ဗိုလ်တထောင် ဘုရား အနီး လူလိမ်မကြီးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ခြင်း
ဒီတစ်ခါ ကိုဖတ်တီး ရေးတဲ့ ပို့စ်နဲ့ ခပ်ဆင်ဆင်လေး ဖြစ်ခဲ့ဖူးတာ ရေးပါမယ် ။
မှတ်မှတ်ရရ ၂၀၁၁ ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကပေါ့ …. ကျမချစ်သူ ဆေးရုံ အတတ်ပြပြီး အပြင်ပြန်ထွက်ကာ ဗိုလ်တထောင်ဘုရားကို သွားခဲ့ပါတယ် ။အော်ပရေးရှင်းက နောက်နေ့မနက်ဆိုတော့ မနက် စောစောမှ ဆေးရုံပြန်ဝင်နေလိုက်မယ်ဆိုပြီး လစ်လာတာပါ ။ စားချင်တာတွေ လျှောက်စားပြီး ၊ညနေစောင်းတော့ ဗိုလ်တထောင်ဘုရားဝင်တာပေါ့ …။ ကုသိုလ်လေးဘာလေးလည်း လုပ်ချင်လို့ပါ … ။ ဘိုးမင်းခေါင်ကို တိုင်တည်ပြီး ရလာတဲ့ ပိုက်ဆံတွေထဲက စာကလေးလွှတ်မယ်လို့ ရည်ရွယ်ထားတာ ရှိတဲ့အတွက်ကြောင့်ပါ ။
ဘုရားရောက်တော့ ခြောက်နာရီခွဲလောက်ရှိပြီမို့ စာကလေးသည်တွေ ပြန်သွားမှာစိုးလို့ ဘုရားအရင် ဝင်မကတော့ပဲ ဝင်ဝင်ခြင်း မုဒ်ဝ ထိပ်မှာ စာကလေး လွှတ်ပါတယ်…. ပထမတစ်ခါလွှတ် တာ အကောင် သုံးဆယ်ကျော်ပါ … ဒုတိယတစ်ခါကတော့ ဆယ့်သုံးကောင်ပေါ့… စာကလေး ခြင်းထောင်းကြီး ခြောက်တောင်းကို နှစ်လုံးတွဲ သုံးဆင့်အနေထားနဲ့ စီထားပါတယ် ။ ကျမတို့ စာကလေးလွှတ်တဲ့ အခါ အားလုံးကို စုပြုံ တိုးစေတာမျိုးမဟုတ်ဘဲ တခြင်းလျှင် တကောင် စီ နှိုက်ပြီး လွှတ်ပါတယ်…။ ခြောက်ခြင်းစလုံး မှ ကံထူးရှင်စာကလေးတွေ လွှတ်စေချင်တဲ့ ဆန္ဒရှိလို့ပါ…။ ဈေးသည် ကောင်လေးက စာကလေး တစ်ကောင်ချင်း ကျမတို့လက်ထဲ ထည့်ပေးပါတယ်.. တစ်ချို့ စာကလေးတွေဆို လက်ထဲ ရောက်တာနဲ့ ကြောက်အား လန့်အား နှုတ်သီးနဲ့ လက်ကို ဆိတ်ပါတယ် ။ ကျမလက်ထဲက စာကလေးကို မြင့်သထက်မြင့်အောင် ပျံနိုင်စေဖို့အတွက် လေထဲကို အရှိန်လေးနဲ့ ပစ်ပြီးပျံသန်းခိုင်းပါတယ်…။ စာကလေးက ခြင်းထဲမှာ ဘယ်နှစ်ရက်များ အလှောင်ခံထားရသလဲ မသိဘူး လွှတ်လွှတ်ခြင်း တော်တော်နဲ့ ထမပျံ နိုင်ရှာပါ ဘူး ။ ခဏကြာတော့မှ ခုန်ဆွဆွလုပ်ပြီး တောင်ပံခတ်ကာ ပျံသန်းသွားပါတယ်… ပျံသာပျံတာ နိမ့်နိမ့်လေးပါ… ကျမတို့ မျက်စိရှေ့တင်ပဲ အရှေ့ 10မီတာလောက်အကွာမှာရပ်နေတဲ့ လူလတ်ပိုင်း အရွယ် အမျိုး သမီး ခေါင်း ပေါ်မှာ သွားနားပါတယ် ။
