လင်္ကာဝီကျွန်း (၃)
ပင်လယ်ထဲ ဟိုကျွန်း ဒီကျွန်း ဟိုနေရာ ဒီနေရာလည်ပတ်ပြီး
တည်းခိုမဲ့ဟိုတယ်ကို သွားကြတယ်။
အစောက ပြောခဲ့တဲ့ ဒကာလေး မောင်ဇေယျာကျော်ဝင်း ကားနဲ့ပဲ။
လှေဆိပ်နဲ့ ဟိုတယ် ကားအချိန်တော်တော်ကြာ မောင်းရတော့
ကားသမားလေးနဲ့ စကားပြောဖြစ်တယ်။
စကားပြောရင်း သူ့အကြောင်းတွေ သိခဲ့ရတယ်။
သူရောက်တာ (၃) နှစ်ရှိပြီဖြစ်ကြောင်း၊
စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်နေကြောင်း၊
မလေးရှားအမျိုးသမီးနဲ့ အိမ်ထောင်ကျနေကြောင်းစသည်။
ဒီနိုင်ငံမှာ အခြေခံဥပဒေက
မလေးရှားလူမျိုးကို ဘယ်လူမျိုးက အိမ်ထောင်ပြု ပြု၊
အထီးကပဲ ဖြစ်ဖြစ်၊ အမကပဲဖြစ်ဖြစ် မလေးလူမျိုးကို အိမ်ထောင်ပြုမယ်ဆိုရင်
မွတ်စလင်ဘာသာကို ပြောင်းရပါတယ်။
ရှင်းအောင်ပြောရရင်
ဗုဒ္ဓဘာသာ ယောက်ကျားက မလေးရှားအမျိုးသမီးကို ယူလဲ မွတ်စလင်ဘာသာပြောင်း၊
ဗုဒ္ဓဘာသာအမျိုးသမီးက မလေးရှား အမျိုးသားကို ယူလဲ မွတ်စလင်ဘာသာပြောင်း။
ဒါ အခြေခံဥပဒေ။ ချိုးဖောက်လို့မရဘူး။
မွတ်စလင်ဘာသာကို ပြောင်းရရုံတင် မကဘူး။
သူ့မူရင်းနာမည်ကိုပါ မွတ်စလင်နာမည်ထည့် ပြောင်းပစ်ရပါတယ်။
ဥပမာ၊ ဇေယျာကျော်ဝင်း ဆိုရင် အဗ္ဗဒူလာ ဇေယျာကျော်ဝင်း
ဒါမှမဟုတ် မိုဟာမက် ကျော်ဝင်း စသည်။
ဒီဇေယျာကျော်ဝင်းဆိုတဲ့ ဒကာလေးလဲ နာမည်ပြောင်းပြီးသွားပြီလို့ သိရပါတယ်။
သူ့နာမည် မာမွတ်ကျော်ဝင်းဆိုလား၊ ရာကွတ်ကျော်ဝင်းဆိုလား။
မမှတ်မိတော့ပါဘူး။
ဒါ့အပြင်
သောကြာနေ့ဆို ဗလီကို သွားရသေးတယ်တဲ့။
ဒီလိုတွေ ဘာလို့ ဖြစ်ကုန်တာလဲ လို့ ဆက်မေးကြည့်တော့
ဒီနိုင်ငံသားဖြစ်အောင်လို့ လို့ပြောပါတယ်။
အော်၊ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ။
ကိုယ့်နိုင်ငံ စီးပွါးရေးအဆင်မပြေလို့ ပညာရေး မမြင့်မား။
ပညာရေး မမြင့်မားတော့ လူမှုရေး၊ ဘာသာရေးနိမ့်ကျ၊
ခြုံကြည့်လိုက်တော့
မြန်မာနိုင်ငံမှာ မွေးပြီး မြန်မာ့လေကို ရှူ၊ မြန်မာ့ရေကိုသောက်
မြန်မာ့ဆန်ကို်စားပြီး လူဖြစ်လာတဲ့သူက
မြန်မာနိုင်ငံသား မဖြစ်ချင်တော့ဘူး…တဲ့။
ဒို့နိုင်ငံမှာ ဒီလိုလူတွေ ဘယ်လောက်များနေပြီလဲ။
ဘာကြောင့် ကိုယ့်နိုင်ငံကို မချစ်ချင်တော့ပဲ ပစ်ခွါချင်လာကြတာလဲ။
