သူရဿဝါနှင့် သောင်းပြောင်းထွေလာ အွန်လိုင်းကမ္ဘာ
အင်တာနက် လောကထဲ ကျင်လည်သည့် သက်တမ်းကလေး လေး၊ ငါး၊ ခြောက်နှစ်ခန့် ရှိလာချိန်တွင် ကျွန်တော်လည်း အတော်အတန် အွန်လိုင်းပါးဝ လာသည့်အလျောက် အွန်လိုင်းကမ္ဘာကြီး၏ ကောင်းဆိုး ကြောင်းကျိုး တို့ကို ခရေစေ့တွင်းကျ သိရှိလာရပေပြီ။ သို့ဖြစ်သောကြောင့် မိမိကျင်လည် ကျက်စားရာ အွန်လိုင်း ကမ္ဘာကြီးထဲမှ ကျွန်တော်တို့၏ ဒုက္ခ သုက္ခနှင့် ကြုံတွေ့ရသော အဖြစ်သနစ် ပေါင်းစုံတို့အား ဖတ်ရှုသိရှိ နိုင်ကြ စေရန် ရည်သန်၍ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း လိုက်ရပေသည်။
လူသားတို့၏ ဒုတိယကမ္ဘာဟု တင်စားအပ်သော အင်တာနက် လောကကြီးအတွင်း ဆယ့်ရှစ်တောင် မျှမက ဆယ့်ကိုးတောင်လောက် ဝတ်ကြသော မင်းယောင်္ကျားကြီး အဖြစ်မှ ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး မိန်းမ ဟန်ဆောင်၍ အွန်လိုင်းတက် ကြခြင်းကို လည်းကောင်း၊ လှေကား အထစ်ထစ်ဆင်း၍ အအိုတန်မဲ့ ဆယ့်ခြောက်နှစ်မ ဟန်ဆောင်၍ အွန်လိုင်းရှိလူကုန် ပုရိသအစုံတို့ကို ကလိတိတိ ငြိတိတိ လုပ်တတ်ကြခြင်းကို လည်းကောင်း မြင်တွေ့နေရသည့် `အင်´ ကိစ္စပေါင်း နှစ်သောင်းလောက် ရှိသည့်အတွက် `အွန်လိုင်း´ ဟု ခေါ်မည့်အစား `အင်လိုင်း´ လောကကြီး ဟူ၍လည်း အမည်နာမ တပ်ပေးအပ်ပေသည်။ ထို့ပြင်တဝ Google မှပေးသော Email Service ကို ဂျီမေးလ်၊ Talk ကို ဂျီတော့၊ ဂျီတော့တွင် Invisible ဖြင့် တူတူပုန်းတမ်း ကစားကြ သူများကို ဂျီပုန်းဟု ခေါ်ဆိုအပ်ကြောင်း အွန်လိုင်းရှိ အမည်မသိ ပညာရှိကြီးများထံမှ မှတ်သားဖွယ်ရာ လေ့လာရ ဖူးပါသည်။
ထိုဂျီပုန်းများအကြောင်း မသိသေးခင် အခါကတော့ အတော်ကို ကြောက်မက်ဖွယ်ရာပင် ဖြစ်ပါ၏။ Offline ဖြစ်နေသည့် သူထံမှ `ဟယ်လို … နေကောင်းလားဟေ့´ ဟူသော စာတန်းကြီး တက်လာချိန်တွင် ရုတ်တရက် ကြောင်သွား၏။ ထို့နောက် အင်တာနက်ကြီး ကြောင်သွားပြီလားဟု တွေးမိ၏။ မဖြစ်နိုင် .. ဒါဖြင့် ငါ့ကွန်ပျူတာကြီးများ ဂေါက်နေသလား တွေး၍ ကွန်ပျူတာကို ထပြီး `ဖုန်း ဖုန်း ဖုန်း´ နှင့် သုံးချက်လောက် နားရင်းအုပ်လိုက်၏။ ထူးမခြားနား … ဒါဖြင့် .. ဒါဖြင့် သရဲခြောက်တာပဲ ဖြစ်မည်ဟု ကြောက်လန့်တကြား တွေးကာ ဗန္ဓုလသွေး တစ်ပက်၊ နှစ်ပက်လောက် ပါသော ကျွန်တော့်မှာ ထပြေးရသည့် အဖြစ်သို့ ရောက်လေ၏။ နောက်ပိုင်း G-Mail အတွင်းမှ Invisible လုပ်၍ Chat လို့ရမှန်း သိသောအခါတွင်မှ သက်ပြင်းချနိုင်တော့သည်။ ဒါတောင် ကျွန်တော့်ကို စိတ်ကသိကအောင့်ဖြစ်အောင် လုပ်သည့် G-Talk ဆိုသည့်ငနဲအား စိတ်ကောက်သည့် အနေဖြင့် မှတ်လောက်အောင် သုံးရက်လောက် အွန်လိုင်းမတက်ပဲ နေလိုက်လေ၏။
