တချိန်က ဆောင်းရာသီ အပိုင်း ၆

ဆူးDecember 8, 20101min3946

ဒီလိုနဲ့ အလုပ် လုပ်တာ ၂လကျော် ၃လ ပြည့်ခါနီးမှာ အထက်အရာရှိ ဆရာမ က တိုးတိုးတိတ်တိတ် ခေါ်ပြောတယ် အစမ်းခန့် ဝန်ထမ်းခေါ်တာ ၃လပြည့်တော့မယ် နောက်နေ့က စပြီး မလာနဲ့တော့ အမြဲတမ်း ဝန်ထမ်းခန့်တဲ့ အထဲမှာ မပါတော့ဘူး။ စိတ်မကောင်း ဖြစ်လိုက်တာ အရမ်းဘဲ။ ထိုနေ့က အိမ်ပြန်ရောက်တဲ့ အချိန်က စပြီး ငိုနေမိတယ်။ အိမ်က လူကြီးတွေက ဝိုင်းမေးကြတယ် ဘာလို့ ငိုနေတာလဲ.. အလုပ်က အထုတ်ခံရလို့ ငိုတာ.. ဘာအပြစ်လုပ်လို့ ထုတ်တာလဲ ဆိုတော့ ဘာပြောရမှန်းတောင် မသိဘူး။ အမှန်တော့ အမြင်ကတ်မှုနဲ့ ရှိတဲ့ ပါဝါ သုံးပြီး အလုပ်ထုတ်လိုက်တာပါ။ သူငယ်ချင်းတွေကတော့ စိတ်အားမငယ်နဲ့.. ငါတို့လည်း မကြာတော့ဘူး ထွက်တော့မယ်။ ဒီမှာ လုပ်ရတာ နေ့စဉ်နဲ့ အမျှ စိတ်ပင်ပန်းလွန်းလို့ မခံနိုင်ဘူး။ နင့်ကို ဒီလို လုပ်တာ အထက်လူကြီးတွေ ဆီ တိုင်ရမယ်။ တိုင်စာ ရေး ဟာ ဆိုတော့.. အိမ်မပြန်ခင် တိုင်စာ တစောင်ရေးပြီး အကြောင်းမဲ့ အလုပ်ထုတ်တာ ဘာလို့လဲ.. စသဖြင့် ခံစားချက်တွေ ရေးလိုက်တာ စာမျက်နှာ ၁မျက်နှာတော့ ပြည့်သွားတယ်။ ရေးပြီးသား တိုင်စာကို ထိုနေ့က ကျောင်းကို စစ်ဆေးရေး လာတာနဲ့ ကြုံတော့ လက်ရောက် ပေးလိုက်နိုင်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ငိုနေတာ ထမင်းလည်း မစားချင်ဘူး ငိုဘဲ ငိုချင်နေတာ တအိမ်လုံး သနားကြတယ်။ အလုပ် ပြုတ်တာ ဘာဖြစ်လဲ နောက် အလုပ်တွေ အများကြီး ရှိတယ် အားပေးသူက အားပေးတယ်။ နောက် အသိ တခု ဝင်လာခဲ့တယ် အလုပ်ပြုတ်တာ ငိုနေမဲ့ အစား အလုပ်က အထက်လူကြီး ဆရာမ နှင့်တကွ သူဌေးတွေကို မျက်စိထဲ မြင်အောင် ကြည့်ပြီး မေတ္တာပို့ခဲ့တယ်။ အလုပ်ဖြုတ်တယ် ပြောတဲ့ နေ့ သောကြာနေ့.. ထိုနေ့ ညနေ တညနေလုံး အားရအောင် ငိုခဲ့ပေမဲ့.. စနေနေ့ မနက်ပိုင်းက စပြီး စိတ်က အလုပ်ထဲ ရောက်နေတယ်။ အလုပ်ကို မသွားဖြစ်ပေမဲ့.. စိတ်က သတိရတိုင်း မေတ္တာပို့နေခဲ့တယ်။ အိမ်သားတွေကတော့ အခန်းအောင်းပြီး ငိုနေတယ် ထင်ကြတယ် အမှန်ကတော့ စိတ်အလုပ်လုပ်နေခဲ့တာ စနေ တရက် နောက် တနင်္ဂနွေ တရက် မေတ္တာပို့ရင်းနဲ့ ညနေပိုင်းလောက်မှာ အလုပ် တာဝန်မှ ရပ်ဆဲ တဲ့ ဆရာမ က ဖုန်းဆက်တယ်။ မပြောချင်လို့ မရှိဘူးလို့ ပြောခိုင်းပေမဲ့.. ထပ်ခါ ထပ်ခါ ဆက်လာတော့ ဖုန်းလက်ခံ စကားပြောလိုက်တယ်။ သူ တောင်းပန်ပါတယ်တဲ့.. သူ့ အမှားပါတဲ့။ သူများ စကား နားယောင်မိလို့ မလုပ်သင့်တာ လုပ်မိတာပါ။ သမီး အလုပ်ပြန်ဆင်းပါ။ မျက်ရည် အဝိုင်းသားနဲ့ ပြောပြီး တောင်းပန်ရှာတယ်။ ဒါနဲ့.. အလုပ်ပြန်ဝင်ခဲ့တယ်။ သူငယ်ချင်းတွေကတော့ ပျော်ကြတယ်။ နင်ပြန်လာတော့ အားရှိတယ်တဲ့.. ထို ဆရာမ ကို သူဌေးက ထိုကိစ္စနဲ့ ပတ်သတ်ပြီး အခွင့်အရေး အလွဲသုံးစားလုပ်လို့ ထိုကျောင်းမှာ နေရာရွှေ့ပြီး သူရုံးခန်းထဲ ခေါ်ထားလိုက်ပါတယ်။ အလုပ်ကတော့ လုပ်စရာ မရှိဘဲ သူဌေး မျက်စိရှေ့မှာ ငုတ်တုတ် ထိုင်နေရတာ များတော့ သူလည်း စိတ်ညစ်ပြီး ထို အလုပ်ကနေ ထွက်သွားခဲ့ရပါတယ်။
ဒီလိုနဲ့ အလုပ်ပြန်လုပ်နေရင်း ဖခင်ကြီး ကျန်းမာရေး စတင် မကောင်းဖြစ်တဲ့ အချိန်နဲ့ တိုင်ဆိုင်လာတော့.. အလုပ်ကနေ စိတ်လို လက်ရ ထွက်ပြီး အိမ်မှာ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ရပါတယ်။
အမှန်တော့ ကြေညာကောင်းတဲ့ သင်တန်း တက်မိတာကနေ စပြီး ကြေညာ ကတိအတိုင်း ဟန်ပြ အလုပ်ခေါ်ခဲ့တာပါ။ အလုပ်သင် အစမ်းခန့်တွေ အချိန်စေ့တော့ အားလုံး ဒဏ်မခံနိုင်လို့ ထွက်သွားကြရတာပါဘဲ။ စိတ်ဓါတ်စစ်ဆင်ရေး တခု လို့ ပြောရလေမလား။ အရှေ့က နေရာ ရထားပြီးသား ဘယ်လောက် ကြာနေ ကြာနေ.. အလုပ်နေရာ တည်မြဲရေးအတွက် တယောက်နဲ့ တယောက် တွန်းလှဲနိုင်မှ တော်ကာ ကျမည့် အခြေအနေမျိုးဆိုတော့.. တယောက်နဲ့ တယောက် မျက်နှာသာမပေးဘဲ နှိပ်ကွပ်နေကြတာပါ။ ထို အချိန်ကလည်း အသက်က ၁၈နှစ်ဘဲ ရှိသေးတဲ့ အပြင် လောကကြီး အကြောင်း နားမလည် အလိုက်ကန်းဆိုး မသိတတ် မှန်တယ် ထင်ရင် ခေါင်းမာတတ်တဲ့ အကျင့်တွေကြောင့် ဒီလို မျိုးအခက်အခဲတွေ တွေ့ခဲ့ရတာပါ။ အတူတူ အလုပ်ဝင်တဲ့ သူငယ်ချင်းတွေလည်း အားလုံး တခြား နေရာ အသီးသီးမှာ အဆင်ပြေပြေ လုပ်နေကြပါတယ်။

