ပညာရှိသူတော်ကောင်း………….

mickylayApril 22, 20101min661

ကျနော်တို့ လောကမှာ လူလေးမျိုးရှိပါတယ်တဲ့။ အဲဒါတွေကတော့
၁။ ပညာတတ်သော်လည်း သူတော်ကောင်းစိတ်မရှိသူ၊
၂။ သူတော်ကောင်းစိတ်ရှိသော်လည်း ပညာမတတ်သူ၊
၃။ ပညာလည်းမတတ် သူတော်ကောင်းစိတ်လည်းမရှိသူ၊
၄။ ပညာလည်းရှိ သူတော်ကောင်းစိတ်လည်း ရှိသူ-
ဆိုပြီး လူလေးမျိုးလာပါတယ်။ ပညာရှိပြီး သဒ္ဓါတရားမရှိရင် ပညာတတ် လူမိုက်ဖြစ်တတ်ပါတယ်။ နောက်ပြီး သဒ္ဓါတရားတော့ရှိပါတယ် ပညာမရှိဘူးဆိုပြန်ရင်လည်း သူတော်ကောင်း လူအကြီးဖြစ်တတ်ပါတယ်။ ဒီတော့ ကျနော်တို့အားလုံးအနေနဲ့ ပညာရှိသူတော်ကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်းရတဲ့အတွက်၊ ခင်မင်ရတဲ့အတွက် အကျို ၇-ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့ ၁။ လူကောင်းသူကောင်းဖြစ်ရခြင်း၊ ၂။ အသိအလိမ္မာ ဉာဏ်ပညာရရှိခြင်း၊ ၃။ ပူပင်သောက မဖြစ်ရခြင်း၊ ၄။ ဆွေမျိုးအလယ်၌ တင့်တယ်ရခြင်း၊ ၆။ နတ်ပြည်၌ ကြာမြင့်စွာနေရခြင်း နဲ့ ၇။ ဒုက္ခပေါင်းစုံမှ ကင်းလွတ်ရခြင်းတို့ ဖြစ်ပါတယ်။ ဒါကတော့ ပေါင်းသင်းရကျိုးလေးတွေပါ။ ကျနော်အနေနဲ့ ဒီနေရာမှာ ပြောချင်တာကတော့ ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခုပါ။ ဖြစ်ပုံလေးက ဒီလိုပါ။ ၂၀၀၉၊ ဒီဇင်ဘာမှာ ဘုရားဖူးအနေနဲ့ ဗုဒ္ဓဂယာကိုရောက်ဖြစ်သွားပါတယ်။ အဲဒီအချိန်ကလည်း တကယ့် ဘုရားဖူးတဲ့လူတွေ အလာများတဲ့အချိန်ဆိုတော့ ကျနော်တို့ မြန်မာပြည်က ဘုရားဖူးတွေတော်တော်များများတွေ့ရပါတယ်။ ကျနော်ကတော့ ဗုဒ္ဓဂယာမှာ တစ်လနီးနီးနေတာဆိုတော့ ညနေတိုင်းညနေတိုင်း ဘုရားပွင့်ခဲ့တဲ့နေရာကို သွားပြီး ဘုရားဖူးပါတယ်။ တစ်ရက်မှာတော့ မြန်မာပြည်ဘုရားဖူးအဖွဲ့ထဲက အသက်လေးဆယ့်ငါးဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံဖြစ်ပါတယ်။ အဲဒီမှာ သူကမေးပါတယ်။ ဗောဓိညောင်ရွက်ရောင်းတဲ့နေရာမရှိဘူးလားဆိုပြီး လာမေးပါတယ်။ ဒါနဲ့ ကျနော်လည်း ဗောဓိညောင်ရွက်ရောင်းတဲ့နေရာတော့ မသိဘူး ညောင်ရွက်တွေရောင်းတာကတော့ ဟော ဟိုဟာပဲ ဆိုပြီး ညွှန်ပြလိုက်ပါတယ်။ အဲဒီအချိန်က ကျနော် အဲဒီမှာရောက်နေတာ အရက် ၂ဝ ဝန်းကျင်လောက်ရှိနေပါပြီ။ ကျနော်လည်း သူတို့လိုပါပဲ။ ဗောဓိညောင်ရွက်လိုချင်လွန်းလို့ ဆိုပြီး ညောင်ပင်အောက်သွားသွားပြီး ထိုင်စောင့်နေပါတယ်။ ညောင်ရွက်ကြွေကြတာကိုစောင့်နေတာပါ။ ခက်တာက အဲဒီညောင်ပင်က ညောင်ရွက်ကတော်တော်ကို ကြွေခဲပါတယ်။ သူတို့ကတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်မို့ ရောင်းတဲ့ ဆိုင်တွေကပဲ ဝယ်သွားလေ့ရှိပါတယ်။ တစ်ရက်မှာ ဘုရားဝန်းကျင် အပြင်အရံတွေအထိလမ်းလျှောက်သွားကြည့်လိုက်တော့ ကျနော်တွေ့လိုက်ရပါတယ်။ ညောင်ကိုင်းတွေ ညောင်ကိုင်းတွေပေါ့။ ညောင်ကိုင်းတွေကို ခုတ်ထားပြီး ရေကန်ထဲမှာ စိမ်ထားတာပါ။ တချို့ဆွေးနေတဲ့အရွက်တွေကိုတော့ သူတို့က ရောင်းဖို့အတွက် ပလပ်စတင်နဲ့ လောင်းနေတာကိုသွားတွေ့ရပါတယ်။ အော်….