“မှော်ပန်းပွင့်“ အပိုင်း(၄)

“မှော်ပန်းပွင့်“

အပိုင်း(၄)

ပန်းပွင့်နွယ် ဘေးသို့လွင့်ကျသွား၏။ သူလည်းရုတ်တရက် ကြောင်ပြီးကြည့်နေလိုက်မိသည်။သူနှင့် ပန်းပွင့်နွယ်တို့နှစ်ဦး လမ်းလျှောက်နေစဉ်တွင် ရုတ်တရက် ဆိုင်ကယ်တစ်စီးက အရှိန်နှင့်မောင်းလာပြီး ပန်းပွင့်နွယ်ကို ဝင်ချိတ်သွားမိခြင်းဖြစ်သည်။ ဆိုင်ကယ်သမားကလည်း စာနာစိတ်ကင်းမဲ့စွာ တစ်ချက်ကလေးတောင် ရပ်မကြည့်ပေး။ တရှိန်ထိုးမောင်းပြေးသွားလေသည်။

“ ညီမ ဘာဖြစ်သွားသေးလဲ“

“ ညီမ ခြေကျင်းဝတ်က နာတယ် လက်မောင်းလဲ အောင့်တယ် အစ်ကို “

ပန်းပွင့်နွယ်ကိုကြည့်လိုက်တော့ မျက်နှာလေး နီမြန်းနေ၏။ လူအများကြား၌ ရှက်နေသည်ဟန်ပေါက်နေသည်။

“ လာလာ ညီမ အစ်ကို ညီမဆိုင်ရောက်မှ ဘာဖြစ်လဲ သေချာသိရအောင်ကြည့်ပေးမယ် ဆေးခန်းသွားသင့်သွားရတာပေါ့ ခု လမ်းရောလျှောက်နိုင်ရဲ့လား ခြေထောက်ထောက်ပြီး မတ်တပ်ရပ်ကြည့်လိုက် ညီမ“

ပန်းပွင့်နွယ် အားယူ၍ မတ်တပ်ရပ်ကြည့်သည်။ ရပ်၍ရ၏။ တော်ပါသေးရဲ့ ဟု သူ့စိတ်ထဲ အလုံးကြီးကျသွားသည်။  သူပန်းပွင့်နွယ် အတွက် စိတ်ပူနေသည်မှာ အဘယ်ကြောင့်နည်း။ ရုတ်တရက် ဖြစ်ပျက်သွားသည်အချိန်တွင် သူ ပန်းပွင့်နွယ်ကိုတောင် မကာကွယ်နိုင်လိုက်။

“ ရတယ် အစ်ကို ခြေထောက်က နည်းနည်းလေးနာတာကလွဲလို့ ဘာမှမဖြစ်ပါဘူး “

“ အားမနာနဲ့နော် ညီမ အစ်ကိုကို တွဲပါလား“

“ ရှင်“

မျက်လုံးလေး ဝိုင်းပြီးသူ့ကိုကြည့်၏။

“ ဪ လမ်းလျှောက်ရခက်ရင် အစ်ကို့ကို တွဲလျှောက်ပါလားလို့“

“ ….ရပါတယ် အစ်ကို အားနာစရာကြီး“

စောစောက စကားကို ပန်းပွင့်နွယ် ဘယ်သို့ စကားပေါက်သည်မသိ။ သူ ပြောလိုက်သည့်စကားသည် ဘာမှ အဓိပ္ပါယ်မပါ။ သို့သော် သူ့ကို ပန်းပွင့်နွယ် ရှက်နေသည်ဟု သူထင်သည်။

“ လာပါ တွဲလိုက်ပါ ညီမ ခြေထောက်ပိုနာလာလိမ့်မယ် လာ အစ်ကို ပခုံးကိုကိုင်လိုက် “

ပန်းပွင့်နွယ်ဆိုင်ကိုရောက်တော့ ဆိုင်ကို မခင်းနိုင်။ ပန်းပွင့်၏ ခြေထောက်ကို ဆေးလိမ်းပေးရန်သာ သူ လောဆော်မိသည်။ ဘေးဆိုင်၌ အရံသင့်ရသော ထွန်းရွှေဝါလိမ်းဆေးလေးရှိနေ၍သာတော်တော့သည်။

