နှလုံးသားထဲက လောကကြီး

စေနOctober 21, 20101min1452

နှလုံးသားထဲက လောကကြီး

လောကကြီးမှာ သင်မြင်တွေ့ခဲ့တာတွေတိုင်းက အမှန်တရားမဖြစ်နိုင်ဘူး။ တချို့က သင့်ထင်မြင်ချက်တွေသာဖြစ်တယ်။

ဥပမာအနေနဲ့ပြောရရင် တစ်နေ့မှာ လမ်းကြားထဲက ရုတ်တရက်ပြေးထွက်လာတဲ့ ခွေးတစ်ကောင်က သင့်ကိုတိုက်မိမတတ်ဖြစ်ခဲ့လို့ သင်လန့်ဖျပ်သွားတယ်ဆိုပါစို့။ အဲဒီအချိန်မှာ သင့်ရဲ့အတွေးက “ဒီခွေးစုတ်.. ငါ့ကို ကိုက်မိတော့မယ်”ဆိုပြီး ဒီနေ့ကံမကောင်းဘူးလို့ သင်ထင်လိမ့်မယ်။ အဲဒီအခါမှာ သင့်စိတ်ခံစားချက်ကလည်း ကောင်းတော့မှာမဟုတ်ဘူး။ တကယ်လို့ သင်သာ “တော်သေးတယ်… ရုတ်တရက်ထွက်လာတာ ကားတစ်စီးမဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေလို့”လို့ တွေးမိခဲ့ရင် သင့်ကိုယ်သင် ဒီနေ့ကံမကောင်းဘူးလို့ ထင်တော့မှာ မဟုတ်ဘဲ ဒီနေ့ကံကောင်းတယ်လို့ပဲ ထင်မိလိမ့်မယ်။

တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ခံစားချက်နဲ့ ခံစားကြည့်တော့ မတူတဲ့အဖြေကိုရတယ်။ အကြောင်းက ကိစ္စတစ်ခုအပေါ်ကြည့်တဲ့ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်ပေါ် မူတည်နေလို့ဖြစ်တယ်။

ဆေးရုံတစ်ခုရဲ့ လူနာဆောင်မှာ လူနှစ်ယောက် မတော်တဆကားတိုက်မူနဲ့ ရောက်နေတယ်။ လူနာတစ်ယောက်က စိတ်ပျက်ဝမ်းနည်းနေပြီး တစ်ယောက်က ပြုံးရွှင်တည်ငြိမ်နေတယ်။ စိတ်ပျက်ဝမ်းနည်းသူက “ဒီလိုအဖြစ်နဲ့ကြုံရတာ သိပ်ကံဆိုးတာပဲ”လို့ မကြာခဏညည်းတွားနေတယ်။ ကျန်တစ်ယောက်က “ကျွန်တော် အသက်ရှင်နေသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်”လို့ ရေရွတ်နေတယ်။

လောကကြီးမှာ ဖြစ်ပျက်သမျှအရာတိုင်းက ဘက်မလိုက်ဘူး စပ်ကြားမှာပဲနေတယ်။ အားလုံးက ကျွန်တော်တို့ ထင်မြင်ယူဆချက်ပေါ်မှာပဲ မူတည်တယ်။

တစ်ခါက မိတ်ဆွေလင်မယားအိမ် ကျွန်တော်အလည်ရောက်ခဲ့တယ်။ သူတို့ကလေးတွေက ဖဲကစားချင်ကြောင်း မိဘတွေကိုပြောတယ်။ မိခင်က ဘာဖြစ်လို့ ဖဲကစားချင်တာလဲလို့ မေးတော့ ကလေးတွေက လောင်းချင်လို့ပါလို့ ဖြေတယ်။ မိခင်ရဲ့မျက်နှာ ညိုမည်းသွားတာကို ကျွန်တော်သတိထားလိုက်မိတယ်။ လောင်းကစားဆိုတာ ကလေးတွေအတွက် မကောင်းဘူးဆိုတာကို သူသိလို့ဖြစ်တယ်။ ဒါပေမယ့် တအောင့်နေတော့ သူ့စိတ်က(၁၈ဝ)ဒီဂရီပြောင်းသွားတယ်။ ပြီးတော့ ပြုံးပြုံးလေးနဲ့ “ဒီအကြံမဆိုးဘူး.. မင်းတို့ ကိန်းဂဏန်းသင်္ချာတွေကို ပိုနားလည်စေတာပေါ့”လို့ ပြောတယ်။

