the art of cat
သေသေချာချာကြည့်နော်။ အစစ်မှ အစစ်ပါ။ အိမ်က စွာစိလေးပါ။
ဘီဒိုဖွင့်လိုက်တိုင်း အဲဒီလို ဝင်ထိုင်နေလို့ မနည်းမောင်းထွက်ရတယ်။
ချစ်စရာကောင်းလိုက်တာလို့ ချီးမွမ်းနေဆဲ ယောက်မမြင်းစီးထွက်တဲ့အချိန်ရောက်ပါပေါ့လား။
အိမ်ကိုရောက်တာ သုံးလတင်းတင်းပြည့်ပြီ။ အသက်က အခုမှ လေးလဘဲရှိသေးတာ။ မွေးပွစောင်ပေါ်တက်ပလားဆိုရင် လက်လေးနှစ်ဘက်ကို နှိပ်နယ်ပြီး အမေ့ချိုချိူအမှတ်နဲ့ တိုးဝှေ့စို့နေတာများ မြင်သူတိုင်းက နင်တို့မို့ သူတပါးသားအမိကို ခွဲရက်လေတယ်ရယ်လို့ ပြောကြရတဲ့အထိ သနားစရာကလေးပါ။
အစားကတော့ တော်တော့ကို ချေးများတယ်။ ကြောင်စာကလွဲရင် အကုန်စားတယ်။ မခက်ပေဘူးလား။
အိမ်ရောက်စက လက်ကျန်လေး ရှင်းလိုက်ပါဟယ်ဆိုပြီး ကြောင်ကြီးစာ ချပေးမိပါတယ်။
မဝါးပဲ မျိုချတော့ အစာမကြေပဲ အစေ့လိုက်ပြန်အန်ရတာပေါ့။
အဝင်နာ၊ အထွက်နာနဲ့ ကြောင်စာကို တော်တော် စိတ်နာသွားတယ်ထင်ပါ့၊
ကြောင်စာမှုန့်ဝယ်ပြီး ထမင်းနဲ့နယ်ကျွေးတာများ လှည့်တောင်မကြည့်ဘူး။
တဖြည်းဖြည်းပိန်လိုက်လာတာ ဒီကလည်း ပြာပြီပေါ့၊
တနေ့တနေ့ ဘာကျွေးရင်စားမလဲလို့ စဉ်းစားရတာ ခေါင်းခြောက်ကရောပဲ။
အမှိုက်တောင်းထဲ ခေါင်းစွပ်ပြီး ငါးစိမ်းအူတွေလွေး၊ ကွေးနေအောင်အိပ်တော့မှ သူ့အကြိုက် သိရတော့တယ်။
မနက်မိုးလင်းရင်၊ တညောင်ညောင်အသံပေးရုံလောက်နဲ့တော့ မနိုးဘူးဆိုတာသိတော့ အိပ်ခန်းတံခါးကို လက်သည်းတွေပဲ့ကုန်တဲ့အထိ၊ ကုတ်ခြစ်ပြီးအစာတောင်းတယ်။ နှိုးစက်မလိုဘူး။
သူ့အရင်မကျွေးပဲ မျက်နှာအရင်သစ်လို့ကတော့ ခြေထောက်က ကိုက်ခဲခံရပြီတာမှတ်။
အဲဒီလောက်အစားမက်တဲ့ စွာစိက ပြီးခဲ့တဲ့ ၁၅ရက်လောက်ကတည်းက အချိုးပြောင်းသွားတာ။
