မနက်ဖြန် ဘာဖြစ်လာနိုင်မလဲ….? ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ အစားထိုး အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။

zinmyotunNovember 28, 20101min1160

*ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက် …………………..*

(၁)
အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့
ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံးတခုကို

ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။
လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ
စေခြင်းက ပူဆွေးသောကရဲ့ အစပေပဲလား…..

ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ

ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။
ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ
လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ဝရန်တာပါတဲ့
အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့

အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး
ပတ်ချာလှည့် ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး အောက်ချပေးဖို့ ပြောမှ
မောင်ကဝမ်းသာစွာနဲ့ “ကဲ…မေမေ့ကို သွားကြိုရအောင်” တဲ့။ မောင့်မေမေ

ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။

အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို
ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ် တဲ့ ကျွန်မရဲ့ ခန္ဓာကို
အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး ကျွန်မကို

လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့
ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။
အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့
သံယောဇဉ်ပေပဲလား။

မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက


ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲ ဝယ်ပြီး ဧည့်ခန်းမှာ
အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး
မအောင့်နိုင်ဘဲ….. “ဘဝကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ

နင်တို့မသိကြဘူးလား..စားလို့ရတာ

လဲ မဟုတ်ဘဲနဲ့ ဘာလို့ ပန်းတွေ
ဝယ်ခဲ့ရသလဲ…”
“မဟုတ်ဘူးလေ မေမေ…..ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ
လန်းဆန်းနိုင်တယ်လေ” ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက

ခေါင်းငုံ့စူပုပ် နေခဲ့တယ်။
“အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် …တဖြည်းဖြည်းနဲ့ အမေကျင့်သား
ရလာလိမ့်မယ်” မောင်က ရယ်ကျဲကျဲနဲ့ ဝင်ထောက်တယ်။

ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း

ဘယ်လောက် ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင်
တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တခါတလေ အထုတ်ကြီး ငယ်တွေနဲ့
ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ…… ဒီဟာ ဘယ်လောက်လဲနဲ့
မေးတတ်ပြန်တယ်။ ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့

စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။

“ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့” ကျွန်မ နှာခေါင်းကို
ဖိညှစ်ရင်း မောင်က ဆိုလာတယ်။ ပျော်ရွှင် စရာ နေ့ရက်တွေက တဖြည်းဖြည်း
သံစဉ်တွေ ပြောင်းလာခဲ့တယ်။

နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ်

လင်ယောက်ျားက မိန်းမ အတွက် မနက်စာ ထလုပ်ရတယ်လို့ ….ဒါဟာ မဖြစ်သင့်တဲ့
ကိစ္စလို့ သူမြင်ခဲ့တယ်။

မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင်
ဟန်ဆောင်ခဲ့တယ်။ ဒါကို သူကဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ်

ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ ဆရာမတဦးပါ။ တနေကုန် ကခုန်ခဲ့ရလို့
ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို မခွာရက်ဘဲ
ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ်
ဆန္ဒပြတာကို မျက်စိမှိတ်၊ နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။

မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင်


ကျွန်မပိုပြီး အလုပ်ရှုပ် ရပါတော့တယ်။ ဥပမာ….ပလပ်စတစ်အိတ်တွေကို
ပြန်ရောင်းဖို့ဆိုပြီး အကုန် လိုက်စုထားတတ်တယ်။ နောက်တော့ အိမ်တခုလုံး
အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို နှာမြောလို့ဆိုပြီး မသုံးဘဲ

နေခဲ့တယ်။ နောက်တော့ မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး
ကျွန်မ ပြန်ဆေးခဲ့ရတယ်။

(၂)
ညတညမှာ ပန်းကန်တွေကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကို မောင့်မေမေ
မြင်သွားခဲ့တယ်။ အိပ်ခန်းတံခါးကို “ဒုန်း”ခနဲ ဆောင့်ပိတ်ပြီး အိပ်ရာထဲမှာ

သူအော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား မောင်ပျာများ ရပါတော့ တယ်။ အဲဒီညက
မောင်ကျွန်မကို စကားတခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို ကျွန်မ ဘယ်လိုပဲ
စ စ ဂရုမစိုက် ခဲ့ဘူး။ “ကျွန်မ ဘာများ အမှားလုပ်ခဲ့မိလို့လဲ..?” လို့

