“သူရဿဝါနှင့် ကော်နက်ရှင်စောင့်နတ်မင်းကြီးလေးပါး”
အပတ်စဉ်ထုတ် နည်းပညာဂျာနယ် တစ်စောင်ဖြစ်သည့် Net Guide ဂျာနယ်၏ စာမျက်နှာ ၄၂ ကို မောင်ပိုင်စီး၍ သရော်တော်တော်၊ ကလိတိတိ၊ ရိတိတိ စာပေများကို လူအမြင်ကပ်လောက်အောင် ရေးသားနေသည့် ကျွန်တော် သူရဿဝါသည် ယနေ့တွင်လည်း လာမည့် အပတ်စဉ်အတွက် စာမူပေးရမည်ဖြစ်၍ နဂိုကတည်းကမှ အကြံတုံး ဉာဏ်တုံး ငနဲတစ်ကောင် ဖြစ်သည့်အားလျော်စွာ “ဒီတစ်ပတ်ရော ဘာများရွှီးရပါ့မလဲ” ဟု ခေါင်းခြောက်အောင် စဉ်းစား၍ လွန်စွာမှ စိတ်နှလုံး မသာမယာ ရှိလှသည်ဖြစ်ရာ ဘာမှရေး၍မရသည့်အဆုံး ဆက်မရေးတော့ပြီဟု စိတ်ဒုံးဒုံးချမိလေ၏။ ဒါဖြင့် ဘာလုပ်ရမည်နည်း။ ထိုသို့ စဉ်းစားသောအခါ ပျော်စရာများလှသော နေရာတစ်ခုအား ရှာဖွေတွေ့ရှိ ပါလေသည်။ အားအားရှိ ထိုင်ခုံတွင် ဖင်သံမှိုရိုက်၍ ထိုင်ချက်မလား၊ ဒါမှမဟုတ် လူမှုရေးကွန်ယက်ဆိုက်များတွင် ပေါက်ကရ လေးဆယ် လျှောက်လည်မလား၊ ဒါမှမဟုတ် အွန်လိုင်းဂိမ်း အသေးစားလေးများ ထိုင်ဆော့မလား၊ စသည်ဖြင့် ကြိုက်ရာရွေး၍ ရသော အွန်လိုင်းပေါ်တက်၍ စိတ်အပန်းဖြေရန် စဉ်းစားမိလေသည်။
ထိုသို့အကြံအစည်နှင့် အွန်လိုင်းတက်၍ ကမြင်းကြောထရန် ကြံစည်ပါသော်လည်း ကံဆိုးကောင်သွားရာ မိုးရွာရုံ မျှမက မိုးကြိုးပါ ပစ်ချမည့် ကံဇာတာ ပါသည်လားတော့ မသိ။ ချက်၍လည်းမရ၊ ပြုတ်၍လည်းမရ၊ ဖေ့စ်ဘွတ်ခ်ကလည်း လက်မခံ၊ အွန်လိုင်းဂိမ်း ဆော့မည်ကြံပြန်တော့လည်း အဆင်မလှ၊ ကော်နက်ရှင်ကျသည့် အချိန်နှင့်သာ တိုးလေ၏။ ကျွန်တော်လည်း စာရေး၍မရကတည်းက စိတ်မကြည်မလင် ရှိလှသည်ဖြစ်ရာ ယခုနောက်တစ်မျိုး အဆင်မပြေမှုနှင့် တိုးသည့်အခါ ပုထုဇဉ်လူသားတစ်ဦး ဖြစ်သည့်အားလျော်စွာ စိတ်မထိန်းနိုင်ဘဲ “တယ်လေ … ဒီ ကော်နက်ရှင် ဆိုတဲ့ အကောင်နဲ့ ငါနဲ့တော့ တွေ့တော့မယ်” ဟု ပါးစပ်သရမ်း၍ ကြိမ်းမောင်းမာန်မဲ မိလေ၏။ ထိုသို့ပြော၍မှ မဆုံးသေး … “အေး … ဒီလောက် တွေ့ချင်တဲ့ကောင် လာပြီဟေ့” ဟူသော အသံနက်ကြီးကို ကြားလိုက်ရ ပြီးသည့်နောက် စတိတ်ရှိုး ပွဲများတွင် တွေ့ရလေ့ရှိသော