ရန်ကုန်ပြန်တုန်း ရန်ကုန်ကပြောပြလို့ ကျနော်သိခဲ့ရတဲ့ ရန်ကုန်အကြောင်း

အာဖ်ံ ကြီးJanuary 28, 20111min40324

( ၁ )

“ ရန်ကုန် ”

“ မဟာရန်ကုန် ” တဲ့လေ …

ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်

အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။

( ၂ )

အဲ့ဒီမြို့ကြီးပေါ့ … “မီဂါစီးတီး” တဲ့

ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို

ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ

တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။

ယင်တလောင်းလောင်း ၊ ပြည်တစိုစို

ညနေညိုချိန် “အေ့”ခနဲ ယင်းထ

လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။

အနာဂတ်နိုင်ငံတော်ကိုရည်စူး

ပင်လုံရေသောက်မြစ်အတွက်

သွေးမြေကျ အာဇာနည်တွေ

ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။

အောင်ကျော် ၊ ဖုန်းမော် ၊

ဝင်းမော်ဦး … ၊ ….. ၊ ….

အာဏာရှင်စနစ်အောက်မှာ

ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း

“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။

၆၂ – ၇၄ – ၇၆ – ၈၈ – ၉၆ – ၂၀၀၇

လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား

နေသားတကျစီးမြော

သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်

ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။

လူတစ်စုက သုဘရာဇာလုပ်

လူတစ်စုက ဂုပ်သွေးစုပ်ယင်း

ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က

ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။

သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား

ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်

“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့

ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား

တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်

တချို့က နို့ညှာကလေးသေလို့တောင်မှ

မသင်္ဂြိုလ်နိုင်တဲ့မြို့။

ဒေါင်းယောင်ဆောင်သောကျီး

ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်

အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ

ရေပေါ်ဆီလက်တစ်ဆုပ်စာက

ထူးခတ်တာခံလိုက်ရတဲ့မြို့။

ဘီယာဆိုင် ၊ မာဆက်

ညကလပ် နဲ့ ကေတီဗွီ

မာကျူရီမီးသီးတွေကြား

ပျော်တော်ဆက်တဲ့ညီမလေးတွေ

ဈေးကောင်းမရနိုင်သေးတဲ့မြို့။

တစ်ချိန်တုန်းကတော့

စင်္ကာပူနဲ့ အမွှာညီအမတဲ့

ခုကျတော့ ….

ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က

နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့

အရပ်ပျက်မ သာသာ တတိယကမာ္ဘကမြို့။

နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း

အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ

ဂျိုလေးတသသ

ခွလေး တကြွကြွလုပ်

ဆန်မရှိ သောက်စားကြီး

သုဝဏ္ဏကွင်းထဲ -ီ း ၊ လချီး အတိုင်းခံရတဲ့မြို့

ငွေစကား ၊ ကြေးစကားပြောယင်း

“အနုပညာသမားပါ …”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်

ဆိုက္ကားသမား နဲ့ အဆိုတော်

ထပ်တူညီအချိုးကျတဲ့မြို့။

“ဒုတိယတန်းတစ်နေရာ” မှာ

“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း

“မိုးလိုက်လို့ရွာ” ခံရ

ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။

မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ

“ရေမီးရှား” လို့အခေါ်ခံရတော့

ဆတ်ဆတ်ခါ နာလိုက်သေးရဲ့

အသည်းကြားက မဲတစ်ပြားအတွက်

လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်

ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။

ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ

နု တလှည့် ၊ ကြမ်းတဖုံ

လက်သရမ်းခံခဲ့ရပုံများ

ရင်ဘတ်စည်တီး ခါးစီးခံယင်း

လင်ကောင်ဖော်ရခက်နေတဲ့မြို့။

ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်

လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်

တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ….