6 comments

  • weiwei

    December 8, 2010 at 7:04 pm

    အတွေ့အကြုံရတာပေါ့ … အဆုံးထဲက အကောင်းလို့တောင် ပြောလို့ရတယ် …

  • ဆူး

    December 8, 2010 at 7:13 pm

    အတွေ့အကြုံကတော့ စကားတောင် မပြောနိုင်လောက်အောင်ဘဲ.. စိတ်ဖိစီးမှုတွေ များလို့.. စိတ်ကျရောဂါတောင် ဖြစ်နိုင်တယ်

  • နေ ဘုန်းလျံ

    December 8, 2010 at 7:18 pm

    ကျွန်တော် တို့လဲ စိတ်ဖိစီးမှု့တွေ တကယ်များပါတယ်

  • manawphyulay

    December 9, 2010 at 3:21 am

    ဒီလိုပါပဲ ဆူးရယ် နေရာတိုင်းမှာ ဒီလိုလူမျိုးတွေနဲ့ တွေ့ကြုံကြရမှာပဲလေ… တချို့ အတော်အပေါက်ဆိုးတဲ့ သူဌေးတောင် ရှိနေသေးတာပဲ။ နေတတ်ရင် ကျေနပ်စရာကြီးပါ။ လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိနေကြတာပါပဲ။ မမြင်တတ်ကြတာ ဖြစ်ပါလိမ့်မယ်။

  • bigcat

    December 10, 2010 at 1:52 am

    ကိုကြောင်ကြီးလည်း မတည့်တဲ့သူတွေဆို ဒီလိုမေတ္တာပို့ပါတယ် ~!@#$%

  • ဆူး

    December 10, 2010 at 12:55 pm

    ှုီဦးကြောင်ကြီး မေတ္တာ ဘယ်လို ဘာသာပြန်ရမလဲ.. ဘာပို့မှန်း မသိလို့ မခံယူရဲပါ။

Leave a Reply