မီးခိုးလုံးများထက် ထုထည်မနည်းလှသော အလုံးကြီးများ တဖွားဖွားပေါ်လာလေ၏။ ထို မီးခိုးလုံးများ ပြယ်သွားသောအခါ ကျွန်တော်၏ မျက်နှာချင်းဆိုင်တွင် စိတ်ဆိုးမာန်ဆိုး မျက်နှာကြီးများနှင့် ကျွန်တော့်အား မျက်စောင်း ထိုးလျှက် ရှိသော ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်း လူအကြီးကြီး သုံးဦးကို အံ့ဩဖွယ်ရာ တွေ့ရှိရလေ၏။
တစ်ဦးမှာ ခေါင်းပေါ်တွင် တယ်လီဖုန်းပုံစံ ခေါင်းဆောင်းမကိုဋ်ကို ဆောင်းထားသလို နောက်တစ်ယောက်ကျပြန်တော့ ခေါင်းဆောင်း ပေါ်တွင် ဧရိယာတိုင်ကြီး ထောင်လျက်သား ရှိသည်ဖြစ်ရာ နောက်ဆုံးတစ်ယောက်ကို ကြည့်သောအခါတွင်လည်း ရှေ့နှစ်ဦးထက် ထူးကဲစွာ ခေါင်းပေါ်တွင် ထီးကို ပက်လက်လှန် ထားသကဲ့သို့ လူချမ်းသာတို့ တပ်ဆင်လေ့ရှိသော ဂြိုဟ်တုစလောင်းခေါ် ဆက်တယ်လိုက်အဖုံးကြီးအား ဆောင်းလျက်သား ရှိသည်ကို မြင်ရလေသည်။ ကျွန်တော်လည်း ထိုသို့ ဝတ်စားဆင်ယင်ပုံ ထူးဆန်းသော လူကြီးသုံးဦးကို မြင်ရသော အခါတွင် ရယ်ချင်စိတ်ကို မထိန်းနိုင်၍ ခွိကနဲ တစ်ချက်ရယ်ပြီး “ဦးလေးတို့က ဇာတ်ခေါင်းကွဲ လာတာလား” ဟု သိလိုဇောဖြင့် မေးမိလေသည်။ ထိုအခါ ရှေးကကဲ့သို့ပင် သုံးယောက်လုံး ကျွန်တော့်အား မျက်စောင်းထိုး၍ စားတော့ဝါးတော့မတတ် ကြည့်ရှုကာ ကြော်ငြာ ထဲမှ ရုက္ခစိုးလုပ်သော ဦးတုတ်ပေါကြီး၏ အသံနေ အသံထားဖြင့် “ဒီမှာ … မင်းတောင့်တလွန်းလို့ ငါတို့ ကိုယ်ထင်ပြ ရတာကွ” ဟု သံပြိုင် ပြန်လည်အော်ဟစ် ကြလေ၏။
ကျွန်တော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း ကြီးစွာဖြစ်၍ မြေကြီးနှင့်နဖူး စူးလုမတတ် ရှိခိုးဦးတင်ကာ “ကျွန်တော်မျိုး အမိုက်အမဲ လေးကို ဗွေမယူပါနဲ့ … အရှင်တို့ရဲ့ ကော်နက်ရှင်ခြေရင်းမှာ အင်တာနက်သုံးမိခဲ့ပါတယ်” ဟု တောင်းပန်မိလေ၏။ ထိုအခါမှ ပိုဆိုး၍ “အောင်မာ .. အောင်မာ .. မင်းဟာမင်း ဆတ်ဆလူးထပြီး သုံးချင်တဲ့နေရာမှာသုံး … ပြီးမှ ကော်နက်ရှင် မကောင်းတာ ငါတို့နဲ့ ဘာဆိုင်လဲကွ” ဟု ပြန်လည် အော်ဟစ်ကြ ပြန်လေ၏။ ထို့နောက် တယ်လီဖုန်းမကိုဋ်ဆောင်း ဦးလေးကြီးက “မသိရင်မှတ်ထား … ငါတို့က မင်းတွေ့ချင်တယ် လို့အော်တဲ့အတွက် မင်းဆီရောက်လာတဲ့ ကော်နက်ရှင်စောင့် နတ်မင်းကြီးတွေပဲ .. ဟဲဟဲ” ဟု ပြောလေ၏။ ကျွန်တော်လည်း အံ့အားသင့်၍ “အော် … ကော်နက်ရှင်တောင် စောင့်တဲ့နတ်ရှိတယ် ဟုတ်လား” ဟု မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ပြန်မေးမိလေသည်။ ထိုအခါ ၎င်းကပင်ဆက်၍ “ငါက ADSL စောင့် နတ်မင်းကြီးပဲ .. သိတယ်မဟုတ်လား .. ဖုန်းလိုင်းနဲ့ သုံးတာလေ .. ဒါကြောင့် ခေါင်းမှာ တယ်လီဖုန်း မကိုဋ်ကြီး ဆောင်းထားတာပေါ့ ငအူရဲ့” ဟု ပြောလေတော့၏။ ထိုအခါတွင် အရိပ်ပြ အကောင်မြင်သော ကျွန်တော့်အနေဖြင့် ဆက်လက်၍ စဉ်းစားရန် မခက်တော့ပြီ။ “အော် .. ဒါဖြင့် ဧရိယာတိုင်နဲ့ ဦးလေးကြီးက Wimax စောင့်နတ်မင်းကြီးပေါ့၊ ဒီဖက်က စလောင်းဖုံးကြီးနဲ့ ဦးလေးကြီးကတော့ Broadband စောင့် နတ်မင်းကြီး ဖြစ်မှာပဲ .. ဟုတ်တယ်မဟုတ်လားဟင် ..” ဟု ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်လေ၏။ ထိုအခါတွင်မှ သုံးဦးစလုံး သဘောကျနှစ်ခြိုက်ဟန်ဖြင့် “အိမ်း .. ဟုတ်တယ် . ဒါနဲ့နေစမ်းပါဦး .. မင်းက ငါတို့ကို ဘာလို့တွေ့ချင်ရတာတုန်း” ဟု မသိချင်ယောင်ဆောင်၍ မေးမြန်းခြင်းအမှုကို ပြုကြလေ၏။
ကျွန်တော်လည်း ကော်နက်ရှင်စောင့် နတ်မင်းကြီးများနှင့် တွေ့သည့်အခိုက် အကူအညီရလိုရငြား အင်တာနက်သုံး လူတန်းစားကြီး အားလုံးကိုယ်စား အခုတလော ကော်နက်ရှင် မကောင်းသည့်အကြောင်းအား ခခယယ တိုင်တည်မိလေ၏။ ထိုအခါ ADSL စောင့် နတ်မင်းကြီးက “ဒါငါတို့အပြစ်မဟုတ်ဘူးကွ … အခုတလော DDOS ဆိုတဲ့ နတ်ဆိုးက ငါတို့ကို ချောင်းမြောင်းလုပ်ကြံပြီး ကလိထိုးနေ တဲ့အတွက် ငါတို့မှာ ငြိမ်ငြိမ်မနေအား ဟိုခုန်ဒီခုန် ဟိုပြေးဒီပြေး လုပ်နေရတဲ့အတွက် ကော်နက်ရှင်ကလည်း ငါတို့နဲ့အတူ လိုက်ပြီးတော့ ဟိုပြေးဒီပြေးလုပ်နေရတယ် .. ဒါကြောင့် မကောင်းတာပါကွ” ဟု စိတ်ညစ်သည့် ဟန်ပန်ဖြင့် ရှည်လျားစွာ ပြန်လည်ငြီးတွားလေ၏။ သူကပင် ဆက်၍ “ဒီမယ် … မင်းတို့က မကောင်းဘူးသာ ပြောနေတယ် .. ငါတို့မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ် .. ဒါတော့ မင်းတို့က မမြင်ဘူး .. မင်းတို့ လူဆိုတဲ့သတ္တဝါတွေဟာ ကိုယ်ချင်းစာစိတ်ကိုမရှိဘူး .. ငါဆိုရင် ဖုန်းလိုင်းနဲ့ သုံးရတဲ့ ADSL ကို စောင့်ကြပ်ရတယ်၊ ကော်နက်ရှင် တစ်ခုတည်း ကောင်းနေလို့ ရတာမဟုတ်ဘူး .. တစ်ခါတလေ ဖုန်းလိုင်းပူးတာတို့ ဖုန်းလိုင်းမကောင်းတာတို့ဆိုရင် ဘယ်အဆင်ပြေနိုင်မလဲကွ၊ ခါတိုင်းဆို ADSL ကောင်းချက်များ ဖျတ်ဖျတ်ကိုလူးနေတာပဲဆိုတာ မင်းလည်းမသိပဲ မဟုတ်လားကွာ .. အခုတလော DDOS ဆိုတဲ့ Cyber Attack အနှောင့်အယှက်တွေ ရှိနေတာကိုး … အဲဒီလို မကောင်းရင် မင်းတို့တင်စိတ်ညစ်တာ မဟုတ်ဘူး … ငါလည်း အတူတူပဲ .. Y တစ်လုံး ထပ်တိုးပြီး ADSL ကနေ SADLY (သိပ်ဝမ်းနည်းတာပဲ) လို့တောင် နာမည်ပြောင်းရင် ကောင်းမလား စဉ်းစားနေရတယ် .. ဟွန့်” ဟု နှုတ်ခမ်း တလန် ပန်းတလန်ဖြင့် ရန်တွေ့သလို ပြောကြားလေ၏။
ကျွန်တော်လည်း ADSL နတ်မင်းကြီးအား သနားစိတ်ဝင်မည် ရှိတုန်းမှာပင် Wimax စောင့် နတ်မင်းကြီး ဝင်လာ၍ “ဒီလိုပြောကြေးဆို ငါလည်းအတူတူပဲပေါ့ကွာ .. မင်းတို့တွေက သေချာနားမလည်ဘဲ စွတ်ပြီးလုပ် .. နောက်မှ ကော်နက်ရှင် မကောင်းဘူး ဆိုပြီး ငါ့ကို အပြစ်တင်ချင်ကြတယ် .. Wimax မှာ အရေးကြီးတာက တိုင်ထောင်တတ်ဖို့ပဲကွ .. လမ်းကြို လမ်းကြား၊ တိုက်ကြိုတိုက်ကြား၊ အိမ်ကြိုအိမ်ကြား သွားပြီးတော့ တူတူပုန်းတမ်း ဆော့သလို တိုင်ကို မမြင်မစမ်း ထောင်ရင်တော့ ဘယ်လာ ကောင်းနိုင်ပါ့မလဲ … အကောင်းဆုံးကတော့ အနီးအနားမှာ ဘာအနှောင့်အယှက်မှ မရှိနိုင်တဲ့ လယ်ကွင်းပြောင်ပြောင်ထဲမှာသာ သွားသုံး … ကော်နက်ရှင် ကောင်းတာမှ အွန်လိုင်းပေါ်မှာ ကိုယ်နဲ့ချက်နေတဲ့လူကိုတောင် မျက်နှာကြီး အတိုင်းသားမြင်ရမယ် … ဒီလောက်ပဲ ပြောတော့မယ် … ဟွန်း” ဟု ထပ်မံ၍ ကျွန်တော့်အား ရန်တွေ့ပြန်လေ၏။