အမျိုးသမီးက အသက် ငါးဆယ်ခန့်ပါ … ။ အသားက ညို မှောင်မှောင်နဲ့ ယောဂီဝတ်စုံဝတ်ထားပါတယ်…။ မျက်မှန်နဲ့ပါ ။ ရာသီဥတုက မှောင်လာတာနဲ့ ခြမ်းစိမ့်စိမ့်မို့ထင်တယ် သိုးမွှေးအနွေးထည်ကို ဝတ်ထားပါတယ် ..။ လက်မှာလည်း ပုတီးလုံး အကြီးကြီးကို နှစ်ပတ်သုံးပတ်လောက်ခွေပတ်ထားပါတယ် ။ ဘုရားက ပြန်လာဟန်တူပါတယ်… ။ စုတ်တီးစုတ်ပြတ်ပုံစံတော့ မဟုတ်ပါဘူး ။ ထို အမျိုးသမီးကြီး ဘေးမှာအသက်သုံးဆယ်ခန့် မိန်းမတစ်ယောက် အိမ်နေရင်း အဝတ်စားနဲ့ အဖော်လိုက်လာပါတယ်…။ စာကလေးက ထိုယောဂီမကြီး ခေါင်းပေါ်သို့ ခုန်ဆွဆွ သွားနားပါတယ်… ဟိုကလည်းလန့်သွားပြီး လက်နှစ်ဘက်နဲ့ ခေါင်းပေါ်က စာကလေးကို အုပ်ထားပါတယ်…။ စာကလေးခမျာ ဟောဟဲ ဟောဟဲနှင့် အသက်ထွက်လု နီးပါး မောပမ်း နေပါတယ် ။ … မိန်းမကြီးကလည်း လက်နဲ့ အုပ်မြဲတိုင်း အုပ်ထားပါတယ် ။ အဖော်ပါတဲ ့ မိန်းမကလည်း နည်းနည်းမှ အကူညီမပေးပဲ ကြောင်ပြီး ကြည့်နေပါတယ်… ။ တစ်မိနစ်လောက် ထို အဖြစ်ပျက်ကို ကြည့်နေမိပြီး ရယ်လည်း ရယ်ချင်မိသော်လည်း ကိုယ့်လက်က လွှတ်လို့ သူ့ခေါင်းပေါ်ရောက်တဲ့ ကိစ္စဖြစ်နေတော့ ကိုယ်ပြန်ရှင်းပေးရမယ်လို့ မှတ်ပြီး ယောဂီမကြီး နားကို သွားပါတယ်…။ကိုယ့်ပြသနာ ကိုယ်မရှင်းပေးလျှင် ရန်လာတွေ့ခံရမဲ့ရုပ်ကြီးနဲ့ မို့ ကျမတို့ နှစ်ယောက်မှုန်ပေပေနဲ့ ခေါင်းပေါ်လက်နှစ်ဘက်တင်ပြီး ဗျာများနေတဲ့ မိန်းမကြီးဆီ ရောက်လာပါတယ်… ကျမတို့ လည်း အနားရောက်ရော… အဲ့ဒီမိန်းမကြီးက လျှင်သလားမမေးနဲ့ ဖျက်ခနဲဆို ခုနကလို မနူးမနပ်ပုံစံမျိုး မဟုတ်တော့ပဲ စာကလေးကို အပိုင် လက်တစ်ဖက်နဲ့ ဆုတ်ကိုင်ပြီး ရင်ဘတ်နား ကပ်ကာ ပွစိပွစိလုပ်နေပါတယ် ။ ကျမစိတ်ထင် ဆုတောင်းတာပေါ့နော် …။ သူက အသက်သာကြီးတာ လျှင်မြန်လွန်လို့ ကျမ မှင်သက်အံ့ဩနေချိန်မှာပဲ အနီးမှာရှိတဲ့ ကျမလက်တစ်ဖက်ကို သူဆွဲပါတယ် … ။ ရုတ်တရတ်လန့်သွားတော့ သူလုပ်သမျှ ငေးနေမိတယ်ပေါ့ … ။ ကျမလက်တစ်ဘက်ကို ဆွဲပြီး