အကြောင်းမလှခြင်း ဖြစ်ရပ်မှန် (၁)
အခုလို အကြောင်းအရာတွေကို မရေးချင်ပါဘူး … ဒါပေမယ့် အခြေအနေအရ ကိုယ်သိတာလေးကို ပြောပြရင်း သင်ခန်းစာယူနိုင်ရန် အတွက်ပါ …
ကျွန်မတို့အိမ်နဲ့ မလှမ်းမကမ်းမှာ အစိုးရဝန်ထမ်းတွေနေတဲ့ ရပ်ကွက်တစ်ခုရှိပါတယ်။ အဲဒီက မိသားစုတစ်စုအကြောင်းပါ။ အဖေက ဝန်ထမ်း အမေက အလုပ်မရှိ သမီး (၂) ယောက်ရှိပါတယ်။ ကုရင်လူမျိုးနဲနဲစပ်ပါတယ်။ အသားအရည်လှပပြီး အရပ်တော်တော်ရှည်တယ်။ ခန္ဓာကိုယ်ကလဲ ရှယ်ပဲ။ အဲဒါနဲ့ မြို့နယ်က ကျင်းပတဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်တာ ဆုရတယ်။ အဲဒီအချိန်တုန်းက ကောင်မလေးက (၉) တန်း (၁၀) တန်း အရွယ်လောက်ပဲရှိသေးတယ်။
သူ့ကို နဲနဲလူသိများသွားပြီး ရန်ကုန်တိုင်း လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ပေးမယ် ဘာညာနဲ့ အဲဒီလိုင်းထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာမှတော့ ဖြစ်လာတာ မတွေ့ရဘူး။ ဆယ်တန်းလဲ မအောင်တော့ဘူး။ လူကောင်ထွားပေမယ့် စိတ်တွေက ကလေးစိတ်လိုပဲ ခပ်ပေါပေါနဲ့ ခပ်ပေါ့ပေါ့နေတဲ့ စတိုင်မျိုးနဲ့ … မကြာပါဘူး ရည်းစားရပါတော့တယ် … ရည်စားနဲ့တွဲပြီး သိပ်မကြာခင် ကွဲပြီး နောက်ထပ် ရည်းစားထပ်ပြောင်းနဲ့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာကို သတိထားမိတယ်။
နောက်တော့ သူ့အဖေ ပင်စင်ယူတော့ သူတို့မိသားစု မြို့ပြင်ရပ်ကွက်ထဲက ချောင်ကျကျနေရာတစ်ခုကို ပြောင်းသွားကြတယ်။ ခဏလောက်တော့ မျက်ခြေပြတ်သွားတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က အဲဒီရပ်ကွက်ဘက်ကိုရောက်ရင်းနဲ့ သူတို့အကြောင်းကို ကြားခဲ့ရတယ်။ ညီအစ်မ ၂ ယောက်စလုံး ကြေးစားဖြစ်နေကြပြီ။ ရည်းစားတွေရဲ့ ကောင်းမှုပေါ့ … သူတို့ကို ခန္ဓာကိုယ်အသုံးချချင်လို့သာ ရည်းစားထားပြီး တကယ်ယူဖို့ ဘယ်သူကမှ စိတ်မကူးခဲ့ကြဘူး .. နောက်ဆုံးရည်းစားတစ်ယောက်က အဲဒီလိုင်းထဲကို သွင်းပေးလိုက်တာပဲ …
မိဘကလဲ ဘာမှ စီးပွားရေးမလုပ်တတ် .. သူတို့ကလဲ ဘာအရည်အချင်းမှမရှိဘူးဆိုတော့ အလွယ်လုပ်ရင်းကနေ အဲဒီဘဝကိုရောက်သွားပါတယ် .. သူတို့ရုပ်ရည်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အလုပ်ဖြစ်ပါတယ် …
လွန်ခဲ့တဲ့ ၂ နှစ်ကတော့ သူ့အမေက ကျွန်မအမေကိုရင်ဖွင့်တယ် … သူတို့ သမီးတွေကို တစ်ယောက်ယောက်က အတည်ယူမယ်ဆိုရင် ပေးစားချင်ပါတယ်တဲ့ … နံပါတ် ဘယ်လောက်ပဲဖြစ်ဖြစ် အတည်ယူရင်တော်ပါပြီတဲ့ …
ယနေ့အထိတော့ အိမ်ထောင်ကျသွားပြီလို့ သတင်းမကြားရပဲ ဈေးကျသွားပြီဟုသာ ကြားသိရပါသည် …
အခုဆိုရင် အသက် (၃၀)လောက်တောင် ရှိပြီထင်ပါတယ်။ သူတို့တွေကို ကလေးဘဝကထဲက သိနေလို့ စိတ်မကောင်းဖြစ်မိပါတယ် …
7 comments
blackandwhiteneo
December 1, 2010 at 10:54 am
မိုက်ရိုင်းလိုက်တာ
kopauk mandalay
December 1, 2010 at 11:20 am
ဒီလို အဖြစ်အပျက်မျုးိလေးတွေကို ကြားရရင် အင်မတန်ဝမ်းနည်းပါတယ်။
