ရယ်စရာလား မောစရာလား
အခုတလောမှာ ဟိုမှာ ဒီမှာ မီးလောင်နေတာတွေ မြင်တွေ့နေရတော့ ဟိုတစ်လောက ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကလေးကို မျှဝေချင်ပါတယ်။
ရုံးဖွင့်ရက်မနက်စောစောတစ်ရက်မှာပေါ့။
အသံတစ်သံ။ ရှည်ရှည်လျှားလျှားအော်သံ။ တိတိကျကျပြောရရင် အရေးပေါ် ယာဉ်တစ်စီးစီး ကထွက်လာတဲ့ ဥဩဆွဲသံ။ ဒါပေမဲ့ ဒီလိုအသံတွေက ခပ်များများ။ ဘယ်သူမှန်းမသိတဲ့ လူတွေရှေ့က ပြေးပြေးအော်တဲ့ မော်တော်ပီကယ်သံ၊ လူပါပါမပါပါအော်တတ်ပေမဲ့ ကားတွေသိပ်ကျပ်နေရင် သူလဲရပ်နေရတတ်တဲ့ အရေးပေါ်လူနာတင်ယာဉ်သံ၊ ကြိူးစားအော်ရှာပေမဲ့ နဲနဲအန်းတစ်ဖြစ်နေလို့ အသံဝင်ပြီး ချောင်းဆိုးနေတဲ့ မီးသတ်ကားသံ။
အခုကဘာသံပါလိမ့်။ ငြိမ်ပြီးနားထောင်လိုက်ဦးမယ်။
ဟာ…ဒါ …ဒါ … အသံဝင်နေတဲ့အသံဆိုတော့ မီးသတ်ကားသံ။
ဘယ်မှာမီးလောင်ပြန်ပြီလဲ။ ဒါပေမဲ့ ဒီတစ်ခါ အသံတွေက အရမ်း ကျယ်လွန်းနေပါလား။ အနား ကပ်အော်နေသလိုပဲ။ နေဦးအသံက ဘယ်ကိုသွားသလဲ နားထောင်။ ဟင်..အသံက ငါတို့နားမှာ ရပ်သွားပါလား။
အထိတ်တစ်လန့်နဲ့ ကန့်လန့်ကာလေး အသာလှပ်၊ ပြုတင်းနား ရပ်ကြည့်လိုက်။
ဗုဒ္ဓမြတ်စွာ.. ဘုရားရေ မီးသတ်ကားတွေက ငါတို့ နှစ်တိုက်ကျော်မှာရပ်လို့။ ဘဏ်ဘေးက လမ်းကြားလေးထဲ အတင်းတိုးနေကြပါလား။
“ ဟဲ့ဟဲ့..လုပ်ကြပါဦး။ ကြီးကြီးရေ… ဟဲ့ ကောင်မလေး ကြီးကြီးကော။ ညီမလေးနိုးပြီလား။ ဟိုမှာ မီးသတ်ကားတွေ သမီးတို့ဘေးမှာ။ လမ်းတွေလဲပိတ်ကုန်ပြီ။ ဟဲ့ ကောင်မလေး မီးခိုးတွေတွေ့လား။ အရမ်းကပ်နေတယ်နော်။ လေတိုက်လိုက်ရင်သွားပြီ။ ပစ္စည်းတွေသိမ်းမှထင်တယ်။ အို မီမှာမဟုတ်ဘူး။ အိမ်မှာ ယောက်ျားလေးလဲမရှိ။ ငါတို့ချည်း ဒုက္ခရောက်ပြီထင်တယ်။ အောက်ဆင်းကြည့်ရင် ကောင်းမယ်ထင်တယ်။ ဟာ မီးဖြတ်လိုက်ပြီ။ မီးဖြတ်တာ အရမ်းနီးလို့ဖြစ်မယ်။ အမလေး ငါတို့ ၁၁ ထပ်က ဓာတ်လှေကားမပါဘဲ ဘယ်လိုဆင်းရပါ့။
ဟင် ဘာတွေဖြစ်နေကြတာလဲ။ ရင်တုန်လိုက်တာ။ ငါ့မှာနှလုံးရောဂါရှိတယ်နော်။ ညီမလေး။ ညီမလေး။ မီးလောင်နေပြီ။ ဟိုမှာမီးသတ်ကားတွေတွေ့လား။ဟင် ဟုတ်လို့လား။ မီးခိုးလဲမတွေ့ဘူး။ ဪ မီးခိုးတွေ့အောင်စောင့်မနေနဲ့။ ဘာလုပ်ကြမလဲ။ လုပ်လုပ်..။