ကျွန်တော်လည်း ကိုယ်က တိုင်တည်မည်ရှိသေး၊ ကိုယ့်ကိုပြန်၍ ဂျီကျနေကြသော နတ်မင်းကြီးများ၏ ဖြစ်အင်ကိုကြည့်၍ သံဝေဂယူမည် ရှိတုန်းမှာပင် Broadband စောင့် နတ်မင်းကြီးကလည်း အားကျမခံ “အေး … ငါလည်း မင်းတို့လူတွေကို စိတ်ကုန်နေတာ ကြာလှပြီ … ငါကတော့ ခပ်ပြတ်ပြတ်ပဲ ပြောမယ် .. ငါ့ဆက်တယ်လိုက် စလောင်းဖုံးပေါ် ထမီအုပ်ထားတာတို့၊ ပုဆိုးအုပ်ထားတာတို့ မလုပ်နဲ့ … ဘုန်းနိမ့်ပြီး ကော်နက်ရှင်က ဘယ်ကောင်းမလဲ၊ နောက်ပြီး ငါ့ခေါင်းပေါ်က ငှက်ချေးပါချတာတို့၊ လေယာဉ်ပျံ ဖြတ်ပျံတာတို့ဆိုရင် ငါ့ကို သက်သက်ကျောတာပဲလို့ ခံစားရတယ် .. ကြားလား၊ အခုတလောတော့ ငါ့ခေါင်းပေါ် နေသိပ်ပူတယ်ကွာ .. ဒါကြောင့် နေရှိန်လို့ ကော်နက်ရှင် မကောင်းတာပဲ .. မကျေနပ်ဘူးလား” ဟု ရှေ့နှစ်ဦးထက် ပိုဆိုးသော ရန်တွေ့နည်းဖြင့် ရန်တွေ့ပြန်လေ၏။ ကျွန်ုပ်လည်း ပြန်လည်၍ တုံ့ပြန် ပြောဆိုခြင်းငှာ မတတ်သာသည့်အဆုံး စိတ်ပေါက်ပေါက်ဖြင့် “ဟုတ်ပါတယ် .. အရှင်နတ်ပျင်းကြီး .. အဲ … နတ်မင်းကြီးတို့ရယ် အရှင်တို့ကို မစာနာဘဲ ထိုင်အော်နေမိတဲ့ ကျွန်တော်မျိုးတို့ပဲ မှားပါတယ် .. အရှင်တို့လောက် သနားစရာကောင်းတာ အရှင်တို့ပဲ ရှိပါတယ်” ဟု ပြန်ပြော မိလေ၏။ ထိုအခါ နတ်မင်းကြီးသုံးဦးမှနေ၍ “နိုး .. နိုး .. နိုး .. မောင်မင်း မှားနေပြီ … ငါတို့ထက် ပိုသနားစရာကောင်းတာ ရှိသေးတယ် .. အဲဒါကတော့ ငါတို့ ADSL, Wimax, Broadband စတဲ့ နတ်မင်းကြီးသုံးပါးရဲ့ အထက်အရာရှိဖြစ်တဲ့ နတ်ရှုပ်ကြီး .. အဲ .. အဲ .. နတ်ချုပ်ကြီး တာဝန်ကို ယူထားတဲ့ Gateway စောင့် နတ်မင်းကြီး ဖြစ်ပေတယ် .. သူက ငါတို့ နတ်မင်းကြီး သုံးပါးထက် ပိုပြီး သနားစရာကောင်းတယ် .. သူ့ရဲ့ ဒုက္ခတွေကို သိအောင် မင်းကို Gateway စောင့် နတ်မင်းကြီးဆီ ခေါ်သွားရမယ်” ဟုဆိုကာ လိုက်ချင်မှန်းမသိ မလိုက်ချင်မှန်းမသိ အတင်းဂုတ်မှဆွဲကာ ကျွန်တော့်အား ခေါ်ချသွားလေတော့သည်။
