နိုင်ငံရေးဝါသနာမပါပေါင် – မောင်စွမ်းရည်
‘ကျနော်တို့တော့နိုင်ငံရေး ဝါသနာမပါပေါင်’၊
‘ကျမတို့လဲ နိုင်ငံရေးကို စိတ်မဝင်စားဘူး’စတဲ့စကားမျိုးတွေကိုမကြာခဏဆိုသလိုကြား နေရပါတယ်။ ဒီလိုပြောတာဟာ’ကြောက်’လို့ လား။ ‘ကြောင်’တာလား။ ‘ကြွား’တာလား။တခုခုတော့တခုခုပါပဲ။
‘ကျနော်တို့ကတော့ ကိုယ်ဝမ်းစာကိုယ်ရှာစားနေရလို့ဒါတွေကို လှည့်မကြည့်အားသေး ဘူးဗျို့’လို့ပြောသူကပြောရဲ့။ ဟုတ်ပ၊ သူနိုင်ငံရေးကို လှည့်ကြည့်တော်မူအောင် ကိုယ်ကပဲသူ့ဝမ်းစာ ရှာပေးရဦးတော့မှာလိုလို။ ‘ကျမတို့ကတော့ ဒီလိုနည်းနဲ့ မထင်ပေါ်ချင်ပါဘူးရှင်’ လို့ပြောသူမျိုးလဲမရှားဘူး။ ေဩာ်..နိုင်ငံရေးဆိုတာ ‘အားလို့ယားလို့ လုပ်ကြတာ။ထင်ပေါ်ချင်လို့ လုပ်ကြတာ’ဆိုပြီး နိုင်ငံရေးလုပ်သူတွေကိုပဲ အထင်အမြင်သေးချင်သလိုလို။ စော်ကားမော်ကားလုပ်ချင်သလိုလို။
အာဇာနည်နေ့တိုင်းအာဇာနည်ဗိမာန်ကိုတနှစ်တခေါက်သွားပြီး အာဇာနည်ပုဂ္ဂိုလ်ကြီးအပေါင်း နဲ့ လွတ်လပ်ရေးသူရဲကောင်းတွေကို အလေးမပြုနိုင်အားရင်နေပါစေ။ အိမ်မှာနေ သမ်းရင်းဝေရင်းကိုယ့်ဘာသာနိုင်ငံရေးငရဲမကြီးကြပါစေနဲ့လို့ သတိပေးလိုက်ပါရစေ။
ပထမမေးကြည့်ချင်တာက ကျွန်ဘဝနဲ့သခင်ဘဝဘယ်ဟာ ကကောင်းသလဲလို့ပါပဲ။ ဒါမေးစရာလိုလို့လားလို့ကြားမိသူတိုင်းကပြောကြမှာပါ။ ဟုတ်ကဲ့၊
မြန်မာပြည်ကြီး ဗြိတိသျှကျွန်ဘဝကနေလွတ် အောင်ဘယ်သူတွေကလုပ်ခဲ့ကြသလဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရဲ့မျက်နှာကို မမြင်ယောင်လေရော့သလား။ သူတို့ဟာ ကျေဇူးရှင်နိုင်ငံရေးသမားကြီးတွေပါ။
နိုင်ငံရေးဆိုတာ အားယားနေသူတွေရဲ့ဝါသနာပါလုပ်ငန်းမဟုတ်ပါ။နိုင်ငံချစ်စိတ်၊လူမျိုးချစ်စိတ်နဲ့ကိုယ်ကျိုးစွန့်ရဲသူတွေရဲ့လုပ်ငန်းပါ။
မိတ်ဆွေ စာပေဝါသနာပါသလား၊ ပန်းချီဝါသနာပါသလား။ မိတ်ဆွေ ဇာထိုးပန်းထိုးဝါ သနာပါသလား၊ ဘောလုံးဝါသနာပါသလား။စတဲ့ဝါသနာမေးခွန်းတွေထဲမှာ’မိတ်ဆွေ နိုင်ငံ ရေး ဝါသနာပါသလား’လို့ထဲ့သွင်းမေးလို့မရ နိုင်ပေဘူး။
နိုင်ငံရေးဆိုတာဘာလဲ။ဒီလိုမေးနေစရာလဲမလိုဘူး။ အဓိပ္ပါယ်ဖွင့်နေစရာလဲမလိုဘူး။ နိုင်ငံရေးဆိုတာ သူ့ဘာသာ အဓိပ္ပါယ်ရှင်းနေတဲ့ စကားလုံးပါ။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးပါ ပဲ။
