ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ

mickylayApril 22, 20101min1503

တစ်ခါက နာမည်ကြီးရုပ်ရှင် မင်းသားတစ်ယောက်က သူ့အိမ်မှာ နတ်ကန္နားပေးသည်။
ထိုပွဲကို တက်ရောက်ချီးမြှောက်သောနာမည်ကြီး စာရေးဆရာမတစ်ဦးက
နတ်ကန္နားပွဲပေးတာကို ‘ရိုးရာယဉ်ကျေးမှုဖြစ်ကြောင်း’ ဧည့်သည်မှတ်တမ်း၌မှတ်
ချက်ရေးခဲ့သည်။ ထိုအခါ အခြားနာမည်ရှိ အမျိုးသားစာရေးဆရာတစ်ဦး က
နတ်ကန္နားပေးခြင်းသည် ရိုးရာအစဉ်အလာဟု သာဆိုနိုင်သည်။
ယဉ်ကျေးမှုဟုမဆိုနိုင်ကြောင်း၊ ရိုးရာနှင့်ယဉ်ကျေးမှုသည်
တချို့တွဲလျက်ရှိသော် လည်းတချို့က ခွဲလျက်ရှိကြောင်း၊
ကွဲပြားကြောင်းရေးသားခဲ့သည်ကို မှတ်မှတ်ရရဖတ်ခဲ့ဖူးသည်။

ယဉ်ကျေးမှုနှင့်ရိုးရာသည် တချို့မှာ အရတူတစ်ထပ်တည်းကျကွဲပြားမှု မရှိသော်လည်း တချို့မှာအရမတူတစ်ထပ်တည်းမကျ ကွဲပြားနေသည်လည်းရှိသည်။
တချို့ရိုးရာအစဉ်အလာတို့သည် ယဉ်ကျေးမှုဟုမဆိုနိုင်။ အမှန်ကမြန်မာ့ယဉ်ကျေးမှု
သည် ဘုရားတရားသံဃာရတနာမြတ်သုံးပါးမှ ဆင်းသက်လာသည်။
ရတနာမြတ်သုံးပါးနှင့်တိုက်ရိုက် ဆက်စပ်နေသည်။ ပုဂံရှိဘုရားဟောင်းစေတီ
ပုထိုးများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဟု သတ်မှတ်ကြသည်မဟုတ်လော။

မြန်မာစာပေသည် မင်္ဂလသုတ် မှလာခဲ့သလို မြန်မာ့ယဉ်ကျေးမှုကလည်း မင်္ဂလသုတ်မှလာခဲ့သည်။ မင်္ဂလသုတ်ပါ ၃၈ ဖြာမင်္ဂလာတရားတော်သည် လူကိုယဉ်ကျေးစေသလို
လိမ္မာလည်းလိမ္မာစေသည်။ လူကို ကောင်းစေသလို တော်လည်းတော် စေသည်။
လူယဉ်ကျေးလူလိမ္မာဖြစ်ဖို့၊ လူကောင်းလူတော်ဖြစ်ဖို့မင်္ဂသုတ် ကတာဝန်ယူသည်။
သို့သော် ခေတ်တွေ၊ စနစ်တွေပြောင်းလာတော့ မြန်မာလူမျိုးတို့သည်
မင်္ဂလသုတ်နှင့် ဝေးဝေးလာခဲ့သည်။ မင်္ဂလာတရားနှင့်ကတ္တား ခြား၍ခြား၍လာခဲ့သည်။
ထိုသို့သောအခါ။

မင်္ဂလာတရား ၃၈ ပါးတွင် ‘ဂါရဝေါစ နိဝါတောစ’ ဟူ၍ရှိသည်။ ဤမင်္ဂလာနှစ်ပါးသည် ယဉ်ကျေးမှု၏အခြေခံအုတ်မြစ်ဖြစ်သည်။ မည်သည့်ဘာသာဝင်မဆို ဂါရဝနိဝါတ သဘောရှိလျင် ယဉ်ကျေးသည်ဟုဆိုရမည်။
ကမ္ဘာပေါ်တွင်ဂါရဝနိဝါတ နှင့်ကင်းသော ယဉ်ကျေးမှုဟူ၍မရှိနိုင်၊
ဂါရဝနိဝါတကင်းလွတ်နေသူသည် ယဉ်ကျေးသူမဖြစ်နိုင်။ ဂါရဝနိဝါတ
ကင်းသောကိုယ်နှုတ်အမူအရာသည် ယဉ်ကျေးသောအမူအရာမဖြစ်နိုင်။
ယဉ်ကျေးမှု၏သရုပ်သကန်ကို ဂါရ ဝနိတတရားနှင့်သာဖော်ကျူးနိုင်သည်။ ဂါရဝဟူသည်
ရိုသေခြင်း၊ လေးစား ခြင်းဖြစ်သည်။ နိဝါတဟူသည် မိမိကိုယ်စိတ်နှစ်ပါးကို
နှိမ်ချဆက်ဆံခြင်းဖြစ်သည်။ နိဝါတကိုရှေးဆရာ
တို့ကခြေသုတ်ပုဆိုး၊မြေစွယ်ကျိုးသို့၊ ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍားပမာနှိမ်
ချအပ်သော မာန်မာနရှိသည်ဖြစ်၍ဟု မြန်မာပြန်ကြသည်။

