ဆိုက်ကား နင်းရင်း သတင်းပေးသူ
ယနေ့မနက် ကျမရုံးသို့အလာ ထုံးစံအတိုင်း နောက်ကျသဖြင့် ဖယ်ရီကလည်း မမှီပြန်ပေ… ထို့ကြောင့် ..လူ ကြပ်ပိတ်သိပ်အောင် တင်သော အထူးကား အမည်ခံ ချွေးထုတ် ကားကြီး ကို စီးပြီး အလုပ်ဆင်းဖို့လာခဲ့ပါသည် …။ ကားဂိတ်မှ ဆင်းဆင်းခြင်း စက်ရုံ သို့ ရောက်ရန် ဆိုက်ကား တစ်ဆင့် ထပ်စီးရပါတယ်… ။ တစ်ပတ်မှာ လေးရက်လောက်က ဖယ်ရီမမှီ တတ်တာမို့ ဒီလိုပဲ ချွေးထုတ်ကား စီးပြီး လာခဲ့ရသည် … ။ တစ်ခါတစ်လေ .. အရမ်း အရေးကြီးသည့် အလုပ်မျိုး ရှိနေလျှင် ၊ ရုံး နောက်ကျ၍ မရသည့် အခြေနေမျိုးတွင်တော့ ကိုယ့်စရိတ်ကိုယ်ထုတ်ပြီး ကားငှားစိးရပြန်သည် … ။ မည်သို့ပင်ဖြစ်စေ ဖယ်ရီမမှီသည့်ရက်က ရုံးတက်ရင်တွင် ခြောက်ဆယ်ရာခိုင်နှုန်းခန့်ရှိသည် ။ ဒီနေ့လည်း နောက်ကျနေတာမို့ …ချွေးထုတ်ကား စီးလာပြီး ဆိုက်ကား တဆင့်စီးပါသည် ..။ ဤတွင် ဆိုက်ကားသမားမှ စတင်ပြီး စကားရော၊ ဖောရော လုပ်ပါတော့သည် …။ လိုရာခရီးရောက်ရန် မှ အပ တခြား မည်သည့် စကားမှ မရင်းနှီးသူများ နှင့် စကားပြောလေ့မရှိရာ … အင်း မလုပ် အဲ မလုပ် အနေထားဖြင့် သူပြောသမျှ ကြားသလို လို ၊ မကြားသလိုလို သာ ပြန်မပြောပဲ ဆိတ်ဆိတ်ထိုင်ပြီး လိုက်လာပါသည်… ။ ကျမတို့ စက်ရုံနား အရောက်တွင်တော ့.. သူက ထူးဆန်းဖွယ် သတင်းတပုဒ် ပေးခဲ့သည် .. ။ ဒါနဲ့ပဲ ကျမလည်း သိချင်စိတ်တွေ ပြင်း ပြလာပြီး စကားစမြည် အနည်းကျဉ်း အစ်ခဲ့ပါတော့သည် … ။
” အစ်မ ဒီစက်ရုံက မနေ့က သရဲပူးလို့ ပြန်လွှတ်လိုက်တာ သိလား ”
ခဏကြာ တိတ်နေပြီးမှ ကျမက …. ။
” ဟမ် … မဖြစ်နိုင်ပါဘူး … မနေ့က လည်း ကျမ ရုံးတတ်သေးတယ် ၊ ဒီနားက ဖြတ်သွားတာ ဘာမှ မထူးခြားဘူး ။ ပေါက်ကရတွေ လာမပြောနဲ့ … ကလေး၊ ကုလား စကားတွေပြောတာ ကျမစိတ်မဝင်စားဘူး ။ ”
“အော် အစ်မကလည်း ခက်တာပဲ … အဲ့ဒီကုလားပေါ့ … အစ်မပြောသလို ကုလားစကားတွေပြောတာ ”
ကျမစိတ်တိုသွားမိသည် … ကျမက စကားအဖြစ် ကလေး၊ကုလားစကားတွေ ယုံတမ်းစကားတွေ မပြောနဲ့လို့ ပြောတာဖြစ်ပေမဲ့ သူက နားလည်ဟန်မတူပဲ .. အစ်မပြောတဲ့ ကုလား စကားဖြစ်နေပြန်ရော.. ။ ကျမကို အဲ့ဒီလို ခိုင်းနှိုင်းခံရတာ အရမ်းစိတ်တိုပါတယ်…။ ဒါပေမဲ့ ..သူ ပြောနေတဲ့ပုံက အရင်းခံ စိတ်နဲ့ လို့ တော့ …မြင်မိတာပါပဲ ..။