ကျွန်တော်လည်း မထူးတော့ဟု တွေးကာ ယင်းနတ်မင်းကြီး သုံးပါးအား အကူအညီတောင်း၍ မရခဲ့သမျှ နတ်ချုပ်ကြီးဖြစ်သည့် Gateway နတ်မင်းကြီးထံမှ အကူအညီရလိမ့်မည်ဟု ဖြေသိမ့်ကာ သူတို့ပြုသမျှနု၍ ငြိမ်ငြိမ်ကလေး လိုက်ခဲ့လေ၏။ နတ်မင်းကြီးဆီ ရောက်သောအခါ ကျွန်တော် ဘာဆိုဘာမှ မပြောရသေးခင်မှာပင် နတ်မင်းကြီးမှာ ကျွန်တော့်အားကြည့်ပြီး ရင်ထု၍ အားရပါးရ အော်ဟစ်ငိုယို လေတော့သည်။ ကျွန်တော်လည်း ၎င်း၏ အပြုအမူအား နားမလည်နိုင်သည်နှင့် “နတ်မင်းကြီး .. ဘာဖြစ်လို့ ငိုတာပါလဲ” ဟု မေးမြန်းရာ Gateway စောင့် နတ်မင်းကြီးက ကျွန်တော့်အား “မင်းကို မြင်ရတာ ဝမ်းသာလို့ ငိုတာပါကွာ … ဝမ်းသာလို့ ကျတဲ့မျက်ရည်တွေပါ” ဟု ပြန်လည် ဖြေကြားလေ၏။ ကျွန်တော်လည်း ပိုမိုအံ့ဩကာ ကျွန်တော့်အား မြင်သည်တွင် အဘယ်ကြောင့် ဝမ်းသာမျက်ရည် ကျရပါ သနည်းဟု ထပ်မံမေးမြန်မိလေရာ “ရင်ဖွင့်စရာ လူမရှိလို့ အခု မင်းရောက်လာတော့ ငါရင်ဖွင့်လို့ရမယ့် လူတစ်ယောက် တိုးပြီဆိုပြီး ဝမ်းသာ မျက်ရည် ကျမိတာပါကွာ …” ဟုပြောလေရာ ကျွန်တော်လည်း မထူးတော့ပြီဟု စိတ်နှလုံးဒုံးဒုံးချကာ နားထောင်နေလိုက်ပေတော့သည်။
“မင်းတို့ လူတွေ တော်တော်ခက်တယ်ကွာ .. တစ်ခုခုဆို ကော်နက်ရှင် မကောင်းဘူးဆိုတာနဲ့ ဂိတ်ဝေးဒေါင်းနေတယ် ပြောပြောပြီး ငါ့ကိုပဲ မျက်စောင်းထိုးဖို့လောက် စဉ်းစားနေကြတယ် .. ငါအလုပ်အရမ်းရှုပ်တာကျတော့ မင်းတို့မသိဘူး … မင်းတို့ အင်တာနက် သုံးတဲ့ လူတွေ ကောင်းဖို့အတွက် ငါက စေတနာထားပြီး တခြားအလုပ်တွေ လုပ်ပေးတယ်။ လူအများမကြည့်သင့်တဲ့ ဝက်ဘ်ဆိုက်တွေ မကြည့် မိအောင် ငါ့မှာ အချိန်ပြည့်စောင့်ကြည့်ပြီး ပိတ်သင့်တာ ပိတ်ပေးရတာတို့ ဘာတို့ လုပ်ရသေးတယ်လေ။ နောက်ပြီး ငါက မင်းတို့တွေ အင်တာနက် ကောင်းကောင်း သုံးလို့ရအောင် ပူဇော်ပသတဲ့အနေနဲ့ ၃ရ မင်းနတ်တွေကို ပင့်ဖိတ်ပြီးတော့ နတ်ကနားပေးတာ … ၃ရ မင်း စုံအောင် ဝင်လိုက် ထွက်လိုက် လုပ်နေတာကို မင်းတို့က နားမလည်ဘဲ ကော်နက်ရှင်က တက်လိုက်ကျလိုက် ဖြစ်နေတယ်လို့ စွပ်စွဲနေ ကြတာပါကွာ … နောက်ပြီး ကော်နက်ရှင်တွေ အရမ်းကိုကောင်းပြီးတော့ မင်းတို့လူတွေ ကွန်ပျူတာရှေ့က မထဘဲနေရင် အကုန်လုံး