အနီရောင်စာအုပ်လေး – ကျွန်မဘဝမှာ အရေးပါခဲ့တဲ့၊ အရေးပါနေဆဲဖြစ်တဲ့ အနီရောင် စာအုပ်လေးတစ်အုပ်အကြောင်း ပြောပြချင်ပါတယ်။ အဲဒီစာအုပ်လေးက ကျွန်မဘဝမှာ တန်ဖိုးအကြီးဆုံး၊ အဖိုးအတန်ဆုံးစာအုပ်ဆိုရင်လည်း မမှားပါဘူး။ တန်ဖိုးအကြီး… 1:54 AM ကျွန်မနဲ့ အနီရောင်စာအုပ်လေး from Nine Nine SaNay by နိုင်းနိုင်းစနေ

zinmyotunNovember 9, 20101min1943

ကျွန်မဘဝမှာ အရေးပါခဲ့တဲ့၊ အရေးပါနေဆဲဖြစ်တဲ့ အနီရောင် စာအုပ်လေးတစ်အုပ်အကြောင်း ပြောပြချင်ပါတယ်။ အဲဒီစာအုပ်လေးက ကျွန်မဘဝမှာ တန်ဖိုးအကြီးဆုံး၊ အဖိုးအတန်ဆုံးစာအုပ်ဆိုရင်လည်း မမှားပါဘူး။ တန်ဖိုးအကြီးဆုံးလို့ပြောရတာက လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်ကာလမှာ အဲဒီစာအုပ်ရဲ့တန်ဖိုးဟာ ကျွန်မအမေစုထားတဲ့ တစ်နှစ်စာ စပါးတင်းပေါင်း(—)နဲ့ ညီလို့ပါပဲ။ အဖိုးအတန်ဆုံးကတော့ ဒီစာအုပ်ဟာ ကိုယ့်နိုင်ငံပြင်ပရောက်နေတဲ့ ကျွန်မတို့အတွက် အသက်ထက်တောင် ပိုတန်ဖိုးရှိလို့ပါပဲ။

လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်ကာလက မရမက တန်ဖိုးကြီးကြီးပေးပြီး ဝယ်ယူခဲ့ရတဲ့ ဒီစာအုပ်လေးကို ဘယ်သွားသွား ကိုယ်နဲ့မကွာ ကျွန်မယူသွားလေ့ရှိတယ်။ အသက်သာအသေခံမယ် စာအုပ်တော့ အပျောက်မခံဘူး၊ အပျက်စီးမခံဘူးဆိုပြီး တယုတယ အမြဲသိမ်းထားတယ်။ ဒီစာအုပ်က ကျွန်မရဲ့အသက်၊ နိုင်ငံပြင်ပရောက်နေတုန်း ကျွန်မကိုဘယ်သူဘယ်ဝါဆိုပြီး သတ်မှတ်ချက်ပေးတဲ့ သက်သေတစ်ခုဖြစ်နေလို့ပါပဲ။

ဒါပေမယ့် ဒီလိုသေချာချာ ဂရုတစိုက် သိမ်းထားတဲ့ကြားက တစ်ခါမှာ ကျွန်မအခန်း အဖောက်ခံလိုက်ရတယ်။ အခန်းကို သူခိုးဖောက်ပြီဟေ့ဆိုတာနဲ့ ကျွန်မချက်ချင်း သတိရလိုက်တာက ဒီစာအုပ်လေးကိုပါ။ ကံကောင်းထောက်မစွာနဲ့ ဒီစာအုပ်လေးက အလွန့်အလွန် အဖိုးတန်ကြောင်းကို သူခိုးမသိခဲ့လို့ သူခိုးလက်ထဲ ပါမသွားခဲ့ဘူး။ ရှိသမျှအကုန်မ,သွားပြီး ဒီစာအုပ်လေးသာ ချန်ထားခဲ့တဲ့သူခိုးကို ကျေးဇူးတင်လွန်းလို့ ကျွန်မထိုင်တောင် ရှိခိုးချင်စိတ်ပေါက်ခဲ့မိတယ်။ တကယ်ပါ! ဒီစာအုပ်မရှိရင် ကျွန်မဘယ်လိုအသက်ဆက်ရှင်မလဲ!

