ကောလိပ်ကျောင်းသား မီးရှို့သတ်သေရာမှ စတဲ့ ဆန္ဒပြမှု သမ္မတ ထွက်ပြေး
၁၉၈ရ ခုနှစ်ကတည်းက တူနီရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အသက် ၇၄ နှစ်ရှိ သမ္မတ Zine El Abidine Ben Ali မှာ ကျောင်းသားများဦးဆောင်တဲ့ ထောင်သောင်းများစွာ သော လူထုဆန္ဒပြမှုကြောင့် တိုင်းပြည်မှ ထွက်ပြေးသွား
ကြောင်း လက်ရှိကြားဖြတ်အစိုးရ တာဝန်ယူလိုက်သူ ဝန်ကြီးချုပ်က သောကြာနေ့ည အစိုးရရုပ်သံတီဗွီမှ ကြေငြာလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တူနီရှားသမ္မတ ထွက်ပြေးတာ မှန်ကန်ကြောင်း အတည်ပြုပြီး၊ မည်သည့်နေရာ ပြေးလဲ မသိသေးကြောင်း ပြောဆိုသည်။ CNN သတင်းဌာနကတော့ သမ္မတ ဘန်အလီ ရဲ့ လေယာဉ်မှာ ပြင်သစ်နိုင်ငံကို ဦးတည်သွားကြောင်း၊ တူနီရှားလူထုရဲ့ ရဲစွမ်းသတ္တိကြောင့် သမ္မတထွက်ရပြေးရတဲ့ လတ်တလောဖြစ်ရပ်ကို ကြည့်ပြီး အခြားအာရပ်ကမ္ဘာရှိ အာဏာရှင်များလည်း စိုးထိတ်နေကြကြောင်း၊ အထူးသဖြင့် လက်ရှိ အလုပ်လက်မဲ့ဆန္ဒပြမှုများ တပြိုင်ထဲ ဖြစ်ပွားနေတဲ့ ဂျော်ဒန်နိုင်ငံဖြစ်ကြောင်း ကြေငြာခဲ့သည်။
ယာယီကြားဖြတ်အစိုးရတာဝန် ယူလိုက်သူ ဝန်ကြီးချုပ် မိုဟာမက် ဂန်နောချီ က “သမ္မတ ဘန်အလီ က သူ့ တာဝန်တွေကို ဆက်လက် မထမ်းဆောင်နိုင်ဘဲ ထွက်ပြေး သွားတဲ့အတွက်၊ အခြေခံဥပဒေ အပိုဒ် ၅၆ အရ တူနီရှား သမ္မတနိင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ကျနော်က ခေတ္တလွှဲပြောင်း ယူထားပါမယ်။ တူနီရှားရဲ့ သားသမီးများကို တောင်းဆိုချင်တာက တိုင်းပြည် လုံခြုံရေးနဲ့ တည်ငြိမ်ရေး ပြန်ထိန်းသိမ်းဖို့အတွက် ညီညွတ်မှုနဲ့ မျိုးချစ်စိတ်တွေ ပြသပေးဖို့ပါပဲ” ဟု အစိုးရ ရုပ်သံကနေ ကြေငြာခဲ့သည်။
နေ့စဉ်ရက်ဆက် ဆန္ဒပြသူတွေက ဘန်အလီအစိုးရလက်အောက်တွင် အဖက်ဖက်မှ ဆင်းရဲစုတ်ပြတ်နေမှုများ၊ ခြစားမှု များကို ရှုတ်ချခဲ့ကြပြီး၊ သမ္မတ နှုတ်ထွက်ဖို့ ဖိအားပေးခဲ့ကြသည်။ ဘန်အလီက သောကြာနေ့ မနက်ပိုင်းတွင် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး၊ နိုင်ငံ့အရေးပေါ် အခြေအနေကို ကြေငြာခဲ့သည်။ ခြောက်လအတွင်း ပါလီမန် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုပြီးနောက် ဆန္ဒပြသူများအား ဖြိုခွင်းဖို့ ပြည်ထဲရေးဝန်ကြီးအား အမိန့် ပေးခဲ့သည်။
