To Have immensity of knowledge အကြားအမြင်များခြင်း

weiweiJanuary 2, 20111min2368

ဗာဟုသစ္စဉ္စ
ဧတံမင်္ဂလ မုတ္တမံ …

ယခုခေတ်ကာလနဲ့ အလွန်ကိုက်ညီသော မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ဗဟုသုတ အကြား အမြင် များနိုင်လေ ကောင်းလေဖြစ်ပြီး ဗဟုသုတ ရှာဖွေစုဆောင်းဖို့ အခွင့်အလမ်းအများဆုံးရှိသော အချိန်ကာလလည်းဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် လက်လှမ်းမှီသလောက် စာအုပ်စာပေနဲ့ ရေဒီယိုကလွဲပြီး အပိုဗဟုသုတမရနိုင်ပေမယ့် အခုခေတ်မှာတော့ အင်တာနက်ခေတ်ကိုရောက်နေတော့ ဘာမဆို အလွယ်တကူ မြင်နိုင်ကြားနိုင်နေပါပြီ။ မြင်ဖို့ ကြားဖို့ မျက်စိကိုဖွင့် နားကိုစွင့်ထားရန်သာ လိုအပ်ပါသည်။

သို့ရာတွင် တစ်ခုတော့ သတိချပ်ရန် လိုအပ်ပါသည်။ စာရေးသူတစ်ယောက်က သူ့အမြင် သူ့အကြားကို သူ့အတွေးဖြင့် ရေးထားသည်များကို မျက်ကန်းစုံမှိတ်တော့ ယုံကြည်ရန် မသင့်လျှော်ပါ။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဗဟုသုတနဲ့ စဉ်းစားချင့်ချိန်ရန်လည်း လိုအပ်ပါသေးသည်။ စာနဲ့ လက်တွေ့ချင့်ချိန်ပြီး စဉ်းစားတတ်အောင် လက်တွေ့ပိုင်းလဲ ကွင်းဆင်းသင့်ပါသည်။
မှတ်မှတ်ရရ ဘုန်းကြီးတစ်ပါးနဲ့ သိကျွမ်းခွင့်ရခဲ့ဖူးပါသည်။ အဲဒီဘုန်းကြီးက အသက် ၆ဝ မှာ ပင်စင်ယူပြီးတာနဲ့ တစ်ခါထဲ သာသနာ့ဘောင်ထဲဝင်လိုက်တဲ့ ဆရာဝန်ကြီးတစ်ဦးဖြစ်ပါသည်။ အိမ်ကို ဆွမ်းခံကြွရင်း ကလေးတွေကို အလျှင်းသင့်သလို ဆုံးမဩဝါဒပေးလေ့ရှိသော ဘုန်းကြီးတစ်ပါးဖြစ်ပြီး ညနေအားလပ်ချိန်မှာ ဘုန်းကြီးကျောင်းထဲကိုခေါ်ပြီး ဝိနည်းနဲ့ ဂျပန်စာကိုလဲ အခမဲ့သင်ပေးခဲ့ပါသည်။ ၁ဝ တန်းဖြေထားပြီး အားနေချိန်မို့လို့ ဘုန်းကြီးရဲ့ တပည့်လုပ်ခဲ့ရဖူးပါသည်။ သူသင်ကြားခဲ့တာတွေက ဂျပန်စာ အရေး အဖတ် အပြော၊ ဒကာဒကာမတို့ သိအပ်သော သံဃာနဲ့သက်ဆိုင်သော ဝိနည်းအချို့၊ မင်္ဂလသုတ် မြန်မာပြန်နဲ့ အင်္ဂလိပ်ပြန် တို့ဖြစ်ပါသည်။ စာတွေကို မေ့သွားပြီဖြစ်သော်လည်း သူပြောခဲ့ဖူးတဲ့ အကြား အမြင်များအောင် ဗဟုသုတ ရှာဖွေနည်းလေးကို ယနေ့ထိကျင့်သုံးနေမိပါသေးသည်။