ဒီစာအုပ်က ကျွန်မအတွက် သိပ်တန်ဖိုးရှိပေမယ့် တခြားလူတွေရဲ့မျက်စိထဲမှာတော့ အဖိုးမတန်တဲ့ စက္ကူစုတ်တစ်ရွက်လိုပဲ။ အထူးသဖြင့် လေယာဉ်ကွင်းလိုနေရာမျိုးမှာ စောင့်နေသူတွေရဲ့ အကြည့်ထဲမှာပေါ့။

ဒီစာအုပ်လေးနဲ့ပတ်သက်သမျှ တွေ့ကြုံခဲ့တာတွေ ကျွန်မပြောပြရရင် အဲဒီကွင်းစောင့်သူတွေဟာ ဒီစာအုပ်လေးကို မြင်တာနဲ့ သူတို့မျက်နှာထားက သံပရာရည်ကို ရှာလကာရည်နဲ့ရောပြီး သောက်ရသလိုမျိုး ရှုံ့မဲ့သွားတတ်တယ်။ မိထွေးပါကလေးကို ကြည့်တဲ့အကြည့်မျိုးနဲ့ စာအုပ်ပိုင်ရှင်ကျွန်မကို စောင်းငဲ့ကြည့်တတ်တယ်။ ပြီးရင် ကျွန်မရဲ့စာအုပ်လေးကို သန်းရှာသလို ဖင်ပြန်ခေါင်းပြန် လှန်ပြီးရှာတော့တာပဲ။ ဒီလိုအဖြစ်မျိုးကို အာရှလေယာဉ်ကွင်း တော်တော်များများမှာ ကြုံရတတ်တယ်။

တစ်ခါက ဒီစာအုပ်လေးနဲ့ ကျွန်မထိုင်ဝမ်ကနေ အင်္ဂလန်သွားတဲ့တစ်ခေါက်မှာပေါ့။ အဲဒီတုန်းက ထိုင်းမှာ ကျွန်မလေယာဉ်ပြောင်းစီးရတယ်။ ဂိတ်ကိုဖြတ်တော့ ကျွန်မကမ်းပေးတဲ့ စာအုပ်နီနီလေးကို ဂိတ်စောင့်က ဖြတ်ခနဲလှမ်းယူတယ်။ စာအုပ်နာမည်ကို သူအရင်ကြည့်တယ်။ ပြုံးနေတဲ့သူ့မျက်နှာ တစ်ချက်မဲ့သွားသလိုပဲ.. ပြီးတော့ ကျွန်မကို စာအုပ်ပြန်မပေးဘဲ ဘေးမှာသွားရပ်နေလို့ အမိန့်ပေးတယ်။ ကျွန်မလည်း သွားရပ်နေပါတယ်။ ကျွန်မတန်ဖိုးထားတဲ့စာအုပ်လေး ပြန်မပေးမချင်း သူက သွားပါဆိုရင်တောင် ကျွန်မ မသွားဘူး။