လူတိုင်းမှာ မလုပ်မဖြစ် ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကိစ္စကတော့ စားဝတ်နေရေး ဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် တဘဝလုံးလှုပ် ရှားရုန်းကန်နေကြရတာ အနည်းနဲ့အများပါပဲ။ စားဝတ်နေရေး မပြည့်စုံရင် လူ့ဘဝမပြည့်စုံဘူး။ လူ့ဘဝအဆင့်အတန်းနိမ့်ကျတယ်ဆိုရမှာပါပဲ။ ဒါကြောင့် လူတိုင်းဟာ (နိုင်ငံသားတိုင်း
ဟာ)လူ့ဘဝအဆင့်အတန်းမနိမ့်အောင်၊လူ့ဘဝမှာစားဝတ်နေရေးပြည့်စုံအောင် အားထုတ်နေကြရတာပဲ။ လူတယောက်ဟာ ပြောင်းဆန်ထ
မင်းကို ချက်စားနေရတဲ့ဘဝက ပေါ်ဆန်းမွှေးဆန် (ယိုးဒယားစပယ်မွှေးဆန်နဲ့ ထမင်းချက်စားနိုင်တဲ့ဘဝရောက်အောင်၊ တဲကုပ်နဲ့နေရတဲ့ ဘဝက တိုင်အိမ်နဲ့နေရတဲ့ဘဝ ရောက်အောင်၊ဖျင်ကြမ်းချည်ထည်ကို ဝတ်ဆင်နေရတဲ့ဘဝကပိုးဖဲကတီ္တပါဝတ်ဆင်နိုင်အောင်စွမ်းအားကြိုးကုတ်အလုပ်လုပ်နေရမြဲဖြစ်ပါတယ်။ လူတိုင်းရဲ့ နေ့စဉ်စားဝတ်နေရေးဘဝဟာနိုင်ငံသားတိုင်းရဲ့ဘဝပဲဖြစ်ပါတယ်။စားဝတ်နေရေးအတွက်လုပ်ဆောင်လှုပ်ရှားနေတာဟာ နိုင်ငံရဲ့အရေးမှာ တနည်းတဖုံပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက လူတွေရဲ့စားဝတ်နေ ရေးဟာနိုင်ငံရေးပါပဲလို့ လွယ်အောင်ရှင်းလင်း ဖွင့်ဆိုခဲ့ဖူးပါတယ်။ ဒီစကားကိုကြားဖူးသူများ ပါတယ်။ ဒါကြောင့် စားဝတ်နေရေးအသိဟာ လဲ နိုင်ငံရေးအသိပဲဖြစ်ပါတော့တယ်။လူတွေ ဟာ ကိုယ့်ဘဝမှာ စားဝတ်နေရေးအဆင်ပြေနေ သလားဆိုတာ ကိုယ်ဘာသာသိကြပါတယ်။လူတိုင်းရဲ့စားဝတ်နေရေး အဆင်ပြေနေတယ်ဆိုရင် နိုင်ငံရေး အဆင်ပြေနေတာပဲဖြစ်ပါတယ်။ တချို့ကအငတ်ဘုံ၊ တချို့ကနတ်ဘုံ ဆိုတာမျိုးဖြစ်နေရင် နိုင်ငံရေး ကမောက်ကမဖြစ်နေပြီ။
ဒီလိုသိတာဟာနိုင်ငံရေးအသိတမျိုးပါပဲ။ေဩာ် … ငါ့ဘဝအဆင်မပြေပါလား။ ငါလဲအလုပ် လုပ်တာပဲ။သူလဲအလုပ်လုပ်တာပဲ။သူ့ကျတော့ ဘာလို့ အဆင်ပြေနေသလဲ။ ဒီလိုဆက်ပြီးအကြောင်းအကျိုး ဆင်ခြင်တာလဲ နိုင်ငံရေးအသိတမျိုးပါပဲ။
လူတွေ (နိုင်ငံသားတွေ) စားဝတ်နေရေးအဆင်ပြေအောင် လုပ်ငန်းကိုင်ငန်း အဆင်ပြေအောင် အချင်းချင်း ဖြေရှင်းသွားနိုင်တာတွေ ရှိ
သလို ဖြေရှင်းမရတာတွေ၊ ဖြေရှင်းမပေးချင်တာ တွေလဲရှိပါမယ်။ ဒီလို အနှောင့်အယှက်တွေ အဟန့်အတားတွေ၊ ဘေးအန္တရယ်တွေကို နိုင်ငံ