အဲဒီနည်းလေးက အလွန်ကောင်းပြီး အလွန်လဲ လွယ်ကူပါတယ်။ အိမ်နဲ့ ကျောင်းနဲ့ကနေ ဝေးနိုင်သမျှ ဝေးဝေး အပြင်ဘက်ကို မကြာခဏခရီးသွားဖို့နဲ့ အပြင်ရောက်တာနဲ့ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာမှတ်သားရမယ်လို့ ဆိုပါသည်။ နေ့စဉ် အလုပ်သွားဖို့အတွက် ရထားစီးချိန်၊ သင်္ဘောစီးချိန်၊ ကားစီးချိန်တွေမှာလဲ စာအုပ်ဖတ်ခြင်း၊ သိုးမွှေးထိုးခြင်း၊ ဂိမ်းကစားခြင်း စတဲ့ အချိန်ဖြုန်းတဲ့အလုပ်တွေကိုရှောင်ပြီး လူတွေကို လေ့လာသင့်ကြောင်း ပြောပါတယ်။ လူတွေရဲ့ ဘဝတွေကို လေ့လာတာဟာ စာအုပ်ဖတ်နေတာထက် ပိုပြီး အကျိုးရှိကြောင်း ရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကျွန်မက ဘုန်းကြီးစကားကို လိုက်နာခဲ့ပါတယ်။ သိပ်စပ်စုတာပဲလို့ သူငယ်ချင်းတွေက အပြစ်တင်ရလောက်တဲ့အထိ ပတ်ဝန်းကျင်ကို သတိထားပြီးလေ့လာပါတယ်။
ခရီးသွားလာခြင်းကိုလဲ အလေးထားခဲ့ပါတယ်။ တရားအားထုတ်တဲ့ ရိပ်သာက ဆရာတော်ပြောဖူးတဲ့ စကားတစ်ခွန်းကိုလဲ အမြဲအမှတ်ရမိပါတယ်။ အဲဒီစကားလေးကတော့ … “မရောက်ဖူးရင် မသိပါဘူးတဲ့” … ဆရာတော်ဆိုလိုတာကတော့ မဂ်ဖိုလ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီနေရာအထိ မရောက်ဖူးတဲ့သူကို ဘယ်လိုပဲ ရှင်းပြရှင်းပြ သူ့အနေနဲ့ ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ မြို့တစ်မြို့အကြောင်း ဘယ်လိုပဲ စာတွေဖတ်၊ ဓါတ်ပုံတွေကြည့်သော်လည်း တကယ်မရောက်ဖူးတော့ တကယ်မသိတာ သဘာဝပါပဲ။

တီဗီကနေ ဗုဒ္ဓဂါယာဘုရားဖူးအကြောင်း လာတာကိုကြည့်ခဲ့ဖူးတယ်။ အိမ်က ကြီးကြီးတို့ သွားပြီးပြန်လာတော့ အမျိုးမျိုး ရှင်းပြတာကို ကြားဖူးခဲ့ပေမယ့် တကယ်ရောက်သွားချိန်ကျမှ ဉာဏ်နဲ့ သိလိုက်သလိုသိလိုက်ရတော့ မရောက်ဖူးရင် မသိပါဘူးဆိုတာကို ပိုပြီးတော့ နားလည်မိခဲ့ပါတယ်။ ကိုယ်ရတဲ့အခွင့်အရေးထဲကနေ အသိပညာကို အများဆုံးရအောင်ယူဖို့ အမြဲကြိုးစားသင့်တယ်။ စာအုပ်ထဲမှာ အင်တာနက်ထဲမှာပဲနေတာကြာရင် အကြားအမြင်တွေ ပြည့်စုံမှာမဟုတ်ပါဘူး။ ရေကူးနည်းကို စာအုပ်ထဲမှာဖတ်ပြီး ရေကူးတတ်တယ်လို့ ထင်နေသလို ဖြစ်နေပါလိမ့်မယ်။

