ဘဝ အမောတွေ နဲ့ ရုန်းကန်ရလေခြင်း

ဆူးDecember 3, 20101min2297

အသက်အားဖြင့် ၂၁နှစ် အရွယ်ကလေးမလေးပါ။ နာမည်ကတော့ အေးအေး သူနေတဲ့ ဇာတိက မကွေးတိုင်းဒေသကြီးထဲက ရွာလေး တရွာမှာနေတာပါ။ ရွာသွားတဲ့ လမ်းက ကားလမ်းမပေါက်ဘူး စက်ဘီး ဆိုင်ကယ်နဲ့ သွားရပါတယ်။ သူမ ငယ်စဉ် အခု ၂နှစ်ခွဲလောက်မှာ သူ့ဖခင် သေသွားပါတယ်။ သူများ အသတ်ခံရတာပါ။ ရွာက လယ်ယာ စိုက်ပျိုးဖို့.. ဆည်ရေကို အားကိုးရတယ်။ ဆည်ရေ မြောင်းထဲ သွယ်တာ သူသူ ငါငါ လုရင်းနဲ့ ထိုးကြိတ်ရင်း နီးစပ်ရာ ဓါးနဲ့ အခုတ်ခံရလို့.. သေသွားခဲ့တာပါ။ သူ့ မှာ မောင်နှမ ၈ယောက် ရှိတယ် သူ့အောက်မှာ အငယ် နှစ်ယောက် ရှိတယ် အငယ်ဆုံး ကလေးက ဗိုက်ထဲမှာ ရှိတဲ့ အချိန် သူတို့ အဖေ ဆုံးသွားတာပါ။ အထက်မှာ ၅ယောက် အကို ၄ယောက် အမ ၁ယောက် ရှိတယ်။ ကလေး ငယ်ငယ်လေးတွေနဲ့ ဆုံးပါးသွားတဲ့ တော့ မိခင်ခမျှာ အသက်က ငယ်သေး စာရေး စာဖတ် မတတ်ဘူး။ စာမတတ်လည်း သားသမိး ၈ယောက်အတွက် ခက်ခဲ ကြမ်းတမ်းပေမဲ့ ရုန်းကန်ရင်း ဘဝကို ဖြတ်ကျော်တယ်။ အတန်းပညာရေးက အကြီးတွေ ကျောင်းတတ်ရင်း ဆိုပေမဲ့ စရိတ်မတတ်နိုင်တော့ ၄တန်း ၅တန်းနဲ့ ကျောင်းထွက် ခဲ့ရတဲ့ လူက ထွက်ရတယ်။ ၁ဝတန်း အထိ နေတဲ့ လူက ကိုယ့်ဒူးကိုယ်ချွှန်ပြီး ၁ဝတန်း အထိနေခဲ့ပါတယ်။ ရွာမှာ လယ်စိုက်တဲ့ အလုပ် ဝင်လုပ်ရင်း ကြီးပျင်းကြတယ်။ ကလေးများ မိခင်ကတော့ ရွာမှာ အလကားရတဲ့ မန်ကျည်းပင်က အရွက် တက်ခူးလိုက် လှည့်ရောင်းလိုက်.. မရှိတော့ အကြွေးယူ အတိုးနဲ့ သုံး.. အတိုး ဆိုတာ မတွက်တတ်ဘူး။ ဒီလိုနဲ့ ရှာလိုက် အတိုးပေးလိုက် အကြွေးက နဲနဲ အတိုးက များများ.. ပေးရင်းနဲ့ လည်ပတ်နေရင်း အကို ၄ယောက်က အလုပ်လုပ်ရင်း မိခင်ကို ထောက်ပံ့ကြပါတယ်။ သားသမိးတွေ ကြီးလာတော့ အသိတရား ပိုရှိလာတော့ သူတို့ ရှာပေးတဲ့ ပိုက်ဆံနဲ့ သူ့အမေကို ပေးရင် လောက်ငှရုံမကဘဲ ပိုတောင် နေမယ် ဆိုတာ သတိထားမိပေမဲ့ အကြွေးသံသရာ မထွက်နိုင်ခဲ့ဘူး။ အကို ၄ယောက်မှာ အကြီးဆုံး အကိုကြီးက အလူမီနီယံ ဆိုင်လုပ်သား လုပ်နေပါတယ်။ ဒုတိယ အကိုကတော့ ငံပြာရည် စက်ရုံ လုပ်သား လုပ်နေတယ်။ တတိယ အကိုကတော့ နေပြည်တော်ဘက်မှာ အလူမီနီယံ လုပ်သား လုပ်နေတာပါ။ အမကတော့ အထည်ချုပ် စက်ရုံမှာ လုပ်နေကြပါတယ်။ အေးအေး ဘဝ အကြောင်း ကြားမိတာကတော့ သူ့ ရတန်း အရွယ်လောက်ကတည်းက သူများယာခင်းထဲမှာ ငရုတ်သီးဆွတ် ပဲကောက် နှမ်းကောက် အလုပ်တွေနဲ့ လုပ်ရင်း ကျောင်းစရိတ်ရှာတဲ့ အကြောင်း ပြောပြပါတယ်။ ၁ဝတန်း ရောက်တော့ ရွာက ဖြစ်သလို ကျူရှင်တွေ တက်ပြီး ဆရာမ အိမ်မှာ အိပ်စားပြီး စာကို မနား မနေ ဖတ်ပြီး ၁ဝတန်း အောင်ခဲ့ပါတယ်။ ၁ဝတန်း ကျောင်းသား ဘဝ ကုန်ကျ စရိတ်ကို ရပ်ဝေးမှာ အလုပ် လုပ်နေတဲ့ အကိုတွေက ထောက်ပံ့ကြပါတယ်။ ၁ဝတန်း ကျူရှင် ဆရာမ အိမ်မှာ စားပြီး စာဖတ်ဖို့ အတွက် ဆန် တအိတ် အကြွေးယူလိုက်တာ ကျောင်းပြီးတော့ အတိုးနဲ့ ပြန်တွက်လိုက်တော့ ဆန် ၁ဝအိတ်စာ ဖြစ်နေတယ်။ ၁ဝတန်း ကို ရင်တမမ နဲ့ ဖြေပြီး အောင်ပါစေ ဆုတောင်း နေခဲ့ရတယ်။ စာမေးပွဲ ဖြေပြီးတာနဲ့.. အလုပ်တန်းဝင်ရတော့ တာပါဘဲ။ အလုပ်ကတော့ ရွာကနေ လယ်ထဲကို ဆင်းပြိး ကောက်လှိုင်းထုတ်တွေ ရွက်ရတယ်။ တနေ့ လုပ်အားခ ၆၀ဝ ရတယ်။ ကောက်လှိုင်းထုတ်တွေ ရွက်ခါစမှာ မနိုင်လွန်းလို့ ဒူးတွေ တုန်နေတဲ့ အကြောင်း နောက်တနေ့ အပြင်းဖျားတော့တာဘဲ။ မနက် တပိုင်း အလုပ်လုပ်တာ ၆၀ဝ ရပြီး အပြန် အိမ်မှာ အကျီ လက်ချုပ်လိုက်တယ်။ အကျီတထည် ၂ဝ ရတယ်။ တနေ့ကို ၅ထည် ၆ထည် လုပ်နိုင်တယ်။ ရွာမှာ ပဲတွေ စိုက်တော့ ပဲပေါ်ချိန်ဆို