ခုနက စာကလေးကို လက်တစ်ဖက်က ကိုင်ထားရာကနေ ကျမလက်ကိုပါ ရောထွေးပြီး စာကလေးနဲ့အတူ အုပ်ထားပါတယ် ။ ပြီးတော့ ဘာနေ့သမီးလဲတဲ့… ကျမလည်း အူကြောင်ကြောင်ဖြစ်ပြီး နေ့နံအမှန်ကို ပြောလိုက်ပါတယ်… သူက အဲ့ဒီမှာ စတော့တာပါပ ဲ… ရေစက်ရှိတယ်ဆိုပြီး ပွစိပွစိ ဘာတွေ ရွတ်မှန်းမသိ ရွတ်နေတော့တာပေါ့ .. ဆုတွေ တောင်းလိုက်တာလည်း တစ်ပုံကြီးပဲ … သူမျက်နှာကြည့်ရတာ ဗေဒင်ဆရာမကြီးနဲ့ တူသလိုလိုပါ… ကျမလည်း လူကြားထဲ ကိုယ့်လက်ကြီးကိုင်ပြီး ဆုတောင်းနေတာ ရှက်ရှက်နဲ့ မြန်မြန်ပြီးပါစေလို့ ကြိတ်ဆုတောင်းရတယ်… ။ စာကလေးကလည်း သူ့ရဲ့ လက်ကြီးတွေ အောင်မှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေလေရဲ့ … ။
ဆုတောင်းပြီးရော ကျမလက်ထဲ စာကလေးပေးပြီး ပြန်လွှတ်ခိုင်းပါတယ် ။ ကျမက မိုးပေါ်မြှောက်ပစ်တာတောင် စာကလေး ခမျာ အညောင်းမိနေသဖြင့် ကောင်းကောင်း မပျံနိုင်ပါဘူး ..။ ဒါနဲ့ပဲ ဖလတ်ဖလတ်ပျံပြီး ကျမချစ်သူ ခေါင်းပေါ်နားပါတယ်… ။ သူ့ ခေါင်းပေါ်က စာလေးကို ဖယ်ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဟိုမိန်းမ နှစ်ယောက်ကို ကျောခိုင်း လိုက်ချိန်မှာ ကျမလက်ကိုဒုတိယအကြိမ် ထပ်ဆွဲပါရော… ပြီးတော့ … အပျိုကြီးလင်လိုချင်တဲ့ အပြုံးနဲ့ … စပ်ဗြီးဗြီးလုပ်ပြီး… မယ့်မယ် ကျောင်းသွားမှာ တက်အားသရွှေ့ ကုသိုလ် ပါဝင်ပါဦး ။ အ လှူငွေ ထည့်ပါပေါ့ … ။ ကျမကလည်း နည်းနည်း အရစ်ရှည်လိုက်တယ် … ဘယ်မယ်မယ်လဲ မသိဘူးလို့…။ သူက ဟိန္ဒူ မယ်တော်ကျောင်းပါတဲ့.. ။ အလှူငွေလေးနည်းနည်းထည့်ပါဆိုတာနဲ့ (ကိုယ်ကိုးကွယ်တဲ့ဘာသာလည်း မဟုတ် ၊ သဘောကျတဲ့ ဘာသာလည်း မဟုတ်ပေမဲ့ ) အားနာ ပါးနာနဲ့ ငါးရာတန် တစ်ရွက် ထုတ်ပေးလိုက်ပါတယ်… ပိုက်ဆံလက်ထဲရောက်တာနဲက ဖျတ်ခနဲ ယူပြီး လှည့်ထွက်သွားပါတယ်… ကျမချစ်သူကတောင် မကြားတကြားလှမ်းပြောလိုက်သေးတယ်… ဒီမှာလည်း လာဆုတောင်းပေးဦးလေတဲ့ …။ ခဏအကြာမှ စဉ်းစားမိတာ ကျမဘာလို့ မသိတဲ့ လူတယောက်ကို အားနာမိပါ့လိမ့်ပေါ့… ။ ကျမရဲ့ ပင်ကိုယ် စရိုက်ကိုယ်က