လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ဝန်းရံခြင်း

kaiDecember 16, 20101min2051

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့ စနစ်ဆိုး တွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီ တင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်း ယိမ်းယိုင် မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွား လေ့ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက် ကို အခွင့်ကောင်းယူပြီး နိုင်ငံရေး အာဏာ၊ စီးပွားရေး ချုပ်ကိုင်ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ်လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော် လှန်သော လူတန်းစားတရပ်လဲ ပေါ်ထွက်လာ တတ်ပါတယ်။ ဒီတော်လှန်သော လူတန်း စားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့အ ကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလဲ ပေါ်ထွက်လာပါ တယ်။

ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အ များက ယုံကြည်သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်စင်မြင့်ပေါ်ကို တွန်း ထိုးတိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ် ထားခြင်းမရှိဘဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီ လိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကတော့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ကြီးက မွေးဖွားပေးလိုက်တဲ့၊ လူထုတိုက်ပွဲထဲမှာ ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ဝန်းရံပေး နိုင်မှုကလဲ အရေးပါတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒီလို ဝန်းရံပေးမှုလို့ ပြောတဲ့အခါ အ ချို့က ဒီခေါင်းဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက် တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာနေတာလို့ ယူဆတတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ်လှုပ်ရှား တက်ကြွသူတဦး အနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ဝင် ရောက်ဖို့ လွယ်ပေမယ့် မြေအောက်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ကတော့ မြေ အောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲ လိုင်း ပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။

ဒီလိုမဟုတ်ရင် မြေအောက် ယူဂျီကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံမက လူထုခေါင်း ဆောင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတ ကာ ကင်ပိန်းလှုပ်ရှားမှုတွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက်မှုတွေ ဟာ မြေအောက်ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ်မများပေမယ့်၊ လူထုခေါင်းဆောင်နဲ့ မြေပေါ်အဖွဲ့အစည်းတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျ ရောက်စေနိုင်ပါတယ်။ တာဝန်ယူမှုဟာ တာဝန်သိတတ်မှုနဲ့ ဒွန်တွဲနေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှုတွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှုတို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်းဆောင်ကို ဝန်းရံမှုဆို တာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာ၊ အနီးကပ်တွေ့ဆုံ ဆက်သွယ် တာတွေကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ် နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုးလေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန် ခွဲဝေမှု၊ တွေ့ဆုံမှုဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက် တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီ မိုကရေစီစနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အ ကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသားပြန်လည်သင့်မြတ်ရေး (ဝါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ ဆုံဆွေးနွေးအဖြေရှာရေး (ဝါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယဦးတည်ချက်က ဖွံ့ ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက် ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ် စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ကြရမှာပါ။ လူထုခေါင်း ဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်ထု စွမ်း အားတိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦး တည်ချက်တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်း ပြည်တခုအတွက် လိုအပ်နေတဲ့ ဦးတည်ချက်တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် လူထု ခေါင်းဆောင်နဲ့အတူ လက်တွဲပြီး ပြည်သူတရပ်လုံးက ဝိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်ပါ တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာတမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့ နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာကဏ္ဍကနေ ဝိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက် တွေ့ကျတဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေကို ကိုင်စွဲထားတဲ့ လူထုခေါင်းဆောင်ကို ဝန်းရံကြရာမှာလဲ လက်တွေ့ကျကျ ဝန်းရံနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီစနစ် ထွန်းကားရေး

ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်တခု ထွန်းကားလာဖို့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး (Democratization) ကို အကောင်အထည်ဖော် ကြရပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာ ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democrati zation) (သို့မဟုတ်) political liberalization အဆင့်ဖြစ်ပြီး၊ ဒုတိယအဆင့်က ဒီမိုက ရေစီစနစ် အမြစ်တွယ် ခိုင်မာလာအောင် တည်ဆောက်ခြင်း (Democratic consoled ateion) ဖြစ်ပါတယ်။

တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်ကျင့် သုံးဆဲ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ကျန်ရစ်နေဆဲပါ။ စစ်အုပ်စုတို့က ရွေး ကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကြွေးကြော် ခဲ့ပေမယ့် လက်တွေ့မှာ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) ကိုသာ ကျင်းပခဲ့တာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ပထမအဆင့်ကို ဖော်ဆောင်ခြင်း မဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင် အထည်ဖော်ဆောင်မှုသာ ဖြစ်သွားခဲ့ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်ကို စနစ်တကျ ဖော်ဆောင်ဖို့အတွက် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်း မှုကို ပထမအဆင့်အနေနဲ့ ဖြတ်သန်းပြီးမှ ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီစနစ် အမြစ် တွယ်ခိုင်မာလာအောင် တည်ဆောက်မှု ကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုတာ ထင် ရှားလာပါတယ်။ ဒီလိုကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ထွန်းလာရေးအတွက် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional governme nt)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံ တကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦး ဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူး ပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာလဲ လိုအပ်ချက် တရပ် ဖြစ်လာပါတယ်။

ဒီလို အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးအ တွက် လမ်းစဉ်တွေ၊ တွန်းအား (leverage) တွေ အများအပြား လိုအပ်ပါတယ်။ အညင် သာဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလို့ ကမ္ဘာက သတ်မှတ်ခဲ့ရတဲ့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာတောင် normative leverage နဲ့ coercive leverage တွေကို အတိုက်အခံတွေဘက်က သုံးစွဲခဲ့ရပါတယ်။ normative leverage ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအား တမျိုးတည်းနဲ့ မရပါဘူး။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်၊ လူထုတိုက်ပွဲလမ်းစဉ်တို့ ပေါင်းစပ်ပါဝင်တဲ့ mass rolling action ns တွေကို အသုံးပြုပြီး coercive leverage ဖြစ်ထွန်းလာအောင် ဖော်ဆောင်ရမှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ မြေပေါ်အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်ရောက်နေတဲ့ လူထု ခေါင်းဆောင်တွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း coercive leverage ကို အသုံးပြုနိုင်ဖို့က ခဲယဉ်းကောင်း ခဲ ယဉ်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ coercive leverage ကို အကောင်အထည် ဖော်ရမယ့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လူထုခေါင်းဆောင်ကို တိုက်ရိုက်ဝန်းရံပေး မှု မဟုတ်တဲ့ သွယ်ဝိုက်ဝန်းရံပေးမှုကို ပြုလုပ်တတ်ဖို့လိုပါတယ်။

နိုင်ငံတကာကြားဖြတ်အစိုးရကတော့ တရုတ်နဲ့ အနောက်အုပ်စုတွေအကြား တတိယ ကမ္ဘာစစ် မဖြစ်လာမချင်း ဖြစ်နိုင်ချေ မရှိပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာဗျူ ဟာအချက်အချာကျနေရာ ဖြစ်နေတဲ့ မြန်မာ့မြေပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုနှင့် ဝင်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) ဖြစ်လာခဲ့ရင်တောင် တရုတ်တပ်၊ အိန္ဒိယတပ်၊ ပြင်သစ်တပ်၊ အမေရိကန် တပ်၊ ယူကေတပ်ပေါင်းစုံ ဝင်လာပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အချက်အချာ ဒေသတွေ ကို လုကြရင်း ဖွတ်ဖွတ်ညက်ညက် ကြေသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ခဲ့ရင်လဲ ကိုးရီးယား လို proxy war ဖြစ်ပြီး၊ မြောက်မြန်မာနဲ့ တောင်မြန်မာ ကွဲထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Iraq Dilemma လို့ ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ အီရတ် ကို ဝင်လာသလို ဝင်လာပြီး ဒီမိုကရေစီရအောင် လုပ်ပေးတော့မယောင်ယောင် စိတ်ကူး ယဉ်အိပ်မက်တွေကို အမြစ်ကလှန်ပြီး ဖယ်ရှားပစ်ဖို့ မလွဲမသွေ လိုအပ်လှပါတယ်။