ပြန်မေးတော့ မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း…. “မပြောင်တဲ့
ပန်းကန်နဲ့စားလဲ သေမသွားတတ်ဘူး….မင်းဘာလို့ မသိတတ်ရတာလဲကွာ” တဲ့။
အဲဒီနောက်ပိုင်းမှာ မောင့်မေမေ ကျွန်မကို စကား မပြောတော့ပါဘူး။
နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။

မနက်စာ ထလုပ်တတ်တဲ့မောင်ကို မကြည့်ရက်လို့ မောင့်မေမေက မနက်စာ


ချက်ပြုတ်ခြင်း တာဝန်ကို ယူလိုက်တယ်။ သားစားနေတာကို ကြည့်ပြီး မောင့်မေမေ
ပီတိဖြာပါတယ်။ ကျွန်မကို ကြည့်တဲ့ အကြည့်ကတော့ အိမ်ထောင့်တာဝန်
မကျေဘူးဆိုတဲ့ အပြစ်တင် အကြည့်မျိုးနဲ့ပါ။ အဲဒီအကြည့်ကို ရှောင်ချင်လို့

ကျွန်မရဲ့ မနက်စာကို လမ်းမှာဝယ်ပြီး ဖြေရှင်းလိုက် ရတာများတယ်။

ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ “လူဒီ..အမေလုပ်တဲ့အစာတွေကို
ညစ်ပတ်တယ်ထင်ပြီး အိမ်မှာ မစားတာလား” ပြောပြီး တဖက်ကို
မောင်လှည့်လိုက်တယ်။ မောင့်ရဲ့ အေးစက်တဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်မ

မျက်ရည်ကျခဲ့မိတယ်။ “လူဒီ…မောင့်မျက်နှာကို ထောက်ပြီး အိမ်မှာ
မနက်စာစားပါလား” သက်ပြင်းတချက် ချရင်း မောင်က ဆိုလာတယ်။ မောင့်ကြောင့်
ကျွန်မရှေ့မျက်နှာ နောက်ထားပြီး မနက်စာ စားပွဲခုံမှာ ပြန်ထိုင် ခဲ့တယ်။

အဲဒီ မနက်က မောင့်မေမေ ပြုတ်ထားတဲ့ ဆံပြုတ်ကို ကျွန်မသောက်နေတုန်း
ဘာဖြစ်တယ် မသိဘူး..ဗိုက်ထဲက အစာအိမ်ကို တခုခုနဲ့ ဖိထားသလို ခံစားရတယ်။
အစာတွေ ပါးစပ်က ထွက်မလာအောင် ကျွန်မဗိုက်ကို အတင်း ဖိထားမိတယ်။ ဒါပေမယ့်
မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ် လွတ်ချပြီး သန့်စင်ခန်းဖက်

ကျွန်မပြေးပြီး ထိုးအန်မိတယ်။ အန်ပြီး ပုံမှန်အနေအထား ရောက်အောင် လေကို
ရှုသွင်းရှုထုတ် လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့ မောင့်မေမေအသံကို
ကျွန်မ ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သန့်စင်ခန်း တံခါးဝမှာ
ခါးထောက်ပြီး ကြည့်နေတဲ့ မောင့် ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။

ဖြေရှင်းဖို့ ပါးစပ်ဟလိုက်ပေမဲ့ ကျွန်မ နှုတ်က စကားတခွန်းမှ
ထွက်မလာခဲ့ဘူး။ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး မောင်ရယ်…..

မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်နေတဲ့
ကျွန်မတို့ကို မောင့်မေမေက စိုက်ကြည့်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။

မောင်က ကျွန်မကို ခပ်စူးစူးတချက်ကြည့်ပြီး အမေ့နောက်ကို
ဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘဝထဲ ရောက်လာခါနီးမှ
မထင်မှတ်တဲ့ မတော်တဆမှုက မောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။

(၃)ရက်လုံးလုံး မောင်အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။

မောင့်မေမေ ရောက်လာပြီးနောက် ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ အိမ်ဟာ
အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။ ကျွန်မဘာများ ထပ်လုပ် ပေးရဦးမလဲ…?
ထူးထူးဆန်းဆန်းပဲ ကျွန်မလဲ တချိန်လုံး အန်ချင်နေမိတယ်။ ဘာပဲစားစား
အရသာမဲ့နေတယ်။ ဒီပြဿနာတွေနဲ့ ကျွန်မလဲ လူပမ်းစိတ်နွမ်းလှပါပြီ။