ဟယ်တော့…ဒီအရွယ်လောက်နဲ့တော့ မဟုတ်တန်ကောင်းပါဘူးအေ။ ပြောရင်းတန်းလန်းနဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ နာနာကြင်ကြင် အော်ငြီးသံကြောင့် မျက်ကလဲဆန်ပြာ စွာစိကို ပွေ့ပြီးသေသေချာချာ ရင်ဘတ်တွေစစ်…ကြည့်မိတယ်။ ဟုတ်ပါရဲ့…ဒီရက်အတွင်းဒီလောက်တောင် ဖွံ့လာပါလား။ ဘယ့်နှယ်လုပ်ကြမတုန်း။
တရက်ထက်တရက် ဆိုးရွားလာတဲ့ စွာစိကို ကယ်တင်မဲ့နည်းလမ်းလေးများမရှိကြဘူးလား။
မေးမေးပြောပြောနဲ့ Yahooဂျပန်ထဲ ဝင်ရှာတော့မှ တွေ့ပါပြီ။
ဒီ…အချစ်နာရောဂါက အလင်းရောင်နဲ့ တိုက်ရိုက် အချိုးကျတယ် ဆိုပဲ။
နေ့တာရှည်တဲ့ဒီလပိုင်းကနေ စတင်ပြီး အောက်တိုဘာလအထိတဲ့။ သေပြီဆရာ။ လူ့သက်တန်းနဲ့တွက်ရင်တောင် နာတာရှည်ရောဂါလို့ပြောလို့ရနိုင်တယ်။ ပေါ့ပေါ့မဟုတ်ပါ့လား။ ညတာရှည်ရင်တော့ သူ့အလိုလိုပျောက်ကရောတဲ့။ ဒီကြားထဲ ချစ်သူတွေ့ရင်တော့ စောစောပျောက်တာပေါ့။
၃ရက်လောက်ကြာတော့သက်သာသွားတာတွေ့တယ်။ ၁၅ရက်လောက်နေတော့ အခုတစ်ခါစပြန်ရော။
ယောက်ျားပေးစားရမှာလည်း ငယ်သေးတယ်။ ကြီးရင်လည်း တခြားအကြောင်းပြချက်တွေတလှေကြီး။ ရန်ကုန်တိုက်ခန်းမှာ တစ်ကောင်တည်းနဲ့တောင် မနည်းသန့်ရှင်းရေး လုပ်ရတာ။ အနံ့က မလွယ်ဘူး။
ခွဲစိတ်၊ ဆေးထိုးရင် မအော်တော့ဘူးလို့တော့ပြောတာပဲ။
ရွာထဲမှာ မဲခွဲချင်တာပါပဲ။
အပျိုကြီးလုပ်ခိုင်းတာ ကောင်းသလား။ (အိမ်အပြင်ခိုးထွက်လို့မရအောင် ငါးထပ်ပေါ်မှာ သံစကာအပြည့်။)
လင်ယူသားမွေး လုပ်ခိုင်းရင်ကောင်းမလား။
ဒါမှမဟုတ် ကြောင်မျိုးဖြတ်လိုက်ရမလား။
15 comments
ဆူး
February 21, 2011 at 4:33 pm
ကြောင် မမွေးဘူးတော့ ကြောင်နဲ့ ပတ်သတ်ပြီး မပြောတတ်ပါဘူး အန်တီ.. သေချာတာကတခုတော့.. အရင်တုန်းက နေတဲ့ အိမ်က အပေါ်ထပ်က အဒေါ်အပျိုကြီး တယောက်ဆို သူ့အိမ်မှာ ကြောင် ၈ကောင် ရှိတယ် အမ တွေကြီးဘဲ အထီး ဆို လက်မခံဘူး။ မနက် အဲဒီ အဒေါ်ကြီး ဈေးသွားရင် ကြောင်တွေက တစီစီနဲ့ တံခါးကြားထဲက အတင်းထွက်ပြီး သူ့နောက်လိုက်တာ သူဈေးက ပြန်လာမှ ကြောင်တွေက အိမ်ထဲ ပြန်ဝင်တယ်။ ကြောင်က အိမ်က ထွက်တာနဲ့ သူများ အိမ်ရှေ့တွေမှာ အီးပါ သေးပေါက် လုပ်တာဘဲ.. စိတ်တိုလိုက်တာ အရမ်းဘဲ။ လှေကား တခုလုံး နံစော်နေတာဘဲ။ ကြောင်ပိုင်ရှင် အဒေါ်ကြီးက အားနာနာ နဲ့ ချီးကျုံးပေးရှာတယ်။ အနံကတော့ ကျန်ခဲ့တာဘဲ။
အခု နေတဲ့ အိမ်နဲ့ အနီး အနားမှာ ကရင်မတယောက် နဲ့ ဘိုတယောက်(ဟော်လန်)နဲ့ ညားတာ ကလေး မရှိကြဘူး။ ကြောင်ဘဲ ရှိတယ်။ သူအိမ်မှာ ကြောင် အကောင် ၂ဝ ရှိတယ်။ ဒါတောင် ကြောင်တွေ သားကြောဖြတ်ထားလို့တဲ့ပြောတာဘဲ။ သားကြော အဖြတ် နောက်ကျတာလား သတိမထားမိဘဲ ကြောင်က ဗိုက်ကြီးပြီး အကောင်တွေ ပေါက်တာလား မပြောတတ်ပါဘူး။ အဲဒီ အိမ်က ကြောင်တွေ ညဆို ဘိုကြီးက လေချွှန်ပြီးတော့ ခေါ်တယ် ကြောင်တွေ တန်းစီပြီး အိပ်တန်းတက်ကြတယ်။ နေ့ဘက်မှာတော့ အိမ်တွေလိုက် ဝင်ပြိး သောင်းကျန်းကြတယ်။ ဆူး အိမ်က အမှိုက်ပုံဆို ကြောင် မဖွ နိုင်အောင် ဖိထားရတယ်။ အမှိုက်ကို မလိုလို့ ပစ်ပါတယ် ဆိုမှ ကြောင်ဖွလို့ လိုက်သိမ်းနေရတာ မလွယ်ဘူး။ ဒီကြားထဲ အဝတ်လှန်းထားရင် သေးက ပန်းခဲ့သေးတယ်။ တလောက ဆို အိမ်ရှေ့ ဖိနပ်ချွတ်မှာ မနက် တံခါးဖွင့်လိုက်တာနဲ့ သွေးတွေ ပေပေနေလို့ ဘာမှန်း မသိဘူး လန့်သွားတယ် ၃ ၄ ရက်လောက် ဆက်လိုက်တွေ့တော့ သတိထားမိတယ် ကြောင်က ကြွက်ဖမ်းပြိး အိမ်ရှေ့မှာ လာစားလို့ ကြွက်စားပြီးသား အပိုင်းအစ သွေးစက်လက် အိမ်ရှေ့မှာ ကျန်ခဲ့တာ ဖြစ်နေတယ်။ မတတ်နိုင်တဲ့ အဆုံးတော့ သံဗန်း ထပ်ကာလိုက်ရတယ် ကြောင်လာပြီး မသောင်းကျန်းအောင်လို့.. ညစ်ပတ်တာတော့ မရှိပေမဲ့ နောက်ထပ် အိမ်ပေါက်ဝ မှာ တခါတလေ ကြွက်စားထားတာ တွေ့တယ်။ အဲဒါကတော့ ရေနဲ့ ထိုးချလိုက်ရင် ဖြစ်တဲ့ အတွက် ဗွေမယူတော့ပါဘူး။ ကြောင်နဲ့ ပတ်သတ်ပြီး ရာဇဝင် ချီရင်တော့ မကောင်းဘူး။ ငယ်ငယ်က နေတဲ့ အိမ်မှာ ဆိုလည်း ညည ကြောင်တွေ အော်လို့ အမေ က လန့်မှာ စိုးလို့ ဖက်ပေးထားရတယ်။ ၅နှစ် ၆နှစ် လောက်အထိ ကြောင်ကြောက်တတ်တယ်။ နောက်ပိုင်းတော့ မကြောက်တော့ဘူး အထာ သိသွားလို့။