ပဲ တွေ ရွာက လူတွေ စုထားကြပါတယ်။ စပါးမထွက်တဲ့ အချိန်ဆို ရွာက လူတွေ စုထားတဲ့ ကျည်ထဲက ပဲတွေ ပြုတ်ပြီး ထမင်း အလွတ်စားကြတယ်။ ဟင်းအနေနဲ့တော့ ရွာလည်ပြီး ကန်စွန်းခူး မန်ကျည်းရွက်ခူး အလကားရတဲ့ အရွက်တွေ ချက်ပြုတ်စားသောက်ကြတယ်။ ဒီလိုနဲ့ နေလာကြတာ.. ဘဝ ကို အရှုံးမပေးခဲ့ဘူး။ ၁ဝတန်း အောင်ပြီးတော့ ရန်ကုန် ရောက်နေတဲ့ အကိုက စတိုးဆိုင် တခုမှာ အရောင်းစာရေး လုပ်ဖို့ အလုပ်ရှာပေးပြီး ခေါ်လိုက်တယ်။ ယောင်လည်လည်နဲ့ ရန်ကုန် ရောက်လာခဲ့တယ်။ စတိုးဆိုင်က ညနေဆို အရက်သမားတွေ အရက်လာလာဝယ်ကြတဲ့ ဆိုင်ဖြစ်နေတယ်။ တနေကုန် စတိုးဆိုင် လူမစည်ပေမဲ့ ညနေစောင်း အရက်လာဝယ်တာနဲ့ ဆိုင်က တော်တော် စည်သလို ၁ဝနာရီလောက်မှ ပိတ်ပါတယ်။ ဆိုင်ရှင်ကလည်း ဝန်ထမ်းခေါ်ရင် တောသူတွေ ရှာတယ် ၃လ စာချုပ်ချုပ်တယ် တလ ၂သောင်းခွဲ ပေးတယ်။ ၃လ ပြည့်ရင် အားလုံးထွက်ကြတာဘဲ မလည်မဝယ် တောသူတွေ အော်ဟစ်ရင်း ည ၁ဝနာရိ ဆိုင်ပိတ်တာနဲ့ အားလုံး အပေါ်တက် တံခါးသော့ခတ်ပြီး ပြန်သွားတယ်။ တနေကုန် ဆိုင်မှာ ပင်ပန်းယုံတင် မကဘူး အနိးအနား ဘယ်မှ မပေးမသွားဘူး။ စိတ်ထဲ အဆင်မပြေတာနဲ့ လစေ့တော့ ကိုယ့်ရွာ ကိုယ်ပြန်ပြီး လယ်ထဲ ဆင်းပြီး ကောက်စိုက်တယ်။ ဈေးသွားပြီး မုန့်ကလေးတွေ ဝယ် အထုတ်ကလေးတွေ ထုတ်ပြီး ကလေးတွေ ကျောင်းရှေ့မှာ သွားရောင်းတယ်။ လယ်ထဲ ဆင်းရင် ၆၀ဝ ရပေမဲ့ မပင်မပန်း ကျောင်းရှေ့ ဈေးရောင်းတာ ၅၀ဝ ကျန်လည်း မဆိုးဘူး။ လုပ်နေရင်းနဲ့.. ရွာမှာ လူငယ်သဘာဝ ချစ်ကြိုက် လို့ ချစ်ခွင့်ပန်တဲ့ ကောင်ကလေး တယောက် ရှိလာတယ်။ ကောင်လေး တယောက် အတင်း ပိုးနေတယ် သတင်းကြားတော့ ဦးလေးတယောက်က ဒေါပွပြီး ဓါးတပြပြ လုပ်နေတော့ ရှက်တာနဲ့.. ဒီကောင်လေးနဲ့ လည်း မပတ်သတ်ချင်ဘူး ဦးလေး