” ဘာဖြစ်လို့လဲပြော ရှင်းရှင်းပြော … ”
” အစ်မကလည်း စိတ်ချည်းပဲ ပြောမှာပါ… မနေ့က ဒီစက်ရုံကလေ ဆယ်နာရီခွဲ ၊ ဆယ့်တစ်နာရီလောက်ကြီး ပြန်လွှတ်လိုက်တယ်သိလား ”
” ဟဲ့ အဲ့ဒီအချိန်ပြန်လွှတ်တာ ဆန်းလို့လား ဟဲ့… ။ အိုဗာတိုင်းမ်ဆင်းရင် ညဘက် အဲ့ဒီအချိန်ထိ တစ်ခါတစ်လေ ဆင်းရတယ်လေ ။ စကားမရှိ စကားရှာပြီး လိုက်ပြောနေတယ် … ။ အထူးဆန်းမှတ်လို့ ငါက နားထောင်နေတာ ။ ”
” မဟုတ်ဘူး အစ်မရဲ့ … ဒီတစ်ခါ ပြန်လွှတ်တာ ညဘက်မဟုတ်ဘူး မနက်ပိုင်း ဆယ်နာရီခွဲ လောက်က စလွှတ်တာကိုပြောတာ … ။ အဲ့ဒီစက်ရုံ မနေ့က ကုလား သရဲ ပူးလို့တဲ့ သိလား ။ ”
” ဟမ် … ယုတိ္တမရှိတာတွေ မပြောစမ်းနဲ့ ….. အဲ့ဒီကုလား သရဲက နင့်ကို ဘာလုပ်လို့လဲ … စက်ရုံတွေ တည်တာတောင် ဆယ်နှစ်ကျော်နေပြီဟာကို အခုမှ ကုလား သရဲတွေ ဘာတွေ လျှောက်ပြောနေတယ် … တခြား ကိစ္စကြောင့် ပြန်လွှတ်လိုက်တာ နေမှာပါဟာ ”
” မဟုတ်ဘူး အစ်မရဲ့ မနေ့မနက်က ကောင်မလေးတွေ လေးငါးဆယ်ယောက် သရဲ ပူးပြီး မူးလဲလို့ အစ်မရေ … ငိုကြီးချက်မနဲ့ တက်သလိုလိုဖြစ်ပြီး ကုလားစကားတွေလည်း ပြောတယ် အစ်မရဲ့ ….ပြီးတော့ အဲ့ဒီစက်ရုံတို့ ၊ အစ်မတို့ စက်ရုံတို့က အရင်က တောကြီး လိုပါပဲ… ။ အင်္ဂလိပ်ခေတ်က လူသတ်ကွင်းဖြစ်ခဲ့တယ် .. ။ ”
” အဲ့ဒီကတည်းက သရဲက ရှိလည်း … အခုထိ နေပါ့မလားဟဲ့ ”
“အစ်မကလည်း ခက်ပြန်ပြီ ကျနော်ပြောတာ မယုံဘူးလား ။ အခုပရိတ်ရွှတ်နေတယ် ။ အစ်မတို့စက်ရုံတောင် ဟိုးတခါ အဲ့လိုဖြစ်လို့ ရွှတ်လိုက်ရသေးတယ်နော် ဘာကြာသေးလို့လဲ.. ။ ”
အောင်မယ် သူက ကျမတို့စက်ရုံ ပရိတ်ရွှတ်တာတောင် သိပါလား … ။ သူပြောသလို ဖြစ်လို့ ရွှတ်တာလား ဘာလို့ ရွှတ်တာလည်းတော့ ကျမလည်း မစပ်စုမိပါဘူး ။ စက်ရုံ အပိုင်းမှာ လပိုင်းလိုက်ခြားတုန်းက ပရိတ်ရွှတ်တယ်ဆိုတာလောက်တော့ ကြားလိုက်ရသေးတယ် … ။ ကိုယ့်ဘာသာကိုယ်တောင် သေချာ မသိတာ သူက လူတတ်ကြီးလုပ်ပြီး သတင်းတွေပေးလို့ပါလား ရယ်စရာပဲနော်.. ။ ဒါနဲ့ပဲ ကျမတို့ စက်ရုံရှေ့ကို ရောက်ပါတယ် .. ။ ဆိုက်ကားခရှင်းပြေးပြီး ရုံးပေါ်တက်တာ့ ကျမတို့ လှေခါးကနေ အဲ့ဒီစက်ရုံဘက်ကို လှမ်း စပ်စုလိုက်ပါတယ် .. ။ အဲ့ဒီမှာတော့ သူတို့ စက်ရုံ ဝန်းဘက်က ပရိတ်သံ သဲ့သဲ့ ကြားရပါတယ်… ။ ဒါလည်း ကျမမယုံသေးပါဘူး … ရုံးပေါ်ရောက်တော့ တခြား လုပ်ဖော်ကိုင်ဘက်တွေကို မေးစမ်းကြည့်တော့မှ .. ဆိုက်ကားသမား ပြောသလိုပဲ သရဲပူးလို့ စက်ချုပ်သမလေးတွေ ကယောင်ကတန်းပြော လဲကျ မေ့မျောကုန်ကြလို့ သရဲပူးတယ် အမှတ်နဲ့ ပရိတ်ရွှတ်တာပါတဲ့ ။ ကျမကျောနည်းနည်း ချမ်းသွားပါသည် သူပြောခဲ့တဲ့ စကားထဲမှာ ကျမတို့ စက်ရုံနေရာ တလျှောက်က အရင်က xxxx နယ်မြေတဲ့ …. ဟုတ်လား မဟုတ်ဘူးလားဆိုတာကတော့ ရှေ့မှီ နောက်မှီ လူကြီးတွေကပဲ သေချာသိနိုင်မှာပါ ။
ထို သတင်းထွက်နေသော စက်ရုံတည်ရှိရာ နေရာသည် လှိုင်သာယာမြို့နယ် ၊ စက်မှူ ဇုံ (၂) ၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း ရှိ T & H အထည်ချုပ်စက်ရုံဖြစ်သည် ။ ဆိုက်ကားသမား နှင့် လုပ်ဖော်ကိုင်ဘက်များ ပြောသော သတင်း ဟုတ်သည် မှန်သည် ကို အတည်ပြု နိုင်ခြင်း မရှိသော်လည်း ပရိတ်ရွှတ်သံကြားရခြင်းမှာ အမှန်ပင်ဖြစ်ပေတော့သည် … ။ ။ 19th FEB, 2011.
18 comments
draungkyawkyawoo
February 21, 2011 at 10:18 am
လှိုှု်င်သာယာက အဲ့ဒီလို သတင်းတွေ ခဏခဏထွက်သလိုပဲနော် … ။
ဟုတ်မဟုတ်ကတော့ မသိဘူး ။
eros
February 21, 2011 at 10:32 am
etone ရေ၊ ပရိတ်ရွှတ်တာ မဟုတ်ပါဘူး။ ပရိတ် ရွတ်တာပါ။ မှန်စေလိုသောစေတနာ သက်သက်ပါ etone ရေ။
eros
February 21, 2011 at 1:19 pm
etone ရေမြန်မာပြည် တနံတလျားကတော့ လူသတ်ကွင်းဖြစ်ခဲ့တာပဲ။ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တာကိုး။ လှိုင်သာယာစတည် တဲ့အချိန်မှာတော့ အဲဒီနေရာက လယ်ကွင်းပါ။ မလှမ်းမကမ်းမှာ သောင်ကြီးလေးရွာဆိုတာရှိပါတယ်။ ဒါပေမယ့် ရွာနဲ့ မလှမ်းမကမ်းဆိုတော့ င်္သချိုင်းမြေဟုတ်မဟုတ် မသိနိုင်ဘူး။
ဆူး
February 21, 2011 at 1:52 pm
နာနာဘာဝ ဆိုတာကတော့ နေရာတိုင်းမှာ ရှိနေတာဘဲ လူတွေ ထက်တောင် များတယ်လို့ ပြောကြတာဘဲ။ သူတို့က ကိုယ်တွေနဲ့ မထိအောင်တောင် မနည်းရှောင်နေရတာ.. စိတ်မပူနဲ့ အနားမှာ ဝိုင်းနေတာဘဲ။ မယုံရင် ဟိုလှည့် ဒီလှည့် ကြည့်လိုက်.. မမြင်နိုင်လို့သာ မမြင်ရတာ သူတို့က အီးတုံးကို ဝိုင်းကြည့်နေကြတာ.. ဒီကောင်မလေး ဘာတွေ လုပ်နေလဲလို့..
