ခေတ်သစ်(စကားပုံ)ရည်းစားစာ
သူငယ်ချင်းတို့တွေ အချိန်တန်အရွယ်ရောက်လာရင်ကိုယ်နှစ်သက်မြတ်နိုးတယ့်ဘဝရဲ့လက်
တွဲဖော် ချစ်သူ၊ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့အရင်ဆုံး ရည်းစားတော့ထားကြဘူးမှာပါ
နော်..၊ အဲဒီလို သ္မီးရည်းစားဖြစ်ဖို့လည်းအနည်းဆုံး ရည်းစားစကား၊ ရည်းစားစာတော့ပေးခဲ့
လက္ခံခဲ့ဘူးမှာပါ..။ တကယ်လို့များဒီလို ရည်းစားစာမျိုး ပေးခဲ့ရင်၊ အပေးခံ ခဲ့ရရင်ဖြင့်….
သူငယ်ချင်းတွေအတွက် ခေတ်သစ်(စကားပုံ)ရည်းစားစာ
အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း
ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ
မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊
အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ဝက်ဖြစ်မှတော့
မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်
ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။
မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ
အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း
သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့
ရွှေကျေးမျိုးတော့
ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊
ကြွက်သေတစ်ခု
အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအဝိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း
အမမှန်းတောင်
မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား
ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ်
ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို
ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့်
ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်
မြားတစ်စင်း
ဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့
ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ
နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့
မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့… အင်း… ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမ ှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။
ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Style
မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။
တကယ်တမ်းဆိုရင်
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို
နာတာရှည်လားချည်း
လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ
ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်…
အဲ…
နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်
အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်
ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့
ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး
မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင်
မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘဝဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။
မင်းမရှိတဲ့
ကိုယ့်ဘဝဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘဝမျိုးဖြစ်နေပါပြီ။ ယုံပါ၊
ကိုယ်ဟာ
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ
အချစ်ရယ်။
တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်
ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး
ဖြစ်တော့မှာပါ။
တော်တော်ကိုစိတ်ညစ်စရာကောင်းတဲ့ရည်းစား စာပါ..။ သူငယ်ချင်းအားလုံးဘဲပျော်ရွင်ရီမောရင်းနဲ့ ဘဝအမောတွေပြေကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်
5 comments
MaMa
November 24, 2010 at 9:27 am
ခေတ်သစ်(စကားပုံ) ရည်းစားစာကို ကျောင်းသုံးစာအုပ်အဖြစ်ပြဋ္ဌာန်းပြီး သင်ရင် ကျောင်းသားတွေစာကျက်စရာမလိုဘဲ အလွတ်ရသွားမယ်ထင်တယ်။ တင်ပြပုံလေး ကောင်းလွန်းလို့။
ပေစုတ်စုတ်
August 8, 2011 at 6:33 pm
ကြိုက်၏.. ကြိုက်၏ ဒီလိုမြန်မာစာ စာပေသူရဲကောင်းတွေ များများလိုနေတာ..
nature
August 8, 2011 at 6:47 pm
သူ့အဖေက မြန်မာစာ ကထိကဆိုရင်တော့ တခါတည်း ပေးစားလိုက်မယ်ထင်တယ်။ 🙂
gyinkalay
August 8, 2011 at 10:29 pm
ကုန်ပြီလား..စကားပုံတွေ…
Mee2
August 9, 2011 at 12:18 am
မြန်မာစာသင်ပုန်းကြီးအဖြစ်ထားဖို ့မလိုတော့ဘူးထင်ပါတယ်။ခေတ်ကာလ ကလေးတွေ တော်တော်လေးတတ်နေကြပါပီ။ပြောစရာကိုမလိုအောင်ပါ