“ ညီမ ခြေဆင်းလိုက်ပါလား“

“ရှင်“

“ အစ်ကို ဆေးလိမ်းပေးမလို့လေ ဆေးပူပူလေးလိမ်းထားလိုက်ရင် သက်သာမှာပါ အခုကသွေးပူတုန်းဆိုတော့ ညီမက သိပ်နာဦးမှာမဟုတ်ဘူး သွေးအေးသွားရင် နာလာလိမ့်မယ် “

“ ညီမ ငရဲကြီးနေပါဦးမယ် အစ်ကိုရယ် ပေး ညီမ ဘာသာ ညီမလိမ်းပါမယ်“

“ ဘာမှ အပမ်းကြီးတာမှ မဟုတ်တာ ကဲကဲ ခြေဆင်းလိုက်တော့ ပြောနေတာနဲ့ ပိုနာလာလိမ့်မယ်“

“ ကန်တော့ နော် အစ်ကို“

သူ ပန်းပွင့်ကို ကြည့်လိုက်မိသည်။ ပန်းပွင့်ကလည်း သူ့ကိုကြည့်နေသည်။ အကြည့်ချင်း ရုတ်တရက်ဆုံလိုက်ရသဖြင့် နှစ်ဦးသား ချက်ချင်း မျက်နှာလွဲလိုက်ကြသည်။ ပန်းပွင့်၏ ခြေကျင်းဝတ်ဖြူဖြူလေးသည် အနည်းငယ်ယောင်ကိုင်းနေသည်။ သေချာသည် သည်ကောင်မလေး မနက်ဖြန် ဆိုင်ထွက်နိုင်မည်မဟုတ်။ လမ်းလျှောက်၍ရင်တောင် ကံကောင်းသည်ဟု သူထင်သည်။

“ အား ……အစ်ကို“

“ ဘာလဲ ညီမ နာလို့လား ခဏ ဘာမှမဖြစ်ဘူး ဆေးက နာနာလေး ဖိလိမ်းမှာ ထိရောက်မှာ“

စကားမပြောပဲ ခေါင်းသာ ငြိမ့်ြုပသည်။

“ အစ်ကိုတော့ ညီမအတွက်နဲ့ အလုပ်များနေပြီလား မသိဘူးနော် အားနာလိုက်တာ “

“ ညီမကတော့ပြောတော့မယ် အစ်ကိုက ဒီနေ့ဘာအလုပ်မှမရှိဘူး ဦးဝင်းနိုင်က ဘာမှလဲ လာမပြောသေးဘူး ဘာလုပ်ရမလဲ ဆိုတာတောင် လာမပြောသေးဘူး ဒါကြောင့် ပျင်းပျင်းရှိတာနဲ့လမ်းလျှောက်ထွက်လာတော့ ညီမနဲ့တွေ့တာပဲလေ“

“ ဪ အစ်ကို ဦးဝင်းနိုင် အိမ်မှာနေရင်တော့ အဆင်ပြေနိုင်ပါတယ် သူက ရေမဆေးမွေးတာ သိပ်တော်တာ ကျောက်လည်း ခဏခဏရတယ် နောက် ရေမဆေးတွေအပေါ် သိပ်မညစ်ဘူး သမာသမတ်ကျတယ် လူလည်ကျတယ်ဆိုတာ ဦးဝင်းနိုင်လိုလူမျိုးက  လုပ်မှာမဟုတ်ဘူး “

“ ဟုတ်လား “

“ ဒါပေမယ့် အစ်ကို“

ပြောရန် ဟန်ပြင်ပြီးမှ ပန်းပွင့် စဉ်းစားနေသည်ကို သူတွေ့ရသည်။

“ ဘာ ဒါပေမယ့်လဲ ညီမ “

“ ဟိုလေ သူ့မိန်းမ မမမိနဲ့တော့ သိပ်အရောမဝင်ပါနဲ့နော်“

“ ဒေါ်မိမိသီရိကျော်ကိုပြောတာလား“

“ ဟုတ်တယ် သူက သူကမိန်းမကို သိပ်ချစ်တာ နောက် သဝန်တိုတတ်တယ် ဘယ်ယောကျာ်းလေးနဲ့မှ စကားပြောတာကို ကြိုက်တာမဟုတ်ဘူး သူ့အိမ်က ရေမဆေးတွေနဲ့တောင် သူက ဝေးဝေးနေခိုင်းတာ မမမိက သနားစရာကောင်းပါတယ်“