ကြိမ်းမောင်းနေတာ ငယ်ငယ်က အဖေ ဆုံးသွားတာ ဒီလိုဘဲ ဆိုတော့.. ကြောက်မိတယ်။ ဒါနဲ့ ရန်ကုန် ခေါက် ပြန်လာပြီး အလုပ်ပြန်ရှာကြပြန်တယ်။ ၁ဝတန်း အောင်ပြီးသား ဆိုတော့ ဆိုင်ကြီး တဆိုင်မှာ အလုပ်ပြန်ဝင်လုပ်နေတယ်။ စစ လုပ်ချင်းကတော့ သူ လစာ ၄သောင်းရပါတယ်။ ၃လ လောက် နေတော့ လစာ တိုးရင်းနဲ့.. ၂နှစ် နီးပါး လုပ်ပြီးတဲ့ အခါမှာတော့ သူလစာ ၆သောင်း နဲ့ အပိုကြေး ဘာညာနဲ့ သူရှာနိုင်တာ ရသောင်းလောက် ဖြစ်နေပါပြီ။ ၄သောင်းလောက် လစာ ရတဲ့ အချိန်မှာ သူနေထိုင်စားသောက် ပုံစံ ကြည့်လိုက်ရင် တော်တော် အံဩစရာကောင်းတယ်။ မြေပဲ ၅ဝ ဖိုးနဲ့ ထမင်း နှစ်နှပ် စားတယ်။ အိမ်လခ ၁သောင်း ရွာကို ပြန်ပို့တာ ၁သောင်း အသုံးစရိတ် ၁သောင်းနဲ့ လောက်အောင် သုံးနေပါသတဲ့.. အခု လက်ရှိ ၆သောင်း လောက်ဆို တော့ သူ့ အမေ အကြွေးတွေ ကြေရောနေပါပြီ။ မိဘကို သိတတ်တဲ့ သားသမီးလို့ ပြောရမလားဘဲ။ ၁ဝတန်း တက်တုန်းက အကြွေးတွေ တင်သွားတာ ပိုဆိုးသွားလို့.. သူ့ မှာ တာဝန်ရှိတယ်လို့ ယူဆ ပြီး အကြွေး ကြေအောင် ဘဝကို ရုန်းကန်ပြီး ကြိုးစားနေပါတယ်။ အခုတော့လည်း လှလှပပနဲ့ အရောင်းဝန်ထမ်းဘဝ ကနေပြီး စာရင်းဇယားတွေက အစ လုပ်နိုင်အောင် ကြိုးစားသင်နေပါတယ်။ ရိုးသားကြိုးစားပြီး အလုပ်မှာလည်း သူများ လေးစားလောက်အောင် နေရာတခု ရနေပြီလို့ ပြောရမယ်။ သူပြောကြားချက်အရကတော့ သူဘဝမှာ ရုန်းကန်ရတာနဲ့ ချစ်သူ ရီးစား မစဉ်းစား အားလို့ အိမ်က အမေ အကြွေးနဲ့ မောင် အငယ် ၂ယောက် ကျောင်းစရိတ် ကာမိရင်တော်ပါပြီဆိုပြီး သူလည်း သူ့ဘဝကို သူကျေနပ် ရောင့်ရဲ နေသလို ဆင်းရဲ ခြင်းဆိုတာကို ရိုးသား ကြိုးစားမှုနဲ့ အနိုင်ယူ တိုက်နေတဲ့ အမျိုးသမီး ငယ်တယောက် အကြောင်း တစေ့ တဆောင်း ရေးပေးလိုက်ပါတယ်။