လူဖော်ကိုင်ဖက် တချို့က “လူဒီ….နင်မျက်နှာကြည့်ရတာ


တော်တော်မလန်းဘူး….. ဆေးရုံသွားပြီး စစ်ဆေး သင့်ပြီ”လို့ အသိပေးလာမှ
ကျွန်မဆေးရုံဖက် ရောက်ခဲ့တယ်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီမနက်
ထမင်း ဝိုင်းမှာ ကျွန်မအန်မိတဲ့ အကြောင်းရင်းကို ကျွန်မ သိလာရတယ်။

ကျွန်မရဲ့ ပျော်ရွှင်မှုထဲမှာ ဝမ်းနည်းတာတွေ ရောပါနေတယ်။
မောင်ရော……အတွေ့အကြုံရှိတဲ့ မောင့်မေမေရော…ဘာဖြစ်လို့
ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်း ကို နည်းနည်းမှ မရိပ်စားမိခဲ့တာလဲ….?

(၃)
ဆေးရုံဝမှာ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ (၃)ရက်ပဲ မတွေ့တဲ့ မောင်ဟာ

ရုပ်တော်တော်ကျသွားခဲ့တယ်။ ကျွန်မ မမြင်ချင်ဟန်ဆောင်ပြီး
လှည့်ထွက်မလို့ပဲ ဒါပေမယ့် မောင်ပုံကိုကြည့်ပြီး သနားစိတ်ကို
မအောင့်နိုင်ဘဲ မောင်ကိုခေါ်လိုက်မိတယ်။ ကျွန်မခေါ်သံကြောင့်
မောင်လှည့်ကြည့်လာပေမယ့် ကျွန်မကိုကြည့်တဲ့ အကြည့်က

သူစိမ်းတစ်ယောက်လိုပါပဲ။ မျက်လုံးထဲမှာတော့ မုန်းတီးခြင်း အငွေ့တွေက
ကျွန်မကို ပြာစေကျခဲ့တယ်။ မောင့်ကို မကြည့်မိအောင် ကျွန်မထိန်းရင်း
အငှားကားတစ်စီးကို လက်ပြတားလိုက်တယ်။ ကားပေါ်အတက် မောင့်ကို ”
မောင်…မောင်အတွက် သားလေးတစ်ယောက် ကျွန်မမွေးပေးတော့မယ်” လို့ ကျွန်မ

အော်ပြီး ပြောပြချင်လိုက်တာ။ မောင်ကြားရင် ကျွန်မကို ကိုင်မြှောက်ပြီး
တစ်ပတ်ရမ်းလိုက်ဦးမလား….? ကျွန်မမျှော်လင့် တာတွေ
ဖြစ်မလာခဲ့တော့ပါဘူး။ ကားထဲမှာ ထိုင်ပြီး ကျွန်မငိုမိတယ်။ ဘာကြောင့်
ရန်ပွဲလေးတစ်ပွဲက အချစ်ကို ဒီလောက်အထိ ဆိုးဝါးစေခဲ့သလဲ….?

အိမ်ပြန်ရောက်တော့ အိမ်ရာပေါ်လဲရင်း မောင်မျက်လုံးထဲက အမုန်းတွေကို


ကျွန်မပြန် မြင်ယောင်မိတယ်။ စောင်ကို တင်းတင်းဆုတ်ကိုင်ပြီး
ကျွန်မငိုမိပြန်တယ်။ အဲဒီညက အံဆွဲဖွင့်သံတွေကို ကျွန်မကြားလိုက်မိတယ်။
မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွဲသားနဲ့ မောင့်ကို

ကျွန်မတွေ့လိုက်မိတယ်။ ကျွန်မကို အေးစက်စက် တစ်ချက်ကြည့်ပြီး
ပိုက်ဆံတွေကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုဘဲ ဘဏ်စာအုပ်ကို ယူပြီး
သူပြန် ထွက်သွားတယ်။ ကျွန်မကို တစ်ကယ်ပဲ ခွဲသွားတော့မှာလား…? မောင်က
တော်တော်ထက်တာပဲ… အချစ်နဲ့ငွေကို သပ်သပ်စီခွဲတော့မယ် ထင်တယ်။ ကျွန်မ