ဆူး
February 21, 2011 at 4:49 pm
နောက်ထပ် ကျန်သေးတာ တခု ရှိသေးလို့.. အပေါ်ထပ်က အဒေါ်အပျိုကြီး အိမ်က ကြောင်တွေ ရန်ဖြစ်ရင် အိမ်နောက်ဖေးက အိုးတွေ ခွက်တွေ အကုန် ခုံပြန်နေတာတော့ဘဲ။ အောက်ထပ်မှာ စာကျက်နေတဲ့ ဆူး အဖို့တော့ နားတွေ လည်း ငြီး ခေါင်းပေါ် ဘယ်တော့ ပြုတ်ကျ လာမလဲလို့.. လူခြေတိတ်တဲ့ အချိန် ဆို အသံပိုကျယ်တာ သိသာတယ်။ ကြောင်များတာ နည်းတာ အန်တီ အပိုင်းပေါ့နော်။ မမန်းရ မနေနိုင်လို့ ဝင်မန်းတာ။ ဆန္ဒနဲ့ တထပ်တည်း မကျတဲ့ ကွန်မန်းမျိုးဆိုလည်း မမြင်ဘူးလို့ သာ သဘောထားပြီး နေလိုက်ပါ။
antimoe
February 22, 2011 at 12:40 pm
အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်တွေမှာနေသူတွေ အများဆုံး ကြုံကြရတဲ့ဒုက္ခလို့လဲ ဆိုနိုင်ပါတယ်။
ကြောင်နဲ့ ကြွက် တခုခုတော့ ရွေးချယ်ရမယ်လေ။
တိတ်တိတ်ဆိတ်ဆိတ်နဲ့ အဖျက်ဆီးခံမလား။
ရှုပ်ရှုပ်နဲ့ အနံခံမလား။
ဆူးရေ…ကြောင်က ကြိုက်သလောက် ဖက်ထားလို့ ရသကွဲ့။
ဆူး
February 23, 2011 at 10:35 am
အန်တီမိုး ရေ ကြောင် မရှိရင် ကြွက်ထ တတ်တာ ဟုတ်ပေမဲ့.. ဆူး နေတဲ့ တိုက်ခန်းမှာတော့ ကြွက်လုံးဝ မရှိပါဘူး။ ၃ထပ်မှာနေပေမဲ့ တံခါးတွေ ပိတ်ထားပြီး အမှိုက်နဲ့ စားကြွင်းစားကျန်များ လုံးဝ မရှိအောင် တတ်နိုင်သလောက် ထားလို့လား မသိဘူး ကြွက်ပြသနာ စိတ်မရှုပ်ခဲ့ရတာ အမှန်ပါဘဲ။
ကြွက်ကြောက်လို့ ကြောင်မွေးတာထက်.. ကြွက်မလာနိုင်အောင် ရှင်းလင်းပေးရင် ကျန်းမာရေး လေ့ကျင့်ခန်း တခုလို ဖြစ်သွားမလားလို့ တွေးမိပါတယ်။