“ ဘာလို့လဲ ညီမရဲ့ အစ်ကိုတော့ ဘာမှကို မသိရသေးဘူး“

“ မမမိက ဦးဝင်းနိုင်ကို မချစ်ပဲ လက်ထပ်ခဲ့ရတာလေ ခု မမမိကို ပြည့်စုံအောင်ထားပေးလို့ မမမိရဲ့ ဘဝက အားကျစရာကောင်းတယ်လို့ အပြင်ပန်းက မြင်ရပေမယ့် တကယ်တမ်းတော့ အကျဉ်းကျနေသလိုပါပဲ“

“ ဪ“

“ အစ်ကို စိတ်များညစ်သွားလားမသိဘူးနော် ညီမ မပြောတော့ပါဘူး“

“ မဟုတ်ပါဘူး အစ်ကိုမသိတာတွေ သိလိုက်ရလို့တောင် ညီမကို ကျေးဇူးတင်ပါတယ်“

“ ဘာမှလဲ မဆိုင်ဘူး“

“ကဲ ညီမ အစ်ကိုလည်း ပြန်လိုက်ဦးမယ် ညကျရင် ဆေးထပ်လိမ်းလိုက်ဦးနော် တော်ကြာရက်တိုတိုနဲ့မပျောက်ပဲနေနေဦးမယ်“

“ ဟုတ်“

သူချစ်စနိုးနှင့် ပန်းပွင့်ခေါင်းကလေးကို ပုတ်ပြီးထွက်လာလိုက်သည်။ သည်ကောင်မလေး ချစ်စရာကောင်းသည်ကတော့သေချာသည်။ သူ့ရင် လှုပ်ခတ်စပြုလာပြီ။ သူ တစ်ခါမှ သည်လို မခံစားဖူး။ ပြန်လမ်းတလျှောက်လုံး သူအတွေးထဲ၌ ပန်းပွင့်နွယ်ဆိုသည့်ကောင်မလေး၏အကြောင်းတွေသာ စိုးမိုးနေခဲ့သည်။ သူ့ အတွေးနှင့်သူတော့ ဟုတ်နေတော့သည်။  ဦးဝင်းနိုင် ခြံရှေ့ရောက်တော့ ခြံဝ၌ ဒေါ်မိမိသီရိကျော် ကရပ်စောင့်နေသည်။ ဘယ်သူ့ကို စောင့်နေမှန်းတော့ သူမသိချေ။

“ ဟော မောင်လေး ဘယ်တွေလျှောက်သွားနေတာလဲ မမ က အခန်းနားတောင်လျှောက်ကြည့်လိုက်သေးတယ်“

“ ကျနော် ပျင်းပျင်းရှိတာနဲ့လမ်းလျှောက်ထွက်ကြည့်တာပါ ကျနော် မနက်က အစ်မ အိမ်ဖက်ကိုကြည့်ပါသေးတယ် ဘယ်သူမှမတွေ့တာနဲ့ ထွက်သွားလိုက်တာပါ“

သူ တစ်ခု သတိထားမိလိုက်တာ တစ်ခုရှိသည်။ ဒေါ်မိမိသီရိကျော်က  မမ ဟု သူ့ကိုယ်သူ ပြောင်းလဲ သုံးစွဲလိုက်ခြင်းပင်ဖြစ်သည်။

“ မောင်လေး ဘာစားခဲ့ပြီးပြီလဲ ဪ..ဆော်ရီး မောင်လေးမှာ သုံးစရာ ပိုက်ဆံရော ကျန်သေးရဲ့လားမသိဘူး“

“ ကျနော် မနက်က အခန်းထဲက ဆန်ပြုတ်တော့သောက်လိုက်ပါသေးတယ် ခု ဘာမှမစားခဲ့သေးပါဘူး ဆာလည်းမဆာလို့ပါ“

“ လာလာ မောင်လေး ထမင်းစားခန်းလိုက်ခဲ့ မမစမူဆာတွေဝယ်ထားတယ်“

“ တော်ပါပြီ အစ်မ“

“ လာပါ မောင်လေး အားမနာပါနဲ့“

ပြောပြောဆိုဆို သူ့လက်ကိုဆွဲပြီး ဒေါ်မိမိသီရိကျော် အတင်းဆွဲခေါ်တော့သည်။ သူလည်း အားနာစွာဖြင့် ဒေါ်မိမိသီရိကျော်နောက်သို့လိုက်ခဲ့သည်။