မျက်လုံးတွေ ကန်းကုန်မှာစိုးလို့ တစ်ခါတလေကျရင် ငါက နည်းနည်းလေး ထိန်းထိန်းပေးနေတာပါ” ဟု ရှည်လျားစွာ ပြောဆိုဆုံးမသည်တွင် ADSL, Wimax, Broadband အစရှိသည့် ကော်နက်ရှင်စောင့် နတ်မင်းကြီးသုံးပါးကလည်း “မင်းသိပြီလား” ဟူသည့် မျက်နှာပေးကြီးများဖြင့် ကျွန်တော့်အား ပြုံးပြုံးကြီး ကြည့်နေလေ၏။
ကျွန်တော်လည်း ထိုအခါမှ စာနာသနားစိတ်ဖြင့် “အင်း .. နတ်မင်းကြီးတွေလည်း ကော်နက်ရှင် မို့လို့ ဒီလိုဒုက္ခရောက်ကြတာ … ကော်မဟုတ်ဘဲ သံနက်ရှင်တို့၊ ပလက်တီနမ်နက်ရှင်တို့ ဆိုရင်တော့ သူတို့လည်း ဒီလိုဒုက္ခမျိုး ကြုံချင်မှသာ ကြုံပေမယ်” ဟု နတ်မင်းကြီး များ၏ ဒုက္ခဖြစ်အင်များနှင့် စေတနာဗရပွတို့ကို သဘောပေါက် နားလည်သွားရသည့်အလျောက် မည်သို့မျှ စောဒကတက်ခြင်း မပြုတော့ဘဲ နေရပ်သို့ ပြန်လာခဲ့ပေ၏။ ထို့အပြင် ကျွန်တော် တစ်ယောက်တည်း သိရှိရုံနှင့်မပြီးသေးဟု ယူဆကာ ရေးစရာအကြောင်းအရာလည်း မရှိသည့်အလျောက် နတ်မင်းကြီးများ၏ အကြောင်းရင်းစုံ အဖုံဖုံကို စာဖတ်ပရိသတ်များ သိရှိနားလည် စာနာသနားနိုင်ကြရန် အလို့ငှာ ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးထုတ်လိုက်ရပေ၏။ နောက်နောက်တွင် ကျွန်တော့်ရှေ့မှောက်၌ “ကော်နက်ရှင်မကောင်းဘူး” ဟု အလိုက်မသိ ငြီးငြူသူများအား တွေ့ရှိပါက ကျွန်တော့်အနေဖြင့် မည်သို့မျှပြန်လည် ပြောဆိုတော့မည် မဟုတ်ဘဲ “သနားစရာကောင်းလိုက်တဲ့သူပေပဲ” ဟူသော သဘောဖြင့် လှောင်ပြုံးပြုံးခြင်းကိုသော်လည်းကောင်း၊ “နတ်မင်းကြီးတွေရဲ့ ဒုက္ခကို မင်းမှမသိတာ” ဟူသော သဘောဖြင့် မျက်စောင်းထိုး၍ ကြည့်ခြင်း အစရှိသည့် အပြုအမူနှစ်မျိုးဖြင့်သာ ထိုသူတို့အား တုံ့ပြန်မည် ဖြစ်ပေတော့သတည်း။
သူရဿဝါ
ဖေဖော်ဝါရီ ၂၃ ရက် ၊ ၂၀၁၁ ခုနှစ်
Net Guide Journal, Volume : 1, Issue : 72
(အထက်ဖော်ပြပါ ဆောင်းပါးသည် ဖေဖော်ဝါရီလ ၂၃ ရက် ၊ ၂၀၁၁ ခုနှစ် ထုတ် Net Guide Journal, Volume : 1, Issue : 72 တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)