smytu1996
February 21, 2011 at 3:53 pm
etone ရေ၊ ပရိတ်ရွှတ်တာ မဟုတ်ပါဘူး
etone
February 23, 2011 at 6:29 am
ဟုတ်ပါတယ် ပရိတ်ရွတ်တယ်လို့ ရေးရမှာပါ … ဟပ်ထိုးက အမြဲ ရိုက်ရိုက်မိသွားတယ် ဆောရီး ။ ပြင်ဖတ်လိုက်နော် ။
ယောလေး
February 21, 2011 at 4:22 pm
အဟီးးးးဆိုက်ကားနင်းရင်း သတင်းပေးသူဆိုတော့ ဘာများသတင်းပေးတာလဲလို့…
kai
February 21, 2011 at 5:39 pm
ကြည့်ရတာ ..ကမ်မစ်ကယ်တခုခု လိခ်ဖြစ်တာမှာ .. စက်ရုံအာဏာပိုင်တွေ .. အလွယ်ဆုံး၊ ဈေးအသက်သာဆုံးနည်းနဲ့ ရှင်းပေးလိုက်တာပဲ..။
ကောင်းပါလေ့..။
ကျုပ်လည်း ရွာထဲ သူများပို့စ်တွေကူးတင်တဲ့ သူတွေကို ပုလင်းထဲထည့်ထားတဲ့ လူခြောက်လေးလွတ်ပြီး ခြောက်ခိုင်းရမယ်.။
“ငါ့ဥစ္စာပြန်ပေး”ဆိုပြီး ညည သွားပြောနေအောင်..။ 🙁
yuyu
February 22, 2011 at 3:22 am
etone ရေမယုံမရှိနဲ့နော် အဲဒါတွေကနေရာအနှံအပြားမှာရှိနေတာ ဟိုတယ်တွေမှာလဲရှိတာပဲ အဆောင်မှာနေတုန်းကဆိုရင် ခဏခဏဝင်ပူးတာမျိုးနဲ့ကြုံဖူးတယ် တော်တော်ဆိုးဆိုးကိုမြင်ဖူးတာ ကိုယ်တိုင်လဲအခြောက်ခံရဖူးတယ် သရဏဂုံခြုံရင်လုံပါတယ်လို့ပဲပြောလိုက်ချင်ပါတယ်
bigcat
February 22, 2011 at 4:10 am
သဂျီးကတော့ အလကားပေါက်တတ်ကရတွေတဲ့။ ဘယ်ဟာအမှန်လဲဗျာ။ 🙁
cobra
February 22, 2011 at 6:47 am
တရဲဆိုတာ..တကယ်ရိလားဟင်….
