အကုသိုလ်တိုး အလှူမျိုး
အရှင်ဘုရား
တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဟူသော စကားရှိပါသည်။ ယခုခေတ် ဘုရားပွဲတို့သည် ကုသိုလ်မရ၊ အပြစ်သာရှိ ပါသည် ဟု ပြောကြရုံမက အလှူလုပ်သော်လည်း အလှူမမည်၊ အကုသိုလ်ဖြစ်သည်ဟု လူအများပြောနေကြသော အလှူမမည်သော အလှူများအကြောင်း စာလာပေလာအတိုင်း သိလိုပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတဖြစ်စေ ရန် ဖြေကြားစေလိုပါသည်။
မောင်စောလှိုင်
လမ်းမတော်၊ရန်ကုန်။
ပဉ္စဒါနာနိ အပုညသမတာန
လောကသ္မိ ံ မဇ္ဇဒါနံ၊ သမဇ္ဇဒါနံ၊ ဣတ္ထိဒါနံ
ဥသဘဒါနံ၊ စိတ္တကမ္မဒါနန္တိ။
ယခုခေတ်၌ ကုသိုလ်ကောင်းမှုဟု ပြောဆိုသတ်မှတ်၍ လှူဒါန်းနေကြသော်လည်း ကုသိုလ်ကောင်းမှုမဟုတ်၊ အကုသိုလ် အလုပ်သာဖြစ်ကုန်သော အလှူငါးမျိုးတို့ သည် ရှိကုန်၏။
၎င်းတို့မှာ ယစ်မျိုးတို့ကို လှုဒါန်းခြင်း၊
ပွဲလမ်းသဘင် ကချေသည် ပျော်ရွှင်ပွဲတို့ကို ခင်းကျင်း လှူဒါန်းခြင်း၊
မိန်းမပျို အိုတို့ကို ကာမကိစ္စအတွက် ပေးလှူခြင်း၊
နွားမအလယ်၌ နွားငယ်များ ပေါက်ဖွားစေရန် နွားလား၊ နွားထီးတို့ကို လွှတ်ပေးလှူဒါန်းခြင်း၊
မိန်းမရုပ် ယောက်ျားရုုပ်တို့ကို မက်မောကြည်နူးစေရန် ရေးဆွဲလှူဒါန်းခြင်း၊ ယခုခေတ်တွင် မိန်းမရုပ် ပြက္ခဒိန်လှလှပပ ကလေးများ ဝယ်၍ လှူဒါန်းခြင်း၊
ဤငါးပါးသောအလှူတို့သည် အလှူဟုသာခေါ်ရသော်လည်း ကောင်းကျိုးမရ၊ ဒါနမဟူ၊ အလှူဟု မဆိုရကုန်၊ အကုသိုလ်တရားပွားများအံ့သော အကြောင်းသာ ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောတော်မူ၏။
အနည်းငယ်ချဲ့ပါဦးမည်
ထိုငါးပါးတို့တွင်
မဇ္ဇဒါန ဟူသော သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို လှူဒါန်းခြင်းဖြစ်၏။ သေရည်သေရက် မူးယစ်ဆေးဝါးသည် လှူဖွယ်ဝတ္ထုပစ္စည်း မဟုတ်ပေ။ မိမိ သောက်စားသုံးဆောင်လျှင်ပင် သူရာမေရယသိက္ခာပုဒ်အရ ငါးပါးသီလ ပျက်ပြက်ပျားကာ ငရဲသို့ ကျရောက်နိုင်ပါသည်။