ထင်မြင်ချက်ပြောင်းတာနဲ့ ခံစားချက်ပါလိုက်ပြောင်းသွားတယ်။

တခြားလူရဲ့အပြုအမူတချို့၊ စကားတချို့က ကိုယ့်ကိုယ်ထိခိုက်စေတယ်ဆိုတဲ့ အစွဲလေးတစ်ခု လူတိုင်းမှာရှိကြတယ်။ တကယ်တော့ သူတို့ပြောတဲ့စကား၊ သူတို့လုပ်တဲ့အပြုအမူက ကိုယ့်အတွက်ကောင်းတယ်၊ ဆိုးတယ်။၊ ကိုယ့်ကိုယ် ပျော်စေတယ်၊ ဝမ်းနည်းစေတယ်.. စတာတွေက ကိုယ့်ထင်မြင်ချက်ပေါ်လိုက်ပြီး ပြောင်းသွားတာဖြစ်တယ်။

တစ်ခါက အဘွားအိုတစ်ဦးဟာ အိမ်ကိုဒေါနဲ့မောနဲ့ပြန်လာတယ်။ အကြောင်းစုံကို သမီးမေးတော့ အဘွားအိုက ဒေါသတကြီး “ကားပေါ်က လူတွေက ဒီလောက်အသက်အရွယ်ကြီးတဲ့အမေ့ကို ထိုင်ခုံဖယ်မပေးကြဘူး”လို့ ပြောတယ်။

အဲဒီမှာ သမီးကရယ်ပြီး “တကယ်လို့ သမီးသာဆိုရင်လည်း အမေ့ကိုနေရာဖယ်ပေးမိမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေကြည့်ရတာ အရမ်းနုနေသေးလို့”လို့ ပြောလိုက်တယ်။ အဲဒီအခါကျမှ အဘွားအိုက ချက်ချင်း မျက်နှာအမူအရာပြောင်းသွားခဲ့တယ်။ ပြီးတော့ ရေချိုးခန်းမှန်ရှေ့မှာ တိတ်တခိုးရပ်ပြီး ပြုံးရယ်နေတာကို သမီးတွေ့လိုက်တယ်။

ပျော်ရွှင်တာနဲ့နာကျင်တာရဲ့ ခြားနားချက်က မတူတဲ့ကိစ္စရပ်နှစ်ခုကြောင့် မဟုတ်ဘူး။ မတူတဲ့ ထင်မြင်ယူဆချက်နှစ်ခုကြောင့် ဖြစ်တယ်။

ဒီလောကကြီးထဲမှာ ကိုယ်အသက်ရှင်နေတယ်လို့ ပြောမယ့်အစား ဒီလောကကြီးက ကိုယ့်နှလုံးသားထဲမှာ အသက်ရှင်တယ်လို့ ပြောကြည့်ပါ။

ပျော်ရွှင်တာလား? ဝမ်းနည်းတာလား? အကောင်းလား? အဆိုးလား? ဒါတွေဟာ သင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲ၊ ပြဿနာအပေါ်ကြည့်တဲ့ သင့်ထင်မြင်ယူဆချက်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။

ထိုင်ဝမ်က ဆရာဝန်စာရေးဆရာ He Quan Feng(何权峰)ရေးသားတဲ့ Stop, Think and Turnစာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

2 comments

  • char too lan

    October 22, 2010 at 4:26 am

    ကုန်းကျု ့ရဲ့ သောရှဲ့ လိုပဲ ကျနော်လဲ ဖေးချန်ကန်ရှဲ့ ပါ

Leave a Reply