ပန်းသီးပင် ………
ပန်းသီးပင် …………
ဟိုးရှေးရှေးတုန်းက ပန်းသီးပင်ကြီးတစ်ပင် ရှိသတဲ့။ အဲ့ဒီ ပန်းသီးပင်ကြီးဆီကို
ကောင်လေးတစ်ယောက်က နေ့စဉ် လာလာ ကစားနေကျပေါ့။ အပင်ပေါ်တက်၊ ပန်းသီးတွေကို
ဆွတ်ခူး စားသောက်၊ သစ်ပင်ရိပ်မှာ တစ်မှေးအိပ်၊ ကောင်ကလေးအတွက် သစ်ပင်ကြီးဟာ
အဖော်ကောင်းလို့ပဲ ဆိုကြပါစို့။ ကောင်ကလေးဟာ သစ်ပင်ကြီးကို သိပ်ချစ်သလို
ပန်းသီးပင်ကြီးကလည်း ကောင်လေးကို အဖော်လုပ်ပေးနေရတာ သိပ်သဘောကျသပေါ့။
အဲလိုနဲ့ အချိန်တွေလည်း တရွေ့ရွေ့ ကုန်သွားရော…
ကောင်ကလေးလည်း အရွယ်လေး မသိမသာ ရောက်လာတာနဲ့အတူ ပန်းသီး
ပင်ကြီးဆီကိုလည်း ခါတိုင်းလို နေ့စဉ် မရောက်ဖြစ်တော့ဘူး။
တစ်နေ့ကျတော့ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို မသာယာ လှတဲ့ မျက်နှာနဲ့
ရောက်လာတယ်။
“လာလေ… ကောင်လေး၊ ငါနဲ့ ကစားရအောင်ကွာ.. ” ပန်းသီး ပင်ကြီးက ကောင်ကလေးကို
ခေါ်လိုက်ပါတယ်။
“ကျွန်တော် ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ ကျွန်တော် မဆော့ တတ်တော့ဘူး။
ကျွန်တော်က အရုပ်တွေ၊ ကစားစရာတွေနဲ့ပဲ ဆော့ချင် ကစားချင်နေတယ်ဗျာ. ခက်တာက
ကျွန်တော့မှာလည်း အရုပ်တွေ ကစားစရာတွေ ဝယ်ဖို့ ပိုက်ဆံ မရှိဘူး”
“အေး.. ငါ့မှာလည်း ပိုက်ဆံတော့ မရှိဘူးကောင်လေးရဲ့.. ဒါပေမယ့် ငါ့အသီးတွေ အားလုံးကို
ခူးပြီး ပြန်ရောင်းမယ်ဆိုရင် မင်းလိုတဲ့ ပိုက်ဆံ ရမှာပေါ့ မောင်…”
ဒီစကားလည်း ကြားရရော ကောင်ကလေးလည်း ပျော်သွားတယ်။ ဟုတ်သားပဲ၊ ပန်းသီးတွေ
ခူးပြီး ရောင်းလိုက်လို့ကတော့ ပိုက်ဆံတွေ ဖြစ်လာမှာ သေချာတာပေါ့ ဒါနဲ့ သူလည်း
ပန်းသီးပင်ကြီးပေါ်မှာ သီးနေတဲ့ ပန်းသီးတွေ အားလုံးကို ခူးဆွတ် ထွက်ခွာသွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို တော်တော်နဲ့
ရောက်မလာပြန်တော့ဘူး။ ပန်းသီးပင်ကြီးကတော့ စိတ်မကောင်း ဖြစ်နေတော့တာပေါ့လေ။
အဲလိုနဲ့ အကြာကြီးကြာခါမှ တစ်နေ့မှာ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို
ပြန်ရောက်လာတယ်။ ပန်းသီးပင်ကြီးကလည်း ကောင်ကလေးကို တွေ့ရရော ဝမ်းသားအားရ
ခေါ်လိုက်ပါတယ်။
“လာကွာ၊ မင်းနဲ့ မကစားရတာကြာပြီ၊ ကစားကြရအောင်…” ပန်းသီးပင်ကြီးက ဝမ်းသာအားရ
ခေါ်လိုက်ပါတယ်။
“ကျွန်တော့်မှာ ကစားဖို့အချိန် မရှိဘူးဗျာ။ ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်ရဦးမယ်။
မိသားစုနေဖို့ အိမ်တစ်လုံး လိုနေလို့ စိတ်ညစ်နေတာဗျ။ မကူညီနိုင်ဘူးလား”
“အင်း.. ငါ့မှာ အိမ်တော့ ဘယ်ရှိမလဲ ကောင်ကလေးရဲ့။ ဒါပေမယ့် မင်း ငါ့သစ်ကိုင်းတွေ
ခုတ်ပြီး အိမ်ဆောက်မယ်ဆိုရင် မဖြစ်ဘူးလားကွယ့်။ ခုတ်ယူပါလား..”