စကားမစပ် .. Google ဟုဆို၍ Google ကြီးအကြောင်း အနည်းငယ် ဖောက်သည်ချ ပြောပြ ချင်သေးသည်။ Google သည် ကျွန်တော်တို့အား အလကားမတ်တင်း ပေးဝေသုံးစွဲထားသည့် Service ပေါင်းများစွာ ရှိ၍ လူအများအဖို့ရာ ချစ်ဖွယ်ကောင်းလှသည်ဟု ပြောဆိုနိုင်သော်လည်း ကျွန်တော့်အတွက်မူ အတော်အတန် စိတ်ဒုက္ခ ပေးသည်ဖြစ်ရာ `စိတ်နာနာနဲ့ ချစ်နေရတယ်´ ဟု ကျွန်တော့်မှာ နှလုံးသွင်း ခဲ့ရပေါင်းလည်း များလှပြီ ဖြစ်ပေ၏။
တစ်ခါသားတွင် G-Mail Service အတွင်းရှိ Auto Reply ကြောင့် မှတ်သားဖွယ်ရာ အကြီးအကျယ် ချောက်ကျ ခဲ့ရပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း …. ရှင်းပါမည်။ Auto Reply ဆိုသည်မှာ မိမိအွန်လိုင်း မရှိသည့် အချိန်အတွင်း တစ်ဖက်လူမှ မိမိထံ စာပို့လတ်သော် မိမိကိုယ်စား `ယခုမေးလ်ကို ရရှိခြင်းအတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း´ အော်တိုမစ်တစ် ဖြေကြားပေးနိုင်ရန် Google မှ ပြုလုပ်ပေးထားသည့် စနစ် ဖြစ်လေသည်။ ထိုစနစ် ပြုလုပ်၍ ရသည်ဟု သိရသည်နှင့် တပြိင်နက် သူများတကာ နည်းတူ ခေတ်မှီချင်သည့် ကျွန်တော်လည်း ခါတော်မှီ Auto Reply စနစ်အား အသုံးပြုရန် ကြံစည်ပါတော့သည်။ သူများထက် ထူးချင်သော ကျွန်တော်ကား သူများတကာ ထည့်သွင်းသော Auto Reply စာသားများဖြစ်သည့် `အခုလို သတိတရ တို့ဆီ Mail ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှန်´ တို့၊ `စာပို့ပေးလို့ ကျေးဇူး အထူးနော် .. အွန်လိုင်းရောက်တဲ့အခါ ဆက်ဆက် စာပြန်လိုက်ပါ့မယ်´ တို့ စသည်တို့ကို သုံးစွဲရန် စိတ်မဝင်စား .. တအား လန်းသည့် ခေတ်မှီစာသား များဖြင့် ကျွန်တော့် Auto Reply ကို စာစီထားလိုက်ပေတော့၏။
ပထမဆုံး ဈေးဦးပေါက် ကျွန်တော့် Auto Reply နှင့် တည့်တည့်တိုးသည်မှာကား ကျွန်တော့်အား စိတ်ကောက် တော်မူနေသည့် ချစ်ရည်းစားပင် ဖြစ်ပါသည်။ အပြင်တွင် ချိန်းတွေ့သည့် တစ်ရက် သမီးရည်းစား ဘာသာဘာဝ ချစ်ခင် ကြင်နာစွာဖြင့် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြပြီးနောက် ကျွန်တော့်အား စိတ်ကောက်၍ `နင်နဲ့ငါနဲ့ ပြတ်ပြီ။ နင့်ထက် သာတဲ့ ရည်းစားကိုပဲ ရှာတော့မယ်´ ဟု ကျွန်တော့်ထံ အီးမေးလ် ပို့တော်မူသည်တွင် ကျွန်တော် အွန်လိုင်းမရှိသည့် အခိုက်နှင့် တိုး၍ ကျွန်တော့်ထံမှ Auto Reply ကြီး သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေတော့သည်။ `အာလားလား … မင်းပို့တဲ့မေးလ်ကိုဖတ်ပြီး အူလှိုက်သည်းလှိုက် ဝရုန်းသုန်းကား ခွက်ထိုးခါက်လန် သိပ်ကိုပျော်ရွှင်ရ ပါတယ်ကွာ .. နောက်လည်း ဒီလို စိတ်ရွှင်လန်းစရာ စာလေးတွေ ပို့ပေးဦးနော်´ ဟူသည့် ခေတ်မှီ Auto Reply ကြီး ဖြစ်လေရာ အချော့ခံချင်၍ စိတ်ကောက်ကြောင်း စာပို့ရာမှ Google ၏ ဒုက္ခပေးမှုကြောင့် အတင်းကာရော တွယ်ဖက်ပြီး ကြိုက်ထား ရသည့် ရည်းစားနှင့် ပြတ်ခဲ့ရပေသည်။
အွန်လိုင်းတွင် နောက်ထပ် တွေ့ရသည့် အလေ့အထ တစ်မျိုးမှာ ရယ်မောခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ အပြင်လောကတွင် ရယ်မောကြပုံမှာ မိန်းကလေးဆိုလျှင် ခစ်ခစ်၊ ယောင်္ကျားလေးဆို ဟားဟား ဒီလောက်ပင် ဖြစ်သော်လည်း အွန်လိုင်းတွင်တော့ အဘိဓါန် တစ်အုပ်ပင် ပြုစု၍ ရလောက်အောင် ရယ်နည်းဖုံဖုံ စုံလင်စွာ ရှိလေသည်။ ဟားဟား၊ ဟဲဟဲ၊ ခိခိ၊ ဟိဟိ၊ ခစ်ခစ် မှစ၍ တစ်ခါတလေ ခွိခွိ၊ ခွစ်ခွစ်၊ ဘူးထွားဟားဟား၊ ရယ်ရတယ်တော့ .. ဗြဲ စသည်ဖြင့် သမိန်ပေါသွပ် ကာတွန်းထဲမှ ရယ်နည်းကားများကိုလည်း လိုအပ်လျှင် လိုအပ်သလို ဆွဲယူ အသုံးချတတ် ကြပေသည်။ ထို့အပြင် လှောင်သလို ပြောင်သလို ရယ်ချင်လျှင် အဟက်၊ အံ့အားသင့်စရာ စကားကိုကြား၍ မယုံသလို ရယ်ချင်လျှင် အဟွတ်၊ အဟစ် ဟူ၍လည်းကောင်း၊ `ငါမပိုင်လား´ ဟူသော ရယ်နည်းမှာမူ ငွင်းငွင်းငွင်း၊ ငွဲငွဲ ဟူ၍ လည်းကောင်း၊ `မင်းဘာတတ်နိုင်သေးလဲ´ ဆိုသည့် သဘောဖြင့် ရယ်ချင်လျှင် ဟွင်းဟွင်း စသည်ဖြင့် ဗလာစာအုပ်ဖြင့်ပင် လိုက်မှတ်ထားရလောက်အောင် စုံလင်လှပေ၏။ ဒါတောင် စိတ်ဆိုးလျှင် အော်တတ်သော ဂီးးးးးးးးး ဂဲ .. ဂရား၊ ဝုတ် အစရှိသည့် မြည်သံစွဲ စိတ်ဆိုးပုံများကို ဆက်လက် စာရင်းမပြုစုရသေးသဖြင့် တော်ချေ၏။
တစ်ခါကလည်း အွန်လိုင်းမှ ပြည်တွင်းရှိ နာမည်ကြီး Social Network တစ်ခု၏ Member များ တွေ့ဆုံပွဲ တစ်ခုသို့ ဖိတ်ကြားခံရ၍ ကျွန်တော် ခပ်တည်တည် ရောက်ရှိသွားလေသည်။ အွန်လိုင်းတွင်သာ ခင်မင် နေကြပြီး အပြင်တွင် ထိုနေ့မှ တွေ့ဖူးကြသူများဖြစ်၍ သူ့လည်းကိုယ်မသိ၊ ကိုယ့်လည်း သူမသိ တဟိဟိ တခွိခွိ ဖြစ်ကာ တွေ့ကရာ လူကို ပွဲမစခင် ကြောင်တောင်တောင်နှင့် သွားအဖြဲသား လိုက်လံပြုံးပြရသည့် အဖြစ်သို့ ရောက်ရှိလေတော့သည်။ တွေ့ဆုံပွဲ စသည့်အခါတွင်တော့ အခမ်းအနားမှူးမှ ထို Social Network Site ထဲမှ Username များအား နာမည်ခေါ်ပေး၍ တစ်ယောက်ချင်း ထ၍ မိတ်ဆက်သည်တွင် ထူးထွေတည့်အံ့ရာသော် မြင်တွေ့ရပါလေတော့သည်။ `မျိုးပပအောင်စိန်သော်ကြီး .. ထပြီး