ခဏနေတော့ သူနဲ့အတူ လူ၂ယောက်ပါလာတယ်။ ကျွန်မကို မေးတယ် ဘယ်သွားမလဲတဲ့! ကျွန်မဘယ်သွားမယ်ဆိုတာ စာအုပ်ထဲမှာပါပြီးသားပါ.. သူတို့ကြည့်ရတာ စာသိပ်တတ်ပုံ မပေါ်ဘူး။ အင်္ဂလန်သွားမယ်လို့ ကျွန်မပြန်ဖြေပါတယ်။ စာအုပ်ထဲက တံဆိပ်ကို မင်းဘယ်ကထုလာတာလဲတဲ့! သူတို့ပြန်မေးတယ်။ ထိုင်ဝမ်က ထုလာတာလို့ ကျွန်မပြန်ဖြေတယ်။ ဘာဖြစ်လို့ ထိုင်ဝမ်မှာထုတာလဲတဲ့! ထိုင်ဝမ်မှာကျောင်းတက်နေလို့ ထိုင်ဝမ်မှာထုတာလို့… သူတို့က မပီကလာ အင်္ဂလိပ်စကားနဲ့မေးတယ်။ ကျွန်မကလည်း မတတ်တခေါက် အင်္ဂလိပ်စကားနဲ့ ပြန်ဖြေတယ်။ ဒါကိုပဲ ထပ်ထပ်မေးတယ်… ကျွန်မလည်း ဒါကိုပဲ ထပ်ထပ်ဖြေတယ်။ စာအုပ်ကို ဖင်ပြန်ခေါင်းပြန် ဓာတ်မီးသေးသေးလေးနဲ့ ထိုးရှာတယ်။ ဘာရှာမှန်း ကျွန်မလည်း မသိဘူး။ လူတွေကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်ကုန်ပြီ။ စာအုပ်လေးက သူတို့လက်ထဲမှာ သနားစရာမျက်နှာလေးနဲ့ ကျွန်မကိုပြန်ကြည့်နေပြီ။

ကျွန်မက သိပ်စိတ်ရှည်တဲ့လူ မဟုတ်ဘူး။ စာအုပ်လေးကို နွမ်းနွမ်းကြေအောင် လှန်လျောရှာနေတာကို ကျွန်မ သည်းမခံနိုင်တော့ဘူး။ ဒီလိုနဲ့ ခင်ဗျားတို့ထဲက တရုတ်လိုပြောတတ်တဲ့လူရှိလား! ကျွန်မတရုတ်လို ပြောမယ်ဆိုတော့ တရုတ်မတစ်ယာက်ကို ခေါ်ပြီး သူတို့မေးခဲ့တဲ့မေးခွန်းတွေပဲ ထပ်မေးခိုင်းပြန်တယ်။ ဒီတံဆိပ်ကို ဘယ်ကထုခဲ့လဲ? ဘာလို့ ထိုင်ဝမ်မှာထုရသလဲ? နောက်ဆုံးတော့ ကျွန်မပြောလိုက်တယ်။ ကျွန်မမှာ လစိပါတယ်.. အဲ့ ငွေသွင်းခဲ့တဲ့ receipt ဖြတ်ပိုင်းပါတယ်။ ကြည့်ပါ… ပြီးရင် ထိုင်ဝမ်မှာရှိတဲ့ အင်္ဂလန်သံရုံးကို ဖုန်းဆက်ပြီး ခင်ဗျားတို့ သိချင်တာမေးကြပါလို့ ပြောလိုက်မှ စာအုပ်လေးကို ပြန်ပေးတော့တယ်။ စာအုပ်လေးကို ဆတ်ခနဲဆွဲယူပြီး ရင်ခွင်ထဲ ကျွန်မထည့်ထားလိုက်တယ်။ ပြောပြီးပြီလေ ဒီစာအုပ်က ကျွန်မအသက်ထက်တောင် တန်ဖိုးရှိတယ်။ အသက်နဲ့လဲပြီး ကျွန်မကာကွယ်ရမယ်လို့။

ထိုင်းလေယာဉ်ကွင်းမှာ ဒီလိုအဖြစ်မျိုး ကြုံရတာ ခဏခဏပဲ။ တစ်ခါကလည်း သူငယ်ချင်းတွေနဲ့ ကျွန်မတို့ ပထာရာကမ်းခြေသွားလည်ဖို့ ထိုင်းကိုရောက်လာကြတယ်။ လေဆိပ်ဝင်တာနဲ့ စာအုပ်တွေကို အကုန်သိမ်းသွားတယ်။ ပြီးတော့ ကျွန်မတို့ကို ရုံးခန်းထဲခေါ်သွားပြီး မေးတယ်။ မင်းတို့ ထိုင်းကိုဘာလာလုပ်တာလဲ? ကျွန်မပြောပြီးပြီဒီလူတွေ စာသိပ်မတတ်ဘူး! စာအုပ်ထဲမှာ အလည်ဗီဇာလို့ရေးထားတယ်။ ဒါကို ထပ်မေးတုန်း! အလည်လာတာပါရှင်လို့ ဖြေတော့ ဘာဖြစ်လို့ မြန်မာပြည်အဝင် တံဆိပ်မပါတာလဲတဲ့! ထိုင်းကိုလာလည်ပါတယ်ဆိုမှ မြန်မာပြည်အဝင် တံဆိပ်ရှိမလား ငတုံးရဲ့လို့……. စိတ်ထဲပြောမိပါတယ်။ အဲဒီမှာ ဒီလိုပါ.. ဟိုလိုပါနဲ့ မနည်းရှင်းပြလိုက်ရတယ်။