အိမ်ကြီးထဲရှိ ဧည့်ခန်းကိုတွေ့ရတော့ သူမျက်စိကစားပြီးကြည့်လိုက်သေးသည်။ နံရံ၌ကပ်ထားသော ဖားကန့်မြို့ရှုခင်းဓါတ်ပုံကြီးက ကြည့်၍ကောင်းလှသည်။ နောက် ဦးဝင်းနိုင်နှင့် ဒေါ်မိမိသီရိကျော်တို့၏ မင်္ဂလာမောင်နှံဓါတ်ပုံကြီးက ခန့်ခန့်ထည်ထည်ကြီးရှိလှသည်ကိုတွေ့ရသည်။ သူပဲ စိတ်ထင်၍လာတော့မသိ။ ဓါတ်ပုံထဲက ဒေါ်မိမိသီရိကျော်၏ အပြုံးသည် အသက်မပါလှ။

သူသည် ပန်းပွင့်၏ စကားတွေကို ကြားထား၍လာတော့မသိပေ။ ပြောရလျှင်တော့ အပြုံးတု။ ဟုတ်သည်။ ပြုံးနေသည်ပင် ဒေါ်မိမိသီရိကျော်က အပြုံးတုကို ဟန်လုပ် သရုပ်ဆောင်ပြီး မျက်နှာထက်၌ ပန်ဆင်ထားသည်နှယ်။

သည်လို ရွာမျိုးမှာ သည်လို ထည်ဝါသည့်အိမ်ရှိနေနိုင်မည်ဟု သူမတွေးမိခဲ့။ အိမ်ကြီးသည် အပြင်ဘန်းကကြည့်လျှင် ရိုးရိုးအိမ်တစ်လုံးဟုပင် အများကမြင်လိမ့်မည်ထင်သည်။ အိမ်ထဲသို့ ထဲထဲဝင်ဝင် ဝင်ကြည့်လိုက်မှ အိမ်ပြင်ပနှင့်ခြားနားစွာ ပြင်ဆင်ထားသည်ကိုတွေ့ရသည်။ အိမ်ရှိ ဆက်တီခုံများသည်ပင် ကျွန်းသားကို ပေါလစ်(ရှ်)တင်ထားသည်များ မှန်အလား သူ့ရုပ်ကို သူပြန်၍မြင်နေရသည်။ မီးစက်နှင့်နေရသည် ရွာပင်ဖြစ်လင့်ကစား သည်အိမ်၌ Air Con ရှိနေသည်က သူကအတွက်တော့ အံ့ဩစရာ။ သူ ဟိုဟို သည်သည်ကြည့်နေစဉ်မှာပင် ဒေါ်မိမိသီရိကျော်က-

“​မောင်လေး လာလေ ထိုင် မမ မင်းအတွက် ကော်ဖီပါ ဖျော်လိုက်မယ် စမူဆာကိုတော့ ပူစီနံနဲ့ သုပ်လိုက်မယ် ခဏစောင့်“

“ ရပါတယ် အစ်မ ကျနော်အတွက် တကူးတက ပြင်မနေပါနဲ့ ကျနော်က အစ်မတို့ရဲ့ အလုပ်သမားတစ်ယောက်ပါ  ရှိတာနဲ့စားတတ်ပါတယ် “

“ ဪ ဘယ်ဟုတ်ပါ့မလဲ ငါ့မောင်လေးက နေမကောင်းဖြစ်နေတာမလား ဒါကြောင့် မမက မမ တတ်နိုင်တာလေးနဲ့ လုပ်ပေးတာပါ ဒါကိုတော့ မောင်လေး ဘက်က မမ စေတနာကို အသိအမှတ်ပြုရမယ်“

သူ ဘာမပြောတတ်တော့။ သည်လိုအခြေအနေသည် သူ့အတွက် အကောင်းဖြစ်လာလျှင်တော်သေးသည်။ အဆိုးဘက်အခြေအနေသို့ပြောင်းလဲသွားပါက သူ့ အနေနှင့် နောက်ထပ်သစ်ကိုင်းတစ်ကိုင်းသို့ထပ်ပြီးကူးနေရလိမ့်မည်။ နားထဲ၌ ပန်းပွင့်ပြောသော စကားများကို ပြန်လည်ကြားယောင်လာသည်။

“ သူကမိန်းမကို သိပ်ချစ်တာ နောက် သဝန်တိုတတ်တယ် ဘယ်ယောကျာ်းလေးနဲ့မှ စကားပြောတာကို ကြိုက်တာမဟုတ်ဘူး“

