ယိမ်းကြစို့ဟေ့ စောင်းစောင်း Lean
အောက်တိုဘာ ၂၄ရက်နေ့စွဲနဲ့ မနောဖြူလေးတင်တဲ့ နဲနဲလေး စဉ်းစားတတ်ရင်ပေါ့လေဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ပေါင်းသင်းဆက်ဆံရေး ဗျူဟာတွေကို စဉ်းစားမိပါတယ်။ သူပြောသလို ဘယ်အရာမဆို အစွန်းမရောက် ချင့်ချိန်တတ်ကြရင် လောကကြီး သာယာနေမှာပါ။ အားလုံး မဟုတ်တောင် အများက ချင့်ချင့်ချိန်ချိန်နဲ့ ပြုမူတွေးခေါ် တတ်ကြဖို့တော့ လိုပါတယ်။ အများမိုးခါးရေသောက် လိုက်သောက်၊ အူမတောင့်မှ သီလစောင့်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုး စတဲ့ ဆိုရိုးတွေဟာ လက်တွေ့ဘဝတွေ ကနေ ပေါ်ထွက်လာလို့ မျက်ကွယ်ပြုလို့တော့မရ။ မလိုက်နာတော့ ဘာဖြစ်မလဲဆိုရင် ကိုယ်ကျန်ခဲ့ဖို့ များတယ်ပေါ့။ တစောက်ကန်း ရမှာလားဆိုတော့လည်း လောကနဲ့ ဘောင်မဝင်လို့ အလယ်အလတ် တွေးခေါ်ပုံမျိုးထက်တေင် ရှင်သန်နိုင်ဖို့ အခွင့်အလမ်း နဲပါတယ်။
ကျနော်ကတော့ အလယ်အလတ်လမ်းကို တမင်လိုက်ရှာဖို့ မစဉ်းစား၊ ဘာလို့လဲဆိုတော့ ကောင်းလွန်းနေလို့ပါ။ အင်္ဂလိပ်လိုတော့ idealism လို့ခေါ်နိုင်မလားမသိ။ အချိန်အတော်များများမှာ ဒီတော့ အစွန်းနှစ်ဖက်ထဲက တခုခုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားယူပါတယ်။ အင်္ဂလိပ်လိုတော့ moderate အစွန်းမရောက်သူလို့ ခေါ်နိုင်ပါတယ်။ (နိုင်ငံရေးသိပ္ပံ မသင်ခဲ့ဘူးလို့ အသုံးအနှုန်းတွေ မှားနိုင်ပါတယ်) ဒါဟာလဲ မိမိ ကျင်လည်ရာ ဘဝတွေနဲ့ ဆိုင်မယ်ထင်ပါတယ်။ အလယ်အလတ်လမ်းရဲ့ ဖြစ်တတ်တဲ့ သဘောက အချောင်သမား opportunist ဖြစ်သွားတတ်တာပါ။ နိုင်ငံရေး ဝေါဟာရနဲ့ ဆိုရင်တော့ လက်ယာယိမ်း right wing လည်းမဟုတ် လက်ဝဲ ယိမ်းလည်း left wing မဟုတ်တဲ့ centralist ဗဟိုပြုဝါဒသမားတွေလို့ အပြုသဘောနဲ့ ပြောနိုင်ပါတယ်။ အဆိုးအနေနဲ့ ဝေဖန်မှုပြု ရရင်တော့ နှစ်ဖက်စလုံးရဲ့ အားနဲချက် အားသာချက်တွေကိုရှာပြီး ကြားကားဆွဲပါ။ ဖြစ်ရင်တော့ ကောင်းပါရဲ့ ဒါပေမဲ့ တိကျတဲ့ မူဝါဒမရှိလို့ တကယ်အရေးကြုံရင် ခက်တတ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အမြဲရုန်းကန်နေရတဲ့ ပတ်ဝန်းကျင်တွေမှာ လူတဦးဟာ တက်ကြွနေဖို့ လိုပါတယ်။ အဲဒီလိုနေနိုင်ဖို့လည်း အများစုဟာ အစွန်းတဖက်ကို သိသိနဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ရောက်သွားတာပါ်။ အလယ်အလတ်ကျစွာနဲ့ ရှင်သန်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ခက်တာက တရာမှာတယောက်၊ ပြီးတော့ ဘယ်ဟာက အလယ်အလတ်ကျလဲဆိုတာကလည်း ရှင်သန်လှုပ်ရှားရာ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်အပေါ်မှာ မူတည်သေးတော့ ဖမ်းယူရတာ ခက်ပါတယ်။ ဒီတော့ လိုက်ရှာပြီး ဖမ်းယူနေမှာလား၊ ကိုယ့်နဲ့ကိုက်တဲ့ လမ်းနဲ့ သွားမှာလား ဆိုတာပါပဲ။ နှစ်ခုစလုံးကတော့ အကောင်း အဆိုး ရောနေပါတယ်။ အသိတယောက်က အမေရိကန်နိုင်ငံရေးမှာ အာချောင်လို့ အစွန်းရောက်လို့ အကျပ်တွေ့တဲ့ နိုင်ငံရေးသမားတွေကို ကြည့်ပြီး ဘာကြောင့် ငြိမ်ငြိမ်သက်သက် မနေကြသလဲလို့ ပြောဖူးပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်းကျင်မှာ တဖက်ဖက်ကို ယိမ်းနိုင်မှ တော်ရာတယ် ထင်ပါတယ်။
ဥပမာလေးတခုကို သတိရမိပါတယ်။ ပရော်ဖက်ဆာတဦးနဲ့ ကျောင်းသားတဦးတို့ အတူ လျောက်သွားတော့ လမ်းပေါ်မှာ ငွေစက္ကူတရွက်ကို တွေ့ပါတယ်။ ကျောင်းသားက ၂ဝတန်ထင်လို့ ဝမ်းသာအားရနဲ့ ကောက်လိုက်တော့ စက္ကူအစုတ် ဖြစ်နေပါတယ်။ ပရော်ဖက်ဆာက ဟုတ်မှတော့ သူများကောက်သွားပြီပေါ့တဲ့။ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ တကယ်တွေ့သူ သို့မဟုတ် အောင်မြင်သူတွေ ကြပြန်တော့လည်း ပရော်ဖက်ဆာပြောသလိုသာ နေလိုက်ပြန်ရင် တွေ့မှာ မဟုတ်ပါဘူး။ တွေ့သမျှ ဟုတ်မှာပဲဆိုပြီး ကောက်ပြန်တော့ရော အလုပ်ပျက် ကြန့်ကြာပြန်ပါတယ်။ နှစ်ခု ချိန်လုပ်ပေါ့ ဆိုပြန်တော့လည်း ဒါတော့ ပြောမှလား လူတိုင်းသိတယ်လို့ အငေါ့ခံရပါလိမ့်မယ်။
