်သော်လည်း မရခဲ့ပါ။ နောက်ဆုံးတော့ ဒီငွေ(——)ကျပ်သာ ယူပါ၊ ဆရာရယ်၊ ကျွန်တော့် ကားဒရိုင်ဘာကို (ထောင် ၃လ)သာ ချပေးပါဆရာရယ်လို့ ပြောပြောပေးပေးနဲ့ မနက်ဖန် တရားခွင်မှာ စီရင်မယ့် စီရင်ချက်ကို ယနေ့ည သူ့အိမ်မှာတင် အပြီး သတ်ကြားနာခဲ့ရပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်။
အပြန်လမ်းတွင် ကျွန်တော် တစ်ယောက်တည်းသာ စဉ်းစားစရာတွေ တလှေကြီး နဲ့ ကားဒရိုင်ဘာကို ထောင်သို့ (၁)လပို့ဖို့ ငွေကုန်ရဦးမယ့် ကိစ္စ၊ ကားဒရိုင်ဘာရဲ့ မိသားစု စားဖို့ စားရိတ်ထပ်ပေးရဦးမယ့် ကိစ္စ၊ ဂျစ်ကားကို တရားရုံးမှ ပြန်လည် ထုတ်ယူရန် ငွေထပ်ပေးရအုံးမယ့် ကိစ္စ၊ ကိစ္စ ၊ ဝိစ္စ များကို စဉ်းစားနေရင်းကနေ—————–
မြန်မာတွေ စည်းကမ်းရှိရှိ ၊ နည်းလမ်းသိသိ ကြီးပွားဖို့ အချိန်တန်ပြီဆိုတဲ့ ကြီးပွားရေးလမ်းညွှန်ဂျာနယ်ထဲက ဘကြီးပွားရဲ့ ဆောင်းပါးကို သတိရ အောက်မေ့ လိုက်ပါတော့သတည်း။

ရွှေလမ်းငွေလမ်း ဝင်းကြည်
အတွဲ(၄)၊ အမှတ်(၃)၊ ကြီးပွားရေး လမ်းညွှန်ဂျာနယ်
၁၉၉၄ ခု အောက်တိုဘာလမှာ (ဖော်ပြပြီး)

တဆင့် ကူးယူတင်ပြပါသည်။

ယခုခေတ် စာပေစီစစ်ရေးမှ ပယ်ထားသော စာမူဖြစ်ပါ၏။

9 comments

  • winkyawaung

    October 17, 2010 at 8:47 am

    စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည်၏ “အငယ်လေးကိုချစ်ခဲ့မိလို့” နှင့် အခြား ဝထ္ထုများ မှ (ယခုစာပေစီစစ်ရေးက)အပယ်ခံစာမူဖြစ်ပါသည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် တင်ပြပေးပါ၏။

  • naywoonni

    October 17, 2010 at 12:53 pm

    ကျေးဇူးပဲဗျို့
    အပယ်ခံစာမူလေးတွေဖတ်ရတာ

  • winkyawaung

    October 17, 2010 at 2:54 pm

    ယခုလို အားပေးတာ အထူးကျေးဇူးတင်ပါတယ်..။ အားပေးတော့ ရေးအားရှိတာပေါ့ကွယ်။ အများအတွက် အကျိုးပြုမဲ့ ပို့စ်တွေကို ရွေးပြီးတင်ပေးပါအုံးမယ်…။

  • kai

    October 17, 2010 at 11:34 pm

    အပယ်ဆိုတာ..တန်ဖိုးထိုက်တာ
    သမိုင်းလှန်ကြည့် သိနိုင်ပေရာ
    ရွှေအိမ်သည် မိခင် “အပယ်ရတနာ” ..တဲ့။

    ဘာမှလည်းမဆိုင်ဘူးနော..
    ဘာပဲဖြစ်ဖြစ်…အပယ်ခံစာမူလေးတွေ …ဖတ်ကြည့်ချင်ပါတယ်ခင်ဗျား..။

  • michaelaungpu

    October 18, 2010 at 3:09 am

    တင်ပါတင်ပါ
    အားမပေးတာမဟုတ်ပါဘူး
    ဒီပုဂ္ဂိုလ် ဘယ်နှယ် ရှာရှာဖွေဖွေ တွေ ဘယ်ကရပါလိမ့်လို ့ အတွေးနယ်ချဲ ့နေလို ့ပါ

  • လင်းဝေကျော်

    October 18, 2010 at 3:27 am

    ယခုခေတ် ထိုထက်ပိုဆိုးသည်။
    တစ်လောက သူငယ်ချင်းအရင်းတစ်ယောက် အမှုဖြစ်တာ ထိုနည်းအတိုင်းပါပဲ။
    ဘာမှ မဖြစ်တဲ့ကိစ္စကို ချုပ်ထားလိုက်တော့ လွယ်လွယ်လွတ်မယ်ထင်။
    ရဲက တောင်းတိုင်းပေး။ နောက်မှ တရားရုံးက မလုပ်ပေးလို့ဆိုပြီး လွှဲချ။
    တရားရုံးက တောင်းတာထပ်ပေး။ ရှုပ်နေတာပါပဲ။
    ကုန်လိုက်တာလည်း မပြောပါနဲ့။
    ငြိမ်ငြိမ်သာနေကြပါ။
    ဘာမှ မဆတ်ဆော့ကြပါနဲ့။
    သူတို့လက်ထဲရောက်သွားရင် ဘာမှလုပ်မရလို့ပြောတာပါ။

  • Thein

    October 18, 2010 at 4:43 am

    စိတ်ပျက်စရာ တိုင်းပြည်ပါလားကွယ်။ လူကိုမတရားနှိပ်စက်ရမှ ငွေရတဲ့ အလုပ်ကို သူတို.မို.လုပ်တတ်ပလေ။ ရွံစရာကောင်းလို. ဘာပြောရမှန်းတောင်မသိတော့ပါ။
    တိုင်းသူပြည်သားအားလုံးခံစားနေရတာ အုပ်ချုပ်တဲ့ကောင်တွေမှာ တာဝန်မကင်းပါ။ အုပ်ချုပ်တဲ့လူသောက်သုံးမကျလို. လူအားလုံးခံ နေကြရတာ ကြေနပ်စရာလုံးဝမရှိပါ။

  • char too lan

    October 18, 2010 at 6:05 am

    ကြုံဖူးတယ် ခံရဖူးတယ် ပေးဖူးတယ် ကျွေးဖူးတယ်
    ပြန်ဟောင်တာလဲခံရတယ် ပြန်ကိုက်တာလဲခံဖူးတယ်

  • winkyawaung

    October 18, 2010 at 8:01 am

    ရှေးလူကြီးများ စကားပုံက ငွေများ တရားနိုင်သတဲ့..။ ယခုခေတ်မှာ ငွေများတရားမဖြစ်။ ဝန်ကြီး၊ ဝန်လေး လူကြီးတို့၏ မယား သားသမီးများ တရားမဖြစ်တဲ့..။လုပ်ချင်တာလုပ်..ဟဲလို.ဟုတ်ကဲ့၊ ဟုတ်ကဲ့ မသိလိုက်လို့ပါခင်ဗျာ..တဲ့။ ကမ္ဘာကျော်ခေါင်းဆောင်ကြီးများ အုပ်ချုပ်နေတာလေ…။

Leave a Reply