စိတ်ကြီးဝင်ခြင်း၊ ဘဝင်မြင့်ခြင်း၊ မာနကြီးခြင်း၊ အောက်ခြေလွတ်ခြင်း၊ အပြောအဆိုမောက်မာခက်ထန်ခြင်း၊ ရင့်သီးခြင်း၊ ထောင့်မကျိုးခြင်း၊
ကြွားဝါခြင်း၊ ပလွှားခြင်း၊ ကိုယ်အမူအရာကြမ်းတမ်း ခြင်း၊
နှုတ်အမှုအရာရိုင်းစိုင်းခြင်းတို့သည်နိဝါတ၏ဆန့်ကျင်ဘက် သဘောများဖြစ်ကြသည်။
နိဝါတသည်အထက်ပါသဘောများကင်းရှင်း၍နူးညံ့သိမ်မွေ့ပြေပြစ်ချောမောနှစ်လိုဖွယ်ရာ
ချစ်ခင်ဖွယ်ရာ၊ ခင်မင်ဖွယ်ရာယဉ် ကျေးပျူငှာသော
အမူအရာမျိုးဖြစ်သည်။ပါဠိပညာရှင်တို့က ဂါရဝကို
ရိုသေလေးစားခြင်းဟုမြန်မာမှုပြုကြသည်။ မြန်မာဝေါဟာရကလည်း ရိုသေလေးစားဟု
ရိုသေမှုနှင့်လေးစားမှုကိုတွဲ၍ခေါ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ခုကရောနေသည်။
အမှန်က တစ်ခုနှင့်တစ်ခု အဓိပ္ပါယ်ခြင်းက မတူတတ်၊ ကမ္ဘာ့အရှေ့ခြမ်း၏
ယဉ်ကျေးမှုက ရိုသေမှုကိုအဓိကထားသည်။ ကမ္ဘာ့အနောက်ခြမ်း၏ယဉ်ကျေးမှုက
လေးစားမှုကိုအဓိကထားသည်။

ရိုသေဟူရာ၌ ပုဂ္ဂိုလ်ကိုရိုသေရသလို ဓမ္မကိုလည်းရိုသေရသည်။ သက်ရှိကိုရိုသေသလို သက်မဲ့ကိုလည်း ရိုသေရသည်။ သူတစ်ပါးကို ရိုသေရသလို ကိုယ့်ကိုယ်ကိုယ်လည်း ရိုသေရသည်။
ကိုယ့်ကိုယ်ကိုယ်ရိုသေ ဟူသည်မှာ သူတစ်ပါးအရိုအသေတန် မည့် မလျော်ကန်သည့်
အပြုအမူမျိုး ကိုရှောင်ကြဉ်ရခြင်းဖြစ်သည်။