သောကြာနေ့ တူးနစ်မြို့တော်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လုံခြုံရေးများမှ တုတ်ဖြင့် ရိုက်နှက်မှုများ၊ မျက်ရည်ယို ဗုံးများနဲ့ ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး၊ ညနေ ၅နာရီမှ ယနေ့မနက် ရနာရီအထိ လမ်းပေါ်ထွက်ခွင့်မပေးဘဲ၊ လေဆိပ်ကို ပိတ်ထားခဲ့သည်။
တူနီရှားနိုင်ငံမှာ ဘန်အလီ လက်ထက်တွင် အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မူဝါဒကို ထောက်ခံပြီး အနောက် လိုလားတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တူနီရှား ပညာရေးအဆင့်အတန်းမှာ အရှေ့အလယ်ပိုင်း တွင် မြင့်မားမှုရှိပြီး၊ ပြင်သစ်နှင့် နီးကပ်သောကြောင့် ၎င်းယဉ်ကျေးမှုနှင့် ဆက်နွယ်လျက် ရှိသည်။ အခြားအရှေ့အလယ်ပိုင်း အစ္စလမ်နိုင်ငံများနဲ့မတူဘဲ အမျိုးသမီးများ ခေါင်းဆောင်းမပါဘဲ သွားခွင့် ပေးထားတဲ့ နိုင်ငံဖြစ်သည်။
မကြာခင်က ဝီကီလိခ်မှ ဖွင့်ချတဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကေဘယ်များတွင် တူနီရှား အစိုးရရဲ့ ဆွေမျိုးကောင်းစားရေးလုပ်ဆောင်မှု အရမ်းကြီးနေကြောင်း ဖော်ပြခဲ့သည်။ ၂၀၀၉ တွင် သမ္မတဘန်အလီရဲ့ သားမက်တော်သူ မိုဟာမက် ဆာခါ က အမေရိကန်သံအမတ်ကို ညစာကျွေးရာ အိုက်စကရင်နှင့် ကော်ဖီကိတ်မုန့်ကို ပြင်သစ်ကမ်းခြေမြို့ Sait Tropez မှ လေယာဉ်ဖြင့် သူ့ရှေ့တွင် ချက်ချင်းလှမ်းမှာကြောင်း သံအမတ်က အစီရင်ခံထားသည်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတွင် အလုပ်လက်မဲ့ ဘွဲ့ရပြီးစ ကောလိပ်ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ရဲက သိမ်းလိုက်ပြီးနောက်၊ ထိုကျောင်းသားလေးမှ သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက ဆန္ဒပြမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ခြစားမှု တိုက်ဖျက်ရေး၊ အလုပ်လက်မဲ့ ဖြေရှင်းရေးနဲ့ လူ့အခွင့်အရေးများကိုပါ တောင်းဆိုလာပြီး တူနီရှားတွင် လူထုဆန္ဒပြလှိုင်းလုံး ကြီး ဖြစ်ခဲ့သည်။
တူနီရှားတွင် တက္ကသိုလ်ကောလိပ်ဘွဲ့ရများမှာ အလုပ် လက်မဲ့များ ဖြစ်နေသည်။ ဆန္ဒပြပွဲကို ကျောင်းသား ၄ဝ ဦးမှ ဦးဆောင်ခဲ့ပြီး၊ တက္ကသိုလ် ဆရာများမှ ကျောင်း သား အများအပြား ပါဝင်ဖို့ တွန်းပေးခဲ့ကြသည်။ သေဆုံးသူ ၂၁ ဦးရှိပြီး ဒဏ်ရာရာသူ အများအပြားရှိခဲ့သည်။
သတင်း CNN & The News York Time
မူရင်းကို မောက္ခ နိုင်ငံတကာသတင်း မှာ သွား ရောက်ဖတ်ရှူနိုင်ပါတယ်
10 comments
zawana
January 15, 2011 at 5:46 am
သိပ် အားရဖို့ ကောင်းတာပါပဲဗျာ ….
