သားလှလူလေး မေ့ရင်သွေး – ၈ အပိုင်း၁
နို့ညာမ မွေးတော့ စီးပွားတက်လွန်းလှ။ အဲဒီတုန်းက ပြားခေတ် ပဲခေတ် သျှီလင်ခေတ်။ ဆိုင်ပိတ်ရင် ရောင်းငွေသိမ်းရင် ပိုက်ဆံ ရာတန်တွေကို ဂုံနီအိတ်တွေနဲ့ ကို သိမ်းရတယ်။ အဲဒီတုန်းက ကားဆိုတာ ၉စီး ၁ဝစီး။ ဒီသမီးမွေးလို့ စီးပွားတက်တော့ စီးပွားရေး ကိုဘဲ ဂရုစိုက်ရတယ်။ ဆိုင်က စာရေးဆိုရင် ရွှေကြိုးမျက်မှန်နဲ့ ရွှေကြိုးလက်ပတ်နာရီနဲ့ မြင်းပွဲ အပတ်တိုင်းသွားတယ်။ သံသယ ရှိတော့ ကိုယ်လည်း ဆိုင်ထိုင်စစ်ရတယ်။ အဲဒီမှာတင် စာရေး ငွေခိုးတာ ပေါ်တာဘဲ။ အဲဒီထည်းက ကလေးတွေ အခိုင်းနဲ့ လွှတ်ထား ရတော့တယ်။
ပြည်သူပိုင်သိမ်းတော့ ဂိုဒေါင် ရလုံး လည်း အသိမ်းခံရ။ ရှိသမျှ စီးပွားရေးလည်း ကုန်။ ဘဏ်ထဲက ငွေတွေလည်း အသိမ်းခံရ။ ဝင်ငွေက မရှိ။ သားသမီးတွေက များ။ စုထားတဲ့ ငွေလေးနဲ့ အပျော်အပါး နေနေသာသာ ပညာရေး နဲ့ စားဝတ်နေရေး အတွက်ဘဲ ခြိုးခြံရတယ်။ အစားသောက်ဆိုရင် ကိုတာနဲ့ ဘဲစားရတယ်။ မနက်တိုင်း ထမင်းနဲ့ ပဲပြုတ်။ ကြက်သားကြော်က ခင်ပွန်းသည်အတွက် ပုံမှန် မပျက်စေရပါဘူး။ သားက အဖေဆီ ကလုမစားရှာပါဘူး။ သူ့ကို ကြိတ်ပေးထားတဲ့ မုန့်ဘိုးနဲ့ အပြင်မှာ ထွက်စားတယ်။
သားလေး လူပျိုဖြစ်လာတော့ အိမ်က ကားလည်း ခင်ပွန်းသည်ပင် မစီးရရှာ။ သွားစရာပင် ခြေလျင်လျှောက် ရရှာသည်။ ဪ တဦးတည်းသော သားပေ မို့ မပြောရက်။ သမီးတွေကတော့ ဘတ်စ်ကားဘဲ တိုးစီးစေပေ့ါ။ ကားက တစီးဘဲရှိတာလေ။ သား.. သား.. ချစ်ရလွန်းတဲ့ သားလေး။
အငယ်ဆုံးမ အတော် ခက်တယ်။ သူတို့မုန့်ဖိုးထဲက ဝယ်တဲ့ ပိတ်စလေး ဝယ်ပြီးမှ ပိုက်ဆံ နှမျှောသတဲ့။ ငိုနေရော။ သူ့အကိုက မာမီ သားကြိုက်တယ် မာမီပိုက်ဆံ သူ့ပေးလိုက်ပါတဲ့။ ဪ သားကပြောတော့ ကိုယ်က ငွေထုတ်ပေးရသည်ပေ့ါ။ အဲဒီမှာတင် တစခန်းထ တော့တာဘဲ။ အငယ်မက ရန်တွေ့ပြန်ပြီ။ သူကတော့ မုန့်ဘိုးထဲက ဝယ်ရတယ် ကိုကိုကျတော့ မာမီက ဝယ်ပေး တယ်ဆိုပြီး စိတ်ကောက်ရော။ အင် ဘယ်တတ်နိုင်မလဲ သူက တဦးတည်းသော သားလေ.. အဲဒီ ထဲက အငယ်ဆုံးမ က မာမီ့ကို မချစ်ဘူး ပြောပြော လာတယ်။ အဲဒီလို ပြောရင် အမေဘဲ ရင်ထဲမှာ အောင့်ပြီးဝမ်းနည်းတယ်။ ကိုယ့်အနားလည်း မကပ်ဘူး။ အငယ်ဆုံး ဆိုတော့ အမတွေထက် တော့ သူ့ကို အချစ်ပိုပါတယ်။ သားထက်တော့ မပိုနိုင်။ သား သမီးမဟုတ်လား သားပြီးမှ သမီးလာ တာလေ။