မိတ်ဆက်ပေးပါ´ ဆိုသည်တွင် ကောင်မလေး တစ်ဦး မတ်တပ်ရပ်၍ အားလုံးကို ပြုံးပြနှုတ်ဆက်လေသည်။ ထို့နောက် နောက်တစ်ယောက် `မှင်စာမလေး´ ဆိုတော့လည်း ထိုကောင်မလေးပဲ မတ်တပ်ရပ်၍ `အဟီး .. ခုနကဟာက နာမည်အရင်းနဲ့ လုပ်ထားတဲ့ Account ပါရှင့်´ ဟူ၍ ထပ်မံပြုံးပြ ပြန်၏။ ရှိစေတော့ … နောက်တစ်ယောက် `မောင်မချစ်တဲ့ဂျမ်းစိန်´ ဆိုပြန်တော့လည်း သူမပင် မတ်တပ်ရပ်ပြန်၍ `ဒီအကောင့်ကတော့လေ … ဟို .. အားတုန်း ပျင်းပျင်းရှိတာနဲ့ ဖွင့်ထားတာ .. အဟီး´ ဟု တတိယမ္ပိ ထပ်မံမိတ်ဆက် ပြန်လေသည်။ ထိုသို့ဖြင့် နာမည်ခုနစ်မျိုးလောက်နှင့် တစ်ယောက်တည်း ၎င်း Social Site အား အသုံးပြုနိုင်သည့် ကလေးမအား ထိုဆိုက်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ပေးအပ်မှသာ သင့်ချေမည်ဟု ကျွန်တော်လည်း ခပ်ပေါက်ပေါက် တွေးမိသလို `အော် … အွန်လိုင်းကလူတွေရဲ့ အပြင်က တွေ့ဆုံပွဲတွေ ဆိုတာဟာ တစ်နေရာမှာ အားလုံးစုပြီး မုန့်တွေစုစား၊ တွေ့တဲ့လူ သွားဖြဲပြ၊ ထွေရာလေးပါး ဟိုပြောဒီပြော ပြုလုပ်ကြသည့် တန်ဖိုးရှိလှစွာသော အခမ်းအနား ဖြစ်ပေသည်´ဟုလည်း ခရီးသွားဟန်လွဲ တွေးမိချေ၏။
ထိုသို့ ကွန်ပျူတာလောက၊ အွန်လိုင်းလောကတွင် အချိန်ရှိသရွေ့ အဖီထိုးပြီး ကုတ်ကပ်နေသော ကျွန်တော်လည်း ကြာလာ သောအခါ ပြုလုပ်နေကျ အကျင့်စရိုက် အများအပြား စွဲကပ်၍သာ နေပါတော့သည်။ အဆိုးဆုံးမှာကား အွန်လိုင်းမသုံးသည့်အချိန်တွင် အပြင်လောက၌ တစ်နေရာရာသို့ ဖုန်းဆက်လို၍ ဖုန်းဆိုင် ဝင်ကာ ဖုန်းနံပါတ် ခြောက်လုံးနှိပ်ပြီးသည်၏နောက် မပြည့်စုံသေးဟု ခံစားရကာ ကွန်ပျူတာတွင် တစ်ခုခု လုပ်ပြီးတိုင်း Enter ခေါက်လေ့ရှိသည့်အတိုင်း ဖုန်းခလုပ်များထဲတွင် Enter ခေါက်ရန် ခလုပ်လိုက်ရှာမိပြီး ကြောင်တောင်တောင်ဖြစ်ရ၍ ဖုန်းအော်ပရေတာများ၏ ငြူစူစောင်းမြောင်းခြင်းကို အမြဲလိုလိုခံနေရသည် ဖြစ်လေတော့သတည်း။
သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
ဖေဖော်ဝါရီ ၉ ရက် ၊ ၂၀၁၁ ခုနှစ်
Net Guide Journal, Volume: 1, Issue: 71
2 comments
Gipsy
February 16, 2011 at 1:00 pm
Enter ခေါက်၍စကားပြောပါမည်…။ အလွန့်အလွန်မှန်ကန်လှပေစွ..။
အကျွနုပ်တို့အပါဝင်အခြားအခြားသော..ပုဂ္ဂိုလ်အထီး အမ တို့သည်လည်း..၎င်းဗရုတ်သုက္ခကိစ္စများစွာတို့ကို..
ခံစားမြဲ ခံစားလျှက်ရှိကြချေသည်တကား…
အော်..မကောင်းလှပေစွ..မကောင်းလှပေစွတကား…………။
pinoolwin
February 17, 2011 at 1:44 am
The network becomes addicted to sickness ခေတ်စားနေတဲ့ရောဂါ။