အတိုက်အခံ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရတို့ဟာ coercive leverage နဲ့ normative leverage ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးမပြုပဲ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တောင်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အာ ဏာရှင်ဦးဆောင်သော အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကနေတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာတောင် ၁၉၆ဝ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sharpeville Massacre၊ မင်ဒဲလားဖွဲ့စည်းခဲ့တဲ့ military wing ဖြစ်တဲ့ Umkhonto we Sizwe (in Zulu means “Spear of the Nation”) ၊ ၁၉၇၆ ခုနှစ် The Soweto uprising၊ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Mass Democratic Movement (MDM) စတဲ့ coercive leverage တွေက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးနေဆဲ ကာလမှာတောင် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ de Klerk တို့ဘက် က သဘောထား ပျော့ပျောင်းတဲ့ ရွေးချယ်မှုတွေကို ရွေးလာစေဖို့ တွန်းအားအနေနဲ့ လူ ထုတိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ပြီး coercive leverage ကို အသုံးပြုခဲ့ကြပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကား ရေးကို မြေပေါ်ပါတီအဖြစ် ရပ်တည်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု၊ မြေအောက်ယူဂျီလှုပ် ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး၊ လူထုတိုက်ပွဲဖော်ဆောင်မှု စတဲ့ မိမိတို့အားသန်ရာ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီး လက်တွေ့ကျကျ ဝန်းရံကြဖို့ လိုအပ်ပါ တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေးစတဲ့ ကဏ္ဍမျိုးစုံမှာ နှောင့်နှေးမှုတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေဆိုးတွေကို နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ကယ်တင်ရှင်ကသာ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ အမျိုးသားညီ ညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည် သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါ တယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံး ပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်တပ် အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီး တွေအထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲမှာ ကြိုးပမ်းမှု အဆင့်ဆင့်တွေ ကနေတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အုတ်မြစ် ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာအောင် ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ ဆိုတာက အသွင်ကူးပြောင်းကာလ ကြား ဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ် ထွက်လာရေးဟာ ဒီမိုကရေစီထွန်းကားရေးအတွက်သာမက အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက်ပါ အရေးကြီးပါတယ်။

လူထုခေါင်းဆောင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (ဝါ) အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ဝန်းရံပေးမှုမှာ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ ပေါ်ထွက် ရေး ကြိုးပမ်းမှုတွေအပြင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (transitional justice) ကို ဖော်ဆောင်နိုင်မှုအတွက် ကြိုတင်လေ့လာ ပြင်ဆင်ချက်တွေ၊ အမျိုးသားညီညွတ် ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင် (National Unity and Reconciliation Commission) အဆင့်ဆင့် ဖွဲ့စည်းရာမှာ လိုအပ်မယ့် လူ့စွမ်းအား အရင်းအမြစ်အတွက် capacity building လုပ်ဆောင်ချက်တွေ၊ ပဋိပက္ခနှောင်းပိုင်းကာလ အခြေအနေ (post- conflict situations) မှာ ကြုံရနိုင်တဲ့ အခက်အခဲ စတာတွေကို ကြိုတင်လေ့လာချက် တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်တွေအကြားမှာ ပြုလုပ်တဲ့ Highly Inclusive Dialogue ဆိုတာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်တခုပဲ ဖြစ်ပြီး၊ ပဋိပက္ခတွေရဲ့ ဂယက်တွေကို ခါးစီးခံခဲ့ကြရတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက် လက်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှာ နိုင်ငံရေး အကျဉ်းသား ဟောင်းများရဲ့ အခန်းကဏ္ဍ၊ တက်ကြွလှုပ်ရှားသူများရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ ဥပဒေဝန်ထမ်းများရဲ့ အခန်းကဏ္ဍ၊ ပညာရှင်များရဲ့ အခန်းကဏ္ဍ စပြီး လုပ် ငန်းဆောင်တာတွေ အများကြီး ရှိတာကြောင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လူထုအကြား မှာ ပညာပေးဖြန့်ဖြူးမှုတွေ ကြိုတင်ပြုလုပ်ထားဖို့လဲ လိုအပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ ့ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူ က အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မား လာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေ အားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက် ရေးဆိုတာမှာ ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။