ဒီစာအုပ်လေးအကြောင်းပြောရင် စာအုပ်လုပ်တဲ့ နိုင်ငံကအကြောင်းလည်း မပါမနေပြောရမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်မျက်နှာဖုံးမှာ နိုင်ငံနာမည်ပါပြီး ကျွန်မက အဲဒီနိုင်ငံကိုယ်စားပြုလို့ဖြစ်တယ်။ စာအုပ်လေးလိုပါပဲ… စာအုပ်ထွက်တဲ့နိုင်ငံရဲ့နာမည်ကြားရင် တချို့လူတွေက အထင်သေးသလိုလို၊ သူခိုးကြမ်းပိုးလို အကြည့်မျိုးနဲ့ ကျွန်မကိုကြည့်တတ်တယ်။ ဒါက နိုင်ငံနာမည်နဲ့မဆိုင်ဘဲ ကျွန်မရဲ့ သူခိုးကြမ်းပိုးပုံပေါက်တဲ့ ဥပဓိရုပ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ကျွန်မက ထိုင်ဝမ်မှာကျောင်းတက်ရင်း အလုပ်လုပ်သူဆိုတော့ လူမျိုးစုံနဲ့ကြုံခဲ့ရဖူးတယ်။ ကျောင်းမှာ ပညာဗဟုသုတရှိတဲ့ သူငယ်ချင်း၊ အလုပ်(စားသောက်ဆိုင်)မှာ ပညာဗဟုသုတနည်းတဲ့ သူငယ်ချင်းဆိုပြီး လူတွေနဲ့ ခင်မင်ရင်းနှီးခဲ့ရတယ်။ ဒါပေမယ့် တချို့က ပညာရှိတယ်ဆိုတိုင်း ပတ်ဝန်းကျင်ဗဟုသုတ နည်းသူတွေလည်း ရှိခဲ့တယ်။ အလုပ်မှာဆိုရင် များသောအားဖြင့် ပညာနည်းပြီး ဗဟုသုတနည်းသူတွေများတယ်။

ဘယ်လောက်အထိ ဗဟုသုတနည်းသလဲဆို ကျွန်မကို ကျွန်မနိုင်ငံအကြောင်း သူတို့မေးတယ်။ မေးတဲ့ပုံက မင်းတို့နိုင်ငံအကြောင်းပြောပြပါလား ဆိုတာမျိုး မေးတာမဟုတ်ဘဲ မင်းတို့နိုင်ငံမှာ ဘာစားလဲ? ဆန်ရှိလားလို့ မေးတယ်။ ငါတို့နိုင်ငံမှာ သံယဇာတပေါတာ မင်းတို့မသိဘူးလား? ကျွန်းတွေ၊ ကျောက်စိမ်းတွေ၊ ဆန်တွေဟာ ငါတို့နိုင်ငံရဲ့ ပြည်ပပို့ကုန်တွေ.. မင်းတို့နိုင်ငံမှာရောင်းနေတာ ငါတို့ကျောက်စိမ်းတွေ၊ ငါတို့ကျွန်းတွေလို့ တစ်ခါခါ သူတို့ကို ကျွန်မစိတ်ရှိလက်ရှိ ပြန်ဖြေတတ်တယ်။