7 comments

  • weiwei

    December 3, 2010 at 5:03 pm

    အတုယူစရာကောင်းတဲ့ ကောင်းမလေးတစ်ယောက်ပါ … လေးစားပါတယ် …

  • True Faith

    December 4, 2010 at 7:47 am

    ဘဝကို အရှုံးမပေးဘဲ ကြိုးစားတဲ့အတွက် အေးအေးကို ချီးကျူးပါတယ်။ တဖက်က ကြည့်ရင်တော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အင်မတန် လိုအပ်နေပါပြီ။

    ရွံမုန်းစရာတခုကတော့ ငွေတိုးချေးစားသူတွေပါ။ ပြည်တွင်းထဲမှာနေတုန်းက ပတ်ဝန်းကျင်မှာ ငွေချေးနေတာ ၁၀ဝ ကို ၃ဝ တိုး ၂ဝ တိုး ယူနေကြတယ်။ ချေးသူက ဘယ်လောက်ဒုက္ခရောက်ရောက် သူတို့ အတိုးအရင်း မဆုံးဖို့ပဲ တွက်ပြီး တောင်းတတ်ကြပါတယ်။ တချို့ဆို ဘာအလုပ်မှ မလုပ်ဘဲ ငွေတိုးချေးတဲ့ အလုပ်တခုနဲ့ ထိုင်စားနိုင်ကြတယ်။

  • manawphyulay

    December 4, 2010 at 12:49 pm

    လူတိုင်းမှာ ဘဝဆိုတာ ရှိသလို ရုန်းကန်နေရတဲ့ အနေအထားတွေကတော့ ဝန်းကျင်မတူလို့ ပုံစံမတူပေမယ့် မနော ဘဝလည်း ရုန်းကန်နေလျက်ပါပဲ……………

  • ဆူး

    December 4, 2010 at 1:45 pm

    ကောင်းကောင်းမွန်မွန်နဲ့ ဘဝကို ရုန်းကန်နေတဲ့ အမျိုးကောင်း သမီးတွေကို မေ့နေကြမှာ စိုးလို့.. ဒီလိုတွေလည်း ရှိပါတယ် ဆိုတာ သိစေချင်လို့ ရေးပေးတာပါ။

  • winkyawaung

    December 4, 2010 at 10:29 pm

    ငွေတိုးချေးစားနေကြတာကတော့ အာဏာပိုင် လူကြီးကတော်တွေက ထိပ်ဆုံးကပါ။ အင်း ဘဝကို ငွေတိုးပေး၍ လုပ်စားနေရသူတွေက အများကြီးပါ..။ ဘဝအတွက် မောစရာလေးပါ..။

  • ဆူး

    December 5, 2010 at 2:23 pm

    ငွေတိုးချေးတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး နားမလည် ပါးမလည် ခံစားနေကြရတဲ့ လူတွေ အများကြီး ရှိပါတယ်။ ဒီလို ဒုက္ခတွေ ခံစားနေကြရတာ အသိနဲ့ ပညာနည်းနေလို့ ဖြစ်လိမ့်မယ် လို့ မြင်တယ်။ ပညာတတ်တွေ များလာရင်တော့ ဒီလို ဒုက္ခတွေက နည်းသွားလေမလား တွေးမိတယ်။

  • Angelic Pricess

    December 6, 2010 at 2:34 am

    လူတစ်ယောက်မှာ အရေးကြီးဆုံးက စိတ်ဓာတ်ပါဘဲ။
    စိတ်ဓာတ်ခိုင်မာနေမယ် ဆိုရင် ဘယ်အခက်အခဲမဆို ကျော်ဖြတ်နိုင်ပါတယ်။
    ဒါမဲ့ စိတ်ဓာတ်သာ တစ်ချက်ယိမ်းယိုင်သွားမယ်ဆိုရင် တစ်ဘဝစာလုံး ပျက်စီးနိုင်ပါတယ်။
    ကောင်းကောင်းမွန်မွန်နဲ့ ဘဝကို ရုန်းကန်နေတဲ့ အမျိုးကောင်း သမီးတွေရှိတာကိုလည်း မမေ့ပါဘူး။
    လောကမှာ အကောင်းအဆိုးကတော့ အမြဲဒွန်တွဲနေတာပါဘဲ။
    အကောင်းကြီးဘဲ မရှိသလို အဆိုးကြီးဘဲလည်းမရှိပါဘူး။

Leave a Reply