ငါးပါးသီလတွင် သေရည်သေရက် သောက်စားခြင်းမှာ အပြစ်အကြီးဆုံးပင်ဖြစ်သည်။ အခြားသီလပျက်ပြားမှုမှာ ငရဲကျ၍ ငရဲသက်ကုန်လျှင် ငရဲမှ လွတ်မြောက ်နိုင်သော်လည်း သေရည်သေရက် မူးယစ်သောက်စားမှုကား ငရဲမှ လွတ်မြောက်လာသည့်တိုင်အောင် ခွေးရူး၊ နွားရူးစသော အရူးပေါင်းများစွာ၌ ကျင်လည်ကြရပေဦးမည်။
ထိုသို့ အပြစ်ကြီးလှသော သေရည်စသည်ကို မိမိသောက်စား၍ အပြစ်ကြီးရုံသာမက သူတစ်ပါးအားလှူဒါန်း၍လည်း ကုသိုလ်မရ အပြစ်သာရလေတော့သည်။
ထို့ကြောင့် ကိုယ်တိုင်လည်း ရှောင်ကြဉ်ပါ။ သူတစ်ပါးအားလည်း ကုသိုလ်ဖြစ်လိမ့်မည်အထင်နှင့် ဝယ်၍ မတိုက်ပါနှင့်။
ဣတိ်္ထဒါနံ ဟူသည်မှာ မိန်းမအလှူဟူ၏။ ကာမဂုဏ် အတွက် အခြားသူအား မိန်းမလှူဒါန်းမှုမျိုး ဖြစ်သည်။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအလှူဟူ၍ ရှိခဲ့သော်လည်း ဤ ဣတိ်္ထဒါနအရ မပါဝင်ချေ။ ဣတိ်္ထဒါနကား ကိလေသာကိစ္စမျိုးသာ ဖြစ်သည်။ ဤတွင် နွားလားအုပ်၌ နွားမများ, လွတ်ပေးခြင်းမျိုးလည်း ပါသည်ဟု ဆိုပေသည်။ အကျယ်မရေးတော့ပေ။ ဤတွင် ပါရှိသည့် ဥဿာဒါနနှင့်လည်း အလားတူပေသည်။
စိတ္တကမ္မဒါန ဆိုသည်မှာ မိန်းမရုပ်၊ ယောက်ျားရုပ် လှလှပပများ တစ်ရုပ်စီ သီးခြား လည်းကောင်း၊ ပူးတွဲ၍လည်းကောင်း မြင်ရသူတို့ မက်မောနှစ်သက်စဖွယ် ရေးခြယ်၍ ဖြစ်စေ၊ ဓာတ်ပုံ, စက်ရိုက်ပန်းချီ, ပန်းပု ရုပ်လုံးရုပ်ကြွများပြုလုပ်ထုဆစ်၍ ကျောင်း, ဇရပ်, ဘုရား, တန်ဆောင်းတို့၍ ဆန်းဆန်းကြယ်ကြယ် ချိတ်ဆွဲ၍ အောက်မေ့ဖွယ် လှူဒါန်းမှုမျိုးဖြစ်သည်။
ယခုကာလ ပြက္ခဒိန်လှလှကလေးများ ရုပ်ရှင် မင်းသမီးပုံများ ကို ကျောင်းဘုရားများ၌ လှူဒါန်းခြင်းမျိုး ဖြစ်သည်။ ၎င်းမှာ မြင်ရသူတို့က ကုသိုလ်ဖြစ်မှုထက် ကာမရာဂ ပွားတိုးမှုသာ ဖြစ်စေသဖြင့် ကုသိုလ်ထက် အကုသိုလ်ဖြစ်ပွားမှုက ပိုပေသည်။
ကျောင်း၊ တန်ဆောင်းတို့တွင် ဆန်းကြယ်သော ပန်းနွယ် ပန်းညွန့် ခြူးပန်းခြူးနွယ် ဆန်းဆန်းပြားပြား ထုလုပ်လှူဒါန်းမှု မျိုးကား အပုညဒါနမဖြစ် ကုသိုလ်သာဖြစ်ကြောင်း မှတ်သားရာ၏။ တခြားဒါနများ၌လည်း အလားတူမှတ်ရာ၏။
