လင်္ကာဝီကျွန်း (၇)
ပီနန်း၊ မြန်မာဘုန်းတော်ကြီးကျောင်းမှာ တစ်ညအိပ်ပြီး
နောက်နေ့မနက်အစော ကွာလာလမ်ပူကို ခရီးဆက်ရမှာပါ။
ဒီအတွက် မအိပ်ခင် ခရီဖော်လေးဦး ဆွေးနွေးဖြစ်ပါတယ်၊
အရုဏ်ဆွမ်းဘုန်းပေးပြီး နေ့ဆွမ်းဘယ်မှာ ဘုန်းပေးမလဲ။
ခရီးသွားတဲ့အခါ ဆွမ်းရေး ကွမ်းရေးကိစ္စက ထည့်သွင်းစဉ်းစားရမယ်လေ။
အားတဲ့အချိန် ကြုံတဲ့နေရာမှာ စားလို့က မဖြစ်ဘူးမို့လား။
ဘုန်းကြီးဖြစ်နေတာကိုး။
ဒါကို ကွာလာလမ်ပူကနေ ပီနန်းကို အလာတုန်းက ဝင်ခဲ့တဲ့
Ipoh နားက Pandai Remis လို့ ခေါ်တဲ့ တံငှာရွာလေးမှာ ကျောင်းထိုင်နေတဲ့
ခရီးဖော်တစ်ဦးလဲဖြစ်တဲ့ ဆရာတော် ဦးမဏ္ဍလ က
အပြန်ခရီးမှာလဲ သူ့ရွာမှာပဲ နေ့ဆွမ်းဘုန်းပေးဘို့ပြောတာကို
အားလုံး သဘောတူညီကြပါတယ်။
သဘောတူညီမှုရတော့ ဆရာတော်ဦးမဏ္ဍလက
သူ့ရွာကို အကြောင်းစုံ ဖုန်းဆက်အကြောင်းကြားတယ်။
စေတနာရှင်တစ်ဦးက အိမ်ပင့်ပြီး ပရိတ်တရားတော်နာလိုကြောင်း၊
နေ့ဆွမ်းဆက်ကပ်လိုကြောင်း၊
နေ့ဆွမ်းဆက်ကပ်တဲ့အခါ ဆရာတော်များ စားဘူးဦးမည်မဟုတ်တဲ့
ဂဏန်းဘုန်းကြီးဟင်းနဲ့ ကပ်လိုကြောင်း
ဆရာတော်ဦးမဏ္ဍလ က တဆင့်ပြောပြပါတယ်။
ဂဏန်းဘုန်းကြီးဆိုတာ စားဘူးဘို့ မပြောနဲ့ ကြားတောင် မကြားဘူးတဲ့ဒို့တတွေ
ဂဏန်းဘုန်းကြီးဆိုတာ ဘယ်လိုဟာကြီးလဲ ဆိုတာ အတွေးနယ်ချဲ့နေမိပါတော့တယ်။
မန္တလေးနေတုန်းက ငယ်တုန်းရွယ်တုန်းဆိုတော့ ဥပုသ်နေ့လို စာမသင်ရတဲ့နေ့တွေမှာ
စိတ်ကူးတည့်ရာ (ရည်ရွယ်ချက်မရှိ) ဟိုဟိုဒီဒီ လျှောက်သွားလေ့ရှိတယ်။
တခါတလေ ဘုရားကြီး၊ တခါတလေ ဈေးချို၊
တခါတလေ စစ်ကိုင်းတောင်၊
တခါတလေ မန္တလေးတောင်၊
တခါတလေကျတော့ အမရပူရ (တောင်မြို့) က
မယ်ဇယ်ပင်တန်း၊ တောင်သမန်အင်း၊ ဦးပိန်တံတား။
အဲ့လို ဟိုဟိုဒီဒီလျှောက်သွားနေတဲ့အချိန်တွေတုန်းက
မယ်ဇယ်ပင်တန်းကနေ ဦးပိန်တံတားပေါ်ဖြတ်လျှောက်၊
ဟိုးဘက်အစွန်ရောက်တော့ ခပ်ရွယ်ရွယ် ဒကာမတစ်ယောက်တွေ့တယ်။
အသားမဲမဲ။ ပါးကွက်ကျားနဲ့။
သူ့ရှေ့မှာ ဗန်း၊ ဗန်းထဲမှာ ဂဏန်းကောင်ကျော်ကြီးတွေ၊
ဗန်းဘေးမှာ ထန်းရေအိုး၊ အိုးပေါ်မှာ ဖန်ခွက်တင်ထားတယ်။