တရားခံက ဘာလဲ။
ဘယ်သူလဲ။
ကိုယ့်ကိုယ်ကို မေးနေမိတယ်။
ဆက်စဉ်းစားမိတာက ဒို့နိုင်ငံ အခြေခံဥပဒေမှာလဲ
ဘယ်သူပဲ ဒို့လူမျိုးကို ယူယူ၊ ဗုဒ္ဓဘာသာပြောင်းခိုင်းရရင် ကောင်းမှာ၊
ဒီလိုဥပဒေမျိုး ဒို့နိုင်ငံမှာလဲ ခိုင်ခိုင်မာမာ ရေးစွဲထားရင်ကောင်းမှာလို့
ကျဉ်းကျဉ်းမြောင်းမြောင်း တွေးခေါ်မိသေးတယ်။
ကားသမားဒကာလေးနဲ့ စကားပြောရင်း တွေးရင်း ဟိုတယ်ကို ရောက်လာပါတယ်။
ဟိုတယ်နာမည်က Delta တဲ့။
ပင်လယ်ဘေး။
နှစ်ယောက်ခန်းကို မလေးရှားငွေ ၁၃ဝ ပေးရတယ်။
ဟိုတယ်အခင်းအကျင်းကိုတော့ သိပ်ဘဝင်မကျလှပါဘူး။
သို့သော်လဲ
ငါရဟန်းပဲလေ၊ သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်တောင် နေရအုံးမှာမို့လားလို့
ကိုယ့်စိတ်ကို ဖြေတွေးလေး တွေးပြီး အပမ်းဖြေလိုက်တယ်။
နာရီဝက်လောက်ကြာတော့ ဟိုတယ်နဲ့ကပ်နေတဲ့
(Under Water World) ရေအောက်ကမ္ဘာကို ဝင်ကြည့်ဘို့ လာခေါ်လို့ လိုက်သွားဖြစ်တယ်။
ရေအောက်ကမ္ဘာဆိုတာကို စင်္ကာပူသွားတုန်းက ကြည့်ဘူးပြီးပြီ။
ဒီမှာတော့ စင်္ကာပူလောက် မခန်းနားဘူး။
ရေအောက်ကမ္ဘာဆိုလို့ ပင်လယ်ကြီးအောက် သွားကြည့်ရတာတော့ မဟုတ်ပါဘူး။
ဖန်တီးထားတဲ့တိုက်ကြီးထဲမှာ မှန်လုံရေကန်ကြီးတွေထဲ ထည့်ထားတဲ့
ရေနေသတ္တဝါတွေကို သွားကြည့်တာပါ။
ရန်ကုန်က ငါးပြတိုက်လိုဟာ။
ဒါပေမဲ့ ဒီကဟာတွေက အနည်းနဲ့ အများ ခန်းနားကြပါတယ်။
ခန်းနားအောင်လုပ်ပြီး လာကြည့်တဲ့သူတွေဆီက ဝင်ကြေးပိုက်ဆံများများတောင်းယူကြတာ။
ရေအောက်ကမ္ဘာဝင်ကြည့်ပြီးတော့ ဟိုတယ်ပြန် ရေမိုးချိုးပြီး
လင်္ကာဝီကျွန်းမှာ အကြီးဆုံးဖြစ်တဲ့ ဈေးကြီး (Shopping Mall) ကို
ကားသမား ဒကာလေးက ခေါ်သွားပြန်တယ်။
ကွာလာလမ်ပူက လာတဲ့သူမို့လားတော့ မသိဘူး။
လင်္ကာဝီကျွန်းက အကြီးဆုံးဈေးကြီးက သိပ်မခန်းနားလှဘူးလို့ပဲ ထင်မိတယ်။
ဈေးကြီးထဲမှာတော့ လက်ဆောင်ဝယ်စရာပစ္စည်းမျိုးစုံကို တွေ့ရတယ်။
ဈေးကြီးအောက်ထပ် သုံးပုံ တစ်ပုံလောက်ကို
ဘီယာတွေ အရက်တွေက နေရာယူထားလို့
လိုက်ပို့တဲ့ကားသမားလေးကို
ဒကာတို့ လင်္ကာဝီသားတွေ အရက်အတော်ကြိုက်ပုံပေါ်တယ်။
အရက်ရောင်းတဲ့ဆိုင်ကြီးက ကြီးလှချည်းလားလို့ ပြောမိတော့