ခင်ပွန်းသည်က အလုပ်လုပ်ချင်ရင် ကိုယ်က မယုံ၊ ငွေမထုတ်ပေး။ သားပြောရင် တခွန်းထဲ၊ ရော့ အင့် ငွေ။ သားလိုချင်တာ ဘာမှ မရ မရှိစေရ။ သမီးတွေကိုတော့ တချိန်လုံး ငြီးပြထားတယ်။ မာမီတို့ ဝင်ငွေမရှိဘဲ သမီးတွေကို ပညာသင်ပေးရတာ ။ သမီး တွေလည်း သိနေတော့ ဘာမှ မပြောရှာပါဘူး။ သမီးတွေဆိုရင် တနစ်မှ င်္အကျီ တထည် သူတို့ လစဉ် မုန့်ဘိုးထဲက စုပြီး ဝယ်ဝတ်တာ တွေ့ရတယ်။ သမီးတို့ရေ ပညာ ဆိုတာ လူမခိုးဘူး။ ဥစ္စာဆိုတာ လူခိုးတယ်။ ပညာနဲ့ပတ်သက်ရင် ဘာသင်မလဲ မာမီ ထုတ်ပေးမယ် ဆိုပြီး ပြောပြ ထားရတယ်။ မိန်းခလေးတွေ ဆိုတော့ လှချင်ရှာမှာဘဲ။ ဒါပေမဲ့ မပျက်စီးကြပါဘူး။ ပတ်ဝန်းကျင်က ကလေးငယ်လေး တွေ ကို စာပြပြီး ဝင်ငွေ ရှာကြတယ်။
သားကျောင်းတက်တော့ ရည်းစားရပြီလား မေးရတယ်။ သားကတော့ ရှိုးအပြည့်။ ဘွဲ့သာရသွားရယ် ရည်းစားက ပြတ်လိုက် ထားလိုက်။ စိတ်ပူရတယ် ရည်းစားထားတိုင်း မဟုတ်တာနဲ့ချည့်ဘဲ။ တော်ကြာ လင်နောက်လိုက် ထားဖူးတဲ့ အဆိုတော်နဲ့ တော်ကြာ အကျင့်ပျက်တဲ့ ကောင်မလေးနဲ့တဲ့။ ဟိုကလည်း ခြူယူ သမျှ သားကပေး။ မာမီသားကိုငွေပေးပါ ဆိုရင် ကိုယ်က မနေနိုင် သုံးလှချည့်လား သားရယ် လို့တောင် မပြောရက်.. အိမ်မှာ စားစရာ မရှိလို့ အငယ်မ က ကလေးစာပြတဲ့ ကျူရှင်လခနဲ့ စားစရိတ် လုပ်နေတာ။ အင်ဂျင်နီယာဘွဲ့သာ ရတယ် အလုပ်မလုပ်။ အိမ်က ကား တဝီဝီနဲ့ ရှိုးအပြည့် ညီမတွေ ကျူရှင်လိုက်ပို့ဖို့ ဆိုရင် သူက မအားတာချည့်။ မပြောရက်ပါဘူးသားကို။ သမီးတွေက ဘတ်စကားတိုးစီးပေ့ါ။
သားက နိုင်ငံခြားထွက်ချင်သည်တဲ့ တတ်နိုင်ဘူး ခြံအိမ်မြေ ရောင်းပြီး ပို့ရတယ်။ ပြန်လာတယ် ဘာမှ မပါလာဘူး။ ယူလာတာတွေက သုံးပြီးသား ပစည်းတွေ။ ဟိုမှာ လခဘယ်လောက်ရလဲ ဆိုရင် ဘယ်တော့မှ မပြော။ ညီမတွေကလည်း မပြောရှာ ပါဘူး။ နိုင်ငံခြားက ပြန်လာတော့ ဂျပန်ဘာသာ ကျူရှင်ပေးတယ်။ အဲဒီမှာတင် ပြသနာ စတာဘဲ။ ကျူရှင်တပည့်တွေက အမွှာလင်မယား။ ဘယ်သူ့ ယောက်ျားမှန်းမသိပေမဲ့ အိပ်ယာက တခုတည်း။ သားက ရှုံ့ချလို့ သာ သိရတယ်။ နောက်တော့ သား အပြင်ပိုထွက်တာ သတိထားမိတယ်။
တနေ့ ညီမတွေ အော်ဟစ်သံကြောင့် မေးရတယ် ဟဲ့ ဘာဖြစ်တာတုန်း။
ဤပို့စ်နှင့်ပတ်သက်၍ အခန်း၈ အပိုင်း၂ ကို ဖတ်လိုသူများ ကော်မဲန့်တွင်၎င်း သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။
2 comments
MaMa
March 29, 2011 at 4:11 am
ဤပို့စ်နှင့်ပတ်သက်၍ အခန်း၈ အပိုင်း၂ ကို ဖတ်လိုပါတယ်။ ဆက်တင်ပေးနိုင်ရင် တင်ပေးစေလိုပါတယ်။
babymay
March 29, 2011 at 4:55 am
ထောက်ခံပါတယ်။။ ဆက်ပြီးတင်ပေးစေလိုပါတယ်။။