ကြည့်ပြီး တံတွေးမျိုချနေရတယ်။ ကိုယ်တံတွေးမျိုချတာ သူများမြင်မှာလဲ စိုးရိမ်ရသေး။
မဖြစ်ဘူး၊ အကြည့်ကိုလွှဲ၊ ရှေ့အနည်းငယ်သွား။
ကျောက်တော်ကြီးဘုရားကြီးထဲဝင်ပြီး အာနာပါနကို ၁၅ မိနစ်လောက် ခပ်ပျင်းပျင်း ရှူလိုက်မှ
ဂဏန်းကောင်ကျော်တွေက မျက်စိထဲက ထွက်သွားတယ်။
အခု
လာပြန်ပြီ ဂဏန်း၊ ဒီဂဏန်းက ရိုးရိုးဂဏန်းမဟုတ်ဘူး။
ဂဏန်းဘုန်းကြီးတဲ့။
ဘယ်လိုဟာကြီးလဲ။
ဂဏန်းဘုန်းကြီးလို့ ဘယ်သူက ဘာကြောင့် ဒီနာမည်ပေးထားတာလဲ။
ဂဏန်းကောင်က လှလို့ ဂဏန်းဘုန်းကြီးလို့ခေါ်တာလား။
ရုပ်ဆိုးလို့ ဂဏန်းဘုန်းကြီးလို့ ခေါ်တာလား။
ဂဏန်းကောင်ကြီးက ဂတုံးပုံစံကြီးမို့လား။
ဒီဂဏန်းဘုန်းကြီးနဲ့ပတ်သက်တဲ့
အတွေးတွေ အမေးတွေက ရင်ထဲမှာ ပြည့်နေတော့
မီးမှိတ် မျက်စိမှိတ် အိပ်တဲ့အထိ အိပ်လို့မပျော်ဘူး။
မနက်မိုးလင်း အရုဏ်ဆွမ်းစားပြီး အပြန်ခရီးကားပေါ်မှာလဲ
ဆရာတော်ဦးမဏ္ဍလ က
ကိုယ်တော်တော့ ဂဏန်းဘုန်းကြီးနဲ့ နေ့ဆွမ်းဘုန်းပေးရမှာနော် လို့ပြောလိုက်သေး။
နေ့ဆွမ်းစားရမဲ့အချိန်နဲ့ အိမ်ကို မြန်မြန်သာ ရောက်ပါတော့လို့ တမ်းတမိတော့တယ်။
မနက် ၁ဝ နာရီခွဲလောက်မှာ ဆရာတော်ဦးမဏ္ဍလ သီတင်းသုံးတဲ့ကျောင်းကို ရောက်တယ်။
ရေမိုးချိုးပြီး ဆွမ်းစားရမဲ့အိမ်ကို ကြွကြတယ်။
စားရပါဘီ ဂဏန်းဘုန်းကြီးဟင်း။
ဂဏန်းလို မာတဲ့အခွံတွေရှိပေမဲ့ အတော်အသားပေါတာပဲ။
(အသားပေါလို့ ဂဏန်းဘုန်းကြီးခေါ်တာများလား၊ စားရင်း စဉ်းစားမိသေးတယ်။
ဟုတ်တယ်လေ။ များသောအာဖြင့် ဘုန်းကြီးတွေက ဝပြီး အသား အခေါက်ကြီးတွေ ထူနေတာပဲ)
ဆွမ်းနည်းနည်း၊ ကြုံတုန်း ဂဏန်းဘုန်းကြီးအသား များများစားပစ်လိုက်တယ်။
ဂဏန်းဘုန်းကြီးအခွံပုံတောင် တော်တော်မို့လာတယ်။ တော်တော်မြင့်လာတယ်။
ဆွမ်းဒကာများကလဲ ဟင်းခွက်ကို အလျော့မခံဘူး။ ထပ်ထည့်ပေးရှာပါတယ်။
သူတို့လေးတွေရဲ့ စေတနာကို ကြည့်ပြီး
စားနေရတာဟာ ဂဏန်းဘုန်းကြီးဟင်းစားရတယ်လို့ မထင်တော့ဘူး။
စေတနာတွေ စားနေရသလိုပဲ။
စေတနာတွေ ဝါးနေရသလိုပဲ။
ဆွမ်းစားပြီးတော့ ဆွမ်းဒကာလေးက အချိုပွဲကပ်ရင်း
ဆရာတော်တို့ကို ဂဏန်းဘုန်းကြီးမြင်ဘူးအောင် ပြရအုံးမယ်လို့ ဆိုပြီး