ရိုသေမှုကအထူးသဖြင့် ကာယကံ၊ ဝစီကံနှင့်သက်ဆိုင်သည်။ လက်အုပ်ချီမိုးရှိခိုးခြင်း၊ နေရာမှထပေးခြင်း၊ ခရီးဦးကြိုခြင်း၊
နေရာထိုင်ခင်းပေးခြင်း၊ အရာရာ၌ဦးစားပေး ခြင်းသည် အရိုအသေပေးခြင်း၊
ရိုသေခြင်းဖြစ်သည်။လေးစားမှုက မနောကံနှင့်သက်ဆိုင်သည်။
စိတ်စေတနာနှင့်သက်ဆိုင်သည်။ အသိဉာဏ်ဆင်ခြင်တုံ တရားနှင့်သက်ဆိုင်သည်။
လူ့စိတ် အဆင့်အတန်းနှင့်သက်ဆိုင်သည်။ စိတ်ထားမွန်မြတ်သူတို့သည် လူကို
လူလိုမြင်ကြသည်။ လူကိုလူလိုတန် ဖိုးထားကြသည်။ လူကိုလူလိုဆက်ဆံကြသည်။
လူတိုင်းအပေါ်၌ လေးလေးစားစားဆက်ဆံကြသည်။ ရွယ်တူကိုလေးစားဟု
ဆိုရိုးစကားရှိသော်လည်း အမှန်ကအရွယ်သုံးပါးလုံး လေးစားရမည်။
လူမှန်လျင်ဆင်းရဲ ချမ်းသာမရွေး၊ မျက်နှာကြီးငယ်မရွေး၊ ပညာတတ်မတတ်၊
ဂုဏ်ရှိမရှိ၊ လူအားလုံးကိုလေးစားရမည်။ လူကိုလေးစားသလို လူ၏အသက်ရှင်
နေထိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊
ဆိုပိုင်ခွင့်၊ အခွင့်အေရေး အားလုံးကိုလေးစားရမည်။

ဂါရဝပြုထိုက်သူတို့ကို မင်္ဂလသုတ် အဋ္ဌကထာကဖွင့်ရာ၌ ‘ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန်းသံဃာ၊ ဆရာ မိဘ၊ အစ်ကိုကြီး၊ အစ်မကြီးစသော ပုဂ္ဂိုလ်များ’ ဟုဖွင့်ပြသည်။
ပါဠိတော်၌ ဂါရဝပြုထိုက်သူ၊ ဂါရဝပြုစ ရာဆယ်မျိုးပြဆိုသည်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊
သိက္ခာ၊ သမာဓိ၊ အပ္ပမာဒ-သတိ၊ အချင်းချင်းတစ်ဦးအပေါ် တစ်ဦး၊
ပဋိသန္ထရ-ပျူငှာလောက ဝတ်ပြုမှု၊ အစေ့အစပ်စကားပြောမှု၊ နှုတ်ခွန်းဆက်မှု၊ ဟိရီ၊
ဩတ္တပ္ပဟူ၍ ဖြစ်သည်။ဂါရဝတရားကို နားလည်လျင် ယဉ်ကျေးသည်။ ဂါရဝတရားကိုနား
မလည်လျင် ရိုင်းစိုင်းသည်။ ဂါရဝ တရားရှိလျင်ယဉ်ကျေးသည်။ ဂါရဝ
တရားမရှိလျင်ရိုင်းစိုင်းသည်။ နိဝါတတရားကိုနားမလည်လျင် ရိုင်းစိုင်းသည်။
နိဝါတတရားရှိလျင် ယဉ်ကျေးသည်။ နိဝါတတရားမရှိလျင် ရိုင်းစိုင်းသည်၊

ယဉ်ကျေးသူတို့သည် ဘုရား ကိုရိုသေကြသည်။ ဘုရားကို လေးစားကြသည်။ ဘုရားကိုအလေးထားကြသည်။ ဓာတုစေတီ၊ ဥဒ္ဒိဿက စေတီထိုက်သော စေတီပုထိုးဘုရား
ဆင်းတုစသည်တို့ကို ရိုသေကြသည်။ လေးစားကြသည်။ အလေးထားကြ သည်။
ဓမ္မစေတီထိုက်သော ဘုရား ဟောကြားမြတ်တရားတို့ကိုလည်း ရိုသေကြ၊ လေးစားကြ၊
အလေးထား ကြသည်။ ဘုရားအလိုလိုက်၊ ဘုရား အကြိုက်နေသူသည် ဘုရားကိုရိုသေ
လေးစားခြင်းဖြစ်သည်။ တရားတော် အတိုင်း လိုက်နာကျင့်သုံးသူသည် တရားကို
ရိုသေလေးစားခြင်းဖြစ်သည်။

