စာသင်ခန်းက ရှေ့လမ်းမနှင့်

thatoeJanuary 13, 20111min1200
နွေရိပ်စွန်းစ နေ့လည်ခင်း

*စာသင်ခန်းက ရှေ့လမ်းမနှင့် နီးကပ်လွန်းလှသည်။ အလွန်ဆုံး ရှိလှမှ တစ်ဆယ့်လေး၊ ငါးပေထက် မပိုနိုင်။ *ဒါပေမယ့် လက်လုပ်လက်စား အများစုတို့ မှီတင်းနေထိုင်ကြသော မြို့ငယ်စွန်ဖျား ရပ်ကွက်ကလေး။ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်ကြရသော ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ သားသမီး အများစုတို့ အဟန့်မရှိ၊ လွယ်လင့်တကူ ဝင်ချည်ထွက်ချည် ပျားပမ်းခပ်နိုင်ကြသည်။ အပြေးအလွှား ရောက်လာ ပညာသင်ယူနိုင်ပြီး နီးနီးနားနား လမ်းလျှောက်ပြန်လို့ အဆင်ပြေသည်။ *ရဲရဲတင်းတင်းဝင်ထွက်ကာ ရွံ့ရှိန်၊ ရှက်လန့်ရခြင်းကင်းစွာ စာသင်ခန်းထဲမှာ ဝင်ဆန့်နေပျော်ရဲစေခြင်းက ဟိန်းမားသော “ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း´´ ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းထက် အကျိုးများ တာသွားစေပါသည်။ *စာသင်ခန်းက ကျဉ်းသယောင် ထင်ရသော်လည်း ကျောင်းသား၊ ကျောင်းသူတွေကတော့ ဘေးချင်းကပ်၊ ပခုံးချင်းချိတ်လျက် တွန်းတွန်းတိုးတိုး မြူးပြရွှင်သွက်နေကြလေ့မြဲသာ။ *ခုတော့ ဒုတိယနှစ်ဝက် စာမေးပွဲကြီးတောင် နီးကပ်လှပေါ့။ ရာသီဥတုကလည်း ဆောင်းနှင်းမမည်၊ နွေမပီပြင်သေးသော စပ်ကူးမတ်ကူးအချိန်မို့ စနေ၊ တနင်္ဂနွေလို နေ့လည်ခင်းစာသင်ချိန်များတွင်တော့ သူတို့တတွေ နွမ်းနေကြသည်။ တချို့က ငုတ်တုတ်ငိုက်နေတတ်သေးသည်မို့ ကြိမ်းမောင်းရတာလည်း ခဏ…ခဏ။ ရှင်းလင်းသင်ပြရင်း သင်ခန်းတွေကြားမှာ ရယ်စရာ၊ မောစရာ ဟာသလေးတွေ ရှာကြံဖန်တီး၊ ယက်ဖောက်ပြောပြရတာလည်း `ကျူရှင်ဆရာမောင်ရွှေရိုး´ ဟု နာမည်ပြောင်းရလောက် ထင့်။ “ကလင်…ကလင်…´´ *နွေနေ့လည်ခင်းတွေတု်ိင်းကြားရလေ့မြဲဖြစ်သော ရေခဲထုပ်သည်၏ ခေါင်းလောင်းသံကို ဘယ်သူမှ သိသိမှတ်မှတ် မရှိခဲ့ကြပေ။ “ကလင်…ကလင်…´´ *ခေါင်းလောင်းသံက တဖြည်းဖြည်း ဝေးလှမ်းမသွားခဲ့ပဲ စာသင်ခန်းနှင့် အနီးတဝိုက်မှာပဲ အစုန်အဆန်၊ တရစ်ဝဲဝဲ ရှိနေတော့တာ သေချာလာခဲ့လျှင်တော့ ဆရာရော၊ ကျောင်းသားတွေပါ ရယ်ဟဟ၊ ပြုံးစစပြုကာ လည်ပြန်ငေးမိတော့ပြီ။ *စာသင်ခန်းထဲရှိ ကလေးတွေအားလုံး သူ့ခေါင်းလောင်းသံနောက် စိတ်ဝင်တစားရှိနေကြတာ ရိပ်မိနားလည်သွားရပြီမို့ သူ့ ဈေးခေါ်ပရိုမိုးရှင်း အောင်းမြင်လုပြီဟု ယုံကြည်သွားလေပြီ။ စာသင်ခန်းနှင့် မနီးမဝေး၊ လမ်းမနံဘေးရှိ သစ်ပင်ရိပ်မှာ အမောဖြေ၊ ချွေးသုတ်ရင်း ဆိုင်ခင်းပါတော့သည်။ *စာသင်ခန်းထဲရှိ တချို့သောကျောင်းသားတွေကလည်း သူ့ရေခဲထုပ်ကို စိတ်ဝင်တစား သွေးတောင်းနေပါပြီ။ ရာသီဥတုကလည်း ပူလောင်လောင်၊ အိုက်စပ်စပ် နေ့လည်ခင်းကြီးလေ…။ *တကယ်တော့ ဆရာကလည်း သူ့ကျောင်းသားတွေကို ချက်ချင်း အတန်းလွှတ်ပေးချင်စိတ် ပေါက်လာနေပါပြီ။ *ရေခဲထုပ်သည်ကြီးခမျာ သည်ကျောင်းသား၊ကျောင်းသူ တအုပ်တမကြီးကို ဈေးရောင်းချင် ရှာမှာပဲ။ သည်အုပ်စုနှင့် အရောင်းအဝယ်ဖြစ်လျင် သူ…ဒီနေ့အဖို့ အစောကြီး အိမ်ပြန်နားနိုင်ပြီ။ *လက်မှ နာရီဆီ အမှတ်မထင် အကြည့်ရောက်သွားသေးသည်။ ဟင်…စာသင်ချိန်ကဖြင့် တဝက်တောက်မှ မကျိုးသေးဘူး။ *အကင်းပါးသော ကျောင်းသားတချို့က ဆရာ့သဘောအထာကို နားလည်နေဟန်ဖြင့် သူတို့ဆရာနှုတ်မှ အသာတကြည် ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနားစွင့်နေကာ အပြင်သု်ိ့ ပြေးထွက်ဖို့ ဖင်တကြွကြွ တာစူလျှက်…။ *ရေခဲထုပ်ဆရာကြီးကလည်း ဝီရိယ ကောင်းလွန်းလှတယ်။ အတန်းလွှတ်ဖို့က နောက်ထပ် တစ်နာရီလောက် စောင့်ရဦးမှာဗျ။ *နံရံကပ်နာရီဆီ လက်ညိုးညွှန်လျှက် သူတို့ရဲ့ဆရာက ခေါင်းတစ်ချက် ဆတ်ခါလိုက်လျှင်တော့ ကလေးတွေ မျက်နှာကိုယ်စီ ရှုံ့မဲ့သွားကြလျှက် သင်နေလက်စ သင်ခန်းစာဆီ အာရုံပြောင်းလိုက်ကြပါသည်။ “ကင်…ကလင်…ကလင်…´´ *အသံက အပြင်က လွင့်လာတာ မဟုတ်ပါ။ လူကသာ စာသင်နေတာ။ ဆရာ့အာရုံက ကလင်..ကလင်..ခေါင်းလောင်းသံမှာပဲ အာရုံဖြတ်မရနိုင်တော့တာမို့ ထင်မှားကြားယောင် နေမိတော့တာဖြစ်သည်။ *ကျွန်တော့်ကလေးတွေကို အတန်းလွှတ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ရေခဲထုပ်သည်ကြီးရယ်။ နောက်ထပ်… လေးဆယ့်ငါးမိနစ်လောက် စိတ်ရှည်၊သီးခံပြီး