thethtet87
February 22, 2011 at 12:52 pm
ဟုတ်တယ်အမှန်ဘဲ။ကျွန်တော်မျက်စိရှေ့မှာဖြစ်နေတာ။ကျွန်တော်မယုံတဲ့လူတောင်
နည်းနည်းလန့်သွားတယ်။အိတုံနဲ့ကျွန်တော်နဲ့တလမ်းထဲထင်တယ်နော်။(10း30)လောက်
စဖြစ်တာ။မီးလောင်တယ်အောက်မေ့လို့။မဟုတ်ဘူး။(10)ယောက်လို့ကိုတပြိုင်ထဲဝင်ပူးတာ
လမ်းမပေါ်မှာလမ်းထောင်ကကွမ်းယာဆိုင်မှာကော။အကြော်တဲနားကကွမ်းယာဆိုင်လေ။အိတုံ
ဖြတ်သွားရင်ကြည့်လိုက်။ကွမ်းယာရောင်းတဲ့ “ဝတုတ်”သိတယ်။
etone
February 23, 2011 at 6:26 am
အဲ့ဒီနားက စက်ရုံကဆိုရင် YES ကလား ။ မြန်မာ CMP ကလား တစ်ခုခုကပဲ နော် … မှန်းကြည့်တာ ..။ မှားရင်တော့ လွဲပေါ့ 😀
padonmar
February 22, 2011 at 7:29 pm
etone ရေ။အထည်ချူပ်က အလုပ်သမလေးတွေအပါအဝင် မြန်မာပြည်က ဆင်းရဲတဲ့ မိန်းကလေးငယ်တွေက များသောအားဖြင့် ချွေချွေတာတာ စားနေကြရတော့ Iron Deficiency Anaemia ခေါ်တဲ့ သံဓာတ်ချိူ့တဲ့သွေးအားနည်းရောဂါ ရှိကြပါတယ်၊ဒါကြောင့် တခုခုဆိုရင်မူးလွယ်မေ့လွယ်ပါတယ်၊
စက်ရုံပိုင်ရှင်ကို ပြောပြပြီး Furamin-B C (or)Ferrous Sulphate Tablet လေးတွေ မှန်မှန် တိုက်ပေးလိုက်ပါ။သိပ်မကုန်ကျပါဘူး။
နောက်တစ်ခုက ဒီအရွယ်တွေ မိဘနဲ့ ခြွဲပီး အဆောင်စုနေကြတော့ psychological problem (Hysteria) ခေါ်တဲ့ စိတ်အလိုမပြည့်တဲ့ ရောဂါလေးတွေ လည်းရှိ။Attention Seeking ခေါ်တဲ့ ဂရုစိုက်ခံချင်တာလဲရှိ ဆိုတော့ ဒီလို အဖြစ်တွေ တွေ့ရတာပါ၊ ကြင်နာ နားလည် လမ်းညွှန် ဖြေရှင်း ဆိုတဲ့ Supervisor တွေ ရှိရင် ဒီလို မဖြစ်ပါဘူး၊၊
etone
February 23, 2011 at 2:25 am
Padonmar ရေ … အလုပ်ရှင်တွေက ကုတ်စီးနေတာ သိလား ။ အားဆေးတိုက်ဖို့ဆို ဝေလာဝေးပါ ။ စက်ရုံတစ်ရုံမှာ အလုပ်သမား အင်အား 500 ရှိရင်ပဲ မဖြစ်မနေ သူနာပြုတစ်ယောက်ထားပေးရပါတယ်…။ အလုပ်သမားအင်အား 1000 ကျော်ရင်တော့ ဆရာဝန်တစ်ယောက်ရယ် ၊ ဆေးခန်းရယ်ထားပေးရပါတယ် …။ etone တို့စက်ရုံ က ဝန်ထမ်း အင်အား နှစ်ထောင်ကျော်တော့ ဆေးခန်းနှင့်ဆရာဝန်ရှိပါတယ် … ။ ဒါပေမဲ့ အလုပ်ရှင်က ဆရာဝန်ခေါ်ထားပေးတယ်သာပြောတာ … အချိန်ပိုင်းလေးခေါ်ပေးထားတာပါ ..။ တစ်ပတ်ကို နှစ်ရက် ၊ တစ်ရက်ကို နှစ်နာရီ အတိဆိုတော ့ တစ်ပတ်လေးနာရီပဲ ဆေးခန်းပြခွင့်ရှိကြတာပါ… ။ ဆေးခန်းထဲလာချင်တိုင်း လာလို့မရဘူး သိလား ။ မလာခင်သူတို့ ခေါင်းဆောင် စူပါဗိုက်ဆာတွေဆီ ခွင့်တောင်းရတယ်…။ စူပါဗိုက်ဆာနဲ့ အဆင်ပြေတဲ့ အလုပ်သမကသာ ဆေးခန်းလာပြဖို့ အခွင့်ရေးရှိတာ …။ စက်ရုံဆေးခန်းမှာ လာပြဖို့ အဆင်မပြေတော့လည်း အဲ့ဒီဆရာဝန်ထိုင်တဲ့ ဆေးခန်းကို ပိတ်ရက်လေးတွေမှာ ပြေးရပြန်တာပေါ့ ။
စက်ရုံထဲက နပ်စ်ကတော့ အချိန်ပြည့်ရှိပေမဲ့… ကလေးတွေ သိပ်မသွားရဲကြဘူး ။ အရမ်းမောက်မာတဲ့အပြင် အပေါက်ကလည်း ဆိုးတာကိုး …။ မပြည့်တဲ့ အိုး ဘောင်ဘင်ခတ်နေတယ်ဆိုတာမျိုးပေါ့ …။ ပြ ီးတော့ အဲ့ဒီ နပ်စ်ကလည်း အပြင်ဆေးလောကနဲ့ အဆက်သွယ်ပြတ်နေတာ ကြာပြီလေ …သူ ဆေးစာရေးပေးလို့ အပြင်မှာ ဆေးဆိုင်သွားမေးရင် ဆိုင်က မသိတာက များတယ် … ။ အလုပ်ရှင်တွေကလည်း သိသိကြီးနဲ့ လွှတ်ပေးထားတယ် …။
naywoonni
February 23, 2011 at 1:09 pm
မြို့ကြီးပြကြီးသာဆိုတယ် တောထဲတောင်ထဲမှာ ထက်တောင်ဆိုးနေပါကောလား? ဘာပဲဖြစ်ဖြစ် Padonmar ရဲ့ ယူဆချက်လေးကတော့ ယထာဘုတ ကျပါတယ် ။မှတ်သားသွားပါတယ်ဗျာ။ အဲဒိလိုအတွေး အခေါ်တွေမရှိလို့ ပယောဂ ဆရာတွေ အလုပ်ဖြစ်နေတာနဲ့တူပါရဲ့။
unclegyi1974
February 23, 2011 at 4:29 pm
လုပ်သား၂၀၀ဝကျော်ဆိုလူမှုဖူလုံရေးဝင်ရမှာသေချာ
ပါတယ် စက်ရုံဆေးခန်းမပြပဲဖူလုံရေးဆေးခန်း
သွားမပြကြဖူးလားအိတုန်ရေ
etone
February 24, 2011 at 3:01 am
လူမှူဖူလုံရေးကလာပါတယ် … လအတော်ကြာမှ တခေါက်ပါ ..။
အန်ကယ်ကြီးရေ.. ဖျားတယ် ၊ နာတယ်ဆိုလျှင်တောင်မှ ဆေးခန်းကို အနည်းဆုံး ၂ရက်လောက်ပြရတာပါ … ။ လူမှူဖူလုံရေးက တခေါက်နဲ့ တခေါက်အဝေးကြီးရယ် … စက်ရုံဆေးခန်းက ဆရာဝန်ကိုလည်း တပတ် ၂ရက်ကို ရက်ခြား ဝင်ခိုင်းသေးတာရယ်ကြောင့် … စက်ရုံမှာ ဖရီး တစ်ရက်ပြ ၊ နောက်နေ့ပြစရာရှိတော့ အပြင်ဆေးခန်းလိုက်ပြပေါ့ … ။ စက်ရုံထဲ ဆေးခန်းလာပြတာကလည်း မလွယ်ဘူး … ။ နပ်စ်စမက ဆေးခန်း အပိုင်ရထားသလိုပဲ … သူ့ဆီလာမပြပဲ ဆရာဝန်လာတဲ့ အချိန် သွားပြရင် .. အဲ့ဒီကလေးတွေကို မှတ်ပြီး ပြန်ခေါ်မေးတာ ဘာလို့ ငါရှိတုန်းကမလာတာလဲပေါ့ .. ။ ဒါမျိုးတွေလည်း ရှိတယ် … ။ အမြင်မတော်တာတွေ ရေးချင်တာ လက်က ယားနေတာပဲ … ။ ပုံတွေပါ တင်ပေးလိုက်ချင်သေးတယ် .. ။ ချွန်တဲ့လူတွေ ရှိနေလို့ ထိန်းနေရတာ … ။