ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု

စေနOctober 25, 20102min1413

ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု


အမေရိကန်နိုင်ငံရဲ့ဖခင်လို့ တင်စားခံရတဲ့ Benjamin Franklinဟာ နုငယ်စဉ်မှာ အသက်ကြီးသူတစ်ဦးဆီ သွားရောက်လည်ပတ်ခဲ့တယ်။

နုပျိုသန်မာတဲ့ Franklinဟာ ရင်ကိုစွင့် ခေါင်းကိုမော့ပြီး အိမ်ထဲဝင်လိုက်ဆိုရင်ပဲ တံခါးဘောင်နဲ့ နဖူးကိုတိုက်မိတယ်။ သူ့ကိုကြိုဆိုနေတဲ့ သက်ကြီးသူက ဒီအဖြစ်ကိုမြင်တော့ တဟားဟားရယ်ပြီး “အရမ်းနာသွားလား? ဒါဟာ ဒီနေ့ ငါ့ဆီ မင်းလာလည်တဲ့ အကျိုးအမြတ်ပဲ။ လောကကြီးမှာ အသက်ရှင်နေသူတစ်ဦးဟာ အချိန်မရွေး ခေါင်းငုံ့တတ်ရမယ်” လို့ ပြောလိုက်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

“လောကကြီးမှာ မင်းက ပညာအရှိဆုုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?”

“၃ပေ” ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

“၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!”

“ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်” လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ “ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်”ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။

သက်ကြီးသူစကားထဲကနေ နက်နဲတဲ့ ဆင်ခြင်သုံးသပ်ချက်တစ်ခုကို Franklinရလိုက်ပြီး အဲဒီအချက်ကို သူ့ဘဝရဲ့လမ်းညွှန်ချက်တစ်ခုအဖြစ် မှတ်သားခဲ့တယ်။

ကျွန်တော်တို့ လူ့ဘဝမှာလည်း ဒီအတိုင်းဖြစ်တယ်။

မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာနဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

အခက်အခဲတွေကြားက ရုန်းထွက်လာချိန် စိတ်ပါလက်ပါ ခေါင်းတစ်ကြိမ်ငုံ့တတ်ဖို့ ဘယ်လောက်ခက်ခဲကြောင်း သင်သိလာလိမ့်မယ်။ ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခုဖြစ်တယ်၊ အင်အားတစ်ခုဖြစ်တယ်။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး။ သတိ္တနည်းတာ မဟုတ်ဘူး။ ဒါဟာ ကြည်လင်စိတ်ထားရဲ့ ဖြေရှင်းနည်းတစ်မျိုးဖြစ်တယ်။

လူ့ဘဝကို တောင်တက်ခရီးနဲ့ ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်တဲ့အခါ တချို့က တောင်ခြေကစတက်ဖို့ ပြင်နေကြတယ်။ တချို့က တောင်ခါးပန်းရောက်နေကြပြီ။ တချို့က တောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နေကြပြီ။ ဒါပေမယ့် တောင်ရဲ့ဘယ်နေရာမှာပဲ သင်ရောက်နေရောက်နေ ကိုယ့်ကိုယ် တောင်ရဲ့အနိမ့်ဆုံးနေရာမှာပဲ ထားရမယ်။ အမြင့်ဆုံးနေရာဆိုခဲ့ရင်တောင် ခေါင်းငုံ့တတ်ရမယ်။ ရှည်လျားတဲ့ လူ့ဘဝလမ်းခရီးမှာ ခေါင်းကိုတိုက်မိနိုင်တဲ့ အနေအထားမျိုးတွေ သင်ကြုံတွေ့လာနိုင်မှာမို့ဖြစ်တယ်။

ခေါင်းငုံ့တတ်တာဟာလည်း အရည်အချင်းတစ်ခုဖြစ်တယ်။ ခေါင်းလေးနည်းနည်း ငုံ့လိုက်တာနဲ့ သင့်ဘဝခရီးလမ်း ပိုအရောင်စုံကောင်း စုံလာပါလိမ့်မယ်။

မူရင်း — http://tw.myblog.yahoo.com/jw!J2eJin6RGAL50Mo1wt7QMQ–/article

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

3 comments

  • KoNyeinChan

    October 25, 2010 at 8:46 am

    အခြေအနေနဲ ့ အချိန်အခါ ပေါ်မူတည်ပြီး လုပ်သင့်ပါတယ်။ အမြဲတမ်းတော့ မဟုတ်သင့်ပါဘူး။

  • ဆူး

    October 25, 2010 at 11:54 am

    ကိုင်ဇာ သီချင်း နားထဲ ကြားမိတယ်..
    လက်သီးဆုပ်မလား.. လက်ဝါး ဖြန့်မလား.. ကြိုက်တာ ရွေးစမ်း ကိုယ့်လူ..
    တရားချင်းယှဉ်မလား ဓါးခြင်းယှဉ်မလား..
    ခေါင်းငုံကာ ကွန်ပြုတာ ကြည့်ပြီး ဒီစာသားကို ရေးပေးလိုက်သည်။

  • fatty

    October 25, 2010 at 1:53 pm

    သင် …ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ရပ်လိုက်ပါ ….ပြီးလျှင် ခေါင်းငုံ့ပြီးကိုယ့်ကိုယ်ကိုပြန်ကြည့်ပါ ….. သင့်ခြေချောင်းလေးများကိုမမြင်ရလျှင်
    သင် အဝလွန် ဗိုက်ပူနေပါပြီ။

Leave a Reply