ဆောင်းနှင်းဖွေးဖွေး winter snow
ဆောင်းနှင်းဖွေးဖွေး
အအေးပိုလို့ တစ်ရေးနိုးမိတယ်
အပြင်ငေးတော့ နှင်းဖွေးဖွေးတွေ
ထထိုင်လို့ကြည့် အတွေးနယ်ချဲ့မိတယ် ….
နှစ်စဉ်ကြုံတွေ့ မထူးဆန်းပေမယ့်
အခုတစ်ခါတော့ ခံစားချက်ပြောင်းလို့
နှုတ်ဆက်သည့်နှင်း မျက်တောင်မခတ်ကြည့်မိတယ် …
ဦးဆုံးနှင်းတုန်းက ရင်ခုန်လှုပ်ရှား
အပေါင်းအသင်းများနဲ့ ခုန်ပေါက်ပြေးလွှားလို့
ချမ်းတာကိုမေ့ နှင်းတွေကိုပွေ့ဖက်ခဲ့ဖူးတယ် …
တစ်ကြိမ်မှာတော့ နှင်းမှုန်နဲ့ချော်မိ
ဘိုင်းကနဲလဲလို့ မျက်ရည်ထွေထွေကျ
မလှုပ်နိုင်ေအောင် နာကျင်ခဲ့ရဖူးတယ် …
နှင်းကြောက်တဲ့စိတ် အရိုးထိအောင်စွဲ
အဖော်တွေလဲကွဲတော့ အပြင်မထွက်ရဲနဲ့
မြင်သာမြင်မကြင်ရ သူများပျော်လို့မပျော်နိုင် ဖြစ်ခဲ့ရဖူးတယ် …
နှင်းကိုမြင်တော့ အထီးကျန်စိတ်က
အတိတ်ကိုတွေးလို့ သူငယ်ချင်းတွေတမ်းတ
အလွမ်းတွေပြန်ထ အေးစက်စက်ခံစားခဲ့ရဖူးတယ် ..
ဖွေးဖြူတဲ့နှင်းတွေ အလွန်စွဲဆောင်လို့
စိတ်ကိုရဲဆေးတင် နှင်းဖတ်တွေကိုင်ကြည့်ဖို့
မနှစ်တုန်းကတော့ ချိနဲ့နဲ့ထွက်လျှောက်ခဲ့ဖူးတယ် …
အခုတော့လည်း နှင်းကိုချစ်မိလို့
ခွဲရမည့်အသိက နှမြောတသ
လွမ်းမဝနဲ့ အမြဲသတိရတမ်းတနေမိတော့မယ်ထင်ပါရဲ့ …
12 comments
weiwei
December 16, 2010 at 7:42 am
မနေ့တုန်းကကျထားတဲ့ လတ်လတ်ဆတ်ဆတ် နှင်းပုံလေးပါ။ မခက်မာရဲ့ လရောင်ကဗျာကို နားထောင်မိပြီး အပြင်ကိုကြည့်မိတော့ နှင်းကျနေတာနဲ့ ခံစားပြီး ရေးထားလိုက်တာပါ။ ညတုန်းက ရေးပြီးကထဲက တင်မလို့ ကြိုးစားခဲ့တာ အခုမှပဲ ရတော့တယ် …
manawphyulay
December 16, 2010 at 8:14 am
ဒီနှစ် မြူ ကျမကျတော့ မသိပေမယ့် ဆောင်းကြာမယ်လို့ သိရပါတယ်။
char too lan
December 16, 2010 at 9:38 am
ရန်ကုန်မှာလဲ အဲ့လိုနှင်းကျရင်ကောင်းမယ်နော် 🙁
MaMa
December 16, 2010 at 12:41 pm
မဝေရဲ့ နှင်းပုံပြင်က အလွမ်းအကြမ်း စုံတယ်နော်။
ဆူး
December 16, 2010 at 2:45 pm
ရန်ကုန်မှာ အဲဒီလို နှင်းတွေ ကျရင် အသက်ကြီးတဲ့ သူတွေနဲ့ ကလေးသူငယ်တွေ ဆင်းရဲတဲ့ အမိုးအကာ မလုံသူတွေ သွေးခဲ သေနိုင်ပါတယ်။ အခုတောင် အအေးပိုလာလို့ ရောဂါတက်နေတဲ့ အသက်ကြီးသူနဲ့ ဆင်းရဲတဲ့ လူတွေ အနွေးဓါတ်ရယူနိုင်ဖို့ အကြွေးယူပြီး စောင်တွေဝယ်ရ အနွေးထည်ဝယ်ရနဲ့.. အကြွေးပိုတက်နေလို့ စိတ် ဒုက္ခကြုံနေရပါတယ်။