မိမိတို့သည် ဘုရားအလိုတော် အတိုင်းမည်မျှနေထိုင်ပါသနည်း။ တရားတော်အတိုင်းမည်မျကျင့်သုံးပါသနည်း။ မိမိတို့၏ယဉ်ကျေးမှု၊ ရိုင်းပျမှုက ဘုရားအလိုတော်ကျနေထိုင်၊ မနေထိုင်၊
တရားတော်အတိုင်းကျင့်သုံး၊ မကျင့်သုံးဟူသောအပေါ်၌ တည်နေသည်။
ဘုရားကိုတကယ်အလေးထားသူသည် ဘုရားအလိုကျ ဖြစ်အောင်အဖြစ်နိုင်ဆုံးနေထိုင်ပါ
သည်။ တရားတော်နှင့်ညီအောင် အစွမ်းနိုင်ဆုံးကျင့်သုံးပါသည်။ ဘုရား အလိုကျ၊
တရားအလိုကျနီးစပ်မှုမှ မရှိသေးလျင်မိမိ ဘုရားတရားအပေါ်
တကယ်အလေးမထားသေးကြောင်းက ထင်ရှားနေသည်။ ဘုရားတရား အပေါ်တကယ်အလေးမထား၊
မလေးစားသေးလျင်ဗုဒ္ဓအဂါရဝ၊ ဓမ္မအဂါရဝဖြစ်နေသေးလျင် မိမိယဉ်
ကျေးသူဟုဆိုနိုင်ပါမည်လော။

ဘုရားက ”မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမနိုင်သူသည် တစ်လောကလုံးရှိ အမြတ်အားလုံးထက်ပို ၍မြတ်၏။ မိမိစိတ်ကိုယဉ်ကျေးအောင်ဆုံးမနိုင်သူသည် ချမ်းသာ၏။ မိမိကိုယ်ကို
ယဉ်ကျေးအောင်ဆုံးမနိုင် မှရခဲသော အရဟတ္တဖိုလ်နိဗ္ဗာန်ကိုရ၏။” ဟု
မိန့်တော်မူသည်။ မိမိကိုယ်ကိုယ်ဆုံးမရာ၌ ဘုရားအဆုံးအမနှင့်
အညီဆုံးမရခြင်းပင်ဖြစ်သည်။ ဘုရားအဆုံးအမနှင့်ဆုံးမဟူရာ၌
ဘုရားတရားကိုအလေးထားမှဖြစ်မည်။ ဘုရားတရားလေးစားမှဖြစ်မည်။


ယဉ်ကျေးသူသည် သမာဓိရှိသည်။ တည်တည်ကြည်ကြည်၊ တည်တည် ငြိမ်ငြိမ်ရှိသည်။ ဘက်လိုက်မှုကင်းသည်။ မျတသည်။ ရိုင်းပျသူမှာ ဘာသမာဓိမှမရှိ။တည်တည် ကြည်ကြည်မရှိ၊ တည်တည်တန့်တန့်မရှိ၊ ဘက်လိုက်တတ်သည်။
မမျှမတပြုကျင့်သည်။ ယဉ်ကျေးသူသည် ဘုရားတရားကိုအမှတ်ရသည်။ ရိုင်းပျသူသည်
ဘုရားကိုလည်း သတိမရ၊ တရားကိုလည်း သတိမရ။ ဘုရားတရားနှင့်ဝေးသည် . .


 

ယဉ်ကျေးသူသည် သံဃာတော်ကို လေးစားသည်၊ အလေးထားသည်။ ရိုင်းပျသူသည် သံဃာတော်ကိုမလေးစား၊ အလေးမထား။ ယဉ်ကျေးသူသည်သိက္ခာကို အလေးထားသည်။
သိက္ခာရှိရှိနေသည်။ ရိုင်းပျသူသည် သိက္ခာကို အလေးမထား။ ရိက္ခာကိုသာ
အလေးထားသည်။ ရိုင်းပျသူအတွက် သိက္ခာမရှိချင်နေပါစေ။ ရိက္ခာရှိဖို့သာလိုသည်။
သူ့အတွက် သိက္ခာကရိက္ခာလောက်အရေးမကြီး။

ယဉ်ကျေးသူသည် သမာဓိရှိသည်။ တည်တည်ကြည်ကြည်၊ တည်တည်ငြိမ်ငြိမ်ရှိသည်။ ဘက် လိုက်မှုကင်းသည်။ မျတသည်။ ရိုင်းပျသူမှာဘာ သမာဓိမရှိ။တည်တည်ကြည်ကြည်မရှိ၊
တည်တည်တန့်တန့်မရှိ၊ ဘက်လိုက်တတ်သည်။ မမျှမတပြုကျင့်သည်။ ယဉ်ကျေးသူသည်
ဘုရားတရားကို အမှတ်ရသည်။ရိုင်းပျသူသည် ဘုရားကိုလည်း သတိမရ၊ တရားကိုလည်း
သတိမရ။ ဘုရားတရားနှင့်ဝေးသည်။