ဂဏန်းဘုန်းကြီးအကောင်ကို ပန်းကန်ပြားထဲ ထည့်ယူလာပါတယ်။
တွေ့ခဲ့ရတဲ့အကောင်ကတော့ ဦးပိန်တံတားမှာတွေ့ခဲ့တဲ့ ဂဏန်းလောက်မကြီးဘူး။
ခြေထောက်တွေကလဲ မရှည်ဘူး။
အရွယ်က ဒိုးစိလောက်ပဲ ရှိတယ်။ ဝိုင်းဝိုင်းလေး။
(ဒိုးစိ မသိတဲ့သူတွေ သိတဲ့သူကို မေး)
သူရဲ့အရောင်က အဝါရောင်သန်းတယ်။ သင်္ကန်းရောင်ပေါ့။
ဒါ့ကြောင့်ပဲ မလေးရှားပင်လယ်ထဲက တွေ့တဲ့ ဂဏန်းကို
ကိုရွှေဗမာတို့က ဂဏန်းဘုန်းကြီးလို့ နာမည်ပေးထားတာဖြစ်မယ်။
နေ့လည်ဆွမ်းဘုန်းပေးပြီး ကျောင်းပြန်၊ ခဏနားပြီး ခရီးဆက်ခဲ့ပါတယ်။
ခရီးဆက်လို့ နာရီဝက်လောက်အကြာမှာ ကားသမား တရုတ်ဒကာကြီးက
လမ်းဘေးမှာ ဗမာစာတမ်းနဲ့ ဆိုင်းဘုတ်တွေ့လိုက်တယ် လို့ပြောပါတယ်။
ကားသမားဒကာက Petaling Jaya, SS 23, မှာ ရှိတဲ့
Chempaka Buddhist Lodge လို့ခေါ်တဲ့
(ချမ်ပက) စမ္ပကကျောင်းမှာ သီတင်းသုံးနေတဲ့
ခရီးဖော်ဆရာတော်ဦးဥတ္တမရဲ့ တပည့်ဒကာပါ။
ဆရာတော်က နီးနီးကပ်ကပ် ဗုဒ္ဓဘာသာစာပေသင်ကြားပေးနေတော့
ဆရာတော်ဖတ်တဲ့ မြန်မာစာအုပ်တွေမြင်ဘူးထားကြီး
မြန်မာစာလုံးကိုတောင် သူမှတ်မိနေပါဘီ။
ဒါ့ကြောင့် လမ်းဘေးက မြန်မာလိုရေးထားတဲ့ဆိုင်းဘုတ်ကို သူ မြင်လို့
သူ့ကားကို U-Turn ပြန်ကွေ့ပြီး ဆိုင်းဘုတ်ကို ပြပါတယ်။
နိရောဓာရာမ တရားရိပ်သာတဲ့။
ဆိုင်းဘုတ်လမ်းညွှန်အတိုင်းလိုက်သွားတော့ ဦးဇင်းလေး ၁ဝ ပါးလောက်ကို တွေ့ပါတယ်။
သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ကြောင်း၊
ဒီနိရောဓာရာမကျောင်းဆရာတော် ဦးနန္ဒသိဒ္ဓိထံမှာ ရဟန်းဖြစ်ကြောင်း ပြောပြပါတယ်။
ခဏနေတော့ ဆရာတော် ဦးနန္ဒသိဒ္ဓိရောက်လာပါတယ်။
သူ့ရဲ့ သာသနာပြုလုပ်ငန်းစဉ်တွေကို ပြောပြပြီး
အခု အင်ဒိုနီးရှားနိုင်ငံက ဦးဇင်းလေးတွေကို ဝိနည်း၊ အဘိဓမ္မာ စတာတွေအပြင်
ပါဠိသဒ္ဒါကိုလဲ သင်ပေးနေကြောင်း ပြောပြပါတယ်။
ဒီလို တကယ့်ကို သာသနာပြုနေတဲ့ဆရာတော်ကို တွေ့ရတော့လဲ
ရင်ထဲ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။
တိပိဋကယောဆရာတော်က
သာသနာပြုတယ်ဆိုတာ