တခါ ကျောင်းသားအချင်းချင်း ဆွေးနွေးတဲ့ ဖိုရမ်တခုကို အင်တာနက်မှာ တက်ကြည့်တော့ မှတ်မှတ်သားသား ဖြစ်မိတာ တခုရှိခဲ့ပါတယ်။ ရေးသူတွေက ကိုယ့်ကျောင်းကို အခြားကျောင်းတွေနဲ့ အထူးသဖြင့် ပြိုင်ဖက်ကျောင်းလို့ ယူဆတဲ့ ကျောင်းတွေနဲ့ ပြိုင်ရေးကြပါတယ်။ အစိုးရအထောက်ပံ့ခံ ပက်ဗလစ်တက္ကသိုလ်တခုက ကျောင်းသား တဦးက သူ့ကျောင်းကို ဈေးကြီးတဲ့ ကိုယ့်အားကိုယ်ကိုး ပရိုက်ဗိတ် တက္ကသိုလ်တခုနဲ့ သွားယှဉ်တော့ လေသနတ်တိုက်ပွဲ ဖြစ်ကြပါတယ်။ တဦးက လေပြေ ကလေးနဲ့ ကြားချဝင်ပါတယ်။ အားလုံတော်ကြ ငြင်းဖို့မလို၊ အာလုံးသူ့ဟာနဲ့သူကောင်းတယ် စတဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ပါ။ ဘာပြန် ရတယ် ထင်ပါသလဲ၊ အဆဲခံရပါတယ်၊ ကြောင်သူတော် ဆရာကြီးပုံစံ လာမချိုးနဲ့ စသဖြင့် ပြင်းပြင်း ထန်ထန် အလှောင်ခံရပါတယ်။ ပြောချင်တာ ဘယ်သူက မှားတယ် မှန်တယ်ထက် အလုပ်မဖြစ်တာ၊ ကြားချပြီး အနေအထား ယူသူရဲ့ အဖြစ်အပေါ် ကွက်ကွက် ကွင်းကွင်း မြင်အောင် အစွန်းရောက် ဥပမာကို ပေးခြင်းဖြစ်ပါတယ်။
ပြန်ချုပ်ရရင် အကောင်းဆုံး ဆိုတာရှိပါတယ်၊ အသင့်တော်ဆုံး ဆိုတာလည်းရှိပါတယ်၊ ဒါပေမဲ့ များသောအားဖြင့်က ပြီးမှနောက်ကြောင်းပြန်ကြည့် ပြောကြတာ များပါတယ်။ အကယ်ဒမစ်ဆန်တယ် လို့ပြောရမယ် ထင်ပါတယ်။ အဓိက က ရင့်ကြက်မှု maturity ပါ။ ရင့်ကြက်မှု ဆိုတာကလည်း အရမ်း ကျယ်ဝန်းပါတယ်။ ကျနော်ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ တရားသေ မဆန်၊ ဖြစ်တတ်တဲ့ သဘောကို နားလည်ခြင်းပါ။ နိုင်ငံရေးသဘောဆန်ပါတယ်။ အင်္ဂလိပ်လိုတော့ compromise အပေးအယူ ညှိနှိုင်း လုပ်နိုင်စွမ်း ရှိခြင်းကို ပြောချင်ပါတယ်။ ဆဲစရာရှိ ဆဲလိုက်ကြ ချွဲစရာရှိ ချွဲလိုက်ကြပေါ့။ အနောက်တိုင်း နိုင်ငံရေး စီးပွားရေးမှာ ဒီလိုနဲ့ပဲ ပေါင်းလိုက် ခွာလိုက်၊ ထောက်ခံလိုက် နောက်ကျောဒါးနဲ့ ထိုးလိုက်နဲ့ ရှင်သန်ကြီးထွားလာကြတာပါ။ မလိုက်နာနိုင်သူက စွန့်ခွာရင်ခွာ၊ မခွာနိုင်ရင် သူလိုချင်တာကို