ယဉ်ကျေးသူသည် ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေသကဲ့သို့ လူနှင့်လူချင်း အပြန်အလှန်လေးစားသည်။ အလေးထားသည်။ ကိုယ်ချင်းစာတရားသည် လူကိုအလေးထားရာမှ ပေါ်လာသည်။ အားနာစိတ်၊ စာနာစိတ်၊
ငဲ့ညှာစိတ်၊ ကူညီလိုစိတ်၊ ရိုင်းပင်းလိုစိတ်၊ အားနာမှု၊ စာနာမှု၊ ငဲ့ညှာမှု၊
ကူညီမှု၊ ရိုင်းပင်းမှုတို့သည် လူအချင်းချင်းလေးစားခြင်း၊
အလေးထားခြင်းမှဖြစ်ပေါ်လာသည်။ ထိုအခြင်းအရာတို့သည် လူ့ယဉ်
ကျေးမှုတွေပင်ဖြစ်သည်။

ပဋိသန္တာရ-ပျူငှာလောကဝတ် ပြုမှု၊ အစေ့အစပ်စကားပြောမှု၊ နှုတ်ခွန်းဆက်မှုတို့သည် အချင်းချင်းတွေ ကြားမှာရှိနေသည်။ ယဉ်ကျေးသူတို့သည် ထိုကိစ္စထိုအပြုအမူတို့ကိုလည်း
တလေးတစားရှိရမည်။ လောကဝတ် ကျေပွန်ရမည်။ တစ်ဦးနှင့်တစ်ဦးကြား
ပြောကြဆိုကြရာ၌ လေးလေးစားစားရှိရမည်။ နှုတ်ဆက်စကား ဆိုရာ၌လည်း
တလေးတစားရှိရမည်။ အာမိသပဋိသန္ထာရကို အလေးထားသလို ဓမ္မပဋိသန္ထာရကိုလည်း
အလေးထားရမည်။

ရှက်စရာကိုရှက်တတ်ခြင်း၊ ကြောက်စရာကိုကြောက်တတ်ခြင်း၊ အရှက်အကြောက်ရှိခြင်း၊ ဟိရီဩတ္တပ္ပတရားနှစ်ပါးသည်လည်း ယဉ်ကျေးမှုစရိုက် လက္ခဏာများဖြစ်သည်။
အရှက်အကြောက်ရှိခြင်းသည် ယဉ်ကျေးသည်။ အရှက်အကြောက်မရှိ ခြင်းသည်
ရိုင်းပျသည်။ ယဉ်ကျေးသူသည် ရှက်တတ်၊ ကြောက်တတ်သည်။ ရိုင်းပျသူသည်
အရှက်အကြောက်မရှိ၊ ရှက်ရကောင်းမှန်း၊ ကြောက်ရကောင်းမှန်းမသိ။

မြန်မာ့ရိုးရာသင်္ကြန်သည် ရိုးရာအစဉ်အလာဖြစ်သည်။ ရှေးတုန်းက လို ယဉ်ယဉ်ကျေးကျေးသပြေခက် နှင့်ရေပက်တော့ ယဉ်ကျေးမှုဖြစ်သည်။
နောက်ပိုင်းခေတ်မှာရေခဲထုပ်နှင့်ထု၊ မီးသတ်ပိုက်နှင့်ထိုးတော့
ရိုင်းပျမှုဖြစ်သွားသည်။ မူးယစ်သောက်စားရမ်းကားကြ၊
ခေတ်သမီးပျိုအများစုအရှက်အကြောက် ကင်းမဲ့စွာ မ လုံမခြုံဝတ်ကြဆိုတော့
မြန်မာ့ရိုးရာသင်္ကြန်က မြန်မာ့ယဉ်ကျေးမှုနှင့်တစ်လမ်းစီ ဖြစ်သွားတော့သည်။
ရိုးရာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှုဟုဆိုဖို့ ခက်သွားတော့သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မဆီမလျော်သော အနောက် တိုင်းဝတ်စားဆင်ယင်မှုတို့ကို
ပုံတူကူးချ၍ ဝတ်စားဆင်ယင်ပုံကို သရုပ်ပျက်ယဉ်ကျေးမှုဟု ခေါ်ဝေါ်ကြသည်။ အမှန်က
သရုပ်ပျက်မှတော့ မည်သို့မျှယဉ်ကျေးမှုမဖြစ်နိုင်တော့။ ဝတ်ပုံစားပုံပဲဖြစ်စေ၊
အခြားနေပုံထိုင်ပုံ ကျင့်သုံးပုံပဲဖြစ်စေ သရုပ်ပျက်ပြီဆို မှတော့
ယဉ်ကျေးမှုမဟုတ်၊ ရိုင်းပျမှုရိုင်းစိုင်းမှုသာဖြစ်သည်။ ပျော်တာ ကောင်းပါသည်။
ပျက်တာကတော့ မကောင်းပေ။ အပျော်ကအပျက် ဘက်ရောက်သွားလျှင်
မည်သို့မျှမကောင်းတော့ပေ။