မည်သို့ပင်ဆိုစေ ကိုယ်ရနိုင်တဲ့ဘောင်အတွင်းနေ အကြား အမြင် များများရအောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သင့်ပါတယ်။ ဈေးထဲမှာ ဈေးသွားဝယ်ရင်းပဲဖြစ်ဖြစ်၊ ဘက်စ်ကားပေါ်မှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ်၊ ဗဟုသုတရှိသူနဲ့ စကားစမြည်ပြောရင်းနဲ့ပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်းပဲဖြစ်ဖြစ်၊ အင်တာနက် ချတ်တင်မှာပဲဖြစ်ဖြစ် ယူတတ်လျှင် အားလုံး ဗဟုသုတ အသိပညာများဖြစ်လို့ မမေ့မလျော့ မပေါ့မဆနဲ့ အကြားအမြင် များသထက်များအောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ် …

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ၂၀၁၁ ဖြစ်ပါစေ …

8 comments

  • weiwei

    January 2, 2011 at 8:31 am

    ရောက်တက်ရာရာတွေလျှောက်ရေးရင်းနဲ့ ရာပြည့်တောင် ဖြစ်သွားခဲ့ပြီ …
    ရွာသူရွာသူများ ကောင်းသောလိုရာဆန္ဒတွေပြည့်စုံကြပါစေ …

  • koyinmaung

    January 2, 2011 at 8:42 am

    ဗဟုသုတ ရပါတယ် အားပေးသွားပါတယ် ဒေါ်ဝေ တယောက်လဲ ( 2011 ) နှစ်မှာ ကျန်မာပျော်ရွှင်နိုင်ပါစေ စာတွေအများကြီးရေးနိုင်ပါစေဗျာ…

  • naywoonni

    January 2, 2011 at 10:23 am

    အကြားအမြင်များခြင်းဟာ ကြီးပွားချမ်းသာခြင်း အကြာင်းတစ်ရပ် ဖြစ်ပါတယ် ဂဇက်တက် ရွာသူ ရွာသားများ အကြားအမြင်များစေသော်ဝ်……………………

  • bigcat

    January 2, 2011 at 6:07 pm

    ကိုကြောင်လည်း အကြားအမြင်ပေါက်တယ်။ သိချင်ရင် ဆန်တပြည်နဲ့ငွေတမတ်ပေး။

  • weiwei

    January 2, 2011 at 6:28 pm

    ဆန်တစ်ပြည်ပေးနိုင်ပေမယ့် ငွေတမတ်တော့ ပေးစရာမရှိပါ .. 😛

  • kai

    January 2, 2011 at 10:23 pm

    What about ကွမ်းတရာ ရေတမှုတ် ?

  • maungmoenyo

    January 3, 2011 at 2:38 am

    လူတိုင်း”အသိ” ရှိကြပေမဲ့…”သတိ”ရှိကြဘို့တော့ခက်သားကလား…။ မဝေဝေပြောတဲ့ ရောက်ဖူးမှသိသလို..ထိမှနာ…သွားမှသိ ဆိုတာတရားသဘောနဲ့ယှဉ်ရင်…သတိရှိကြဘို့လို့ အဓိပ္ပါယ် ချုပ်ပါလိမ့်မယ်ထင်ပါတယ်။
    ဘာမဆိုသတိလက်မလွတ်ကြဘို့က
    ပြောရတာလွယ်သလောက်
    လက်တွေ့လိုက်နာဘို့က
    အခက်ခဲဆုံးပါဘဲ။

  • ဆူး

    January 8, 2011 at 4:24 pm

    သတိ လက်လွတ် နေတဲ့ အချိန်တွေက တကယ် များနေပြီ။ သတိ အမြဲသာ ရှိနေမယ် ဆို.. အခု ချိန် ဒီမှာ စာမရေးတော့ဘူး ဈန် အဘိဉာဉ်နဲ့ ကောင်းကင် ခရီး အခြေဆန့် နေမလားဘဲ။ သတိ မရှိတော့ အမှား ဖြစ်ပြီး အကုသိုလ်တွေ လုပ်မိ.. ဒါနဲ့ သံသရာကြီး လည်နေတာပါဘဲ။ ဆုံးကို မဆုံးနိုင်ဘူး။ ဖြတ်ဖို့လည်း မကြိုးစားကြဘူး ဖြတ်ချင်တယ် သာ တဖွဖွ ပြောနေတာ။ သတိ သတိ.. အသိ နဲ့ မပေါင်း စပ်တော့လည်း ခက်သားလား

Leave a Reply