ခု အိမ်ကြီးထဲတွင် သူနှင့်ဒေါ်မိမိသီရိကျော် နှစ်ယောက်တည်း။ သူ့ စိတ်ကို သူ့ စိတ်ချယုံကြည်သည်။ သို့ပေမယ့် တစ်ဘက်ကကြည့်လျှင် တွေးလိုရာတွေးပြီး ပြဿနာရှာ၍ရသည့်အခြေအနေ။ သူအနေနှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေရသည့် ကောင်က မှော်ဒေသမှာ နောက်ထပ်ခြေချနိုင်ရန်အတွက် ရှောင်သင့်တာကိုရှောင်ရမည် မဟုတ်ပါလား။ ဒေါ်မိမိသီရိကျော်ကတော့ တစ်ယောက်တည်း တကုတ်ကုတ်နှင့် ဘာမှမိသိရှာပေ။ သူ၏ တဘက်သတ်အတွေးသည် ဒေါ်မိမိသီရိကျော်ကို စော်ကားရာကျနေသည်ကို သူသိသည်။ ဒေါ်မိမိသီရိကျော်ဘက်က သူ့အပေါ် တကယ်မောင်လေး အရင်းလို သဘောထားပြီး ဖြူစင်နေနိုင်သော်လည်း ဦးဝင်းနိုင်ဘက်မှာ ဖောက်ပြန်လာမည့် သဝန်တိုသည့်စိတ်တွေကိုတော့ သူ ရှောင်ကိုရှောင်ရမည်။ ခုသူသည် ဦးဝင်းနိုင်၏ ရေမဆေးတစ်ယောက်ဖြစ်နေပြီ မဟုတ်ပါလား။

“ရော့ မောင်လေး ပူပူလေးသောက်လိုက်ဦး ဒါက စမူဆာသုပ်“

“ ဟုတ်ကဲ့ အားနာစရာတော့ဖြစ်နေပြီနော် အစ်မ“

“ မောင်လေးကလည်း မင်းမလဲ စိမ်းလိုက်တာ အစ်မလို့မခေါ်နဲ့ မမမိလို့ခေါ် ဟုတ်ပြီလား ဒီအိမ်က အလုပ်သမားတွေအားလုံး မမ ကို မမမိလို့ခေါ်ကြတာ“

“ဟုတ်ကဲ့ အစ်မ အဲ မမမိ“

“ကဲကဲ သောက်လိုက်ဦး ပြီးရင် စမူဆာသုပ်ကိုကုန်အောင်စားရမယ်နော်“

သူ ခေါင်းငုံ့၍သာ ကော်ဖီကို သောက်နေလိုက်သည်။ ဒေါ်မိမိသီရိကျော်သည် အနားရှိ ခုံလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်သည်။ လေ့အဝှေ့တွင် ဒေါ်မိမိသီရိကျော်ထံမှ ရေမွှေးရနံ့က သူ့နှာခေါင်းဝသို့ လာရောက်ရိုက်ခတ်သည်။ အနား၌ နီးနီကပ်ကပ်ရှိနေသော ဒေါ်မိမိသီရိကျော်ကိုကြည့်လိုက်တော့ အတော်ချောသည့် မိန်းမ တစ်ယောက်ဟု သူမသတ်မှတ်ပဲ မနေနိုင်တော့။ ထိုစဉ်-

“ မိ“

“ ဟင်“

“ဒါ ဘာလုပ်နေတာလဲ“

သော်ဇင်(လွိုင်ကော်)

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 2:43 pm

    ဘာမှမလုပ်ဘူး
    ကောင်လေးကို စမူဆာ ကျွေးမလို ့
    စမူစာကို နံနံပင်အုပ်ထားတာ
    ဟုတ်ပါဘူး ပူစီနံ နဲ ့သုတ်ထားတာ
    ( အောင်ပုတို ့ရွာမှာ ပူစီနံကို ဇီယာ လို ့ခေါ်သကွဲ ့ )

  • nyimalay

    February 6, 2011 at 11:23 am

    စမူဆာ ကို ပူစီနံနဲ့သုတ်ရင်မကြိုက်ပါဘူး…..
    အဘပုတို့ရွာမှာ ပူစီနံကိုဇီယာလို့ ခေါ်ရင်
    ကြောင်နံကိုရော ဘယ်လိုခေါ်လဲဟင်……. 😛

  • nyimalay

    February 6, 2011 at 1:36 pm

    အပိုင်း 5 ကိုမျှော်နေပါတယ်နော် ကိုသော်ဇင် ……….. အားပေးနေပါတယ်……..

Leave a Reply