သမ္မဇဒါန ကချေသဘင်အလှူ ဆိုရာ၌ ပြဿနာရှင်၏ စာတွင်ပါသော တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲတို့တွင် ဘုရားအား အတီးအကတို့ဖြင့် ပူဇော်သည်ထက် ခပ်သိမ်းသောသူတို့အား ကြည့်စေပျော်စေ၊ ရွှင်စေခြင်းငှာတီးစေမှုတ်စေ ကစေခြင်းမျိုးသာဖြစ်၍ ဘုရားအား ကြည်ညိုရှိခိုးမှုထက် အပျော်အပါး ရွှင်အားတရ လောဘ၊ ဒေါသ၊မောဟတို့သာ တိုးတက် ဖြစ်ထွန်းစေ၍ ကုသိုလ်ရမှုထက် အကုသိုလ်တိုးပွားမှုက ပိုတော့သည်။
ဘုရားကျောင်းကန်အတွင်း ပွဲလင်သဘင်ခံခြင်းဖြင့် ဘုရား ကျောင်းကန် ညစ်ညမ်းပေရေခြင်း၊ လာရောက်ပျော်ရွှင်သူတို့အနေဖြင့် ဘုရားမြေ၊ ကျောင်းမြေတို့အတွင်း နှပ်တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်တို့ စွန့်ခြင်းတို့ဖြင့် ဘုရားကျောင်းကန်၏သန့်ရှင်းမှုလည်း ပျက်ပြား၊ သွားလာသူတို့လည်း ငရဲများလှသဖြင့် လုံးဝ မသင့်လျော်သည်ကား အမှန်ပင် ဖြစ်ပေသည်။
ထိုသို့ အပျော်အပါး မဟုတ်ဘဲ ဧတ္ထစပူဇနတ္ထာယ ကတဿ နဋသမဇ္ဇဿ အာယတိံ သုခဝိပါကော အရဘုရား အစရှိသော ရတနာသုံးပါးအား မိမိတက်သော အတီး၊ အမှုတ် ကခုန်ဖြင့် ဂုဏ်ပြုပူဇော် ကော်ရော် လှူဒါန်းမှုမျိုးကားကုသိုလ် ဖြစ်ပါသည်။
လှူပါရှောင်းလည်း ဖျင်းသောင်းဖတ်သပ်၊
မအပ်စွာလှ၊ ဒါန အလှူ
ဟူသားစေတနာ မမည်ပါတည့်
သေရာထိုးလွှား ငါးပါး ပေါ့ပြက်
ကျိုးမနက်ကို စွန့်ရက်စဲက၊
မရနောင်ဖန်၊ မရှိတန်ဟု၊
မျက်မာန်ရှေးရှေး၊ ပေး၍လည်းကောင်း၊
လှူပါရှောင်းလည်း ကောက်နှောင်းမျိုးပဲ၊ ကြက်ဝက်ကြဲသို့။
ပါရမီ(၁၁၃)
မြတ်သတိဝါဒီမဂ္ဂဇင်း၊
ဖေဖော်ဝါရီလ၊ ၂၀၀၂ ခုနှစ်
One comment
kai
February 20, 2011 at 9:33 am
ဂေါတမဘုရားအမည်နာမသုံးပြီး ရေးထားတဲ့ အဌကထာဆရာလက်ချက် ကိုပြန်တင်ရေးတယ်..ထင်တာပါပဲ..။
ကမ္ဘာမှာ အအောင်မြင်ဆုံး… ကိုးကွယ်ရာဘာသာကြီးတခုနဲ့ အကုန်လိုလိုဆန့်ကျင်ဖက်တွေရေးနေတာပဲ..။
ဒါကြောင့်လဲ..ထေရဝါဒဗုဒ္ဓဘာသာဟာ ..သာသနာပြန့်ပွားအောင် လုပ်ရခက်လာတာလို့ထင်တယ်..။
အဌကထာဆရာဟာ … .. ဗုဒ္ဓသာသနာမထွန်းကားအောင် အဓိပါယ်ရှိရှိနဲ့ လုပ်ခဲ့သလားတောင်ထင်မိတယ်..။