တော်အစိုးရက တာဝန်ယူဖြေရှင်းပေးရမယ့် ကဏ္ဍတွေအထိ ကျယ်ပြန့် သွားနိုင်ပါတယ်။အစိုးရ (အုပ်ချုပ်သူ) က လူတွေရဲ့ လုပ်ကိုင်
ဆောင်ရွက်မှုတွေပြေပြစ်အောင်၊ဖွံ့ဖြိုးတိုးတက်အောင်၊လုံခြုံမှုရှိအောင်၊ တာဝန်ယူရတဲ့အခါ သူ့မှာ သူ့ရဲ့စားဝတ်နေရေးမှာ တခြားပြည်သူတွေ
လုပ်သလို စိုက်ဟယ် ပျိုးဟယ်၊ ထမ်းဟယ် ပိုးဟယ်လုပ်ချိန်မရဘူး။ ဒါကြောင့် လူတွေက သူ့ အတွက်လဲလုပ်ပေးရတယ်။သူ့အတွက်စားဝတ် နေရေး အဆင်ပြေအောင် လခငွေကြေး ပေးရတယ်။ဒီအတွက်ပြည်သူကအခွန်ဆောင်ရတာပါပဲ။ဒီလိုအစိုးရနဲ့ပြည်သူအပြန်အလှန်သဘော တူညီချက် ရှိရတယ်။ ဒါကို အဓိပ္ပါယ်ကောက်မှားပြီးအစိုးရဆိုတာပြည်သူတွေကိုခိုင်းစားနိုင်ခွင့်ရှိသူအမှတ်နဲ့အရှင်သခင်နဲ့ကျေးကျွန်ဆက်ဆံမှုမျိုးလုပ်လို့မရဘူး။ အုပ်ချုပ်မှုအာဏာကိုအလွဲသုံးစားပြုပြီးကိုယ်ကျိုးရှာဇိမ်ခံဖို့မဟုတ်ဘူးဆိုတာသိတာလဲနိုင်ငံရေးအသိပါပဲ။
နိုင်ငံသားအများစုကတော့ကိုယ်ဘာသာတရားသဖြင့်လုပ်ကိုင်ရှာဖွေစားသောက်နိုင်ရင်ကျေနပ်နေပြီဖြစ်ပါတယ်။ နိုင်ငံရေးအသိရှိသူတွေကတော့ တဝမ်းတခါးဝရင်၊ လှရင်တော်ပါပြီဆိုတာမျိုးနဲ့ကျေနပ်ရမှာမဟုတ်ဘူး။သူ့ထက်ပိုပြီးစားနိုင်သောက်နိုင်သူတွေ၊ သူ့အောက်နိမ့် ပြီး စားနိုင်သောက်နိုင်သူတွေကိုလဲမြင်တွေ့ပြီးအကြောင်းတရားတွေနဲ့ အကျိုးတရားတွေရှာဖွေ ကြည့်မှာပဲဖြစ်ပါတယ်။ ဘယ်လူတွေက လုပ်ကိုင်စားသောက်ခွင့်တွေ ပိုမိုရရှိနေသလဲ။ဘယ် သူတွေက လုပ်ကိုင်စားသောက်ခွင့်တွေ လျော့နည်းနေသလဲ။ဘာကြောင့်လဲ။ဘယ်သူတွေကမလုပ်မကိုင်ရဘဲစားဝတ်နေရေးအဆင့်အတန်း
တွေမြင့်မားနေသလဲ။ ဘယ်သူတွေက ဆင်းရဲပင်ပန်းစွမ်းအားကြိုးကုတ်လုပ်ကိုင်နေကြရပါ လျက်နဲ့ ဝမ်းမဝခါးမလှဖြစ်နေရပါသလဲ။ ဘာ
ကြောင့်လဲ။ဒီလိုအခွင့်အရေးနည်းများမှုကိုစီစဉ်ဖန်တီးပေးသူရှိသလား။ ဒီအခွင့်အရေးဖန်တီးသူဟာအကြောင်းတရားပဲလား။တရားသလား၊မတရားဘူးလား၊ ဒီလိုဆက်လက်စဉ်းစားတာလဲ နိုင်ငံရေးပဲ။ဒီအသိဟာနိုင်ငံရေးအသိပဲ။လူက တိရစ္ဆာန်ထက်သာတဲ့အသိပဲ။
လူတိုင်းဟာ အများနဲ့ ဆက်ဆံနေရတာဆို တော့ ကိုယ်နဲ့သူများကို(ငါနဲ့သူတပါးကို)နှိုင်းယှဉ်ကြည့်မိမှာပဲ။ လူသားပေကိုး။လူနဲ့လူချင်းဆက်ဆံရင်းကမြင့်တာနိမ့်တာ၊ သာတာနာတာ၊
