အသက်ပြင်းတဲ့ အဖွားတုတ်
သူငယ်ချင်း တယောက်ရဲ့ အဖွားဖြစ်ပါတယ်။ သူငယ်ချင်းပြောတဲ့ အကြောင်းလေးကို အတွေးနယ်ချဲ့ စာစီရေးသားလိုက်ပါသည်။ သူငယ်ချင်းက သူအဖွား က သေရွာပြန်တဲ့.. စိတ်ဝင်စားသွားလို့ ဘယ်လိုပြန်တာလဲ.. ငါအဖွားအရင်းတော့ မဟုတ်ဘူးပေါ့ဟာ.. သူက ငါ့အဖွားရဲ့ ညီမ ဝမ်းကွဲ.. ဖွားတုတ် နေမကောင်းဖြစ်တော့ ဆရာဝန်တွေ လက်လျော့သွားတဲ့ အထိ နေမကောင်းဖြစ်ခဲ့တာ.. လက်လျော့မှာပေါ့.. သူက ဦးနှောက်သေသွားပြီ ဦးနှောက်သေသွားတဲ့ လူမမာ ဘယ်တော့မှ မရှင်တော့ဘူး သေတဲ့ အချိန်ကိုသာ စောင့်ပြီး အိမ်မှာ အသုဘ အတွက် ပြင်ဆင်နေသတဲ့.. မိသားစုဝင်တွေက ဦးနှောက်သေပေမဲ့ လူမသေသေးတော့ သူအတွက် အောက်စီဂျင်နဲ့ တခြားလိုအပ်တာတွေ မဖြတ်တောက်ဘဲ ဆက်ထားတယ်။ ဦးနှောက်သေပြီး ၅ရက်အကြာမှာတော့ အဖွားတုတ် မျက်စိပွင့်လာပြီး ရေတောင်းတယ်။ ရေသောက်ပြီး တော့ သူအတွေ့အကြုံလေးတွေ ပြန်ပြောတယ် ဆရာဝန်တွေ အံဩတုန်လှုပ်သွားခဲ့တယ်။ အထွေထွေ ရောဂါရှာဖွေရေး ဆရာဝန် မကြီး ဒေါ်တင်မေညွန့် ဆိုတဲ့ ဆရာဝန်မကြိးက သူကို ကြီးကြပ်ကုသပေးနေခဲ့တာပါ။ ဆရာဝန်မကြီးက ထူးခြားဖြစ်စဉ်အဖြစ် အဖွားတုတ်အား ဓါတ်ပုံရိုက်မှတ်တမ်းယူ သွားတယ်လို့ သိရပါတယ်။
အဖွားတုတ်ရဲ့ အတွေ့အကြုံကတော့ ကြားဘူးနားဝ ရှိတဲ့ ပုံပြင်တွေ ထဲကလိုဘဲ.. ငရဲပြည်ကို ရောက်.. ယမမင်းနဲ့ တွေ့တယ်တဲ့..
ယမမင်း—အသင် ဘာတွေ လုပ်ခဲ့သလဲ
ဖွားတုတ်—ကုသိုလ်တွေ လုပ်ဖို့ ကျန်သေးတယ် မြေးလေး ၂ယောက် ရှင်ပြုပေးချင်တယ်။ သူတို့ ရှင်ပြုပေးတဲ့ ကုသိုလ် အရှင့်ကို အမျှပေးမယ်။
ယမမင်း—အင်း ဒါဆို အချိန် တခု ခဏ နေခွင့်ပေးလိုက်မယ်.. ကုသိုလ်လုပ်ရင်တော့ မမေ့လေနဲ့.. သွားပေတော့..
ဒီလိုနဲ့.. အဖွားတုတ် ကိုပြန်ပို့လိုက်ပြိး သတိရသွားလေရဲ့..