မနက်တစ်နပ် ညတစ်နပ်

လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။

ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း

သမီးရည်းစား အတွဲများစွာ

တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ

စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။

လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့

ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့

“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”

ခုချိန်ထိ အကြွေ ၁၀ဝ ပြန်မအမ်းနိုင်သေးတဲ့မြို့။

တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့

ဆီဦးထောပတ်နံ့တွေရှုယင်း

ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်

ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့

ခဲတံကို တံတွေးဆွတ်ယင်းပြော

တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့

စားပွဲထိုး ၊ အိမ်ဖော်

လက်ပွေ့သည်လေးများ ပျော်စံရာမြို့။

“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။

( ၃ )

အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ

တိုက်ပျော်၊ သေပျော်

ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။

အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ

ဟိန်းသံဟောက်သံမကြောက်တတ်တဲ့

ရဲရဲတောက်လူငယ်တွေရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ

စည်းအထပ်ထပ် ၊ ရိုးအကာကာ

ပါဝါ ၅၄ လည်းရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ

အပြန်နောက်ကျတဲ့သားကို

တံခါးဝခါးထောက်

မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့

ကျနော့် မွေးမေမေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ

မှီခိုသူ ….

အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်

ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။

ဘာဘဲဖြစ်ဖြစ်

“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး

အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို

ကျနော် ချစ်တယ် ။

ကိုဇီး ( ၂၅၊ ဝ၁၊ ၂၀၁၁ ) (forverfriends)

24 comments

  • အာဖျံ ကွီး

    January 28, 2011 at 9:45 am

    !^)_(^!

  • koyinmaung

    January 28, 2011 at 9:56 am

    ကောင်းလိုက်တဲ့ကဗျာလေးပါဘဲ ခုလိုဆိုက်ပေါ်တင်ပေးတာကျေးဇူးဘဲ…..

  • အာဖျံ ကွီး

    January 28, 2011 at 10:03 am

    တင်လိုက်ပီးတော့မှ ကိုယ့်ပို.စ်ကို ကိုယ်ရှာမရဘူး။ point ကိုကြည့်တော့လဲ point ပေးထားတရ်။ ဘယ်ရောက်သွားမှန်းကို မသိဘူး။ အဲဒါ …. comment တစ်ခုပေးလိုက်တော့မှပဲ တက်လာတော့တရ်။

    ကွီးလဲ ဒီကဗျာကို တော်တော်ကြိုက်လို. … ကိုဇီးဆီကခွင့်တောင်းပီး ကူးလာတာပါဗျာ။

    • ဆူး

      January 28, 2011 at 3:40 pm

      ကွီးရေ ကော်ပီ/ပေ့စ် ဆိုတာလေး လုပ်ထားရင် ပင်မ စာမျက်နှာမှာ မပေါ်ဘူး

      • အာဖျံ ကွီး

        January 29, 2011 at 4:03 am

        အော် … တိပါဘူး။ သဂျီးဆိုက် error တတ်တရ်မှတ်လို. …. ဟီးးး

  • yuyu

    January 28, 2011 at 10:22 am

    အမလေး……….ရန်ကုန်သူဖြစ်ရတာငိုတောင်ငိုချင်လာပြီနော်

  • bigbird

    January 28, 2011 at 2:20 pm

    အရသာသိပ်ရှိတဲ့ကဗျာလေးပဲ။တင်ပေးတဲ့အတွက်ကျေးဇူးပါပဲဗျာ

  • unclegyi1974

    January 28, 2011 at 4:01 pm

    အတွေးကောင်းအရေးကောင်းစာ
    အရှာကောင်းပါတဲ့ကွီး
    ဖတ်လိုက်ရတာအားပါးတရ
    ကျေးဇူးပါ

  • zeo

    January 28, 2011 at 7:26 pm

    ကြိုက်တယ်ဗျာ ဒီကဗျာလေးကို…….တကယ်ပြောတာဗျ….နောက်လည်း များများ post ပါဦးခင်ဗျာ……

  • MaMa

    January 29, 2011 at 1:01 am

    ရွှေတွေနိုင်ငံကို မချစ်ကြတော့ဘူးလား ဆိုတာအတွက် အဖြေပေးတာ ထင်တယ်။

    • အာဖျံ ကွီး

      January 29, 2011 at 4:06 am

      အဟီးးး … ကွီးရဲ.မမ လျှင်တရ်ဗျာ။ ဟီးးး

  • bigcat

    January 29, 2011 at 3:22 am

    ဘယ်ကောင်လဲကွ ငါ့မြို့ကို မကောင်းပြောတာ။ ဦးတေဇတို့၊ ဇေကမာ္ဘဦးခင်ရွှေတို့၊ ဖိုးလပြည့်တို့ နေတဲ့ရပ်ကွက်တွေ သွားကြည့်စမ်းပါ စင်္ကာပူထက် ဆယ်ပြန်သာတယ်။ အလကား ကေအန်ယူနဲ့ အမေရိကန်စီအိုင်အေ အဖျက်သမားတွေ ဖျက်လိုဖျက်ဆီးပြောတာ။