ဒီလင်္ကာဝီကျွန်းမှာ အရက်နဲ့စီးကရက်က Duty Free ဖြစ်ကြောင်း၊
ကွာလာလမ်ပူမှာ ဘီယာတစ်ဗူးကို မလေးရှားငွေ ၄ ကျပ်ပေးရပေမဲ့
ဒီလင်္ကာဝီကျွန်းမှာ ၁ ကျပ်ခွဲသာ ပေးရကြောင်း၊
ကျန်တဲ့ Black lebel, Blue Lebel စတာတွေလဲ အလွန်ဈေးတော်ကြောင်း
ဒီဒကာလေး သီလရှင်ရှေ့မှာ ဘီး ကြော်ငြာနေပါတော့တယ်။
ဒီအကြီးဆုံးဈေးကြီးထဲမှာ ၄၅ မိနစ်လောက် လှည့်ပတ်ကြည့်ရှု ဝယ်ယူပြီး ဟိုတယ်ကိုပြန်ကာ
တစ်နေကုန်ပင်ပမ်းသမျှ (ဘုန်းကြီးဆိုတော့) အိပ်စက်ခြင်းဖြင့်သာ
အနားယူပါတော့တယ်။
www.dhammagarden.com
ကို ဖိတ်ခေါ်ပါတယ်။
5 comments
ashinindaka
December 9, 2010 at 2:37 am
ပုံများများတော့ မတင်တော့ပါဘူး
char too lan
December 9, 2010 at 8:46 am
“ခြုံကြည့်လိုက်တော့
မြန်မာနိုင်ငံမှာ မွေးပြီး မြန်မာ့လေကို ရှူ၊ မြန်မာ့ရေကိုသောက်
မြန်မာ့ဆန်ကို်စားပြီး လူဖြစ်လာတဲ့သူက
မြန်မာနိုင်ငံသား မဖြစ်ချင်တော့ဘူး…တဲ့။”ကျနော်ထင်တာတော့ နှစ်၂ဝ ဝန်းကျင်လောက်မှဖြစ်ကြတာပဲ။ တရားခံကတော့……………………။
ပြောရအုံးမယ်~ အိမ်မှာလဲ
အခါကြီးရက်ကြီးတွေဆိုရင် အဖွားတို့ဘုန်းကြီးကျောင်းမှာ ဥပုသ်သွားစောင့်
ကြတယ်ဗျ ပြန်လာရင် ဒေါ်ဘယ်သူရဲ့သားသမီးတွေကဘယ်နိုင်ငံမှာ မဘယ်ဝှာရဲ့ ယောက်ျားကတော့ဘယ်နိုင်ငံမှာ သမီးကတစ်နိုင်ငံ သမက်ကတစ်နိုင်ငံဆိုပဲ အိမ်ရောက်ရင်အဖွားက ကြားလာသမျှစီကာပတ်ကုံးပြောပီ ….အဲဒါနဲ့ကျနော်လဲ မောင်လှမျိုးဝထ္တုထဲက စာသားလေးသတိရမိလိုက်ပါတယ် သူလဲဘုန်းကြီးကျောင်းကပြန်လာတဲ့ ဥပုသ်သယ်တွေကိုပြောတာပဲ အဲလိုတွေကြွားခံရတော့ (ဪ……မင်းတို့မိသားစုတွေများ တော်တော်ဝဋ်ကျွေးများတာပဲနော်) တဲ့ 🙁
ashinindaka
December 9, 2010 at 8:59 am
ဟုတ်ပါ့ဗျာ။ ဘယ်လိုတွေ ဖြစ်ကုန်တယ်မသိပါဘူး။
ဆူး
December 9, 2010 at 10:44 am
မြန်မာ နိုင်ငံမှာ အဲဒီ ဥပဒေ ထုတ်ရင် တလောကလုံးက ဝိုင်းအော်ကြမှာ..
ပြောရတော့ ခက်တယ်။ ခေတ်ကိုက ဆုတ်ဖို့ အကြောင်းဖန်နေတာလားမှ မသိတာ စိတ်တော့ မကောင်းပါဘူး အဲဒီ စာကြောင်း ဖတ်ရတာ
ashinindaka
December 9, 2010 at 2:05 pm
အင်း။ ပြတ်သားဘို့လိုတာပါ။