စောင့်ဆိုင်းနေလိုက်ပါဦးနော်။ *ဒါပေမယ့် ပျောက်သွားပြီဟုထင်ရသော ခေါင်းလောင်းသံအစား ရေခဲထုပ်ကြီး၏ နှုတ်မှ သံစဉ် ဗလုံးဗထွေးတချို့ ကျယ်ကျယ်လောင်လောင်၊ လွင့်ပျံလို့ လာပြန်ပြီ။ *နိမ့်မြင့်တက်ကျ ကြားနေရသည်မို့သာ တေးသီချင်းဟု ထင်ရတာ။ စားသားတွေက မည်သည့်ဘာသာစကားဟု ခန့်မှန်းဖို့တောင် မလွယ်။ နှုတ်မှ အသံတချို့ကို ကြုံသလို ထွေးထုပ်နေသလိုပင်။ အမယ်…ရေခဲပုံးကိုတောင် တဘတ်ဘတ်ရိုက်ကာ စည်းဝါးတိုင်ပင် လိုက်နေပြန်သေးတော့။ *သူတို့ဆရာ၏ အမူအရာ ပျော့ပြောင်းနေပုံကို ရိပ်မိနားလည်နေသော နောက်ဆုံးစာသင်ခုံတန်းမှ နှစ်ချို့ကျောင်းသားတချို့က စတင်ကာ ရယ်မောလိုက်ကြသည်။ နောက်တော့ စာသင်ခန်း တစ်ခုလုံး တီးတိုးရယ်မောသံတွေ လွှမ်းသွားတော့သည်။ ”ဟေး….´´ *ဆရာက ရုပ်တည်နှင့် ဟန့်လိုက်တော့မှ မျက်နှာပိုးသတ်လိုက်ကြသည်။ ဒါပေမယ့် ဆရာ့ အလစ်စောင့်ကာ လမ်းမဘက်ဆီ ခိုးကြည့် ရယ်မောနေကြတုန်း။ *ဆရာ ကျွဲမြီးတိုစပြုပြီ။ ဒီမှာ စာသင်နေတာ သိသိကြီးနှင့် ခုလို ပြုမူနှောင့်ယှက်ရဲလောက်အောင် အတင့်ရဲလှချည်လား…။ ဒီလူ…နေ့လည်ကြောင်တောင် မူးလာသလား…။ *စာသင်ခန်း ပြူတင်းမှနေ၍ ခါးထောက်လျှက် ခပ်တည်တည် လှမ်းအကဲခပ်လိုက်သည်။ ပုဂ္ဂိုလ်ကတော့ စာသင်ခန်းကို ဘေးတိုက်အနေအထားပြုလျှက် နှုတ်ရော၊ လက်ပါ ရပ်တန့်မနား။ တခါ..တစ်ခါ စာသင်ခန်းဆီ လှစ်ခနဲ မျက်ဝန်းထောင့်ကပ်လျှက် ခိုးကြည့်လာသေးသည် ထင်၏။ *ခပ်စောစောက စိတ်မှာ အရိပ်ထင်ခဲ့သော ရောင်းရပါစေ စေတနာတွေ ကြက်ပျောက်၊ ငှက်ပျောက် လွင့်ပျောက်ကုန်ပြီ။ တနုံ့နုံ့ တရိပ်ရိပ် ဒေါသအလိမ့်လိမ့်ဖြင့် စာသင်ခန်းထဲက ဒေါင်းတလီ၊ မောင်းတလီ ထွက်လာခဲ့လိုက်တော့သည်။ *ကိုရွှေရေခဲက သူ့ထံ ဆရာလှမ်းလာနေတာ လှမ်းတွေ့ကတည်းက သီးချင်းဆိုညည်းခြင်းကို တိခနဲရပ်ကာ ရို့ရို့ကလေးထရပ်လျှက် လက်နှစ်ဖက်ကိုပင် နောက်ပစ်ထားလိုက်သေးသည်။ မှေးရီရီမျက်လုံးများကို အသိမ်မွေ့ဆုံးပြုံးထားကာ… “ဟဲ…ကျောင်းလွှတ်ချိန်ကလေးကို စောင့်ရောင်းချင်လို့ပါ ဆရာ ´´ *ဒေါသသံမပါဝင်သော်လည်း တင်းတင်းစည်းစည်းဖြစ်စေမည့် စကားလုံးတွေ စိတ်မှာရွေးစီလျှက် ဆရာ့ခမျာ တစ်ကိုယ်တည်း မနိုင်မနင်းဖြစ်နေရှာတုန်း…။ သူ့ထံမှ ချွေးနံ့ရောသော အယ်လ်ကိုဟောအနံ့က စူးပြဲ့ပြဲ့။ ဆရာက မျက်နှာ လွှဲဖယ်လိုက်သော်လည်း မနှစ်မြို့သော အရိပ်အငွေ့ကို သူ… နားလည်သွားဟန် တူပါသည်။ “ဒီနေ့ ဈေးရောင်း မကောင်းလွန်းလို့ပါဆရာရယ်။ ဘယ်လိုဖြစ်နေမှန်းတောင် မသိဘူး..။ စိတ်ညစ်ညစ်ရှိတာနဲ့ သီချင်းအော်ဆိုနေမိတာ…။ ´´ “ခင်ဗျား မူးနေလား…´´ “ခင်ဗျာ…။ အဲ…´´ *ထိန်းထားသည့်ကြားမှ လွှတ်ခနဲ ထွက်အံကျသွားသည်။ “ဟင့်အင်း…။ အဲ..ဟို…ဒီမနက် စထွက်လာကတည်းကပါ ဆရာ။ အိပ်ယာထကတည်းက ကိုယ်တွေလက်တွေ ကိုက်ခဲပြီး ဖျားချင်သလိုလို..ချမ်းစိမ့်စိမ့်ကြီး ဖြစ်လာလို့…။ အဲဒါ..ဈေးရောင်းမထွက်လို့လည်း မဖြစ်တော့ ဆေးမြီးတိုနဲ့ လက်ပူတိုက်ပြီး ထွက်လာခဲ့တာ..ဟဲ….ဟဲ…´´ “ခင်ဗျား ဒီက အတန်းလွှတ်ချိန်ထိ စောင့်နေရင် နောက်ထပ် တစ်နာရီလောက်တော့ ကြာဦးမှာ´´ *ဆရာ့စကားက မဆိုစလောက်မုသားလွှမ်းလျှက်…။ သူကတော့ …. “ခင်ဗျာ…´´ *ဖျတ်ခနဲ မျက်နှာပျက်သွားကာ သူ့ရေခဲပုံးကို ဆတ်ခနဲ ယောင်မှားဖွင့်လိုက်သေးသည်။ “ကျွန်တော်က အဲလောက်စောင့်ရဦးမယ် မထင်မိဘူး။ ဒီဘက်တွေလည်း တစ်ခါမှ မရောက်ဖူးသေးဘူးလေ။ ခါတိုင်းက ဟိုးဘက်ခြမ်းမှာပဲ အဆင်ပြေနေတာကိုး..။ ဒီနေ့တော့ လက်ကျန်များနေတာနဲ့ အိမ်တစ်အိမ်က ညွှန်လိုက်လို့ ရောက်လာတာ။ အဲလိုမှန်းသိရင် စောင့်မနေပါဘူးဗျာ…´´ *တဖျစ်တောက်တောက် တစ်ကိုယ်တည်း ညည်တွားရေရွတ်နေရင်း သူ့ ချည်ဦးထုပ် နွမ်းညစ်ညစ်ကို ကောက်ဆောင်းလိုက်သည်။ ဖင်ခုထိုင်ထားသော ရာဘာဘိနပ်ပါး နောက်မြီးတိုကလေးကို အလျင်စလို ကောက်စီးလိုက်သည်။ ရေခဲပုံးကလေးကို ကတိုက်ကရိုက်ဖြင့် ကောက်လွယ်မည့်ဟန်ပြင်နေပြီ။ “အီး…စောင့်နေလို့ဖြစ်တော့ပါဘူးဆရာရယ်။ အချိန်မီကလေး ပြေးဦးမှ..။ ဆရာ့အတန်းလွှတ်ချိန်ထိ စောင့်ရောင်းနေရင် ကျွန်တော့်ကိစ္စတွေ အရည်ပျော်နေလောက်ပြီ´´ *ပြောပြောပြေးပြေး ပြုတော့မည့်ဟန်ကြောင့်… “နေပါဦးဗျ´´ *ဆရာနှုတ်က အလျှင်စလို ဟန့်တားလိုက်မိတော့သည်။ “အဲလို အရည်ပျော်သွားရင် လက်ကားသမားဆီ ပြန်သွင်းလို့ မရဘူးလား´´ *သည်တစ်ကြိမ် စိတ်အနှောင့်အယှက်ဖြစ်သွားရသူက ရေခဲထုပ်သည်ကြီးပဲ ဖြစ်လိမ့်မည်။ ဈေးရောင်းမကုန်လို့ စိတ်မော၊ လူမောရတဲ့ ကြားထဲ ဒီဆရာ စပ်စပ်စုစု…။ “အရင် ယူရောင်းဖူးတဲ့ ဒိုင်ကတော့ ရတယ် ဆရာရဲ့။ ခု..