ငါးအရိုးမျက်နေလား
“ခံရခက်လိုက်တာကွာ”
လူအတော်များများ ခံရခက်နေကြလေရဲ့။ အကြောင်းအမျိုးမျိုးကြောင့် ခံရခက်နေကြသပေါ့။ ရွေးကောက်ပွဲမှာ ဖွတ်+ကြံ့က ကြိုတင်မဲနဲ့ အဓမ္မအနိူင်သွားလို့ ရွေးကောက်ပွဲဝင် ဒီမိုပါတီတွေနဲ့ အဲဒီပါတီတွေကို မဲပေးမိသူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ခံရခက်နေကြတယ်။ စိတ်ပိုင်းဆိုင်ရာ ခံရခက်မှုတွေနဲ့အတူ အံတကျိတ်ကျိတ်နဲ့ပေါ့။ အစော်ကားခံရတာကိုး။ ဟိုလူက စောင်းလို့၊ ဒီလူကရွဲ့လို့ အခံရခက်နေရှာတဲ့ လူတွေလည်း မနည်းမနောပေပဲ။ ဒီလိုနဲ့ စိတ်ထဲမှာ ပြန်တွယ်ချင်ပေမဲ့ အခွင့်မသာလို့ ခိုးလိုးခုဖြစ်နေရရှာတဲ့ ခံရခက်မှုက တစ်မျိုး။
တစ်ခါတလေ ဘွတ်ဖိနပ်စီးပြီး လမ်းသွားရင် ဖိနပ်ကြားထဲ ခဲလုံးသေးသေးလေးတွေ တစ်လုံးစ နှစ်လုံးဝင်တတ်သေးရဲ့။ အဲလိုဖြစ်ပြီဆိုရင် လမ်းသွားရတာ အတော့်ကို ကသိကအောင့်နိုင်တာကလား။ လူကြား သူကြားထဲဆို အသာဆိုးသေးဗျာ။ ဆက်သွားဖို့လည်းခက်ခက်၊ ဖိနပ်ချွတ်ဖို့လည်းခက်ခက်နဲ့။ မသိမသာ မှေးပြီးလမ်းလျှောက်နေရတယ်။ ခြေထောက်က မျက်တဲ့မျက်တဲ့နဲ့ဆိုတော့ လမ်းသွားရတာ သိပ်မဖြောင့်ချင်ဘူး၊ ဟုတ်စ။ လူရှင်းတဲ့နေရာရောက်မှပဲ ဖိနပ်ချွတ်ပြီး ခဲထုတ်၊ ပြန်စီးရတာ။ အဲလိုမလုပ်လို့ကတော့ လမ်းလျှောက်တိုင်း ခိုးလိုးခုလုနဲ့၊ တယ်အဆင်မပြေလှဘူး။ ဒါလည်း ခံရခက်မှုတစ်မျိုးပေါ့။
ကျနော်လည်း ဒီနေ့ တော်တော်လေးကို ခံရခက်နေတယ်။ မနက်စာစားပြီးကတည်းက မျက်တဲ့မျက်တဲ့နဲ့ အနေခက်လိုက်တာများ၊ မပြောလိုက်ချင်ဘူး။ တစ်နေကုန်ပါပဲ။ ဖြစ်ပုံက ဒီလိုဗျာ့—
“ကောင်လေးရေ့— မနက်ဖန်အတွက် ငါးခေါင်းဟင်း ကောင်းကောင်းချက်မယ်ဟေ့၊ လွှေးဖို့သာ ပြင်ထားပေတော့”
ကျနော်နေတဲ့အဆောင်ပိုင်အဖိုးကြီးက အချက်အပြုတ်ဝါသနာ အတော့်ကိုပါတာကလား။ သူ့အသက်က (၈၄) နှစ်တောင်ရှိနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်က လက်ကျန်စစ်သားဟောင်းကြီး တစ်ဦးပေါ့။ ကျန်းမာရေးကလည်း ကောင်းသလားမမေးနဲ့။ ဟင်းချက်ကလည်း ကောင်းမှကောင်း။ ကျနော် လန်ဒန်ရောက်ကတည်းက အခုချိန်ထိအောင် သူချက်ကျွေးတဲ့ ဟင်း၊ ထမင်းပဲ အများဆုံးစားနေရတာ။ ကျေးဇူးဆပ်ရမယ်ဆိုရင်တော့ ဘယ်နှစ်ဘဝတောင်ဆပ်ရမယ် မသိဘူး။ တကယ်ပါ။ သူက ဗြိတိရှနိုင်ငံသားတောင်ဖြစ်နေပါပြီ။ အသက်အရွယ်အရရော၊ နိုင်ငံသားအခွင့်အရေးအရပါ ခံစားခွင့်တွေရှိနေပြီဆိုတော့ အဆောင်မှာ သိပ်နေတယ်ရယ်လို့လည်း မရှိပါဘူး။ သွားနေတာပဲ၊ တစ်နေကုန်။ အဲ—အဆောင်မှာရှိနေပြီဆိုရင်တော့ ချက်နေပြီသာမှတ်။ အခုလည်း ချက်ထားပြန်ပြီ။ ငါးခေါင်းဟင်း တဲ့။
အဲဒီငါးခေါင်းဟင်းပေါ့ဗျား၊ ချက်ထားတဲ့ပုံက ချဉ်ငတ်စပ် အရသာနဲ့။ ငါးခေါင်းကို နနွင်းနဲ့နာနာနယ်၊ ဆီပူအရင်သပ်ပြီး ချက်ထားတာဆိုတော့ ငါးအနံ့ကလည်း ပျောက်နေပေတာကိုး။ ရှူးရှဲပေါင်းအိုးနဲ့ ပေါင်းချက်ချက်ထားတာဆိုတော့ အရိုးတွေတောင် နူးနေတာ။ ဒါပေမဲ့ မနူးတဲ့အရိုးတွေလည်း မနူးပေဘူး။ အဲဒီမှာတင် ပြဿနာဖြစ်တော့တာပဲ။ မြန်မာစကားပုံရှိတယ်မဟုတ်လား? “အစားမတော်တစ်လုပ်”တဲ့။ ငါးခေါင်းဟင်းကို စားကောင်းကောင်းနဲ့ စားလိုက်တာ ဘယ်အရိုးက ဝင်မွှေသွားတယ်မသိလိုက်ဘူး။ စားသောက်ပြီးတော့မှ လည်ချောင်းဝမှာ မျက်တဲ့မျက်တဲ့ အနေရခက်လိုက်တာဗျာ၊ မပြောပါနဲ့တော့။
အရေသောက်လည်း မကျ၊ အဖတ်စားလည်း မကျနဲ့ လည်ချောင်းမှာ သံယောဇဉ်တွယ်မိတဲ့ အရိုးရယ်ကြောင့် ကျနော့်ခမျာ တစ်နေကုန် စာဖတ်လည်း ကသိကအောင့်၊ ချစ်သူနဲ့ စကားပြောလည်း အဆင်မပြေဖြစ်နေရရှာသပေါ့။ ဒီလိုနဲ့ တစ်ခန်းတည်းအတူနေတဲ့ အကိုကြီးကို မေးကြည့်တယ်။ “လည်ချောင်းမှာအရိုးနင်တယ်ဗျာ၊ ဘာစားစား၊ သောက်သောက်မကျဘူး၊ အဲဒါ လုပ်ပါဦး၊ ဆေးလေးဝါးလေး ရှိရင်” ဆိုတော့ သူက ငှက်ပျောက်သီးစားတဲ့။ ဒါနဲ့ အဘိုးကြီး အပတ်စဉ်တိုင်းငှက်ပျောပွဲထိုးပြီး ပြန်စွန့်ထားတဲ့ ပွဲကျငှက်ပျောသီးတွေ တစ်လုံးပြီး တစ်လုံးစားကြည့်တယ်။ မကျရေးချ မကျဗျို့။ ခက်တော့ နေပြီ။ ဒီအတိုင်းဆိုရင်တော့ ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ရတော့မလိုဖြစ်နေပြီ၊ ဒုက္ခ။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ အောက်ထပ်ဆင်းပြီး ရေဗူးထဲ ရေဖြည့်တော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲ အဖိုးကြီး ဟင်းချက်နေတာ တွေ့ရပြန်ရော။ “အဘရာ အဘချက်တဲ့ ငါးခေါင်းဟင်းစားပြီး လည်ချောင်းထဲ အရိုးမျက်နေတာ တစ်နေကုန်ပဲ၊ ဘာစားစား မကျဘူးဗျာ၊ နေရခက်လိုက်တာ” ဆိုတော့ သူက ပြောပြန်တယ်။ “ဟားဟား မပူနဲ့၊ အခုလည်း ငါးကြော်နေတယ်၊ မနက်ဖန်စားရဦးမယ်” တဲ့။ ကျနော့်ခများ ငါးအသံကြားတာနဲ့တင် လန့်နေရတဲ့အထဲ ငါးကြော်နေသေးသတဲ့ဗျား။ နောက်ပြီးမှ သူက “ငှက်ပျောသီးစားရတယ် ကောင်လေးရ” တဲ့၊ ဆက်ပြောပြန်တယ်။ “အာ—စားတာပဲ အဘရ၊ အဘပွဲထိုးပြီး စွန့်ထားတဲ့ ငှက်ပျောသီးတွေတောင် ကျနော်စားလို့ ကုန်ခါနီးနေပြီ” ဆိုတော့ သူက ဘာမှမပြောပဲ ငြိမ်နေတယ်။
ဒီလိုနဲ့ စိတ်ပိန်ပိန်နဲ့ အပေါ်ထပ်ပြန်တက်ပြီး မျက်တဲ့မျက်တဲ့ အရိုးကို မေ့လိုမေ့ငြား ရုပ်ရှင်ကြည့်နေတုန်း အပြင်က တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်တယ်။ အဘလက်ထဲမှာ သံပုရာသီးတစ်လုံးကို ညှစ်ကောင်းရုံ အစိတ်လေးတွေ လေးစိပ် စိပ်၊ ကြွေပန်းကန်လေးထဲထည့်ပြီး ကိုင်ထားတာတွေ့ရတယ်။ “ကဲ ဘာမှမပူနဲ့၊ ညအိပ်ယာဝင်တဲ့အခါ သံပုရာရည်ကိုညှစ်သောက်ပေတော့၊ ငါးအရိုးမပြောနဲ့၊ ဆင်စွယ်တောင် ပျော့သွားမယ်၊ မယုံမရှိနဲ့ လက်တွေ့ပဲ ကောင်လေးရ” တဲ့။ ရပြန်ပြီ နောက်ထပ် ဆေးနည်းတစ်မျိုး။ အတွေ့အကြုံများတဲ့ လူကြီးစကားဆိုတော့လည်း နားထောင်ရတာပေါ့။ ကိုယ်က ဒုက္ခရောက်နေတာကိုး။ ဒီလိုနဲ့ ညအိပ်ယာဝင်တဲ့အထိတောင် မစောင့်နိုင်တော့ဘူး။ ကြည့်နေရင်းတန်းလန်း ရုပ်ရှင်ကားကို ရပ်ပြီး ကုတင်ပေါ် ပက်လက်အိပ်၊ ပါးစပ်ဖြဲပြီး စိပ်ထားတဲ့သံပုရာခြမ်းလေးကို လျှာမထိ၊ အာမထိ၊ လည်ချောင်းဝ တိုက်ရိုက်ရောက်အောင် ညှစ်ထည့်ပြီး နေနိုင်သလောက် ငုံထားလိုက်တယ်။ ချဉ်လိုက်တာဗျာ။ သွားထိရင် သွားကျိမ်းမှာစိုးရ၊ လျှာထိရင်လည်း ချဉ်တဲ့အရသာပိုဆိုးလို့ လည်ချောင်းထဲ တည့်တည့်ဝင်အောင် ပက်လက်အိပ်ပြီး ညှစ်သောက်တာတောင် သံပုရာရဲ့ အချဉ်ဓာတ်က တော်တော်ပြင်းထန်တာကလား။