တရားတာ မတရားတာ၊တွေကိုနှိုင်းယှဉ်ခံစားလာရမှာပဲ။ဒီအရှုပ်တွေကိုဖြေရှင်းလို့ရသလား၊ မတရားတာတွေကိုကာကွယ်လို့ရသလား။လူမှုရေးအရှုပ်တွေရှင်းဖို့နဲ့လူတွေကောင်းကောင်းလုပ်ကိုင် စားသောက်နိုင်ဖို့ ဖြေရှင်းပေးရမယ့်
တာဝန်ဟာဘယ်သူ့မှာရှိသလဲ။
နိုင်ငံသားတွေ ကိုယ့်အလုပ်ကိုလုပ်ရင်းက ‘အခွန်ဆောင်’ထားရတာတွေ ရှိတယ်မဟုတ်လား။ နိုင်ငံသားတိုင်းဟာ အခွန်ထမ်းလူသား တွေမဟုတ်လား။အခွန်ဆောင်ထားရတာဟာ နိုင်ငံသားအားလုံးအတွက် ကာကွယ်ဖြေရှင်း ဖို့တာဝန် (အာဏာ)ကိုလူတစုလက်ထံအပ်ဖို့
ဝန်ဆောင်ကြေးပေးတာမဟုတ်လား။ အဲဒီလူတစုကိုအစိုးရလို့ခေါ်တယ်။ အစိုးရဟာ အခွန်ဆောင်ထားတဲ့ငွေတွေကို စားသုံးပြီးနိုင်ငံသား
တွေအပေါ်မှာတော့ တာဝန်ကျေရဲ့လား။အစိုးရ ကိုယ်တိုင်က’အစရိုး’ပြီး နောက်တော့ တမျိုးဆိုးလာနေသလား။ဒါတွေတွေးခေါ်စဉ်းစားတာဟာ’နိုင်ငံရေး’ပါပဲ။ကိုယ့်အရေးပါပဲ။ငါသူတပါးအားလုံးအရေးပါပဲ။
အစိုးရဆိုတာကလဲဒီခေတ်မှာနှစ်မျိုးနှစ်စား ရှိနေပြန်ပါတယ်။အများပြည်သူကရွေးကောက် တင်မြောက်တဲ့ အစိုးရ နဲ့ အစိုးရနေရာကို လက်
နက်နဲ့ပစ်ခတ်လုယူထားတဲ့အစိုးရဆိုပြီး နှစ်မျိုးရှိတယ်။ အတိုဆုံးခေါ်ရရင်’ဒီမိုကရေစီအစိုးရ’နဲ့’စစ်အာဏာရှင်အစိုးရ’ဖြစ်ပါတယ်။ဒီလိုအစိုးရနှစ်မျိုးရှိလေရဲ့ဆိုတာ စာပေကျမ်းဂန်ထဲမှာလေ့လာမှသိရှိရတာမဟုတ်လား။ဗမာပြည်မှာဆိုရင်လူတိုင်းတွေ့မြင်ခံစားရတဲ့ ဘဝပေးအသိပါ။ဘဝကပေးတဲ့နိုင်ငံရေးအသိပေါ့။ ကိုယ်ကဘေးလွတ်နေလို့ဖြစ်ဖြစ်၊အရိုးအရွတ်ကလေး
ဝါးနေရလို့ဖြစ်ဖြစ်၊မသိချင်ယောင်ဆောင်ပြီး
နှုတ်ပိတ်နေပေမယ့် စိတ်ထဲကတော့ သိနေမှာ ပါ။ ‘ဟန်ဆောင်နေတယ်’ဆိုတာကိုကလဲနိုင်ငံ ရေးအသိတမျိုးပဲမဟုတ်လား။
အဲဒီလိုအစိုးရနှစ်မျိုးနှစ်စားရှိနေတာကို ဘဝပေးအရသိနေပြီဆိုရင်ဘယ်ဟာကကောင်းပြီး ဘယ်ဟာကဆိုးသလဲ ဆိုတာကိုလဲ သိနေမှာပါ ပဲ။ ကိုယ်တဦးတည်းအမြင်၊ လူနည်းစုအမြင်နဲ့တော့မဆုံးဖြတ်နဲ့ပေါ့။ (ဥပမာ-ဗိုလ်သန်းရွှေလို လူမျိုးကိုဆုံးဖြတ်ခိုင်းရင် လက်ရှိအစိုးရဟာအ
ကောင်းတကာ့ အကောင်းဆုံးအစိုးရလို့ ဖြေမှာ ပေါ့။)အဲဒီအကောင်းနဲ့အဆိုးကိုရွေးချယ်ရမယ်ဆိုရင်ဘယ်ဟာကိုရွေးမလဲဆိုတဲ့ ရွေးချယ်ခွင့် ဟာနိုင်ငံသားတိုင်းမှာရှိတယ်ဆိုတဲ့အသိဟာလဲပဲနိုင်ငံရေးအသိပါပဲ။