ဒိုင်ပြောင်းယူလိုက်တာ။ သူက ကော်မရှင်ခ ပိုပေးတယ်။ ရောင်းမကုန်တာ လက်မခံဘူး။ ကျွန်တော်ကတော့ နေ့တိုင်းရောင်းကုန်ပါတယ်။ ကုန်အောင်လည်း လျှောက်ရတာပေါ့ဗျာ။ ရောင်းအားလျော့ရင် အမြတ်လျော့။ အမြတ်လျော့တော့ ပါးစပ်ခြောက်တာပေါ့…´´ *ဆရာထံမှ ပြောစရာစကားလုံးတွေ ပျောက်ဆုံးနေဆဲ.. “ဒီလိုပဲ ဆရာရေ့ ။ ကျွန်တော်ကတော့ စားစရာမရှိရင်၊ မတွေးတတ်၊ မကြံတတ်တော့အောင် စိတ်ညစ်လာရင် ခုလိုပဲ..။ သီချင်းတွေ အော်ဆိုနေလိုက်တာပဲ…။အိ်မ်မှာဆို မိန်းမက ဆန်မရှိတော့ဘူးဆိုလည်း ကျွန်တော်ကတော့ သီချင်းအော်ဆိုနေလိုက်တာပဲ။ ဘာလိုပြန်ပြီပြောလာလည်း သီချင်းဆိုပြလိုက်တာပဲ… ….အိမ်က ကလေးတွေလည်း ညဉ်ကောင်းကြသားဗျ။ ကျွန်တော့်အကြောင်းသိနေတော့ သူတို့အဖေ သီချင်းသံကြားရင် ဘာတစ်ခုမှ မပူဆာကြတော့ဘူး။ ဗိုက်ဆာလို့လည်း ငိုမတောင်းဘူး။ မနေနိုင်တဲ့အဆုံး အဖေနဲ့ သီချင်းသံပြိုင် လိုက်ဆိုနေကြတာပဲ…´´ *စာသင်ခန်းအတွင်းမှ လှမ်းငေး၊ အကဲခတ်နေကြသော ကျောင်းသားကြီးတစ်ယောက်က ဆရာလက်လှမ်းအပြမှာ ချက်ချင်းအနားသု်ိ့ ပြေးရောက်လာပါသည်။ “လူစေ့အောင်ဝေပေးလိုက်။ တစ်ယောက်မှ နေရာက မထစေနဲ့ ။ မင်းကိုယ်တိုင် တစ်ယောက်ချင်းလိုက်ဝေ ပေးလိုက်´´ *ရေခဲထုပ်ဆရာကြီးကတော့ ဝမ်းသာအားရဖြင့် ပုံးနံဘေးအပေါက်မှ ရေတွေကို ဖေါက်ထုတ်နေပါသည်။ “ဝှူး..ခုမှပဲ ရင်ထဲမှာ ခုနေတဲ့ ခဲလုံကြီး ပြုတ်ကျသွားသလိုပဲ။ စိတ်ရော၊ လူရော..ပေါ့သွားတာပဲ။ ဝမ်းသာလိုက်တာ ဆရာရယ်။ အဲ..ကျေးဇူးပါ ဆရာရယ်..´´ *ဆရာက မျက်ခုံးနှစ်ဘက် ညို့ပြုံးပြုလျက်… “နောက်…စနေ၊ တနင်္ဂနွေတိုင်း ကျောင်းဆင်းချိန်မှ လာ။ အဲ..ခင်ဗျားရေခဲတွေ အရည်မပျော်အောင်လည်း ဂရုစိုက်လိုက်ပါဦး´´ *ရေခဲထုပ်ဝေနေရာ စာသင်ခန်းအတွင်းမှ ဟေးခနဲ ဝမ်းမြောက်အူးမြူးသံတွေ ခပ်အုပ်အုပ် ဟိန်းညံလွင့်ပျံလာသည်။ ။ သတိုး