ဘုရားမရှိသေးတဲ့နေရာမှာ ဘုရားရှိအောင်
တရားမရှိသေးတဲ့နေရာမှာ တရားရှိအောင်
သံဃာမရှိသေးတဲ့နေရာမှာ သံဃာရှိအောင်လုပ်တာကို ခေါ်တာပါ လို့ပြောဘူးတယ်။
ဆရာတော်ဦးနန္ဒသိဒ္ဓိလဲ တိပိဋကယောဆရာတော် ပြောတဲ့ သာသနာပြုနည်းအတိုင်း
သာသနာပြုနေတဲ့ တကယ့်သာသနာ့အာဇာနည်တစ်ပါးပေဘဲ။
ကျောင်းတိုက်တည်ထောင်ပြီးသွားဘီ၊ ဘုရားတည်ပြီးသွားဘီ၊
ဗုဒ္ဓဘာသာတရားစာပေကို သင်ပေးနေတယ်၊
ရဟန်းသံဃာတော်တွေ မွေးထုတ်နေတယ်။
ဆရာတော်ဦးနန္ဒသိဒ္ဓိကျောင်းမှာ နာရီဝက်လောက်နေပြီး
ကွာလာလမ်ပူ အပြန်ခရီးဆက်ပါတယ်။
ကားပေါ်မှာ သာသနာပြု လုပ်ငန်း (Missionary Work) ဆိုတဲ့စကားလုံးကို
ဆက်ပြီး စဉ်းစားနေမိပါတယ်။
သာသနာပြုလုပ်ငန်းရဲ့ ပင်မရည်ရွယ်ချက်က (6 Ps) ပီ – ခြောက်လုံးပဲ။
(၁) Plant = ဗုဒ္ဓဘာသာမျိုးစေ့စိုက်ပျိုးဘို့
(၂) Perpetuate = ဆက်လက်ရှင်သန်ဘို့
(၃) Preserve = ထိန်းသိမ်းစောင့်ရှောက်ဘို့
(၄) Prevent = မပျောက်ပျက်အောင်ကာကွယ်ဘို့
(၅) Propagate = ဗုဒ္ဓဘာသာတရားပြန့်ပွါးဘို့
(၆) Promote = ဗုဒ္ဓဘာသာကို မြှင့်တင်ဘို့
ဒီ (P) ခြောက်လုံးကို ဟန်ချက်ညီညီ မလေးရှားမြေပေါ်မှာ လုပ်ရမဲ့တာဝန်က
ဒို့တာဝန်ပဲလို့ သာသနာပြုလုပ်ငန်း (Missionary Work) ဆိုတာနဲ့ဆက်စပ်ပြီး တွေးရင်း
ကားစီးလိုက်လာတာ ညနေ (၇) နာရီလောက်မှာ ချောမောစွာ
နေရပ်ရင်း သီတင်းသုံးတဲ့ကျောင်းကို ပြန်ရောက်ပါတယ်။
ဒီခရီးစဉ်မှာ ပါဝင်ကြတဲ့ ဘုန်းကြီး ဦးဥတ္တမ၊
သူ့ဒကာ ကားမောင်းကုသိုလ်ယူသူ မစ္စတာလျောင်း၊
ဓမ္မာရုံဆရာတော်ဦးကောသလ္လ၊
တံငှာရွာလေးမှာ (သက်စွန်းဆံဖျား) သာသနာပြုနေတဲ့ ဆရာတော်ဦးမဏ္ဍလတို့နှင့်တကွ
တွေ့ခဲ့ဆုံခဲ့သူ၊ ကျေးဇူးပြုဘူး၊ ယူဘူးသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
www.dhammagarden.com
2 comments
weiwei
December 13, 2010 at 6:34 am
ဦးပိန်တံတားနဲ့ တူပါတယ်လို့အံ့ဩနေတာ .. လက်စသတ်တော့ တကယ် ဦးပိန်တံတားကြီးကိုး … 🙂
ashinindaka
December 13, 2010 at 6:37 am
စာထဲမှာ ဦးပိန်တံတားအကြောင်းပါလို့ ထည့်လိုက်တာ။ ရောကုန်ဘီ။