ကျရှုံးတာကို မကြောက်နဲ့

စေနJanuary 23, 20111min1280

from Nine Nine SaNay by နိုင်းနိုင်းစနေ

ဘဝဆိုတာ ရှည်လျားတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။ ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့ လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။ ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ ယုံကြည်ထားရင် ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့…..

ကျရှုံးတာနဲ့ ပတ်သက်ကြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။ ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ် လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တစ်ခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့ စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့ အောင်မြင်လမ်းဆီ သင်အရောက် လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။ ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ ထိခိုက်မှုတွေကို သွားဂရုစိုက်နေစရာ မလိုဘူး….

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ်။

“မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး” ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မှိတ်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊ အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ….. အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သေဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့ မကောင်းပါဘူး။ ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။ လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။ နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ ခံကြရတယ်။ ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။ ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ တဟုန်းဟုန်း တောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်…. လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်ခဲ့တယ်။

http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20080214/2596.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။