ကမ္ဘာ့ယဉ်ကျေးမှုဖြစ်စေ၊ မြန်မာ့ယဉ်ကျေးမှုဖြစ်စေ ဂါရဝနိဝါတကို ထောက်တိုင်ပြုထားရသည်။ ဂါရဝနိဝါတထောက်တိုင်နှစ်ခုပြိုလဲလျင် ယဉ်ကျေးမှုလည်းပြိုလဲတော့သည်။
ယဉ်ကျေးမှုအနှစ်သာရ၊ ယဉ်ကျေးမှု အစစ်အမှန်သည် ဂါရဝနိဝါတဖြစ် သည်။

သို့ဖြစ်၍ ရိုးရာအစဉ်အလာ များယဉ်ကျေးမှုနှင့်တွဲနေလိုလျင် ဂါရဝနိဝါတနှင့်တွဲသွားဖို့လိုပါသည်။ ဂါရဝနိဝါတသည်သာလျင်
ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်သည်။ အများသူငါချမ်းသာကြဖို့ဆိုလျင်လည်း ယဉ်ကျေးကြ
ဖို့လိုပါသည်။ ယဉ်ကျေးသူတို့သာ ချမ်းသာကိုဖန်တီးနိုင်သည်။

3 comments

  • anytrkaung

    May 1, 2010 at 9:35 am

    တော်တော်ဟုတ်တဲ့စာရေးဆရာမပဲ…
    စာဖတ်အားလည်းတော်တော်ကောင်းပုံရတယ်…
    နာမည်ဖော်ပြပေးရင်ပိုကောင်းမလားလို့…
    တံတွေးနဲ့ထွေးရအောင်လို့…
    စာဖတ်သူကျွေးတဲ့ ထမင်းကိုုညာစားနေတာသေချာတယ်…
    ညာစားတာတောင်ခွင့်လွှတ်နိုင်သေးတယ်…
    အဆိပ်ခပ်နေတာတော့…………………………………………..

  • mgbakyaing

    July 1, 2010 at 4:34 am

    စာတပုဒ်ဖတ်ဖူးတယ် ငယ်ငယ်က စတော်ဘယ်ရီပင်အောက်မှာတယောလေးထိုးပြီး အလွမ်းသီချင်းဆိုနေလိုက်မယ် တဲ့ အဲသလိုပါပဲ
    ယဉ်ကျေးမှု နဲ့ နတ်ပွဲ က ဘာမှမဆိုင်ပါဖူးဗျာ
    ရိုးရာ အမေကျော်ဒွေးတော်လွမ်းနေတဲ့ မြန်မာတွေရဲ့ နတ်ပသမှုဝါဒတခုပါ

  • shutter

    July 1, 2010 at 11:01 pm

    တော်ပါသည်ဟု ချီးကျူးရပေမည့် ကျွန်တော်လဲ ဒီအကြောင်းတွေကိုပြောချင်နေတာကြာပါပြီ။
    မြန်မာစကားပုံရှိပါသည်။ ““ ခေါင်လုံမှာ အိမ်လုံမည်”” သမီးမကောင်းမိဘခေါင်း ဆိုသည်။ အတိုင်း ဘယ်သူတွေမလုံလို့ ဘယ်သူမကောင်းလဲဆိုတာကို တွေးကြည့်ကြပေတော့ပျို့ မိဘကိုသနားရင်၊ရိုးရာယဉ်ကျေးမှုကို မြတ်နိုးရင်
    သီချင်းလေးဆိုလိုက်ချင်သည်။ ““ မြန်မာ.. မြန်မာ တို့မြန်မာမလေးတွေ မြန်မာလို့ ဝတ်ကျဂုဏ်ရှိတာ မြန်မာဆိုတာ အစဉ်အလာများနဲ့ ထင်ရှားတယ်နိုင်ငံပါ““

Leave a Reply