ရအောင် လုပ်ပါတယ့်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ စစ်တပ်က အုပ်စီးထားသလိုပေါ့။ ကျနော်တို့က လွတ်လပ်တဲ့ ကွန်မြူနီတီမှာ နေကြသူတွေ၊ နေနိုင်ဖို့ ကြိုးစားနေသူတွေပါ။ တင်းကျပ်မှု ထိန်းချုပ်မှု စတဲ့ တာဝန် ဝတ္တရားတွေကို အတတ်နိုင်ဆုံး နဲနိုင်သမျှနဲအောင် လုပ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် နေတတ်ကြဖို့ပဲ လိုတယ်ထင်ပါတယ်။ ငယ်စဉ်က တိုင်လုတန်းကစားတာကို သတိရပါတယ်။ ကိုယ်ကလွတ်မှာ ကြောက်လို့ ကိုယ်ရထားတဲ့ တိုင်ကိုမခွာပဲ ဖက်ထားရင် ပွဲကနေ အထုတ်ခံရပါမယ်။ သူ့ဖြစ်စဉ်အတိုင်း တတိုင်ပြီးတတိုင် ပြေးလိုက်လဲလိုက်လုပ်မှ သဘာဝနဲ့ညီလို့ ကစားပျော်ရွှင်ခွင့်ရပါတယ်။ ပိုင်မှဆိုပြီး အရာရာကို ချင့်ချိန်လုပ်ရင်မရဘူးလား ဆိုတော့လည်း ရနိုင် ပါတယ်၊ ကစားသူတွေရဲ့ ပင်ကိုစရိုက် ဝါသနာ ဗီဇ အနေအထား အပေါ်မှာအများကြီး မူတည်တယ် လို့ ထင်မြင်မိတာကို ရင်းနှီးပွင့်လင်းစွာ တင်ပြလိုက်ပါတယ်။
6 comments
kai
October 24, 2010 at 11:32 pm
ကောင်းတဲ့စာလေးပါ..။
ထပ်ဖြည့်လိုက်ရရင်… မီဒီယာဆိုတာ… ဘက်မလိုက်ရဆိုတာလည်း …ခေတ်နောက်ကျန်ဖြစ်ခဲ့ပါပြီလို ့…ပြောချင်တာပါပဲ..။
တဖက်ဖက်ကို ယိမ်းမှပါပဲ..။
ပြီးခဲ့တဲ့.. သမ်မတရွေးကောက်ပွဲဆို… မီဒီယာတွေဟာ ..ပြတ်ပြတ်သားသားကို ..ကိုယ်ဖြစ်ချင်တဲ့သူဖက်.. အမည်တပ်ပြီးကို အန်ဒို ့စ်လုပ်ခဲ့တာတွေ့ရမှာပေါ့..။
ဝါရှင်တန်ပို့စ်။ နယူးယောက်တိုင်းမ်။ အယ်လ်အေတိုင်း။ ဖောက်စ်။ ကိုယ်သန်ရာဖက်ကဗြောင်ပဲ.. ရပ်ပြီးကို ပြောပါတယ်..။
အခု နိုဝင်ဘာရွေးကောက်ပွဲလည်းဒီအတိုင်းပါပဲ..
ဖောက်စ်က.. ရိပါ့ဗလစ်ကန်ဖက်က..အသေကိုရပ်ပြီး .. ဆော်နေတော့တာပါပဲ..။ အမ်အစ်အန်ဘီစီကလည်း ဒီမိုကရက်ဖက်ကပေါ့.။
ဆိုတော့….။
ဒါနဲ့ပဲ လူတွေအဆင့်ဆင့်တိုးတက်လာကြတယ်.. မှတ်ပါတယ်..။
naywoonni
October 25, 2010 at 3:37 pm
ယိမ်းတာကကိုယ့်ဖက်ကိုယိမ်းနေရင်ဘယ်နဲ့လုပ်မလဲ
လိပ်ယိမ်း….