ပထမအပိုင်းက ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး၊ ဒုတိယပိုင်းက လူသားတွေရဲ့ လိုအပ် ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေ ကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာခြင်း ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုး ရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ် ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ လူနဲ့တိရစာ္ဆန်ကို အသုံးပြု ထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာခြင်း၊ မြို့ပြလူနေမှု အ ဆောက်အအုံကို ရွှေ့ပြောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီ လိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုး စဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ် ချက်တွေကို စတင်စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှု တိုးတက် တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ပဲ တိုင်းတာလို့ မရဘဲ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့် ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုမှာ လူအများစုဟာ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းအားတွေ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိဖို့လိုအပ်ပါ တယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းပြီး လူသားတိုင်းမှာ တန်းတူညီ မျှမှုရှိရပါမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုရာမှာလဲ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာရေးအဆင့် အတန်းတွေလဲ တိုးတက်မြင့်မားပြီး အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေ ကင်း ဝေးတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရပါမယ်။ ဒီလို ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး၊ လူ သားများရဲ့ လိုအပ်ချက်အပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ထုစွမ်းအား တိုးတက်မြင့်မားရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတော်လုံခြုံရေး၊ စာပေ၊ ဂီတအနုပညာ၊ အမျိုးသမီးအရေး စတဲ့ ကဏ္ဍမျိုးစုံမှာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေ အများအပြားရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တနိုင်တပိုင် ကျွမ်းကျင်ရာ ဆောင်ရွက်ခြင်းအားဖြင့်လဲ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေး ဦးတည်ချက် တွေကို ဝန်းရံပေးရာ ရောက်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေလို့ လေ့လာတွေ့ရှိရတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ လက်တွေ့ကျကျ ကိုက်ညီတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဦးတည်ချက် တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တူညီသော ဘုံ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊ မတူညီသော်လည်း လိုအပ်သော လမ်းစဉ်များဖြင့် အားဖြည့်ခြင်း၊ တိုင်းနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ အသိဉာဏ်ဗဟုသုတ ဖြန့်ဝေ ပညာပေးခြင်း၊ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် လူထုခေါင်းဆောင်အား ဝန်းရံကြပါစို့ဟု ရေး သား တိုက်တွန်းအပ်ပါတယ်။

ခင်မမမျိုး

(၁၄၊ ၁၂၊ ၂ဝ၁ဝ)

(ချိုးလင်းပြာစာစောင်အတွက် ရေးသားပေးပို့ထားသော စာမူဖြစ်ပါသည်)

One comment

  • မင်းပြည့်ရှိန်

    June 21, 2011 at 3:14 pm

    လွန်စွာ ကျေးဇူးတင်ရှိပါသည်…သဂျီးမင်း

    တတ်ကျွမ်းနားလည်သော…
    အတွေ့အကြုံရင့်ကျက်သော..
    သဘောထား ပြည့်ဝသော ..မှန်ကန်သော..
    ရဲရင့်မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်သူ တို့၏
    အမှာစကားများများ ကြားရ ဖတ်ရမှသာလျှင်..
    လူငယ်များ အနေနဲ့ အသိကြွယ်ဝမှာပါ..
    ကျွန်တော်တို့လူငယ်ဆိုတာကလည်း..သိတဲ့အတိုင်း…မှန်တယ်လို့ယူဆတဲ့အတိုင်း…
    ပြုမူနေထိုင်လေ့ရှိတာကြောင့်…
    မှန်တာရှိသလို မှားတာလည်း..ရှိနိုင်ပါတယ်..
    ပိုနေတာတွေ ရှိသလို.. လိုနေတာတွေလည်း ရှိပါတယ်..

    ဓမ္မစကား နေ့တိုင်းကြားက
    စိတ်ထား ဖွေးလက် သိဉာဏ်ထက်၏ တဲ့လေ..

    ပညာရှိ…ပညာတတ်တွေရဲ့ စကား နေ့တိုင်းကြားရရင်လည်း..
    သိဉာဏ်ထက်ပါတယ်..

    သဂျီးမင်းခင်ဗျား..
    ကျေးဇွန်းတင်ပါသည်…

Leave a Reply