နေဦး အရေးကြီးတာတွေ အရင်ယူ။ ဘာအရင်ယူရပါ့။ မှတ်ပုံတင်၊ မှတ်ပုံတင်။ သန်းခေါင်စာရင်း အဲ သန်းခေါင်စာရင်းက ဘယ်ရောက်နေပါလိမ့်။ ဩော ဟိုလော်ကာထဲမှာ။ ဘွဲ့လက်မှတ်တွေကော။ ဟာအရေးထဲ ဘွဲ့လက်မှတ်ကယူဦးမယ်။ ဩော ဒါအလုပ်လျှောက်ရင်လိုတယ်။ နေဦး ပတ်စ်ပို့တွေ ဘယ်မှာလဲ။ သမီးရေ..အဖေ့အခန်းထဲက ပိုက်ဆံတွေ ပစ္စည်းတွေယူဦးလေ။ ဖေဖေလဲမရှိဘူး ဖေဖေက ဘာတွေယူချင်မှာပါလိမ့်။ ဟာ.. ရင်တွေတုန်နေပြီ ဘာလုပ်ရမှန်း မသိတော့ဘူး။
အမရေ…မဟုတ်ဘူးထင်တယ်နော် မီးမတွေ့ဘူး။ ဟာ ဒီကောင်မလေး အိပ်ချင်မူးတူးနဲ့ ဟိုမှာ မီးသတ်တွေ ပုလိပ်တွေ ရှုပ်နေတာ မတွေ့ဘူးလား။ မြန်မြန်လုပ်စမ်းပါ။ ဟဲ့ကောင်မလေး ဟိုဘက်ခန်းကလူတွေကောရှိရဲ့လား၊ သွားကြည့်စမ်း။
အန်တီရေ..မီးသတ်ကားတွေ ထွက်သွားကြပြီ။ ဟင် ဟုတ်လို့လား။ ဟုတ်တယ် ပုလိပ်က ဟိုဘက်မီးပွိုင့်ထိပ်ကို လက်ညိူးထိုးနေတယ်။
ဒေါက် ဒေါက် ဒေါက်..
တံခါးခေါက်နေတယ် ဘယ်သူလဲ အရေးထဲ။ ဓာတ်လှေကားမောင်းတဲ့ ဦးလေးကြီး ကြီးကြီး။ ဘာတဲ့လဲ မြန်မြန်ပြောစမ်းပါ။
မီးက ဟိုးဘက်မှာလောင်တာ။ မီးသတ်ကားတွေက တိုက်မှားပြီး ဝင်လာတာ။ ဟိုးဘက် မီးပွိုင့်နားက တိုက်မှာ ဝါယာရှော့ဖြစ်တာ တစ်ယောက်ယောက်က စိတ်ပူပြီး ဆက်လိုက်တာ။ ငြိမ်းသွားပြီ။ ဘာမှလောင်မသွားဘူး။
ဟင်…………. ”
** ကဲ ရွာသားတို့ရေ.. ရီစရာလို့ပဲပြောရမလား၊ ကျီးလန့်စာစားဖြစ်နေရတဲ့ ဘဝတွေမှာ ထစ်ကနဲရှိ စိတ်ပူမိတာ အပြစ်လားတော့မသိ။ တကယ်တော့ ရယ်မောစရာအဖြစ် လေးပဲထင်ပါရဲ့၊ ရယ်ရင်းမောနေရလို့လေ။ ပြန်ပြောရင် ရယ်ရပေမဲ့ ပြန်တွေးရင် တကယ်မောရလို့ပါ။ ဘာပဲဖြစ်ဖြစ် အခုလို တကယ် ကြုံလာနိုင်ကြတာမို့ နောက်ကို ကြိုတင်ပြင်ဆင်ထားပြီး အထုပ်ကလေး ပြင်ထားတော့မလားလို့ ကျမတော့ ရင်မောနေမိပါတယ်။
11 comments
ဆူး
February 14, 2011 at 1:55 pm
အဖိုးတန် ပစ္စည်းတွေ ဥပမာ ရွှေ နဲ့ လက်ဝတ်လက်စားများ လွယ်လွယ်ကူကူ ယူနိုင်တဲ့ နေရာမျိုးမှာ ထားပါ။ (ကိုယ်တိုင်) တခုခုဆို မှတ်ပုံတင် ပက်စပိုစ် အရေးမကြီးပါဘူး
ပိုက်ဆံ သာ အရေးကြီးပါသည်။ လက်ဝတ်လက်စားများနဲ့ ဘဏ်စာအုပ် တခါတည်းသာ မပြီး ပြေးပေတော့။
bigbird
February 14, 2011 at 1:59 pm
အန်တီဆူးကမကြုံဖူးသေးလို ့ပါ၊ ကြုံဖူးတဲ့လူက ဘာကောက်ကိုင်ရမှန်းမသိ၊
ဒူးတွေကိုတုန်လို ့ဗျို ့
ဆူး
February 14, 2011 at 2:19 pm
မကြုံဘူးသေးတာတော့ အမှန်ဘဲ.. တောင်ဥက္ကလာဘက်မှာ မီးလောင်တဲ့ ကိစ္စ အသိက ပြောပြတာ ဆိုရင် မီးစစွဲတဲ့ အိမ်ရဲ့ ဘေးကပ်ရပ် အိမ်က လူကြီး ဆိုရင် မင်္ဂလာဆောင် သွားမလို့ အဝတ်တက်လဲတာ.. ဒီနေ့ ပူလိုက်တာ ဆိုပြိး အပြင်ကို ငုံကြည့်လိုက်တော့ မီးတွေ တွေ့တာနဲ့ အောက်ပြေးဆင်းပြီး လူကြိးတွေ အပြင်ခေါ်ထုတ်တယ်တဲ့.. အဝတ်လဲ နေတုန်း ဘီဒို ဖွင့်ထားတာ မျက်စိရှေ့မှာတင် ပိုက်ဆံ နဲ့ ရွှေတွေ ရှိတာ မယူဘဲ လူကြီးတွေ အရင်ခေါ်ထုတ်ဖို့ ဆင်းသွားလို့ ဘာမှ မရလိုက်ဘဲ အကုန်ကုန်သွားတယ်တဲ့။
manawphyulay
February 14, 2011 at 2:27 pm
မီးဆိုတာနဲ့ပတ်သက်လို့ပြောရဦးမယ်သိလား. မနောက ငယ်ထဲက စကားပြောရင် မီးကလေ လို့ထည့်သုံးတတ်တဲ့အကျင့်ရှိတော့ ရပ်ကွက်ထဲက ရပ်ကွက်လူကြီးက တစ်ရက် လမ်းမှာ နောက်ကနေ လှမ်းခေါ်တယ် မီး မီး ဆိုပြီးတော့ လမ်းမှာရှိတဲ့သူတွေက အလန့်တကြားနဲ့ ဘယ်မှာလောင်တာလဲ ဝိုင်းမေးတယ် အဲဒီဦးလေးကို လေ သူက မီးလောင်တာမဟုတ်ပါဘူးဗျာ ကျွန်တော့် တူမ တွေ့လို့ လှမ်းခေါ်တာဆိုလို့ လူတွေမှာ ရယ်ရမလို ငိုရမလိုရုပ်တွေနဲ့ ဝိုင်းကြည့်တာတော့ ခံရဖူးတယ်သိလား……….
ဆူး
February 14, 2011 at 2:44 pm
မီးဆိုတာ ဒီလိုလား.. လောင်ရင် ပူတတ်တယ်နော်။
kopauk mandalay
February 14, 2011 at 3:31 pm
ကျနော်တို့ မန်းလေးမှာတော့ လူနေထူထပ်တဲ့ ရပ်ကွက်မှာ နေသူများမှာတော့
နွေဆိုရင် ညအိပ်တဲ့အခါမှာ အဘိုးတန်တာလေးတွေ အဝတ်အစားလေတွေ
စာရွက်စာတမ်းလေးတွေကို ခြင်းနဲ့ထည့်ပြီး ခြင်ထောင်ထဲထည့်အိပ်ရတယ်။
မီးလောင်ရင် အဆင်သင့်ယူပြေးနိုင်အောင်လို့ပါ။
ဒါတစ်ကယ်လက်တော့ ဖြစ်ခဲ့တာရယ်
shwepyithu
February 14, 2011 at 3:32 pm
အကြံပေးတာ ကျေးဇူးပါ ဆူးရေ (ကိုယ့်ထက်ငယ်မယ်ထင်လို့ ဆူး လိုက်ပြီ) ..