ဒါနဲ့ ကောင်ကလေးလည်း ပန်းသီးပင်ကြီးရဲ့ သစ်ကိုင်းတွေကို အားရပါးရ ခုတ်ယူပြီး
ပျော်ပျော်ရွှင်ရွှင် ထွက်သွားပြန်ပါရော။ ပန်းသီးပင်ကြီးကလည်း ကောင်ကလေး
ပျော်နေတာမြင်တော့ သူပါ ပျော်သွားတော့တာပေါ့။ ဒါပေမယ့် ထုံးစံအတိုင်းပါပဲ၊
ကောင်ကလေး ပျောက်သွား ပြန်ပါတော့တယ်။ ပန်းသီးပင်ကြီးကတော့ အထီးကျန်ဘဝမှာ
ထိခိုက် ကြေကွဲ နေရပြန်တော့တာပေါ့။ အဲလိုနဲ့ ပူပြင်းလှတဲ့ နွေတစ်ရက်မှာ ကောင်ကလေး
ပြန်ပေါ်လာပြန်တယ်။ အပင်ကြီးကလည်း ဝမ်းသာအားရပဲပေါ့။
“လာကွာ၊ မင်းနဲ့ ငါနဲ့ ကစားရအောင်..”
“မကစားနိုင်ပါဘူး ပန်သီးပင်ကြီးရယ်။ ကျွန်တော်စိတ်ညစ်နေတယ်ဗျ။ အသက်ကလည်း
ကြီးလာပြီလေ၊ နားနားနေနေလေး နေချင်လိုက်တာဗျာ။ လှေကလေး တစ်စီးနဲ့ ရွက်လွှင့်ရင်း
အေးအေးလူလူ နားချင်လိုက်တာ။ ကျွန်တော့်အတွက် လှေတစ်စီးလောက်
ရှာမပေးနိုင်ဘူးလား။”
“ငါ့ပင်စည်ကို ခုတ်လှဲပြီး လှေလုပ်လိုက်ပါလား ကောင်ကလေးရယ်၊ ဒါပဲ
ငါတတ်နိုင်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ်၊ မင်းကြိုက်တဲ့ နေရာကို လှော်ခတ်သွားပြီး
ပျော်နိုင်ပါလိမ့်မယ်ကွာ..”
ဒါနဲ့ ကောင်လေးလည်း ပန်းသီးပင်ကြီးရဲ့ ပင်စည်ကို ခုတ်ပြီး လှေတစ်စီး
လုပ်လိုက်တော့တာပေါ့။
လှေလည်းရရော ကောင်ကလေးလည်း ပင်လယ်ပြင်ကျယ်ကြီးထဲကို
ရွက်လွှင့်သွားလိုက်တော့တာ တော်တော်နဲ့ကို ပြန်ရောက် မလာတော့ပြန်ဘူး။ အဲဒီကနေ
နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ ကောင်ကလေး ပြန်ရောက် လာပြန်ပါတော့တယ်။
“ဒီတစ်ခါတော့ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိတော့ဘူး ကောင်ကလေးရဲ့၊ ပန်းသီးတွေလည်း
ကုန်ပြီ၊”
“ကျွန်တော့်မှာလည်း ပန်းသီးကိုက်နိုင်တဲ့ သွားတွေ မရှိတော့ပါဘူးဗျာ…”
“မင်း တွယ်တက်ဖို့ သစ်ကိုင်းတွေလည်း မရှိတော့ဘူးလေ”
“ကျွန်တော်လည်း သစ်ပင်မတက်နိုင်တော့ဘူး အိုပါပြီဗျာ..”
“မင်းကိုပေးစရာ ဘာဆိုဘာမှ မကျန်တော့ဘူး ကောင်ကလေး၊ ငါ့ဆီမှာ ကျန်တာဆိုလို့
သေတော့မယ့် အမြစ်တွေပဲ ရှိတော့တယ်နော်။” ပန်းသီးပင်ကြီးက ပြောရင်းနဲ့
မျက်ရည်လည်လာတယ်။
ကောင်ကလေးက ပြန်ပြောတယ်။ “ကျွန်တော်လည်း ဘာမှ မလိုချင်တော့ပါဘူး
ပန်းသီးပင်ကြီးရယ်။ ကျွန်တော်လိုချင်တာက နားခိုစရာ နေရာလေး တစ်နေရာပါပဲ။
ကျွန်တော့်ဘဝမှာ သိပ်ကို ပင်ပန်းလှပါပြီ”
“ဒါဆို အတော်ပဲပေါ့၊ ကောင်ကလေးရဲ့။ သစ်ပင်အိုတွေရဲ့ အမြစ်ဆိုတာ မှီလို့ အုံးလို့
ကောင်းတဲ့ နားခိုစရာ အစစ်ပဲလေ။ ထိုင်ကွာ၊ ထိုင်၊ ထိုင်၊ ငါနဲ့အတူ ထိုင်ပြီး မင်းစိတ်တိုင်းကျ
နားလိုက်စမ်းကွာ…”
ကောင်လေးလည်း ပန်းသီးပင်ကြီးရဲ့ အမြစ်ဘေးမှာ ထိုင်ချလိုက်ပါတယ်။
ပန်းသီးပင်ကြီးကလည်း မျက်ရည်တွေကြာကပဲ ကြည်ကြည်နူးနူး ပြုံးလိုက်ပါတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲဗျာ။
ဒီပုံပြင်လေးက ကျွန်တော်တို့တွေ အားလုံးအတွက်ပါ။ ပန်းသီးပင်ကြီးဆိုတာက နိမိတ်ပုံလေ။
ပန်းသီးပင်ကြီးဆိုတာက ကျွန်တော်တို့ရဲ့ မေမေ၊ ဖေဖေပါ။ ငယ်ငယ်တုန်းက မေမေ၊
ဖေဖေတို့နဲ့ ကစားခဲ့ရတာကို ကျွန်တော်တို့တတွေ ဘယ်လောက်ပျော်ခဲ့ကြသလဲ။
အရွယ်လေးလည်း ရောက်လာရော ကျွန်တော်တို့လည်း မေမေနဲ့ ဖေဖေကိုု
ထားရစ်ခဲ့ကြတာပါ။ ကိုယ်လိုချင်တာလေးရှိမှ ကိုယ့်မှာ ဒုက္ခနဲ့ ကြုံရတဲ့အခါမျိုးတွေ ကျတော့မှ
မေမေ၊ ဖေဖေတို့ဆီကို ပြန်ရောက်ရတော့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိဘဆိုတာကလည်း
သူတို့မှာ ရှိရှိသမျှတွေကို ပေးရင်း ကိုယ့်သားသမီးလေးတွေ စိတ်ချမ်းသာအောင်
ဆောင်ရွက်ပေးကြတဲ့ သူချည်းပါပဲ။
စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းတွေအနေနဲ့ ပုံပြင်ထဲက ကောင်လေးက
ပန်းသီးပင်ကြီးအပေါ်မှာ တော်တော့်ကို ရက်စက်ရက်တယ်လို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့်
ကျွန်တော်တို့ အားလုံးကရော၊ ကျွန်တော်တို့ရဲ့ မေမေ၊ ဖေဖေတို့ အပေါ်မှာ အဲသလိုပဲ
ဆက်ဆံဖြစ်ခဲ့မယ်၊ ရသမျှ အကုန်ယူခဲ့ကြတာချည်း မဟုတ်ပါလား။ စာဖတ်သူ မိတ်ဆွေ
သူငယ်ချင်းတို့အနေနဲ့ ဒီပုံပြင်လေးကို လက်ဆင့်ကမ်း ပြောပြကြပါ။ ပြီးရင် ကိုယ့်ရဲ့ အမေ၊
အဖေတို့ကို ရိုသေ ချေငံစွာ၊ ချစ်ခင်မြတ်နိုးစွာ ဆက်ဆံနိုင်အောင် ကြိုးစားကြပါတော့။