ဒီလိုနဲ့.. ကျန်းမာစွာ နေမကောင်း ဖြစ်ရာကနေ ပြန်လည် အားအင်ပြည့်ဖြိုးပြီး အလှူတွေ လုပ်.. အပြီးမှာတော့ နောက်တကြိမ်.. အပျင်းဖျားပြီး နေမကောင်းဖြစ်ပြန်လေသတဲ့.. ထိုအချိန်မှာတော့ အဖွားတုတ်တို့ မိသားစု ပထမအကြိမ် နေမကောင်း ဖြစ်နေတုန်းကလို ကူညီမဲ့သူ ရှိလေမလား လိုက်ရှာကြတယ်။ ထိုအချိန်မှာလည်း အဖွားတုတ် သတိလစ် မေ့မျောသွားတယ်.. အချိန်အားဖြင့် ၁ဝရက်လောက်ကြာသွားပြီ.. သတိပြန်လည်မလာနိုင်တော့ရင် သေဖို့ သေချာနေပြီ အသက်အားဖြင့် ၇ဝ နီးပါးဖြစ်နေပြီ.. ထိုအချိန်မှာ.. ဘိုးတော်လား ဘာလားတော့ မသိဘူး ဆရာတဦး တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ အဖွားတုတ်အကြောင်း စကားစပ်မိပြီး ပြောပြရင်းနဲ့ နောက်နေ့ ပြန်သတိရလာတယ်။ ဆရာကို ကျေးဇူးတွေ တင်လို့.. နောက်တကြိမ် ကံကောင်းပြန်ပြိပေါ့.. ဝမ်းသာနေကြရင်းနဲ့ ထို လူလည်း သူနေရာ နေရင်းအရပ်ကို ပြန်သွားတယ်။ အဖွားတုတ်ကို ဘုရားတရား လုပ်ဖို့ မှာကြားခဲ့တယ်။ မလုပ်ရင်တော့ နောက်တကြိမ် ကယ်တယ်ဆိုတာ မဖြစ်နိုင်တော့ဘူး ဆိုပြီး ပြောသွားလေရဲ့.. အဖွားတုတ် ဒီတကြိမ် သတိရပေမဲ့ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ ဝူးဝူး ဝါးဝါး အော်ဟစ်ပြီး ၁ဝရက်လောက်နေတော့ သေသွားလေရဲ့.. သေရွာ ၂ခါပြန်ဆိုပြီး သားသမီး မြေးမြစ်တွေ အသိမှာ မှတ်တမ်းတင်ခံလိုက်ရတယ်။
7 comments
kopauk mandalay
October 22, 2010 at 3:06 pm
တယ်လဲထူးဆန်းတာဘဲနော်။
သေရာကနေပြန်ပြန်ရှင်လာတာကိုပြောတာပါ။
khinmintatthu
October 22, 2010 at 5:40 pm
ဟုတ်တယ်နော်… ထူးဆန်းတယ်… သူ့ရဲ့ သေနေ့လည်း မစေ့သေးလို့နဲ့တူတယ်
ဆူး
October 23, 2010 at 3:03 am
နောက်ထပ် ပိုစ်တခုအနေနှင့် ထူးဆန်းတဲ့ သူငယ်ချင်း တယောက် အကြောင်း ရေးပေးအုန်းမယ်။
kai
October 23, 2010 at 8:41 am
အဘိဓမ္မာအရဆိုရင်တော့ … သေခါနီးဇော ၅ကြိမ်(ကျ)စောပြီး..ဟိုဖက်ကဘဝမှာ ပဋိသန္ဓေစိတ်ဖြစ်တာပဲ..။
လောက်လန်းသဖွယ် ဝိညာဉ်တွယ် တဲ့..။ တဖက်ကမိရင်..တဖက်ကလွတ်ပြီးသားပဲ..။
ကြားမှာ အလွတ်အလပ်မရှိရပါဘူး..။ ဒီဖက်က လွတ်တာနဲ့ဟိုဖက်မှာတွယ်ပဲ..။
ဆိုတော့..
အဖွားတုတ် ..ဂယောင်ဂတန်းနဲ့ဦးနှောက်စားတာဖြစ်မယ်..ထင်ပါတယ်..။
ဒီဘဝမှာ ..သေကိုမသေသေးတာဖြစ်မယ်..။
စိတ်မဆိုးနဲ့နော… ကျုပ်က… စာတွေအထောက်အထားတွေနဲ့ချည်းလိုလိုက်ညှိနေတာ..။
စာအုပ်ကြီးသမားတော့ မဟုတ်ရပါဘူး..ဒီလိုပဲ.. ပြောစရာတွေ့ ကောက်ပြောလိုက်တာ..။
ဆူး
October 23, 2010 at 10:19 am