တကယ်တန်းဖြစ်တော့ ဘာလုပ်ရမှန်းမသိတာ အမှန်ပါ။ လက်ဝတ်လက်စား ဘဏ်စာအုပ် ဘာမှ သတိမရဘူး။ သန်းခေါင်စာရင်းဘယ်လောက် ဒုက္ခပေးထားသလဲဆိုတော့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပဲသတိရတယ်။
ခဏခဏ အရစ်ခံထားရတော့လေ။
နောက်ထပ်သင်ခန်းစာ တစ်ခုရတာက တစ်ခုခုဆို သေချာ သတင်းပေးသင့်တယ်ဆိုတာပဲ။ ခုဖြစ်ရပ်မှာ အမတန်ကြပ်တဲ့ လမ်းကြားထဲမှာ မီးသတ်တွေ အချိန်တော်တော်ပေးလိုက်ရတယ်။ အချိန်တော်တော်လို့ ပြောရတာက တကယ်မီးလောင်နေတဲ့ဆီမှာက တစ်စက္ကန့်တောင် အတော် တန်ဘိုးရှိတာဟုတ်။ ဒီမှာလဲ ရင်တွေတုန် အလုပ်ရှုပ်ရသလို ဟိုမှာလဲ ပိုဆုံးရှုံးသွားရနိုင်တယ်လေ။
kai
February 14, 2011 at 6:35 pm
အဲဒီလိုတွေမဖြစ်အောင် ..စိတ်မပူရအောင် ..မီးအာမခံစံနစ်.. ဘဏ်စံနစ်ကို လူတွေက တီထွင်ထားတာပါ..။
နောက်ဆို ..စိတ်မပူရအောင် ..မီးအာမခံထားလိုက်လေ..။
ဆူး
February 15, 2011 at 5:24 am
မီးခံ သေတ္တာတွေ အာခံခံ သော့နဲ့ ကိုင်ထားတဲ့ စနစ်တွေ မထွန်းကားသေးပါဘူး။
တချိန်က ထွန်းကားခဲ့ပေမဲ့ အဲဒါ အခုအချိန်မှာ တိမ်မြုပ်ဆဲပါဘဲ။
moethidasoe
February 15, 2011 at 3:59 am
အမေမှာထားတာလေးကို အခုထိ လိုက်နာဆဲပါ .. ဘာလဲ ဆိုတော့ မှတ်ပုံတင်ရယ် .. အိမ်ထောင်စု စာရင်းရယ် .. (စုဆောင်းထားတဲ့ လက်ဝတ်လက်စားရယ်) ကို အထုတ်တစ်ထုတ်ထဲ အမြဲထည့်ထားတယ် .. တစ်ခုခု ဖြစ်ရင် ဘာမှ မသယ်နဲ့ တဲ့ အဲဒါ ပါရင် အဆင်ပြေပြီတဲ့ ..
shwepyithu
February 15, 2011 at 5:15 am
ကိုကြီးခိုင်ရေ…မီးအာမခံက ပိုက်ဆံပဲပြန်ပေးတာ မှတ်ပုံတင် သန်းခေါင်စာရင်းက ပြန်လုပ်ဖို့မလွယ်ဘူး။ ဟိုပြေးဒီပြေး သိမ်ကြီးဈေးအပြင် မမူးဘဲ ရစ်ခံရတာ အဆိုးဆုံး။မြန်မာပြည်မှာ လူဖြစ်သည်လေ။ အကြံပေးကြတာတွေအတွက် အားလုံးကို ကျေးှဇူးပါ။ ဘာမဆိုဖြစ်နိုင်သည် ဆိုတာ လက်ခံသွားလို့ အကြံပြုချက်များကို လိုက်နာသွားပါမည်။