အဲဒီအစိုးရနှစ်မျိုးမှာအာဏာရှင်အစိုးရဆိုတာ ဘယ်တော့မှသူ့ဘာသာသူ’သွားပါတော့မယ်’ဆိုပြီး ဖုတ်ဖက်ခါထသွားမှာ မဟုတ်ဘူး။သူကလက်နက်နဲ့အကြမ်းဖက်လုယူထားတာကို လိုချင်လွန်းလို့သံသရာမကြောက်ဘဲ(သမိုင်းမှာ နာမည်ပျက်ခံပြီး)လုယူထားတာမဟုတ်လား။ဘယ်မှာ လွယ်လွယ်နဲ့ဆင်းပေးမလဲ။ အများပြည်သူက ရှိသမျှနည်းပေါင်းစုံနဲ့(မရတဲ့အဆုံးလက်နက်နဲ့ပဲ)တိုက်ထုတ်ဖြုတ်ချပစ်ရပါမယ်။ ဒါလဲသမိုင်းပေးနိုင်ငံရေးအသိပါပဲ။
အများစုဆန္ဒအရ၊လူအများစုက မဲဆန္ဒပေးပြီး ရွေးချယ်ထားတဲ့အစိုးရကို လူတိုင်းလိုချင်ကြတယ်။ မဲဆန္ဒပေးခွင့်ဆိုတာမွေးရာပါ အခွင့်အ
ရေးပဲ။ ဒီအခွင့်အရေးကိုရောင်းစားရင်၊ လွှင့်ပစ် ရင်၊မသုံးပဲထားရင်၊ကိုယ့်အခွင့်အရေးကိုယ်၊ဆုံးရှုံးအောင်လုပ်တာပဲပေါ့။ ကိုယ့်ရဲ့မဲပေးခွင့် လက်မှတ်ကိုအိမ်သာထဲချပစ်တာနဲ့ အတူတူပဲလို့သိရပါမယ်။ဒီအသိဟာနိုင်ငံရေးအသိပေါ့။
မဲပေးခွင့်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးကိုမှန် မှန်ကန်ကန် အသုံးချဖို့ တရားမျှတတဲ့ ရွေးကောက်ပွဲဥပဒေ၊ လူထုကိုယ်စားလှယ်တွေက လူထုကိုယ်စားရေးဆွဲတဲ့ရွေးကောက်ပွဲဥပဒေရှိပြီး မဲလိမ်၊မဲလု၊မဲခိုးမှုတွေကင်းရှင်းတဲ့မဲရုံတွေတောင်းဆိုရပါမယ်။ ဒီလိုတောင်းဆိုခွင့် အသိ
ဟာနိုင်ငံရေးအသိပါပဲ။
လူဆိုတာဖိတာနှိပ်တာ၊လိမ်တာကောက်တာအစရှိတဲ့မတရားမှုတွေကိုသိကြမြဲဖြစ်ပါတယ်။လူလိမ်လူညစ်တွေကိုဖယ်ရှားပြီး လူကောင်းလူမှန်တွေကိုရွေးချယ်ခွင့်ရှိတယ်ဆိုတာလဲသိကြမှာပါပဲ။ ခံနိုင်သလောက်တော့ခံနေမှာပါပဲ။ ဖိ
တာနှိပ်တာမကောင်းတာကိုမသိလို့ခံနေတာဆိုတာမရှိပါဘူး။ခံနိုင်သေးလို့ခံနေတာပါ။မခံနိုင်တော့ခွေးတောင်ချောင်ပိတ်ရိုက်ရင်ရိုက်တဲ့သူရဲ့ လက်ကိုကိုက်သေးတာပဲ။ခွေးထက်သိတဲ့လူကလဲမခံနိုင်တဲ့တနေ့ခံချမှာပဲ။အတိတ်ကဝဋ်ေြွကး ရှိလို့ခံရုံပဲဆိုရင်တော့လဲခံပေတော့။
လူတွေမှာဖိရင်ြွကမယ်၊ထိရင်ချမယ်ဆိုတဲ့သဘာဝတရားရှိပါတယ်။လူဆိုတာ တာရှည်ခံ လာရရင်သေနတ်နဲ့လူကို ခြေသလုံးကုန်းကိုက် မှာပါပဲ။ တယောက်ချင်းဆိုရင် ငုံ့ခံနေရာကအများစုဖြစ်လာတော့အင်အားဖြစ်ပြီးမှထချလိုက်ကြတဲ့အုြွံကမှုတွေ၊တော်လှန်ရေးတွေဟာလဲနိုင်ငံရေးပါပဲ။