တစ်စိပ်ညှစ်ပြီး ခဏနေကြည့်တယ်၊ မျက်နေတုန်းပဲဗျို့။ ဒါနဲ့ လာစမ်း နောက်တစ်စိပ်။ ထပ်ညှစ်သောက်တယ်။ အဲပြီးတော့ ခဏနေလိုက်တယ်။ လည်ချောင်းဝမှာ ဘာမှမရှိတော့သလို ခံစားမိတယ်။ အယ်—အဘဆေးနည်း စွမ်းပြီထင်တယ်။ အခုဘာမှမခံစားရတော့ဘူး။ ဒါနဲ့ ရေတစ်ငုံနှစ်ငုံ သောက်လိုက်တယ်။ နေကြည့်တယ်။ သေချာတယ်။ အရိုးမမျက်တော့ဘူး။ အဟား—-ပျော်လိုက်တာဗျား။ အရိုးနင်ရင် သံပုရာရေကို ဒီလိုဒီလို ညှစ်သောက်ရတယ်ဆိုတဲ့ အသိနဲ့ လက်တွေ့ပျောက်ကင်းသွားတဲ့ ကျနော့်အဖြစ်ကို ပြောပြချင်လိုက်တာ မပြောနဲ့တော့။ “သက်ကြီးစကား သက်ငယ်ကြား” လို့ အဆိုရှိသမို့လား။ ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရဘူးလေ။ အခုကျနော့်လည်ချောင်းဝမှာ အရိုးမျက်တဲ့ဒုက္ခကြီး အဘရဲ့ သံပုရာသီးအစွမ်းကြောင့် လုံးလုံးပျောက်ကင်းသွားပါပြီ။ ပျောက်ဆို သောက်ပြီး ငါးမိနစ်အတွင်းကို ပျောက်တာပါ။ မယုံမရှိနဲ့၊ လက်တွေ့။
—
10 comments
ဆူး
February 10, 2011 at 1:54 pm
ငါးရိုးတော့ မျက်တတ်တယ် လည်ချောင်းထဲ လက်ထိုး ကလော်လိုက်တာဘဲ။
ဒါပေမဲ့ ကြားဘူးတာ တခုရှိတယ် ငါးရိုးစူး သေသွားတဲ့ ဦးသာအေး ဆိုတဲ့ လူက သေခါနီးမှာ သူနာမည် တရင် ငါးအရိုးစူးတာ ပျောက်ပါစေ ဆုတောင်းထားလို့ ငါးအရိုးစူးနေရင် အိမ်ရှေ့ထွက် သူ့နာမည် ဦးသာအေး ကျယ်ကျယ် အော်ရက် ပျောက်တယ်တဲ့။ တခါမှတော့ မစမ်းဘူးပါဘူး ပြောပြတာ။ ဟုတ်မဟုတ် သိရအောင် ရွာသားတွေ စမ်းကြည့်ကြပါလား။
ငါးရိုးနဲ့ သံပုရာသီး ကိုတော့ မှတ်သားထားပါ့မယ်။ ကျေးဇူးတင်ပါတယ်။
ဖိနပ်ထဲ ဂဲဝင်ပြီး ခိုးလို ခုလု ဖြစ်တာထက် ဆိုးတာ ဖြစ်ဘူးတယ်။
လေဒီရှူးကို ခြေအိတ်မပါဘဲ စီးတာ ဘာမှ မဖြစ်ပေမဲ့ လမ်းလျောက်များပြီး ဖနောင့် နေရာ ခြေထောက် အနောက်နားက အသားလန်သွားလို့ ခြေထောက် လှုပ်တိုင်း နာတာတော့ ခဏခဏ ဖြစ်တယ်။ ခရီးသွားနေတာ ဆိုတော့ ပြန်ချင်တိုင်း ပြန်မရ ဖိနပ် လဲစီးချင်တိုင်း စီးမရ တော်တော် အခံရခက်တယ်။ နောက်ပိုင်း ပလာစတာလေး ဆောင်ထားရင် အဆင်ပြေတယ်။ ဒါပေမဲ့ ပလာစတာ ကလည်း လမ်းလျောက်တာ များရင် မဟန်ဘူး ကွာကျသွားတယ်။
zaw min
February 10, 2011 at 3:58 pm
ငါးရိုးမျက်နေရင် ထမင်းကို လက်သီးဆုတ်ခန့် ဆုတ်နယ်ပြီး၊ မျိုချရပါတယ်။လုံးဝ ဝါးမစားရပါဘူး၊ ဌက်ပျောသီး ကိုလည်း ထိုနည်း၎င်း ပဲ မျိုချရပါတယ်။