ဘုရားနားက ရောင်းနေတာ ဒီညောင်ရွက်တွေပါလားပေါ့။ ကျနော်လည်း အစက အထင်တော့ အထင်သားရယ်။ ဒီလောက်အကြွေခက်တဲ့ ညောင်ရွက်တွေက ဘာကြောင့် ဒီလောက်တောင်ပေါနေရလဲပေါ့။ အခုမှပဲ အဖြေက ရှင်းတော့တယ်။ ပေါမှာပေါ့။ ဘယ်ညောင်ပင်ကမှန်းမသိတဲ့ညောင်ကိုင်းတွေကို ခုတ်ပြီးတော့ ညောင်ရွက်တွေကို ဗောဓိညောင်ရွက်လုပ်ရောင်းနေတာကိုး။ ဒီမှာပဲ ကျနော်တွေးမိပါတယ်။ မြန်မာတွေရဲ့သဒ္ဓါတရားကိုပါ။ တစ်နည်းပြောရရင် သူတော်ကောင်းစိတ်ပေါ့ဗျာ။ ထက်သန်လှပါတယ်။ ဟုတ်တာမဟုတ်တာအပထားတော့….အဓိကအနေနဲ့ သူယုံကြည်ရာကို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးလေးပေါ့ဗျာ။ လုပ်တာကတော့ ကောင်းတော့ကောင်းပါတယ်။ ယုံကြည်ချက်တစ်ခုတည်းကိုတော့ အားကိုးလို့ မကောင်းဘူးထင်ပါတယ်။ ဒီနေရာမှာ ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်ထဲက စကားလေးကို နဲနဲဆိုချင်ပါတယ်။ ဆရာတော်ကတော့ ဒီလို မိန့်ထားပါတယ်။ “သဒ္ဓါနဲ့ ပညာကွာခြားပုံ= သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုး)ယုံကြည်ပြီးဖြစ်၍ နောက်ဘဝ၌ အကျိုးရဖို့အရေးကို အထူးတလည် တွေးမနေတော့ပြီ။ ဤသို့လျှင် သဒ္ဓါနှင့်ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်းကွာလာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်းမဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်းပင်။ နှစ်ဖက်စုံကြည့်တတ်မှသာ ကောင်းပါသည်။ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ဟု ကျမ်လာဆိုရိုးရှိပါသည်´´ ဆိုပြီး ရေးသားထားပါတယ်။
အခုကျနော်တွေ့လိုက်ရတဲ့ အဖြစ်အပျက်လေးကို ပြန်ပြီးတွေးမယ်ဆိုရင် ဘုရားပွင့်ခဲ့တဲ့ညောင်ပင်က အရွက်ပဲဆိုတဲ့ ယုံကြည်ချက် (သဒ္ဓါ)တစ်ခုကိုသာ ဦးစားပေးပြီး ဒီညောင်ရွက်ဟာ ဟုတ်နိုင်၏။ မဟုတ်နိုင်၏ ဆိုတဲ့ ဆင်ခြင်သုံးသပ်ချက် (ပညာ) မပါတဲ့အတွက်ကြောင့်မို့“သူတော်ကောင်းလူညံ့´´ဆိုတဲ့ အနေအထားမျိုးကိုရောက်သွားပါတယ်။ နောက်ပြီး ပြည်တွင်းမှာဆိုရင်လည်း တွေ့ဖူးကြ၊ ကြားဖူးကြမှာပါ။ အကျိုးရှိနိုင်၏။ မရှိနိုင်၏ဆိုတာကို ဦးစားမပေးတော့ဘဲနဲ့ လှူလိုက်ကြတာ တန်းလိုက်ကြတာတွေ တစ်ပုံကြီးပါ။ ဒါကြောင့်မို့ “ဒို့မြန်မာတွေထဲမှာ သူတော်ကောင်းလူညံ့ကြီးတွေ ဘယ်လောက်များနေပြီလဲ´´ မသိဘူးဆိုပြီး စိုးရိမ်စိတ်ဝင်မိပါတယ်။
နောက်ပြီး ပညာသမားကျပြန်တော့လည်း “ငါတို့က လှူစရာမလိုတော့ပါဘူး။ သူများလှူတာကို သာဓုခေါ်လိုက်ရင်လဲ။ ကုသိုလ်ရပြီးသားပဲ´´ဆိုပြီး ကုသိုလ်ကို ဈေးတွက်တွက်နေတာတွေလည်း တွေ့ဖူးပါတယ်။ ဒီလိုကျပြန်တော့လည်း ပညာတတ်လူမိုက်ကြီးဖြစ်သွားပြန်ပါရောလား။ သဒ္ဓါနဲ့ပညာဟာ ချိန်ခွင်လျှာလို ညီမျှနေကာမှ ကိုယ်လုပ်တဲ့ ကောင်းမှုကလည်း အကျိုးပေးသန်မှာပါ။ ဒါမှလည်း “ပညာရှိသူတော်ကောင်း´´ဆိုတဲ့ နာမည်ရမှာပါ။
ဒါကြောင့်မို့ ကျနော်တို့ ရွှေမြန်မာတွေအနေနဲ့ ဒီနေ့ကစပြီး ပညာရှိသူတော်ကောင်းများ ဖြစ်နိုင်အောင် တိုက်တွန်းချင်ပါတယ်။ လှူတဲ့နေရာမှာလည်း တကယ်အကျိုးရှိနိုင်မယ့် ပညာရေးတို့၊ ကျန်းမာရေးတို့လို နေရာမျိုးတွေကို သဒ္ဓါနဲ့ပညာဦးဆောင်တဲ့ စိတ်လေးနဲ့ လှူဒါန်းပေးကြဖို့တိုက်တွန်းရင်း “ပညာရှိသူတော်ကောင်း´´စာရင်းဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……………။