တချို့က နိုင်ငံရေးကို ဝါသနာမပါဘူးလို့ပြောမိတာဟာ နိုင်ငံရေးပါတီတခုခုမှာပါဝင် ပြီးမလုပ်ချင်တာကို ပြောတာမျိုးလဲဖြစ်နိုင်ပါ တယ်။ အများလုပ်နေကြတာပဲ၊ ငါတယောက် မပါလို့အရေးမကြီးပါဘူးဆိုပြီး အများရဲ့အားထုတ်မှုကြောင့် ရလာတဲ့ အောင်သီးအောင်နှံ ကိုစောင့်လင့်နေသူ (အချောင်သမား) လဲရှိမှာ
ပါပဲ။ ငါ အချောင်သမားလား၊အခွင့်အရေးသ မားလားဆိုတာလဲ ငါ့ဘာသာသိမှာပါ။ ဒီလို သိဖို့ရာဆိုရင် နိုင်ငံရေးလေ့လာစရာမလိုပါ။ ကိုယ့်အတ္တကိုယ် ပြန်ကြည့်ရုံသာ။ သူများကိုကြည့်ခိုင်းစရာလဲ မလိုပါ။ သူများကလဲသိပြီးသားဖြစ်မှာပါပဲ။
သာသနာ့ဥသျှောင်အဖွဲ့ဥက္ကဌ ပီနန်ဆရာတော် ကြီးဦးပညာဝံသမိန့်ကြားတာကိုသတိရလိုက်မိပါတယ်။ဆရာတော်ကြီးကအိမ်တအိမ်မှာနေ
ကြတဲ့အိမ်သားတိုင်းဟာ အိမ်ခေါင်မိုးကမိုးမလုံ တာ၊ကြမ်းတွေကျိုးပေါက်လို့ ကြမ်းပေါက်ကျွံ တတ်တာတွေကိုတွေ့မြင်သိရှိရင် လစ်လျူရှု မနေသင့်ဘူး။ အိမ်သားတိုင်းမှာ တာဝန်ရှိပါကလားဆိုပြီး ပါဝင်ဖါထေးပြုပြင်ကြရမှာပဲ။အဲသလိုပဲနိုင်ငံထဲမှာနေကြသူနိုင်ငံသားတိုင်းမှာလဲနိုင်ငံရဲ့အရေးမှန်သမျှလစ်လျူရှုမနေအပ်ပေ
ဘူး။ဒါကြောင့် နိုင်ငံသားတွေဖြစ်ကြတဲ့ ဘုန်းကြီးတို့၊ သံဃာတွေလဲ နိုင်ငံကြီး တိုးတက်
ကောင်းစားရေးအတွက် လစ်လျူရှု မနေနိုင်ပဲပါဝင်ဆောင်ရွက်ကြရတာပဲတဲ့။နိုင်ငံသားတိုင်း မှာနိုင်ငံရေးအသိရှိသင့်ကြောင်းကိုဆရာတော်ကြီးကအရှင်းဆုံးဥပမာနဲ့မိန့်ကြားထားတာကိုသတိပြုသင့်ကြပါတယ်။
လူတိုင်း နိုင်ငံရေးအသိ ကောင်းကောင်းရှိဖို့၊ လူတိုင်းနိုင်ငံသားတာဝန်သိဖို့ဆိုတာလူတိုင်း
စာတတ်၊စာဖတ်ဖို့လဲလိုပေသပေါ့။ ဒီလိုအပ်ချက်ကို’ပညာရေး’လို့ခေါ်တာမဟုတ်လား။အဆင့်အတန်း
မြင့်တဲ့ပညာရေးကိုလူတိုင်းရရှိဖို့ဆိုတာအစိုးရမှာတာဝန်ရှိပါတယ်။ ပညာမဲ့အာဏာရှင်အစိုးရမျိုးကတော့ပညာရေးကိုဦးစား မပေးဘဲ၊နိုင်ငံသားတွေနိုင်ငံရေးအသိမဖွံ့ဖြိုး
အောင်၊ပညာမဲ့ပြီးကျွန်စိတ်တာရှည်အောင်အားထုတ်မှာပဲ။ ဒီကျွန်စိတ်၊ဒီအချောင်သမားစိတ်၊ပညာမဲ့စိတ်မျိုးကပဲ ‘ကျနော်တို့တော့နိုင်ငံရေးဝါသနာမပါဘူး’ပြောတတ်တာဖြစ်ပါလိမ့်မယ်။ငါလူလည်ကွလို့ တဖက်လှည့် ြွကားတာမျိုးလဲ ဖြစ်လေမလား။ဒီလိုစိတ်ကူးနဲ့ပြောတာဆိုရင်တော့ပြောင်းပြန်ပြောမိသလိုဖြစ်နေပြီပေါ့။ငါ လူညံ့၊ ငါအချောင်သမားလို့ အဓိပ္ပါယ်ရောက်နေတယ်မဟုတ်လား။
နိုင်ငံရေးသမားဆိုသူကိုစစ်အစိုးရလိုမရိုးမသားအစိုးရမျိုးကလဲကြောက်တယ်။သူကငြိမ် ဝပ်ပိပြားနေတဲ့ ကျွန်တွေကိုပဲ အလိုရှိတယ်။