မင်းတို့နိုင်ငံမှာ ကားရှိလားဆိုပြီး ကားမောင်းတဲ့ပုံစံလုပ်ပြီး မေးတတ်တဲ့ လူလည်းရှိတယ်။ ဟင့်အင်း ငါတို့မှာ ဆင်တွေပေါတယ်။ ငါတို့ကားမသုံးဘူး ဆင်ပဲစီးတယ်လို့ တစ်ခါခါ မဟုတ်ကဟုတ်က ကျွန်မပြန်ဖြေတတ်တယ်။ (အခုနေလာမေးရင် ငါတို့နိုင်ငံမှာ ဆင်မဲတောင်မကဘူး ဆင်ဖြူပါရှိတယ်လို့ ဖြေမိလိမ့်မယ် ထင်ပါတယ်)

မင်းတို့နိုင်ငံမှာ အိမ်ရှိလားဆိုပြီး လက်နှစ်ဖက်ကို အိမ်ခေါင်မိုးပုံစံလုပ်ပြီး မေးတတ်တဲ့ လူလည်းရှိတယ်။ လူရှိတယ်ဆိုမှ အိမ်မရှိဘဲနေပါ့မလား ငတုံးရဲ့လို့… အိမ်ကဘယ်လိုအိမ်လဲ! ဒီလိုအိမ်ရှိလား! ဆိုပြီး အင်္ဂတေနံရံကိုခေါက်ပြီး မေးသေးတယ်။ ဘယ်နှထပ်ရှိလဲ ဆိုတာမျိုးလည်းရှိတယ်။ လေယာဉ်စီးဖူးလား လေယာဉ်တဲ့? ဒီကိုလာတာ ငါရေကူးလာတာလားလို့! နင်တို့ ပိုက်ဆံပဲရှာပြီး ဒီကျွန်းသေးသေးလေးထဲမှာ မြုပ်မနေနဲ့ အပြင်လေးဘာလေး ထွက်ကြည့်အုန်းလို့ တစ်ခါခါ စိတ်အချဉ်ပေါက်ရင် ကျွန်မပြန်ပြောတတ်တယ်။ တစ်ခါခါ ဒီလိုလူမျိုးတွေနဲ့ စကားပြောရတာ ကျွန်မကိုယ်ကျွန်မ သနားတယ်။ ကျွန်မပုံစံက ကျောက်ခေတ်အရိုင်းဆန်နေပုံရလို့လေ…

တချို့ကလည်း မေးတတ်တယ်။ ဒါက ဟိုးးးးး အနောက်နိုင်ငံမှာသာနေပြီး အရှေ့နိုင်ငံဆိုတာ ဘာမှန်းမသိတဲ့ လူတချို့မေးတဲ့ စကားပါ။ မင်းတို့နိုင်ငံက ကမာ္ဘ့မြေပုံပေါ်မှာတောင် ရှိရဲ့လားတဲ့? ဒါမျိုးဆိုရင် ကျွန်မက မရဘူး။ မြေပုံစာအုပ်ထုတ်ပြီး ဒီမှာ ငါတို့နိုင်ငံ၊ ဘယ်လောက်လှတဲ့မြေပုံလဲ သေချာကြည့်ထားလို့ ပြန်အော်ပစ်တတ်တယ်။

စကားမပြောတတ်တဲ့ စာအုပ်လေးလည်း စကားသာပြောတတ်ရင် ကျွန်မလိုပဲ စိတ်အချဉ်ပေါက်စကားတွေ ပြောချင်ရှာမယ်ထင်ပါတယ်။ ပြန်အော်ချင်တဲ့ စကားတွေရှိမယ် ထင်ပါတယ်။ မျက်နှာမငယ်နဲ့ စာအုပ်လေးရေ… အပြောင်းအလဲ…. အပြောင်းအလဲရှိတဲ့ တစ်နေ့ပေါ့ကွယ်။ အခုချိန်မှာတော့ မင်းကိုဘယ်သူမှ မနှိမ်အောင် အတတ်နိုင်ဆုံး ငါကာကွယ်ထားပါတယ်…စာအုပ်လေးရယ်….