အေးစက်စက် ရီလိုက်မိတယ်။ မျက်ရည်တွေကတော့ ပါးပြင်ပေါ်
တောက်လျောက်စီးကျလို့လာတယ်။

နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကို ငြိမ်ငြိမ်ထားပြီး
မောင်နဲ့ ကျွန်မဆွေးနွေးချင်သေးတယ်။ မောင့်ကုမ္ပဏီမှာ မောင့်ကို

သွားရှာတော့ အတွင်းရေးမှူး မလေးက ” သူ့အမေ ကားအက်ဆီဒင့်ဖြစ်ပြီး ဆုံးလို့
ဆေးရုံသွားလိုက်တယ်”။ အဲဒီစကားကြားတော့ ကျွန်မဆွံအသွားခဲ့ရတယ်။ ဆေးရုံကို
ကျွန်မအပြေး လိုက်သွား ခဲ့တယ်။ မောင်ကတော့ အေးစက်မာကျောတဲ့ မျက်နှာနဲ့

ကျွန်မကို မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့ မျက်နှာကို
ကြည့်ပြီး ကျွန်မ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဘုရားရေ…..ဘာလို့
ဒီလိုဖြစ်ရတာလဲ…?

မောင့်မေမေ သင်္ဂြိုလ်ပြီးတဲ့အထိ ကျွန်မကို မောင်စကားတစ်ခွန်းမှ

မပြောခဲ့ဘူး။ ကျွန်မကို ကြည့်တဲ့ အကြည့် တိုင်းမှာ
မုန်းတီးမှုအပြည့်တွေနဲ့ပါ။ မောင့်မေမေ ကားတိုက်မှုနဲ့ ပတ်သက်ပြီး
ကျွန်မသိရတာက အဲဒီနေ့ မောင့်မေမေ အိမ်ကထွက်ပြီး ရွာကိုပြန်မလို့
ကားဂိတ်ကို သွားခဲ့တယ်။ မောင်လည်း အမေနောက် အပြေး လိုက်ခဲ့ပေမယ့်

မျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့ကြောင်း
တစ်ခြားလူတွေ ကတစ်ဆင့် ကျွန်မသိလိုက်ရတယ်။ မောင့်ရဲ့မုန်းတီးမှုတွေကို
ကျွန်မ သဘောပေါက်သလို ရှိလာတယ်။ အဲဒီနေ့ကသာ ကျွန်မ မအန်ခဲ့ရင်၊
အဲဒီနေ့ကသာ ကျွန်မတို့ ရန်မဖြစ်ခဲ့ရင်… အခုတော့ မောင်ရဲ့စိတ်ထဲမှာ

ကျွန်မဟာ မောင့်မေမေကိုသတ်တဲ့ တရားခံဖြစ်နေခဲ့ပြီလား….?

အိမ်ကို ပြန်လာပြီးတဲ့နောက် မောင့်မေမေအခန်းမှာပဲ မောင်နေခဲ့တယ်။
ညအိမ်ပြန်တိုင်း မောင့်ကိုယ်ပေါ်မှာ အရက်နံ့တွေ မွန်းလို့နေတယ်။
အားနာခြင်းနဲ့ သနားခြင်းတွေက ကျွန်မရင်ဝကို မွန်းကြပ်နေအောင် ဖိထား

ခဲ့တယ်။ ကျွန်မတို့အတွက် မျိုးဆက်သစ်လေး ရှိနေပြီဆိုတဲ့အကြောင်း
မောင့်ကို ကျွန်မ ပြောပြချင် လိုက်တာ….ရှင်းပြချင်လိုက်တာ.
.. ဒါပေမယ့်
အေးစက်တဲ့ မောင်မျက်လုံးတွေကို ကြည့်ပြီး အဲဒီစကားတွေကို
ကျွန်မပြန်မျိုချခဲ့ရတယ်။ ကျွန်မကို နာနာလေး

တစ်ခါလောက်ရိုက်လိုက်…ရက်ရက်စက်စက် တစ်ခါလောက် ဆဲလိုက်
ကျွန်မခံနိုင်ပါတယ်။ အရာအားလုံးဟာ ကျွန်မ တမင်လုပ်ခဲ့တာ မဟုတ်ရပါဘူး
မောင်ရယ်….

အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က

ညပိုနက်လို့လာခဲ့တယ်။ တစ်ခါက စားသောက်ဆိုင် တစ်ဆိုင်ရှေ့ကျွန်မဖြတ်တော့
ကြည်လင်တဲ့ ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက်
မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်မိတယ်။ မိန်းကလေးရဲ့ဆံပင်ကို
မောင်က ပွတ်သပ် လို့…ကျွန်မ သဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို

ကရူးကမူးပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မရပ်လိုက်တယ်။ မောင့်ကို
ခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့် ကျွန်မ မျက်အိမ်မှာ မျက်ရည်မရှိခဲ့ပါဘူး။
ကျွန်မ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေလိုက်မိတယ်။

ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်ဖို့ပြင်နေတဲ့

မိန်းကလေးကို မောင်က လက်လှမ်း ဆွဲလိုက်တယ်။ ပြီးတော့ အေးစက်ခက်ထန်တဲ့
အကြည့်နဲ့ ကျွန်မကိုကြည့်နေတယ်။ ကျွန်မနှလုံးခုန်သံကို ကျွန်မ
ပြန်ကြားနေမိတယ်။ သေမင်းရဲ့ နုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး… ကျွန်မဟာ
ရှူံးသူပါ။ ဆက်ရပ်နေရင် ကျွန်မ ရော ဗိုက်ထဲက ကလေးပါ အဲဒီနေရာမှာ

လဲကျသွားနိုင်တယ်။

အဲဒီညက မောင်ပြန်မလာခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို
သဘောပေါက်စေပုံရတယ်။ ယောက္ခမရဲ့သေဆုံးမှုနောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း
လိုက်ပြီးသေဆုံးသွားခဲ့ရပြီ။ မောင်လုံးဝ ပြန်မလာခဲ့ တော့ပါဘူး။

တစ်ခါတစ်လေ ကျွန်မအလုပ်ဆင်း ပြန်လာရင် အိမ်ကဘီရိုတွေ
မွေနောက်ထားသလိုပဲ…ကျွန်မ မရှိတုန်း မောင်သူ့ပစ္စည်းတွေ
ပြန်လာယူတယ်ထင်တယ်။ မောင်ကို ကျွန်မ ဖုန်းလည်းမဆက်ခဲ့ဘူး။ အစက မောင့်ကို
ကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့ စိတ်တွေ လုံးဝ ပျောက်ဆုံးသွားခဲ့ရပါပြီ။

ကျွန်မတစ်ယောက်တည်း ဆေးရုံသွားပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ တစ်ခြား


ကိုယ်ဝန်ဆောင် မိခင်လောင်း တွေကို လင်ယောက်ျားနဲ့အတူ ဆေးရုံလာတာကို
မြင်ရင် ကျွန်မရဲ့နှလုံးသားတွေ မွကြေသွားသလို ခံစားမိ တယ်။
လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။ ကျွန်မ

မလုပ်ရက်ဘူး… ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ကျွန်မမွေးကို မွေးမယ်။
မောင့်မေမေအတွက် အလျော်ပဲဖြစ်ဖြစ်ပေါ့။

တစ်ရက် ကျွန်မအလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့
မောင့်ကိုတွေ့လိုက်မိတယ်။ အခန်းတစ်ခုလုံး လည်း ဆေးလိပ်မီးခိုတွေနဲ့

မွမ်းကြပ်လို့….စားပွဲခုန်ပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။
အဲဒီစာရွက်ကို ကျွန်မ မကြည့်လဲ ဘာအတွက်ကြောင့် ဆိုတာကို ကျွန်မ
သိလိုက်ပါတယ်။

မောင်မရှိတဲ့ နှစ်လအတွင်း စိတ်၏ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။

“ခဏလေး…ကျွန်မလက်မှတ် ထိုးပေးမယ်” ဦးထုပ်ကိုချွတ်ရင်း
မောင့်ကိုကျွန်မကြည့်ပြီး ပြောလိုက်တယ်။ ကျွန်မလိုပဲ
မောင့်မျက်လုံးထဲမှာလည်း တွေဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။
အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့ ကျွန်မအားတင်းလိုက်တယ်။ အင်္ကျီကို

ချိတ်ပြီး မောင်ဖက်လှည့်လိုက်တော့ မောင်က ပြည့်ဖောင်းလာတဲ့
ကျွန်မရဲ့ဗိုက်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ် လက်မှတ်ထိုး လိုက်ပြီး မောင့်ဆီ
စာရွက်ကို တွန်းပို့လိုက်တယ်။

“လူဒီ….မင်း ကိုယ်ဝန်ရှိနေပြီ ?”
အမေသေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျွန်မကို
မောင်စကားပြောခြင်းပါ။ ကျွန်မမျက်လုံးကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။
ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့တယ်။

“ဟုတ်တယ်…ဒါပေမယ့် ကိစ္စမရှိဘူး….ရှင် သွားလို့ရပြီ”
မောင် ထွက်မသွားခဲ့ဘူး။ အမှောင်ထဲမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်
စိုက်ကြည့်လို့….မျက်ရည်တွေ မောင်ပါးပြင်ထက် စီးကျလို့ လာခဲ့တယ်။
အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ…ဝေးလွန်းလို့ ကျွန်မ

အပြေးလိုက်ခဲ့လဲ ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။

“မောင်မှားသွားတယ်”လို့ တောင်းပန်စကားက ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ
မောင်ဆီက ကျွန်မကြားခဲ ့ရတယ်။ အစတော့ ကျွန်မဟာ ခွင့်လွတ် နားလည်တတ်သူ
တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်ခဲ့ မိတာ…အခုတော့

မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အေးစက်မာကျောတဲ့
မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လို မေ့လို့ရနိုင်မလဲ….?

(၄)
ဒီအဖြစ်အပျက်မှာ ကျွန်မရဲ့သေးငယ်တဲ့ မတော်တဆ အပြုအမူတစ်ခုကို မောင်က
တမင်သက်သက် ကြီးထွား အောင် ပြုလုပ်ခဲ့တယ်။ အေးစက်တဲ့ ဒီအကြည့်တွေ

အရည်ပျော်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသား ကိုယ်စီမှာ
ဒဏ်ရာတွေက အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။ ဗိုက်ထဲက ကလေးကို စဉ်းစားမိတိုင်း
ရင်ကို နွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မအေးတိအေးစက်ပဲ ဆက်ဆံခဲ့တယ်။
မောင်ကျွေးတာတွေ မစားဘူး၊ မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လဲ

ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မလက်မှတ်
ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့ ချစ်ခြင်းဆိုတာ ကျွန်မဘဝမှာ
လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ မောင်ဝင်လာရင်
ကျွန်မဧည့်ခန်းဖက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့ခန်းမှာပဲ

အိပ်တော့တယ်။

ည…မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မကြားလိုက်မိတယ်။ ဒါဟာ
မောင့်အကျင့်ပေါ့။ အရင်က ကျွန်မစိတ်ကောက်ရင် မောင်က ဖျားချင်ဟန်ဆောင်ပြီး
ညည်းပြတတ်တယ်။ မောင်တကယ်ဖျားနေတယ် အထင်နဲ့ စိုးရိမ်တကြီး

ပျာရာခတ်နေတတ်တဲ့ ကျွန်မကို မောင်က ပွေ့ဖက်ရင်း တဟားဟား အော်ရီတတ်တယ်။
အဲဒီတုန်းက မောင့်ကိုစိုးရိမ်တာဟာ အချစ်စိတ်ကြောင့်ဆိုတာ
မောင်မေ့နေခဲ့ပြီလား…? အခုတော့…… ကျွန်မမှာ အဲဒီအချစ်တွေ
မရှိတော့ပါဘူး။

မောင့်ညည်းသံက ကျွန်မ မွေးဖွားရက်အထိ ရက်ရှည်ခဲ့တယ်။ ကလေးအသုံးအဆောင်
ပစ္စည်းတွေ မောင်နေ့တိုင်း ဝယ်ပြန်ခဲ့တယ်။ ကလေးစာအုပ်တွေ၊ စားစရာတွေ

တစ်ထုပ်ပြီး တစ်ထုပ် အိမ်ထဲမှာ တောင်ပုံရာ ပုံပါပဲ။ မမြင်ရသေးတဲ့
ရင်သွေးအတွက် အဲဒီလို ပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင်
မောင်ကိုင်လှုပ်ခဲ့တယ်။ ကျွန်မရဲ့စိတ်တွေ မာကျောသွားပြီ မောင်။ မောင်ကို
စကားလဲမပြော၊ ဂရုလဲ မစိုက်ခဲ့တဲ့အတွက် မောင်ဟာ သူ့အခန်းထဲမှာပဲ

ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တစ်ချောက်ချောက်ရိုက်နေခဲ့တယ်။
မောင်ဘာလုပ်နေမလဲ…? ကျွန်မ နည်းနည်းမှ စိတ်မဝင်စားခဲ့တော့ပါဘူး။

ဒီလိုနဲ့ လတွေကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့
ကျွန်မအော်လိုက်တဲ့ အသံကိုကြားတော့ မောင်ဟာ မြှားတစ်စီးရဲ့အလျှင်လိုပဲ

ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။ ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေ ခဲ့တယ်
ထင်တယ်။ ကျွန်မကို ထမ်းပိုးပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။
ကားတစ်စီးဌားပြီး တစ်လမ်းလုံး ကျွန်မရဲ့လက်ကို တင်းတင်းဆုပ်ကိုင်လို့
နှာဖူးပေါ်ကျလာတဲ့ ချွေးတွေကို မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံ ရောက်တော့

သားဖွားမီးယပ်ဆောင်ဖက် ကျွန်မကို ထမ်းပိုးပြီး မောင်အပြေးသွားနေခဲ့တယ်။
မောင်ရဲ့ပိန်လှီတဲ့ နောက်ကျောကိုမှီရင်း ကျွန်မခေါင်းထဲ
အတွေးတစ်ချို့ဝင်လာခဲ့တယ်။ မောင့်လောက် ကျွန်မအပေါ် ဘယ်သူက
ချစ်နိုင်ဦးမလဲ…. ? မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ ကျွန်မကို

တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကို အောင့်အီးပြီး မောင့်ကို
ကျွန်မ ပြုံးပြလိုက်မိတယ်။

ကျွန်မနဲ့သားလေးကို ကြည့်ပြီး မောင်မှာ ကြည်နူးမဆုံး
တပြုံးပြုံးဖြစ်နေတော့တယ်။ မောင့်လက်ကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။

ကျွန်မကို မောင်တစ်ချက်ပြုံးပြပြီး ရုတ်တစ်ရက် မောင်ပျော့ချွေပြီး
လဲကျသွားတယ်။ မောင်…………နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေကို
ပြန်ဖွင့်မလာသေးဘူး။ မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့
ကျွန်မ တစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျ ဆရာဝန်က

မောင်ရဲ့အသဲ ကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊
မောင်အခုထိ တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှု တစ်ရပ်ဖြစ်ကြောင်း
ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ၅လကတည်းက မောင်မှာ အသဲကင်ဆာရှိကြောင်း
သိခဲ့ရတယ်တဲ့…. အားလုံးကို ပြင်ဆင်ထားတော့လို့ ဆရာဝန်က ကျွန်မကို

နှစ်သိမ့်ခဲ့တယ်။

နပ်စ်တားတာကို ကျွန်မဂရုမစိုက်တော့ဘူး။ ဆေးရုံကဆင်းပြီး အိမ်ကို
ကျွန်မပြန်ခဲ့တယ်။ မောင့်အခန်းထဲဝင်ပြီး ကွန်ပျူတာကို
ကျွန်မဖွင့်လိုက်တယ်။ မောင့်ရောဂါကို စသိတာ လွန်ခဲ့တဲ့ ၅လကတဲ့..
မောင်ညည်းသံတွေက တကယ်ပေါ့။ ကွန်ပျူတာထဲမှာ သားအတွက် မောင်ရေးထားခဲ့တဲ့

စာတွေ…..
သား…သားကြောင့် ဖေဖေအခုချိန်ထိ တောင့်ခံခဲ့တယ်။ သားမျက်နှာကို
မြင်ပြီးမှ ဖေဖေလဲကျသွားပါစေ ဖေဖေကျေနပ်တယ်။ သားဘဝမှာ ပျော်ရွှင်တာတွေ၊
စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာ ဖေဖေသိတယ်။ သားရဲ့ကြီးပြင်းလာမယ့်
လမ်းတစ်လျောက်မှာ ဖေဖေသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ

ကောင်းလိမ့်မလဲ.. ဖေဖေမှာ ဒီလိုအခွင့်အရေးတွေ မရှိတော့ဘူး သားရယ်။
သားဘဝမှာ ကြုံတွေ့တတ်ရမယ့် မေးခွန်းတွေအတွက် ဖေဖေစာတွေရေးခဲ့တယ်။
ဖေဖေအကြံပြုချက်ကို သားမှီငြမ်းနိုင်ပါစေ။ ဖေဖေရဲ့ ဒီစာတွေနဲ့
သားကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ အဖော်လုပ်နိုင် လိမ့်မယ်လို့

ဖေဖေယုံကြည်တယ်။ ဖေဖေ အရမ်းပျော်တယ်သား။ သားမေမေ့ကိုလည်း သိပ်ချစ်တယ်။
သူအရမ်းပင်ပန်းနေပြီ။ သူဟာ သားကိုသိပ်ချစ်တဲ့ မိခင်တစ်ယောက်၊
ဖေဖေသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ပေါ့ကွယ်။

သားမူကြိုကျောင်း တက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ နောက် ချစ်သူရည်းစား

ထားတဲ့အထိ သားအတွက် မမြင်ရသေးတဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံး
မောင် ရေးထားခဲ့တယ်။

ကျွန်မအတွက် စာမှာတော့…
လူဒီ…ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီကို
လက်ထပ်ခဲ့ခြင်းပါပဲ။ လူဒီကို ဒဏ်ရာတွေ ရစေခဲ့တဲ့ မောင့်ကို

ခွင့်လွတ်ပေးပါ။ ရောဂါကို ကွယ်ဝှက်ထားခဲ့တဲ့ အတွက်လည်း ခွင့်လွတ်ပေးပါ။
သားလေးမမွေးခင် လူဒီကို စိတ်မထိခိုက် စေချင်လို့ပါ။ ဒီစာကို ဖတ်ရင်း
မျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို ခွင့်လွတ်ပြီပေါ့နော်… မောင့်ကို
ချစ်နေသေးတဲ့အတွက် ကျေးဇူးပါ လူဒီ…. ဒီလက်ဆောင်တွေက မောင်ကိုယ်တိုင်

သားလေးကို မပေးနိုင်တော့ပါဘူး။ လူဒီကပဲ နှစ်တိုင်း မောင့်ကိုယ်စား သားကို
ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ်ရက်လတွေကို ရေးဖို့
မမေ့ပါနဲ့…လူဒီ။

မောင်က မေ့မျော့နေဆဲပါ။ သားကို ကျွန်မပွေ့ပြီး မောင့်ရင်ခွင်ထဲ

ထည့်ပေးလိုက်တယ်။ ” မောင်… မျက်လုံး လေးဖွင့်ပြီး တစ်ချက်လောက်
ပြုံးလိုက်ပါလား မောင်… မောင်ရင်ငွေ့ကို သားတစ်သက်
မှတ်မိသွားစေချင်လို့ပါ” ကျွန်မအသံကြောင့်ထင်တယ် မျက်လုံးကို မောင်အားယူ
ဖွင့်လိုက်တယ်… ယဲ့ယဲ့လေး ပြုံးလို့ သားကမောင့် ရင်ခွင်မှာ လက်ကလေးကို

ဟိုရမ်းဒီရမ်းနဲ့… ကျွန်မ ကင်မရာ ရှပ်တာကို အမြန်ဆုံး နှိပ်ချလိုက်တယ်။
မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။

ပြီးပါပြီ

*ပြောစရာရှိတဲ့ စကားကို ရင်ထဲ အကြာကြီး မထည့်ထားမိဖို့၊ ကိုယ်ချစ်တဲ့သူကို

အကြာကြီး စိတ်ကောက်မိရင် သေးငယ်တဲ့ ပြဿနာဟာ ပိုကြီးလာ တတ်တဲ့အကြောင်း၊
ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ယူကြုံးမရနိုင်တဲ့ အထင်လွဲ မူတွေ ဖြစ်လာတတ်တဲ့
အကြောင်း ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။ မနက်ဖြန်
ဘာဖြစ်လာနိုင်မလဲ….? ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ အစားထိုး

အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို အကြာကြီး
စိတ်မကောက်ကြပါနဲ့လို့……