နိုင်ငံရေးအသိရှိပြီး စကားတုံ့ပြန်မယ့်ဆင်ခြေ သမားတွေကို အလိုမရှိဘူး။ ဒါကြောင့်နိုင်ငံ ရေးဆိုတာ မရှိစေချင်သလို နိုင်ငံရေးသမားဆို တာမျိုးကိုလဲ မရှိစေချင်ဘူး။ ဖိနှိပ်ဖို့ပဲကြိုးစား မယ်။ ဒီအခါမျိုးမှာ လူလည်တွေ၊ လူကြောက် တွေက’နိုင်ငံရေးဝါသနာမပါဘူး’ပြောတတ်ပြန်ပါတယ်။
ကျနော်တို့ကတော့ရှင်းရှင်းပဲ။နိုင်ငံရေးဝါ သနာပါတယ်။နိုင်ငံရေးဆိုတာလူတိုင်းနဲ့ဆိုင် တယ်လို့လဲယုံကြည်တယ်။ ခေါမရောမခေတ်
အဘိဓမ္မာတရားအရ ‘လူဆိုတာ နိုင်ငံရေး သတ္တဝါဖြစ်တယ်’ဆိုတာကို လက်ခံတယ်။နိုင်ငံရေးမလုပ်နိုင်တောင်မှ နိုင်ငံရေးဝါသနာ မ
ပါဘူးလို့ မပြောအပ်ဘူးလို့လဲ ခံယူတယ်။
ကမ္ဘာ့ဘောလုံးပွဲကို အိပ်ပျက်ခံပြီး ညတိုင်းဆက်ကြည့်ဖို့ ဝါသနာပါနိုင်သူတွေရှိရင် နိုင်ငံ ရေးကို ဝါသနာပါတယ်လို့ (အိပ်ပျက်မခံဘဲ)မပြောနိုင်ကြဘူးလား။
နောက်ဆုံး နိဂုံးချုပ် ပြောချင်တာကတော့ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးမလုပ်ခဲ့ရင်ကျနော်တို့ကျွန်ဘဝကလွတ်သေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။
မောင်စွမ်းရည်။(၂၀၁ဝဇူလိုင်၁၃)
မှတ်ချက်။ ။ မန္တလေးဂေဇက် အောက်တိုဘာ၂၀၁ဝ တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
7 comments
timothy
October 31, 2010 at 9:27 am
ကောင်းလိုက်တဲ့အင်မတန်ရှင်းလင်းပြီးနားလည်လွယ်တဲ့၊ လူတိုင်းဒါကိုဖတ်ပြီးကို့ကိုယ်ကိုဆန်းစစ်ကြည့်သင့်တဲ့တန်ဖိုးရှိစာသားတွေပါဘဲ။ ကျေဇူးပါဘဲ မေါင်စွမ်းရည်။
kai
October 31, 2010 at 10:23 am
၂၀၁ဝ ဒီဇင်ဘာ ၅ရက် တနင်္ဂနွေနေ့မှာ မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မမေငြိမ်း၊ မခက်မာ တို့နဲ့ အယ်လ်အေမှာစာပေဟောပြောပွဲတခုလုပ်ဖို ့စီစဉ်ထားကြပါတယ်..။
အစဉ်ပြေရင် လာခဲ့ကြဖို ့ပါ တခါတည်းဖိတ်ပါတယ်..။
လေယဉ်ခတော့ ကိုယ်တိုင်စိုက်ပေါ့နော..။
ကြယ်လေး
October 31, 2010 at 10:35 am
တန်ဖိုးရှိစာ တပုဒ်ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်
naywoonni
October 31, 2010 at 12:49 pm
ဆရာ့စကားမကြားရတာ…ဆရာ့စာမဖတ်ရတာကြာပေါ့
ခုထိလည်းအရင်လိုစွမ်းနေဆဲပါလား?