ဆရာထောက်တာကောင်းပါတယ်။ ဆူးလည်း စာအုပ်ကြီး မဟုတ်ပါဘူး။ ဆူး အခုရေးတာ သူငယ်ချင်းပြောတဲ့ စကားတွေကို စာဖတ်သူ အဆင်ပြေချောမွေ့အောင် ရေးထားတာပါ။ သေခါနီး ဇောစိတ် (၇)ကြိမ်ကျတယ် မဟုတ်ဘူးလား.. ဆူး အမှတ်မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဘဝင်စိတ်က ဘဝတခုလုံးမှာ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် တွေကို မှတ်သားထားနိုင် သလို အတိတ်ဘဝတွေက ပြုတဲ့ ကုသိုလ် အကုသိုလ်တွေကို လားရာ ဂတိ ဖြစ်စေနိုင်တဲ့ အထိ သူက စွမ်းဆောင်ပေးပါတယ်။ ထိုဘဝင်စိတ်ကို တရားအရမ်း အားထုတ်တဲ့ အချိန် သမာဓိ အားအရမ်းကောင်းမှ အဲဒိ စိတ်ကို ဖမ်းပြီး သိနိုင်တာ။ ဆူးကိုယ်တိုင်လည်း ဘဝင်စိတ် ဆိုတာကို အတိအကျ သေချာ မဖော်နိုင်သေးဘူး။ မှတ်သားဘူးတာဘဲ ရှိသေးတယ်။ ဆရာပြောတာလို့ ဆူး ဒီကိစ္စကို စဉ်းစားကြည့်တော့.. တရားတော်ထဲက အတိုင်း ဟိုဘက်ဘဝနဲ့ ဒီဘက်ဘဝ ဆိုတာ ဒီက ထွက်တာနဲ ဟိုဘက်ရောက်တယ် ဆိုတာ ဟုတ်ပါတယ်။ အထင်ကတော့ သူ မသေခင်မေ့မျောနေတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ဆူး သေခါနီး လူတွေကို မြင်ဘူးတယ်။ တချို့ ဘယ်လောက်ဘဲ မေ့မျောနေပါစေ.. သေခါနီးမှာ လားရာ ဂတိ ကောင်းမကောင်းကို သတိထားမိနိုင်တယ် ထင်ပါတယ်။ မြင်ဘူးတဲ့ လူတွေကတော့ မျောနေပေမဲ့ သေခါနီးမှာ တချို့က လေဖြတ်ပြီး နှစ်နဲ့ချီပြီး တကိုယ်လုံး မလှုပ်နိုင်ပေမဲ့ သေခါနီး အပါယ်သွားမဲ့ လူ ဝူးဝူးဝါးဝါး အော်ဟစ်နေတာမျိုး.. တချို့ကတော့ သေခါနီး နာရီပိုင်းလောက် သတိလစ်မျောနေပေခဲ့ အသက်ထွက်ခါနီး အချိန်ပိုင်းတခုလောက်မှာတော့ အာရုံကြည်လင်တဲ့ ပုံစံမျိုး.. ပြုံးသလို အရိပ်ယောင် သန်းတဲ့ ပုံမျိုး တချို့ကတော့ အမူအရာ စိတ်မချ သလိုဖြစ်နေတာမျိုး.. မျက်လုံးကြိးတွေ မပိတ်နိုင်သလို ပါးစပ်တွေ ဟစိ ဟစိ ဖြစ်သလိုမျိုး..မြင်ဖူးတဲ့ လူတွေ ရဲ့ ပုံတွေကို သတိရလို့ သုံးသပ် တင်ပြလိုက်ပါသည်။
unclegyi1974
October 23, 2010 at 2:29 pm
ဖြစ်နိုင်ပါတယ် ယမမင်းနဲ့တွေ့ခဲ့တာကိုပြောတာပါ
ဟိုးယခင် ကဘုရားကြီးတောင်ရွာသစ်မှာဘာသာခြား
အဖိုးကြီးတယောက်ရှိပါတယ် အဲဒီလိုဖြစ်သွားပြီးပြန်
သတိရတော့ သားသမီးအားလုံးခေါ်ပြီးပြောသတဲ့
သူငရဲရောက်သွားသတဲ့ သူ့အပြစ်တွေအတွက်ငရဲခံရမယ်
ဆိုပြီးဆီပူအိုးထဲပစ်ချပါသတဲ့ အဲဒီအချိန်မှာ အောက်ကနေ
အဝါရောင်ပစ္စည်းတခု ကလာခံသတဲ့ ဘယ်လိုမှပစ်ချလို့မရ
ဘူဖြစ်နေရော ယမမင်းကနေအုန်းဆိုပြီး သူ့ကိုမင်းလူ့ပြည်မှာ
ဘာလုပ်ခဲ့သလဲဆိုပြီးပြန်မေးတာကိုး သူကလဲသူတို့ဘာသာ
နဲ့ကောင်းမှုလုပ်တာတွေကိုလျှောက်ပြောတာ ကုန်ရော
မဟုတ်သေးဘူးရှိရအုန်းမယ်ဆိုလို့ စဉ်းစားလိုကတာ
နောက်ဆုံး ဘုန်းကြီးတပါးကိုအကြော်တခုလှူခဲ့တာကိုသတိ
ရပြီးပြောလိုက်တော့မှဒါကြောင့်ကိုးလို့ဆိုပြီး မင်းကုသိုလ်
ကောင်းမှုလုပ်ရအုန်းမယ်ပြန်တော့ဆိုပြီးလွှတ်လိုက်တာ
သတိပြန်ရလာရော အဲလိုပြောပြီးငါတော့ဘာသာပြောင်းတော့မယ်မင်းတို့လဲ
ပြောင်းတော့လို့ပြောပြီးတမိသားစုလုံ ဗုဒ္ဓဘာသာကိုပြောင်း
လိုုက်ကြတယ်လို့ပြောတာကိုကြားဖူးပါတယ်
ဒါကြောင့်ဖြစ်နိုင်တယ်လို့ပြောတာပါ တခါတလေ
သိပ္ပံပညာနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စတွေလောကကြီးမှာ
အများကြီးပါ
maungmaung
October 24, 2010 at 6:19 am
ဒီလိုလဲရှိပါသေးတယ်။……….လို့ထင်ရတာ……………