ပြောစရာရှိရင် ရှင်းရှင်ဘွင်းဘွင်းပြောတတ်တဲ့ လူမျိုးလေ… ။ နေရာတိုင်း မှာ အားမနာ တတ်ပါဘူး ။ အခုများဘာလို့ ကိုယ့်အိပ်ထဲက ပိုက်ဆံ လိမ်သွားမှန်းမသိအောင်ပဲ အူကြောင်ကြောင် နဲ့ ချောချော ချူချူ ထုတ်ပေးခဲ့ မိသလဲ မတွေး တတ်တော့ဘူး ။ ရယ်တော့ ရယ်စရာအကောင်းသားနဲ့ သူပြောတဲ့ မယ်မယ် ဆိုတဲ့ ကျောင်းကလည်း ဘယ်နားမှာ မှန်း မသိ ။ အဲ့ဒီဘာသာတွေနဲ့ လဲ အဆက်ဆံက မရှိ ၊ ကိုယ်တိုင်ကလည်း အဲ့ဒီဘာသာတွေ အပေါ် စိတ်မဝင်စားခဲ့ပါဘူး။ လှူဖို့ ဆိုရင် ဝေလာဝေး ပါပဲ … ။ ကျမလက်ကို ကိုင်ပြီး ဆုတောင်းလိုက်လို့ လား ၊ စိတ်ညို့ပြီး အလှူခံလား မဝေခွဲတတ်အောင်ပါပဲ ။ ဘာဖြစ်ဖြစ် ကျမခံလိုက်ရတာပါ … ။ ပို်က်ဆံငါးရာဆိုတာ ဘာမှ မပြောပလောက်ပေမဲ့ ကျမတို့ သမာအာဇီဝ အလုပ်လုပ်ပြီး ရှာထားရတာမို့လို့ ဒေါသလည်း ထွက်ပါတယ်… ။ ကို်ယ့်ဘာသာကိုယ်သာ သွားလာ ပြီး ဖြုန်းချင်ဖြုန်းမယ်… မနှမျောပါဘူး … ။ ဒါပေမဲ့ ဘယ်တုန်းကမှ သူတပါး ပိုက်ဆံ ညာမစားခဲ့ဖူးဘူးလေ… ။ ကိုယ့်လာပြီး အညာခံရတာ တော်တော်ခံပြင်းပါတယ် ….။ မြို့လည်ခေါင် မှာ သပ်သပ်ရပ်ရပ်ဝတ်လို့ လိမ်စားတယ်တဲ့နော် … ကိုယ်ညံ့လို့ ခံရပေမဲ့ …ထိုလူများ ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်လို့ပဲ ပြောလိုက်ချင်ပါတယ် ။ ။
8 comments
etone
February 16, 2011 at 7:11 am
မေ့နေလို့ ရေးဖို့ ကျန်သွားတယ်… ။ ကိုယ့်အကြောင်းကိုယ်ရေးတာ သူများအကြောင်းရေးတာ မဟုတ်ဘူးနော် ။ မဆီမဆိုင် ဘယ်က အလေနတောတွေ ဝင်ဖတ်ပြီး ကြပ်နေမှန်းမသိဘူး ဒီရက်ပိုင်း ပြသနာ တတ်တတ်နေတတ်လို့ … ကြိုပြောထားတာ … ။ အကြောင်းရာတူတိုင်း (တူမတူ ကာယကံရှင်ပဲ သိပါသည် ။ ) ရိုက်စစ်စရာမလိုပဲ ငါ့အကြောင်းရေးပါလား ရန်တွေ့ခံရမှာ စိုးလို့ … ။ တကယ်စိတ်လေတယ် … ပ ို့စ်တောင် လွတ်လွတ်လပ်လပ်မရေးရဘူး ……လာလာပြီး ညှော်နေတာတွေရှိနေလို့ …. ။ တိုင်လာမပတ်ပါနဲ့ ကွာ … ကိုယ့်ထမင်းကိုယ်စား ပြီး အေးဆေးကလေးမွေးလို့ပဲ အကြံပြုပါတယ် 😀
cobra
February 16, 2011 at 7:50 am
မယ်မယ်ကျောင်းအတွက်လည်းလာလှူပေးပါဦး..