ဒါနဲ့ စကားမစပ်.. မနေ့က အိမ်နောက်ဘက် မီးဖိုချောင် ပြူတင်းလေး ဖွင့်ပြီး ဟင်းချက်ပြီး ပြန်ပိတ်ဖို့ မေ့သွားတာ ဘယ်အချိန်က အိမ်ထဲ ဝင်ပြီး သေးပန်းသွားလဲ မသိဘူး တော်တော် နံတယ်။ စိတ်ပျက်ဖို့ ကောင်းတယ်။ အိမ်သန့်ရှင်းရေး အလေးပေး ထပ်လုပ်လိုက်ရလို့ မောသွားတာဘဲ။ ကြောင်မွေးတဲ့ လူတွေက ကြောင်ချစ်တော့ အနွံအတာ ခံနိုင်ပေမဲ့ ပတ်ဝန်းကျင်က လူတွေက ကြောင်ရဲ့ စိတ်ကူးပေါက်ရာ လုပ်တဲ့ ပြသနာ တော်တော် ခံရတယ်။ မနေ့က အိမ်ထဲမှာ သေးဝင်ပန်းပြီး အိမ်ရှေ့က ကြာအိုးထဲက ငါးကို ဖမ်းစားသွားသေးတယ်။ ဒီနေ့ ရေကန်ထဲ ဖြဲ ရှာမှ ငါးတကောင်လျော့နေလို့ စိတ်မကောင်းတောင် ဖြစ်သွားတယ်။
ဘာမှတော့ မရည်ရွယ်ပါဘူး ကြောင်များတဲ့ အိမ်တွေရဲ့ စနက်ကို မသိမသာနဲ့ ထိထိ မိမိ ခံစားရတဲ့ လူတယောက်ရဲ့ ခံစားချက် အနေနဲ့ ပြောပြတာပါ။
draungkyawkyawoo
February 22, 2011 at 3:17 am
သဘာဝအတိုင်းပဲ ကောင်းပါတယ်လို့ အကြံပေးချင်ပါတယ် … ။
သားကြောဖြတ်တာပဲ ဖြစ်ဖြစ် ၊ ဆေးထိုးတာပဲ လုပ်လို့ ရပါတယ် … ။ ဒါပေမဲ့ သားကြောဖြတ်ရင်ဖြစ်ဖြစ် ၊ ဆေးထိုးရင်ဖြစ်ဖြစ် သူလည်း အသွေးသားနဲ့ ဆိုတော့ နာမှာပါပဲ … ။ လူက လုပ်တော့လည်း မရုန်းသာတော့ ခံကြရတာပါ … ။ကြောင်တွေ ထပ်ပွားမှာ ကြောက်ရင် အစကတည်းက ကြောင်မမမွေးနဲ့ပေါ့ … ။ ခွဲစိပ်တာတွေ မလုပ်ပါနဲ့ သနားစရာကောင်းပါတယ် ဒီအတိုင်းလေးပဲ ထားလိုက်ပါ … ။ အမြဲတမ်းပိတ်လှောင်မနေပဲ တခြား လွတ်လွတ်လပ်လပ်သွားပါစေ … ။ ဇီးတွေဘာတွေရတော့လည်း သူက ကိုယ့်အိမ်မှာ မွေးချင်မှ မွေးမှာပါ … ။ နောက်မနိုင်တော့မှ လိုချင်တဲ့လူရှိရင် ပေးချင်ပေးပေါ့ … ။ သဘာဝကို လွန်ဆန်ပြီးလုပ်တာတော့ မဖြစ်စေချင်ပါဘူး ။ ရွာထဲမှာ မဲခွဲမယ်ဆိုလို့ ဝင်ဆွေးနွေးတာပါ … ။
antimoe
February 22, 2011 at 11:11 am
နံပါတ်တူး -တစ်မဲပေါ့ဆရာ။
bigcat
February 22, 2011 at 4:25 am
စွာစိရဲ့
ကြာအကြည့်ကြောင့်
ကမာ္ဘနထ္ထိ
ဖြစ်သွားပြီ..