maungmoenyo
November 2, 2010 at 1:38 am
ပြည်တွင်းရေးထက်ဝမ်းရေးကခက်၊ဝမ်းရေးထက်လွမ်းရေးကခက်….ဆိုသလိုပါလားနော်။ (ရုပ်ရှင်တွေကြည့်မလား…နိုင်ငံရေးအသိပညာပေးဆိုတာဝေးရော၊ ဘဝပညာပေးကားတောင်အဓိပ္ပါယ်နှစ်ခွထွက်ရင်..ပယ်ေစေပါဘဲ။) အဲ့ဒီတော့ထွက်သမျှရုပ်ရှင်တွေလဲအပ်ကြောင်းထပ်တဲ့လွမ်းရေးအချစ်ရေးနဲ့တင်ရုပ်ရှင်လောကပြီူးပြည့်စုံသွားပါတယ်။ နိုင်ငံရေးဆိုတဲ့စကားလုံးကပြည်သူ(မြန်မာပြည်တွင်းမှာနေထိုင်ကြသူအပေါင်း) အတွက်ယောင်လို့မှမသက်ဆိုင်အပ်တဲ့ကိစ္စကြီးဖြစ်နေတာကြာလှပေါ့။ ကျွန်တော်တို့မြန်မာလူမျိုးတွေအကြောက်တရားကိုယဉ်ပါနေတာ (တနည်း)ခုံမင်နေတာလို့ဘဲပြောရမလားနှစ်ပရိစ္ဆေဒကြာလှပါပြီ။ မကြောက်လဲခံနိုင်ရိုးလား။ ထောက်လှန်းရေး။လုံခြုံးရေးတွေကြောင့်နိုင်ငံရေးတင်မကနိုင်ငံရေးအရောင်ရှိသူလူမျိုးတရာ့တပါးလဲမျက်စေ့ရှေ့မှာတင်ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကြတာတွေဒုနဲ့ဒေးမို့၊ ကြောက်မယ်ဆိုလဲကြောက်သင့်ပါတယ်။ မြန်မာပြည်တွင်းနေကြသူတွေထားပါအုံး၊ဒီနိုင်ငံခြားရောက်ကြတဲ့သူတွေရော။ နိုင်ငံရေးအထိမ်းအမှတ်အခမ်းအနားဆိုရင်၊ ဓါတ်ပုံမရိုက်ဘို့မေတ္တာရပ်ခံတာသာကြည့်…။ ပေါ်ပြူလာဖြစ်အောင်”ဒို့အရေး”အော်ရင်း၊နိုင်ငံရေးဆန့်ကျင်တဲ့စကားသံယောင်လိုက်ပေမဲ့ဓိတ်ပုံရိုက်မယ်ဆိုတော့၊ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ လူကြီးမင်းများကိုကြည့်ပါ။ ပြည်ပမှာလဲအစိုးရဆန့်ကျင်ကြသယောင်နဲ့ပြည်တွင်းရောက်တော(အလည်ပြန်တော့)့ဗိုလ်ချုပ်များရဲ့ဘောင်းဘီစကိုအမှီလိုက်ကြသူတွေလဲတွေ့နေရတာမမြင်ချင်အဆုံးပါ။ အဲ့ဒါလည်းတကယ်တော့နိုင်ငံရေးပါဘဲ။ ဆရာမောင်စွမ်းရည်ပြောသလို၊ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုနိုင်ငံရေးဆိုတာလူတဦးရဲ့နေ့တဓူဝဘဝဝမ်းစာရေးနေထိုင်ရေးအတွက်ကျင်လည်ကြတာတွေအားလုံးဟာဘဝနိုင်ငံရေးပါဘဲ။ ဒီအတွက်နိုင်ငံရေးကိုလူသားတိုင်းလုပ်ခွင့်ရှိရမှာပေါ့။ ဆရာမောင်စွမ်းရည်ကတော့ကတော့ခေတ်ရဲ့နိုင်ငံရေးရေစီကြောင်းကိုရှေ့နောက်ကောင်းကောင်းကြီးမှီခဲ့သူမို့၊ခေတ်လူတွေရဲ့ “နိုင်ငံရေး”ဆိုတဲ့အဓိပ္ပယ်ဖွင့်ဆိုချက်နဲ့ဘဝရေစီးကြောင်းကြီးကိုကြည့်ပြီးပြုံးနေမယ်ဆိုတာမြင်ယောင်မိပါတယ်။
koyinmaung
November 2, 2010 at 3:49 am
နိုင်ငံရေးအဓိပ္ပါယ်ကို်ရှင်းပြသွားတဲ့ဆရာမောင်စွမ်းရည်ကိုအထူးလေးစားပါတယ် ko kai ရေ ဒီဇင်ဘာ ၅ရက်စာပေဟောပြောပွဲပြီခဲ့ယင် video မှတ်တမ်းလေးများရယင် ကြည့်ချင်နားထောင်ချင်ပါတယ် လမ်းညွန်ပေးပါအုံးနော်
ရွှေမြိုင်သား
November 2, 2010 at 10:21 am
ဒီဇင်ဘာ ၅ရက်စာပေဟောပြောပွဲ အသံဖိုင်လေးပဲဖြစ်ဖြစ် ကြားရရင် ကောင်းမယ်ခင်ဗျာ…