  • etone

    January 29, 2011 at 4:35 am

    ကဗျာလေးက တော်တော်မိုက်တာပဲ .. အနာအကြောင်းရေးထားတာ သောက်နေတဲ့ကော်ဖီတောင် ထွေးထုတ်မိတဲ့အထိပြောင်မြောက်ပါတယ် ။

  • အာဖျံ ကွီး

    January 29, 2011 at 5:17 am

    အမ အီးတုံး …
    ကော်ဖီမို.လို.ထွေးထုတ်ရဲတာ …
    ဝီစကီဆိုရင် အသာလေးငုံထားမရ်ဆိုတာ … ကွီးသိတရ်နော် … ဟီးးးး

  • fatty

    January 29, 2011 at 10:39 am

    ကောင်းပါသည်။ print ထုတ်ပြီး တနိုင်ဆီ လက်ဆင့်ကမ်း ဝေနိုင်လျှင်ပိုကောင်းပါမည်။ internet မသုံးသောသူများပါ
    ဖတ်စေချင်ပါသည်။

  • naywoonni

    January 29, 2011 at 3:32 pm

    အင်း WElcome~!

  • monmon

    January 30, 2011 at 8:39 am

    ဘာပဲပြောပြော ရန်ကုန်ဆိုတာ တောဖြစ်သွားပြီနော်… မြန်မာနိုင်ငံရဲ့ မြို့တော်က နေပြည်တော်… ရန်ကုန်ကလူတွေ နေပြည်တော်သွားရင် မြို့တက်တာလို့ခေါ်တယ်…

    ဒါပေမယ့်… ….. …. ဒါပေမယ့်… … …
    လက်ညှိုးညွှန်ရာ ရေဖြစ်စေသတည်း..။

  • naywoonni

    January 30, 2011 at 11:21 am

    လက်ညိုးညွှန်ရာဆိုလို့ ခုလောလောဆယ်တော့ နေပြည်တော် ဖက် လက်ညိုးမညွှန်လိုက်ပါနဲ့ဦး မွန်မွန်ရယ်
    နေဝန်းနီ လေးပါ ရေနောက်ပါသွားလို့…………….

  • ဆူး

    January 30, 2011 at 11:28 am

    အဘနီ တယောက် ရေထဲ မျော သွားခြင်း ဆိုပြီး မကြာခင် သတင်းမှာ ပါလေရော့ မလားဘဲနော်။

  • nyimalay

    January 30, 2011 at 1:01 pm

    လှည်းတန်းမီးပွိုင့် ကြပ်တာတော့ပြောမနေပါနဲ့တော့………… စိတ်ကိုညစ်ရောပဲ 🙁

  • hsu hsu

    January 31, 2011 at 2:19 am

    ကောင်းလိုက်တဲ့ကဗျာ……..ကွက်ကွက်ကွင်းကွင်းကို မြင်လိုက်ရတယ်…..

    အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
    ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
    ရဲရဲတောက်လူငယ်တွေရှိတယ်။

    အဲဒီစာသားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းမိတယ်…………

    • အာဖျံ ကွီး

      January 31, 2011 at 4:55 am

      ဟုတ်ပါ့ …. သယ်ရင်း ဟ စု ဟ စု (hsu hsu) ရယ် … (အသံထွက် မှားရင် ခွင့်လွှတ်)

      အဲ့ဒီ မီဂါ စီးတီး ကြီး မှာဘဲ
      ဟိန်း သံေ ဟာက် သံ မကြောက် တတ်တဲ့
      ရဲရဲတောက်လူငယ်တွေရှိတယ်.

      သိပ် မှန် ပေါ့ …. welcome ….

  • meelay

    January 31, 2011 at 4:28 am

    နေပြည်တော်မှာက လက်ညှိုးညွှန်ရာ မီးလာနေတာ …. 😀

  • R Ga

    January 31, 2011 at 8:29 am

    မိုက်တယ်ဗျာ ….လက်ရှိရန်ကုန်ရဲ့ မြင်ကွင်းအစုံနဲ့ အဖြစ်စုံပါပဲ..။

Leave a Reply