ငယ်စဉ်ကြီးလိုက်
ငယ်စဉ်ကြီးလိုက်
ငယ် – သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
စဉ် – သူငယ်ချင်းတို့ . . .
အစဉ်လိုက် – တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။ လိုက် – သူငယ်ချင်းတို့ . . .
လိုက် –ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝရ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……
အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့ိုတွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။
မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။
ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။
ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။