ဒါမျုးိဖြစ်ပြီဆိုရင် တော်တော်များများက ခေတ်စံနစ်ကိုလက်ညိုးထိုးတာများပါတယ်။
ခေတ်ဆိုမှတော့ ဒီခေတ်ထဲမှာနေထိုင်သူတွေမှာလည်း တာဝန်မကင်းပါဘူး။
ချမ်းသာတယ်ဆိုတဲ့ နိုင်ငံများမှာလည်း အတန်းထဲရောက်သွားတဲ့ မိန်းမသားများကတော့ ရှိနေတာပါဘဲ။
ကျနော့်အမြင်ပြောရရင်တော့ ဖြစ်နိုင်တာလေးပေါ့လေ။
အရွယ်ရောက်လာတဲ့ သားသမီး ညီအကိုမောင်နှမ တူ တူမလေးများကို ကိုယ့်ရဲ့ဘဝအခြေအနေကို နားလည်အောင် ရယ်၊
ကိုယ့်ဘဝမြင့်တက်ဘို့ အတွက် ကို လှေခါးထစ်တက်သလို မှန်ကန်သောနည်းလမ်းနဲ့ အပေါ်ရောက်အောင် တက်ဘို့ဆိုတာတွေကို မကြာခဏနားဝင်အောင်ပြောပေးဘို့ အသိဉာဏ်မြင့်မားလာအောင်လုပ်ပေးဘို့လိုပါတယ်။
ဆွေမျုးိတော်မှရယ် မဟုတ်ဘူး ကိုယ့်နံဘေးနားမှာ ရှိတဲ့လူငယ်တွေကို လည်းပြောပြပေးသင့်ပါတယ်။
နားထောင်မှာ မဟုတ်ဘူးလို့တော့ မပြောလိုက်ပါနဲ့။
ဒါလိုဆုံးမစကားတွေ လူ့ဘဝနေနည်းတွေကို နားထောင်ချင်ရှာတဲ့ လူငယ်လေးတွေအများကြီးရှိပါတယ်။
တစ်ယောက်ကောင်းသွားတော့ လဲ တစ်ယောက်အတွက် အဘိုးတန်တယ်လို့ ထင်ပါသဗျာ။
intro
December 1, 2010 at 12:18 pm
အဓိကကတော့ ရည်မှန်းချက်၊ ဖြစ်ချင်စိတ် ကြီးကြီးမားမား မရှိလို့ ဒီလို ဖြစ်ရတာပါဗျာ… ရည်မှန်းချက်တစ်ခုထားပြီး ရည်မှန်းချက်ဖြစ်မြောက်အောင် ကြိုးစားချင်စိတ်လေး၊ မိမိကိုယ်မိမိ တန်ဖိုးထားတဲ့စိတ်လေး ရှိရင် ဒီလို မဖြစ်နိုင်ပါဘူး… ဘယ်သူမပြုမိမိမှုပါပဲ… မိမိခံယူချက်နဲ့ ကြိုးစားရုန်းကန်ချင်စိတ်လေးကို အရင်းတည်ပြီး ဆင်ခြင်တုံတရားလေး ပေါင်းစပ်လိုက်ရင် တစ်နေ့တော့ အမြင့်ရောက်မှာပါဗျာ..
weiwei
December 1, 2010 at 12:29 pm
intro ရေးလိုက်သလိုမျိုး ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဒီအကြောင်းအရာကို ချပြလိုက်တာပါ … အခုနောက်ပိုင်း အဲဒီလို အဖြစ်အပျက်တွေ တော်တော်များများတွေ့နေရလို့ …
tunaung
December 1, 2010 at 2:05 pm
ဘာကြောင့်ဒီလိုဖြစ်ကုန်ရတာလဲဗျာ..စိတ်မကောင်းလိုက်တာ
etone
December 2, 2010 at 3:53 am
အတိတ်ဘဝက ဘာတွေများလုပ်ခဲ့လို့ အခုလိုအကျိုးပေးရလည်းမသိတော့ဘူး ။
လမ်းမှားရောက်သွားတဲ့ အဓိက တရားခံကတော့ ကိုယ်ကိုယ်တိုင်ပါပဲ ။ ရည်းစားတွေတွဲရင်းတွဲရင်းနဲ့ အတွေးခေါ်တဖြည်းဖြည်းနှိမ့်ကျလာတာမျိုးပါ ။ ကိုယ့်စိတ်ကို နားမလည်လို့လည်း လမ်းလွဲသွားတာပါ …။ ကိုယ်ကိုယ်တိုင်က စိတ်မဝင်စားတဲ့အလုပ်ဆိုရင် ဘယ်သူပဲ တိုက်တွန်းတိုက်တွန်းပါ ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး ။ မဖြစ်မနေခန္ဓာကိုယ်ရင်းပြီး စားရတယ်ဆိုလည်း အတိုင်းတာတစ်ခုထိပဲအလုပ်လုပ်ပါ အရင်းနီးရရင် လုပ်ငန်းပြောင်းသင့်တယ်လို့ထင်ပါတယ် ။ ဒါမှ ကျန်ရှိနေသေးတဲ့ဘဝကို လိပ်ပြာသန့်သန့်နဲ့ သူများနည်းတူနေနိုင်မှာပါ ။
နီလေး
December 2, 2010 at 4:36 am
အင်မတန်မှကို စိတ်မကောင်းဖြစ်မိတယ် intro ပြောတာကိုလက်ခံပါတယ်