မှော်ဆရာ
October 25, 2010 at 4:07 pm
ကျွန်တော်က နိုင်ငံတကာ ဆက်ဆံရေးကျောင်းသားတစ်ယောက်ပါ။
ကျောင်းတုန်းက သင်ခဲ့တာလေး ပြန်အမှတ်ရမိလို့ ။။။
လွပ်လပ်သော ကြားနေရေး ဝါဒဆိုတာလေ ……။
ကြားနေရေး ဝါဒ ဆိုတာ ဘယ်ဘက်မှ မလိုက်တာ မဟုတ်ပါဘူး ။ အစွဲမထားပဲ မှန်တဲ့ဘက်(ကိုယ်မှန်တယ်ထင်တဲ့ဘက်ပေါ့) ကနေ နေတာပါ။အဲဒီ့ဝါဒလေးက အစွဲမထားဖို့ မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့ပဲ လိုပြီး နေရာတော်တော်များများမှာ အဆင်ပြေနှိုင်တယ် ထင်တယ်။
ဥပမာ ……… A နိုင်ငံကို B နိုင်ငံက ရန်စ ကျူးကျော်ရင် ကျူးကျော်သူ B ကို ကန့်ကွက်ပြီး A နိုင်ငံဘက်က ထောက်ခံပါမယ် ။ ဒါပေမယ့် A နိုင်ငံက ရန်ညှိုးနဲ့ ကျူးကျော်သူ B နိုင်ငံရဲ့ အပြစ်မဲ့ အရပ်သားတွေကို ပြန်သတ်ပြစ်မယ်ဆိုရင်တော့ ဒီအပြုအမူကို ကန့်ကွက်ရမှာပါ။
A နိုင်ငံမို့လို့ B နိုင်ငံမို့လို့ မဟုတ်ဘဲ လက်ရှိအပြုအမူအပေါ် မူတည်ပြီး ရပ်တည်ဆောင်ရွက်ရတာ လွပ်လပ်သော ကြားနေရေးဝါဒလို့ မှတ်သားခဲ့ဖူးပါတယ်။
bigcat
October 25, 2010 at 11:06 pm
မှတ်ချက်ပေးလို့ကျေးဇူးပါ။ အိုင်အာကျောင်းသားဆိုတော့ သိပ်မငြင်းရဲပါ။ ဆေးရောင်းသူက ဆရာဝန်ကို ဆေးညွှန်းပေး သလိုဖြစ်မှာ စိုးပါတယ်။ ကျနော်ကိုယ်ပိုင်အမြင်ကတော့ ဘက်မလိုက် ကြားနေမူဝါဒကို လက်တွေ့ကျင့်သုံး နိုင်တဲ့ နိုင်ငံက ခပ်ရှားရှားပါ။ တကယ်တမ်းမှာ ဘယ်ဖက်ကိုမှ ပေါ်တင်မလိုက်ဘဲ ကိုယ့်လက်ငင်း အကျိုးစီးပွားကို ကြည့်ပြီး ယောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်ကြတယ်ထင်ပါတယ်။ ကန့်လန့်ကာ နောက်ကွယ် မမြင်ရတဲ့ ဆောင်ရွက်ချက်တွေ အများကြီးပါ။ အဲဒီလိုနိုင်ငံမျိုးတွေက စုပေါင်းပြီး တတိယကမာ္ဘအဖွဲ့လိုမျိုး ကင်ပွန်းတပ်ပါတယ်။ လက်တွေ့မှာတော့ မယ်မယ်ရရ လူလေးစားလောက်တဲ့ အောင်မြင်မှုမျိုး မတွေ့ရပါ။ မြန်မာနိုင်ငံက အဲဒီအဖွဲ့ကို စတင်တည်ထောင်သူများထဲမှာ ပါခဲ့တယ်ထင်ပါတယ်။ ဦးနေဝင်း လက်ထက်မှာတုန်းက အဲဒီအဖွဲ့ကနေ နှုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။ သုံးလို့မရလို့ ထွက်တာနေမှာပါ။ ထွက်သူရော အထွက်ခံရသူရော ဘာကောင်တွေမှ မဟုတ်လို့ ဘာမှမထူးပါ။ နဝတလက်ထက်မှာ ပြန်ဝင်တယ်ထင်ပါတယ်။ အတူတူပါပဲ ဘာမှမထူးခြားပါ။
zawana
October 26, 2010 at 3:56 am
“If you are neutral in a situation of injustice,
you have chosen to side with the oppressor.”
ဘုန်းတော်ကြီး ဂျစမင်တူးတူး ပြောခဲ့တာလို့ ထင်ပါတယ်။
zawana
October 26, 2010 at 3:59 am
“If you are neutral in a situation of injustice,
you have chosen to side with the oppressor.”
ဘုန်းတော်ကြီး ဂျစမင်တူးတူး ပြောခဲ့တာလို့ ထင်ပါတယ်။ သူပြောတာ ကျနော် သဘောတူပါတယ်။