etone ရေ…..။
bigcat
February 17, 2011 at 2:02 am
အီးတုံးဂျစ်တူအကြောင်းထည့်ရေးတာ ဒါနဲ့ဆိုနှစ်ခါရှိပြီနော်။ နောက်တခါဆိုရင် ရွာသားအပေါင်းနဲ့ တိုင်ပင်ပြီးတခုခု စီစဉ်ရလိမ့်မယ်။
nyimalay
February 17, 2011 at 4:23 am
ဦးကြောင်ကြီး ဘယ်လိုစီစဉ်မှာလဲဟင်……. 😛
အီးတုံးရေသတိတာထားပေရော့ဟေ့… 😀
etone
February 17, 2011 at 8:50 am
ဂျစ်တူ အကြောင်းရေးတာ နှစ်ခါမြောက်မဟုတ်ဘူး ။ ဒီပို့စ်က သုံးခါမြောက်…ဘာလို့လည်း ဆိုတော့ နှစ်ခါမြောက်က ပုံတွေနဲ့ တင်မှာဆိုတော့ ပုံတင်မရပဲ တိုင်ပတ်နေတာ နှစ်ရက်ရှိပြီမို့ပါ ။ နောက်တစ်ပုဒ်လည်း လာပါလိမ့်မယ် သူနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းလေးနည်းနည်းပါလို့ … ။ အဲ့ဒါပြီးရင် သူ့အကြောင်းအနားပေးပြီး အမေ့အကြောင်းရေးပါမယ် အဟိ 😀
တစ်ဆွေမျိုးလုံး အကြောင်းလည်း နောက်တလှည့်စီရေးမှာ အဟီး 😛
ဆူး
February 17, 2011 at 8:14 am
ဦးကြောင်ကြီး အခွန်ကောက်မလို့လား။
ဦးကြောင်ကြီး ဂျစ်တူ အကြောင်း ကြားတာနဲ့ မနာလို ဖြစ်နေပြီ ထင်တယ်။ 😉
ဆူး
February 17, 2011 at 2:00 pm
တဆွေလုံး တမျိုးလုံး ရေးမှာ ဆိုတော့ တော်သေးတယ် အီးတုံးနဲ့ အမျိုးမတော်တာ.. ဟူး.. အမျိုးတော်ရင် ပိုစ်ထဲ ပါနေမှာ စိုးရတယ်။
nigimi77
February 17, 2011 at 2:19 pm
ဘိုးမင်းခေါင်ကို ကျုပ်အတွက်လည်း တိုင်တည်ပေးပါဦး။ အသပြာပြတ်နေလို ့ အလုပ် မလုပ်ပဲ လေထဲက ကျလာတဲ့ အသပြာကို လိုချင်လို ့။ အားကိုးပါတယ်။