One comment

  • susunosuki

    April 22, 2010 at 9:07 am

    ဒီစာလေးကိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်သူငယ်ချင်း…
    ပညာရှိသူတော်ကောင်းကိုတွေ့ဖို့ဆိုတာမလွယ်ပါဘူး
    တစ်ချို့ကဘာသာရေးကိုအကြောင်းပြပြီတော့လိမ်ကြတယ်၊ သဒ္ဒါပိုတဲ့သူတွေရမ်းယုံကြလို့ ဒုက္ခရောက်ရတယ်။ ယုံမှတ်လို့ ပုံအပ်မိသူများ အကြောင်းကို မေတ္တာရှင်အရှင်ဇဝနရေးလို့ သိခဲ့ရတယ်။
    မေတ္တာနဲ့ သူတော်ကောင်းကို ရှာပါတဲ့။ ပြီးတော့ သင်ယူပါ လေ့လာပါ။ ကျင့်ကြံပါတဲ့။
    ဘုရားရှင်ပွင့်ထွန်းပေါ်ခဲ့လို့ သူတော်ကောင်းနဲ့ ဆုံခဲ့ရလို့ သံသရာက လွတ်သွားတဲ့သူတွေအများကြီးရှိခဲ့ရတာပါ။
    ပညာလည်းတတ်၊ သူတော်ကောင်းစိတ်လည်းမွေးမြူနိုင်ကြပါစေ…….

Leave a Reply