စာအုပ်အကြောင်းပြောပြီး စာအုပ်နာမည်နဲ့ မိတ်ဆက်ပေးဖို့ မေ့နေလိုက်တာ.. ကျွန်မစာအုပ်ရဲ့နာမည်က အောက်ကပုံထဲ မြင်ရတဲ့နာမည်လေးပါပဲ။ ဒီစာအုပ်ကို ဟိုးလွန်ခဲ့တဲ့ (၁ဝ)နှစ်ကျော်ကတည်းက ခုထက်ထိ ကျွန်မ အမြတ်တနိုး ကိုင်ဆောင်ထားဆဲပါ။ စာအုပ်ဖုံးအနီရောင်လေးကို အစိမ်းရောင်နဲ့လဲလို့ရတယ်။ ကြက်သွေးရောင်နဲ့ လဲလို့ရတယ်ဆိုတာတောင် မလဲရက်ခဲ့ပါဘူး။ ဒါပေမယ့် ….. အပြောင်းအလဲ…. အပြောင်းအလဲရှိတဲ့ တစ်နေ့ပေါ့ကွယ်။


*** စာအုပ်နဲ့ပတ်သက်တဲ့ တွေ့ကြုံမိခဲ့သမျှလေးတွေပါ

နိုင်းနိုင်းစနေ

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 9, 2010 at 4:57 am

    (ဟင့်အင်း ငါတို့မှာ ဆင်တွေပေါတယ်။ ငါတို့ကားမသုံးဘူး ဆင်ပဲစီးတယ်လို့ တစ်ခါခါ မဟုတ်ကဟုတ်က ကျွန်မပြန်ဖြေတတ်တယ်)
    မုသား စကားကို ပြောတယ်လို ့ဆိုမလား တော့ မသိဘူး
    တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်တဲ့အခါ မခံချင်စိတ် လို ့ပြောမလား
    အမေးခံရဘူးတယ် တစ်နေ ့မှာပေါ့ နေကြတာက ရထားလမ်းနဲ ့ မလှမ်းမကမ်းမှာဆိုတော့
    ရထားဖြတ်သွားတဲ့ အသံကိုကြားတာနဲ ့ ဘေးကတစ်ယောက်က မင်းတို ့ဆီမှာ ရထားရှိလားတဲ့ သူ ့ကြည့်ရတာလည်း သဘောရိုးကြီး
    ဘယ်ရမလဲ အောင်ပုကို ဘာမှတ်နေလဲ
    ရထားလောက် လာမပြောနဲ ့ ဒို ့စီမှာ လေးတန်း အောင်တာနဲ ့ လေယာဉ်ပျံမောင်းသင်ရတယ်
    ဒါကြောင့် ဒို ့တွေက အင်္ဂလိပ်လို ကျွမ်းတာ (ကိုယ်က သူများစီမှာ နွားသွားလုပ်ရမှာဆိုတော့ သူ ့ထက်တော့ ဘိုလိုနည်းနည်းကိန်တာကိုနော)
    ဟဲဟဲဟဲ မိတ်ဆွေတို ့လည်း အားကြမခံ လေယာဉ်ပျံသာမောင်းပြလိုက်

  • kyawnaykha

    November 9, 2010 at 6:45 am

    မင်းအခုတော့မပြောင်းလွဲချင်လဲမရတော့ဘူးလေ
    စာအုပ်ကပြောင်းပေးနေပြီပဲမင်းခံစားချက်ကိုငါနားလည်ပေးနိုင်တယ်
    တာပေမဲ့ကွာငါတို့နိုင်ငံကလေငါတို့တွေဘယ်လောက်ကြီုးစားနေပါစေ
    မတိုးတက်လာတာဟာ……………..ဆိုတာမင်းစဉ်စားပေါ့………..
    အခုလိုမျိုးဘယ်အတိုင်းတာထိဆက်သွားနေအုံးမှာလဲ…………..

  • PaukPhaw

    November 9, 2010 at 9:51 am

    အင်မတန်တိုသော Title ပါပဲခင်ဗျာ

Leave a Reply