သံပုရာသီးက တော့ ဆာဖြူရစ် အက်ဆစ် ဖြစ်သောကြောင့် လို့ထင်ပါတယ်။
bigcat
February 11, 2011 at 5:32 am
ှဗဟုသုတလည်းရ အရေးအသားကလည်းကောင်း၊ တော်သဗျာ။ နောက်ကိုလည်း ကိုရင်အဘရဲ့ အတွေ့အကြုံဇာတ်လမ်းတွေ တင်ပါအုံး။
cobra
February 11, 2011 at 8:32 am
စွမ်းလိုက်တဲ့သံပုရာပါလား..။
kai
February 11, 2011 at 8:51 am
ငှက်ပျောသီး၊ ထမင်းဆုပ်တို့က ရှင်းပါတယ်..။
လည်ချောင်းထဲ… နင်နေ..စိုက်နေ..စူးနေတဲ့ အရိုးကို အဲဒါတွေနဲ့ တိုက်ချသွားတော့ ..လည်ချောင်းထဲ မကျန်ရစ်ဖူးပေါ့..။
ဒါကြောင့် .. နင်လောက်အောင်ကို .. အလုံးကြီးကြီးလုပ်မျိုချတာကမှ ..လုပ်နည်းအမှန်ပါ..။
အရိုးဆိုတာက .. ကယ်လ်ဆီယံ..။ အဲဒါကို သံပုရာအချဉ်(အက်စစ်)နဲ့ တွေ့စေတော့ .. ဓါတုဗေဒသဘောအရ .. နှုထရယ်ဖြစ်ပါတယ်..။
သဘောက .. ကယ်လ်စီယမ်ပျော့သွားတာ..ပျော်လာတာ ဖြစ်နိုင်ပါတယ်..။
မျက်လှည့်တွေမှာ.. ကြက်ဥ(ကယ်စီယမ်) ကို အလုံးလိုက် အဝကျဉ်းပုလင်းထဲထည့်ပြတာနဲ့ သဘောတူတယ်..။
အဲဒါက ..ကြက်ဥကို .. ရှလကာရည်အကြာကြီးစိမ်ထားလိုက်ရင် ..ကြက်ဥပျော့ဖြစ်ပြီး ..ပုလင်းထဲထည့်တာမျိုးပါ..။
ဆူး
February 11, 2011 at 3:05 pm
ပုလင်းထဲ ကို ကြက်ဥ ထည့်လို့ရတယ်လား ဘယ်လောက် ကြာကြာ စိမ်ရမလဲ အခု ပြေးစမ်းချင်လို့ အချိန် အတိအကျ ပေးရင် ပိုကောင်းမယ်။
kai
February 11, 2011 at 6:38 pm
၁ဝရက်လောက်စိမ်ရင်တော့ .. အခွံပါပျော်သွားတယ်..။ ၅ရက်လောက်စိမ်ကြည့်.. ပျော့ပြီဆို .. ကြက်ဥရဲ့ အလုံးထက် အဝ(အပေါက်) နည်းနည်းငယ်တဲ့ ပုလင်းအဝပေါ်တင်..။
ပုလင်း အတွင်းထဲ စက္ကူစမီးရှို့ထည့်ထား..ရတယ်..။
ပူတော့ .. လေက ပွနေတယ်..။ပြန်အေးရင်… ကျုံ့တာမို ့..အပေါ်က ကြက်ဥကိုပါ ပုလင်းထဲဆွဲချတာပဲ.။
nature
March 27, 2011 at 6:45 pm
အဖိုးတန်နည်းလေးပါဘဲ။အာခေါင်ထဲအရိုးစူးရင် တကယ်ဒုက္ခရောက်တယ်။
onlinezz
March 28, 2011 at 5:44 am
ဒီနည်းလေးအတွက် ကျေးဇူးပဲဗျို ့။ငါးရိုင်းခဏ၊ခဏ မျက်တက်လွန်းလို ့။
etone
March 28, 2011 at 7:41 am
တကယ်စူးရင် သံပုရာသီးလည်း မကယ်နိုင်ပါဘူးနော်…။ အတင်းဖြဲရဲပြီး ညှပ်နဲ့ နှုတ်မှ ရတော့တယ် 😛