ယောလေး
January 15, 2011 at 5:54 am
အားရတယ်ဗျာ..သူများနို်င်ငံကို…
cobra
January 15, 2011 at 5:55 am
ကျွန်တော်တို့လည်းညီညွတ်စွာစည်းလုံးကြဖို ့အချိန်တန်နေပါပီ။
char too lan
January 15, 2011 at 6:12 am
အဲ့ဒါချို အနော်ဘယ်တူ ့ကို မီးချို ့လိုက်ရမလဲဂျ 🙂
cherrywine
January 15, 2011 at 7:41 am
ချာတူးရယ် စံပြဖြစ်သွားအောင် .. ကိုယ့်ကိုကိုယ်အရင်လုပ်ပြလိုက်လေ 😛
zaw min
January 16, 2011 at 8:45 am
ကျွန်တော်တိုဆီမှာလည်း ဟိုတလောက ရွှေတိဂုံဘုရားပေါ်မှာ ထိုကဲ့သို့ မိမိကိုယ်ကို မီးရိူ့ပြီး ဆန္ဒပြခဲ့ပါသေးတယ်။ဒါပေမယ့် ဘာမှဖြစ်မလာခဲ့ဘူးလေ။
အဓိက ကအားလုံးစုပေါင်းညီညာပြီး ဆန္ဒထုတ်ဖေါ်မှဖြစ်မှာပါ။တစ်ဦးတစ်ယောက်ထဲနဲ့ ဘယ်လိုမှမစွမ်းနိုင်ပါဘူး၊ကျွန်တော်တို့ဆီမှာ တစ်ကိုယ်တော်ဆန္ဒပြမူတွေ အများကြီးရှိခဲ့ပြီးပါပြီ။အားကြရုံ၊အားရယုံနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူး။စုပေါင်းညီညာမှ အောင်ကြောင်းဖြာနိုင်မှာပါ။
ကြယ်လေး
January 16, 2011 at 8:54 am
အင်း အဓိ က က တော့ ကိုယ့် ကိုယ် ကိုယ် ပြန် မေး ရ မယ် ငါ ဘာလုပ်သင့်လဲလို့
nyimalay
January 16, 2011 at 1:52 pm
ကြိုက်တယ်ကွာ ဒီလိုသတ္တိမျိုးကို……………..
kai
January 16, 2011 at 10:17 pm
မြန်မာပြည်မှာ…
၁၉၈ရ ခုနှစ်စက်တင်ဘာမှာ ငွေစက္ကူတွေသိမ်းတော့ .. အကျိုးဆက်အဖြစ်.. ၁၉၈၈ မှာ .. ဒါမျိုးထက်ကြီးတဲ့ .. လူထုအုံကြွမှုကြီး ဖြစ်ခဲ့ဖူးတယ်..။ ၁၉၈၈ မတ်လမှာ .. ထိတဲ့သေနတ်ဒဏ်ရာနဲ့ … စက်မှုတက္ကသိုလ်ကျောင်းသား၂ယောက်သေခဲ့တာပေါ့..။ တိုင်းပြည်ရဲ့လူဦးရေ ၄ပုံ၃ပုံလောက်ထောက်ခံအားပေးတဲ့ လူထုအုံကြွမှုကြီးပေါ့..။
အဲဒီအချိန်က အာဏာရထားတဲ့ အစိုးရပြုတ်ကျတယ်..။ သမ္မတလည်း .. ဦးစန်းယု။ ဦးစိန်လွင်၊ ဦးမောင်မောင် .. ၃ဆက်ပြောင်းရတယ်..။
၁၉၈ရ -၂၀၁၁ ..ဆိုတော့ ..
နောင်…၂၄နှစ်ကြာသောအခါ…။
..
..
မကြာခငိမှာ ..နောက်သမ္မတယောက်တက်လာတာ ..မြင်ကြရပါဦးမယ်..။
ဆိုတော့ … ၄ဆက်ပြောင်းတယ်.. ပြောရမလားပဲနော…။ 🙂
maungmoenyo
January 17, 2011 at 4:17 am
၁၉၈ရ ခုနှစ်၊ အင်းစိန်စက်မှုတက္ကသိုလ်နားက လဘက်ရည်ဆိုင်မှာသီချင်းခွေ လုနားထောင်ရင်းကနေစခဲ့တဲ့ လူထုအုံကြမှု ကနေ (၂၆)နှစ်ကြာတိုင်းပြည်ကိုထင်တိုင်းလက်ဝါးကြီးအုပ်နေတဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ပြုတ်ကျသွားပါတယ်။
မထင်မှတ်တဲ့အချိန်မှာ နိုင်ငံရေးအလှည့်အပြောင်း ပြောင်းလေ့ရှိပါတယ်။
အာဏာရှင်ကြီးစိုးတဲ့နိုင်ငံတွေမှာ ရှိတဲ့ဖြစ်လေ့ရှိတဲ့ နိုင်ငံရေးတိမ်တောင်အပြောင်းအလဲ တွေပါ…။
လူထုကတော့….ခံပြီးရင်းခံရရင်းပေါ့…။