antimoe
February 22, 2011 at 11:16 am
အထာသိတဲ့
အာစရိကြောင်ကြီးကြောင့်
အညာမမိ ပါရစေနဲ့တဲ့။
etone
February 22, 2011 at 5:49 am
စွာစိပုံလေးက ချစ်စရာလေး .. ပြူးတူးကြောင်တောင်လေး ။
သနားပါတယ် အန်တီမိုးရယ် သူ့ဘာသာသူထားလိုက်ပါ ။ နောက်များလာတော့လည်း ဘုန်းကြီးကျောင်းပို့လိုက် ဟီးဟီး 😀
kai
February 22, 2011 at 6:04 am
ကျွေးနိုင်ရင် …မွေးပေါ့နော..။
မွေးတဲ့အကောင်များလာပြီဆိုမှ.. ဂျီးများတဲ့ကောင်.. ကောင်းကောင်းဒဏ်ပေးပြီး ..လေ့ကျင့်ပေးလိုက်ပေါ့..။
antimoe
February 22, 2011 at 12:44 pm
သဂျီးလည်း နံပါတ်တူး -တစ်မဲပေါ့နော်။
weiwei
February 22, 2011 at 6:50 am
အန်တီမိုးကြောင်က အမ ဆိုတော့ လာပတ်မဲ့ ကြောင်အထီးတွေဒါဏ်ကို တော်တော်ခံရတော့မှာပဲ … ဘယ်လောက်ပဲ ပိတ်လှောင်ထားထား သူ့သဘာဝအရ ရအောင်ထွက်ပေါက်ရှာမှာပဲ …
လင်ယူသားမွေးဖို့ ငယ်သေးတယ်လို့ထင်ရင်တော့ ဆေးထိုးလိုက်တာ ကောင်းပါတယ် …
အိမ်မှာ ခွေးမအပျိုလေးကို လင်ယူသားမွေးမလုပ်စေချင်လို့ ဆေးထိုးမိတာ သူ့ခဗျာ သဘာဝကို ဆန့်ကျင်မိလို့လားမသိဘူး .. သက်တမ်းစေ့မနေပဲ ငယ်ငယ်နဲ့ သေသွားတာကြုံဖူးတယ် … အိမ်ထဲမှာ အမြဲတမ်းခွေနေပြီး မပျော်မရွှင်မျက်နှာနဲ့ …
ကြောင်မလေးကို ချစ်ရင်တော့ သဘာဝအတိုင်းထားတာပဲ ပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ် …
Shwe Tike Soe
February 22, 2011 at 8:56 am
တိရိစာ္ဆန် ဆိုတာ သူသဘာဝနဲ.သူ ရှိနေကြတာပါ အဲဒါကို လူသဘာဝထဲ ဆွဲထည့်ရင် ဘယ်အဆင်ပြေမလဲ..
သူနေရာနဲ.သူ အဆင်ပြေနေကြတာကို ဘာတွေစဉ်းစားနေကြတာလဲဟင်..
padonmar
February 22, 2011 at 8:00 pm
သဘာဝဟာ သဘာဝပါ။ပျံသန်းမယ့် ငှက်ကို သူတို့မို့တားချင်တာ။ရွှေလှောင်အိမ်မှာ နေလို့မရပါ။ချစ်တဲ့ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ၊
antimoe စွာစိ ကိုယ်စား ကိုထီးသီချင်းဆိုပေးလိုက်တာပါ။
MaMa
February 23, 2011 at 10:44 am
တောမှာနေတုန်းက အိမ်ကလူတွေက ကြောင်ချစ်တတ်လို့ မွေးထားတာ ၁၅ကောင်တောင်ရှိတယ်။ တောမှာဆိုတော့ သဘာဝအတိုင်းထားတာပါပဲ။ သူများအိမ်တွေလည်း သွား အစားခိုးစားတာ ရှိတာပဲ။ ချေးပါတာတွေ၊ ကြွက်ခုတ်တာတွေကတော့ ပြောစရာမလိုဘူး။ အိမ်နီးချင်းတွေခင်နေကြတော့ ဘယ်သူမှလည်း လာမတိုင်ဘူး။ လိုက်ဖြေရှင်းရတယ်လို့လည်း မရှိပါဘူး။ ကြောင်များရင် စီးပွားတက်တယ်ဆိုလို့ ကြောင်မွေးရင်လည်း တစ်အိမ်လုံး ဝမ်းသာကြတာပဲ။ ဒါပေမယ့် တစ်ခါမှ ၁၅ကောင်ထက်မများဖူးဘူး။ နောက်တော့လည်း အနိစ္စသဘောနဲ့ သူ့ဖာသာ သေသွားကြတာ။ ရန်ကုန်အိမ်မှာတော့ ကြောင်မရှိတော့ဘူး။ သူများအိမ်က ကြောင်ရောက်လာရင်လည်း အစာကျွေးလိုက်တာပဲ။ ကြွက်ခုတ်ပေးလို့တောင် ကျေးဇူးတင်သေးတယ်။