အားလုံး အေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းသာကြပါစေ။
weiwei
December 16, 2010 at 4:01 pm
အဲဒီလောက်နှင်းကျဖို့ဆိုရင် သုညအောက်နဲနဲရောက်မှ ကျတယ် … တော်တော်အေးတယ် … အဆောက်အဦးမလုံရင် … အကျီကောင်းကောင်းမရှိရင် မလွယ်ဘူး … သွေးခဲပြီးသေနိုင်တယ် …
unclegyi1974
December 16, 2010 at 4:10 pm
မခေါ်ဘဲနဲ့ဝင်လာတယ်
မနှင်ဘဲနဲ့ထွက်သွားတယ်
မင်းဘယ်သူလဲ
saunghnin@gmail.com
December 17, 2010 at 4:39 am
အဲဒီလိုနှင်းကျတဲ့ နေရာလေးကို ရောက်ဖူးချင်လိုက်တာ……
weiwei
December 5, 2011 at 11:25 pm
ဆောင်းတွင်းရောက်တော့ မနှစ်တုန်းက ဆောင်းကို သတိရမိတယ် …
အဲဒီတုန်းက နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့ နှင်းတွေ …
တစ်သက်မှာ အရှည်ဆုံး ရေးခဲ့ဖူးတဲ့ ကဗျာလေးမို့ အမှတ်တရပါပဲ …
TTNU
December 6, 2011 at 12:30 am
နှင်းဝေတဲ့ဆောင်းမှာ အိမ်သတိယ ရောဂါဖြစ်မိသလားဟင်။
နှင်းမှုန်ငွေရည်ပုလဲသွယ် တစ်ဖွဲဖွဲရယ် ကြဲခါမဆုံးတော့တယ်…..
နှင်း..ငွေရောင်ဖြူလွ တူစွသဏ္ဍာန်ပင်…
ဆောင်းရယ်..နှင်းရယ်… ကိုယ့်ချစ်သူရယ်…
စသဖြင့် စသဖြင့် သော နှင်းပါတဲ့ မြန်မာသီချင်းလေးတွေ လွမ်းသလားမဝေရေ။
pooch
December 6, 2011 at 1:25 am
မဝေလည်း ဒီလိုကဗျာလေးတွေ ဖွဲ့တာကိုး လွမ်းစရာလေး လွမ်းတဲ့အချိန်မှာ ရာသီက အေးစက်ပြီး စိမ့်နေရင် ပိုပြီးလွမ်းမိတယ်.. အလိုလိုနေရင်း နဲ့ကို စိတ်ထဲမှာ နှုံးပြီး အားငယ်နေသလို ခံစားရတတ်တယ်
ဆောင်းမှာ မခေါ်ပဲရောက်လာ တဲ့ အလွမ်းတချို့ကို အမှတ်မထင် ခံစားမိခဲ့ဖူးတယ်….
နှလုံးသားထဲမှာ အေးစက်ပြီး ကျင်နေသလို တခါတခါ ခဲသွားသလားထင်မိတယ်…..
ကြည့်နေပေမဲ့လည်း ဘာမှ မမြင်ဘူး…
ပြောနေတာတွေလည်း တခုမှ မကြားရဘူး…..
စိတ်တွေက ဟိုးအဝေးကြီးမှာ မနက်ခင်း နှင်းမှုန်လေးတွေနဲ့ အတူ လွင့်နေသလိုမျိုး….
aye.kk
December 6, 2011 at 4:46 am
နေလာနှင်းပျောက်..
တစ်မိုးအောက်လျှင်..
ဆောင်းရောက်တဲ့ခါငိုချင်တယ်..။