နားပူခံပြီး လည်ခဲ့တဲ့ ရွာကလေး

etoneMarch 10, 20111min23614

လွန်ခဲ့သော ခြောက်နှစ်ခန့်က …. လျှပ်စစ်မီးလုံးဝမရသော မြို့လေးတစ်မြို့သို့ ရောက်သွားခဲ့ဖူးသည် ။ ရောက်သွားပုံမှာလည်း အနည်းငယ် အူကြောင်ကြောင် နိုင်လှသည် ။ မိဘ ဆွေမျိုး ၊ သူငယ်ချင်းများနှင့် သွားခြင်းမျိုး မဟုတ်ပဲ ရုပ်ရှင်အဖွဲသားများ နှင့် ဇာတ်လမ်းတစ်ပုဒ်အတွက်သွားရောက်ခဲ့ခြင်းဖြစ်သည် ။ ကျမဧ။် ငယ်သူငယ်ချင်းတစ်ဦးသာ အဖော်လိုက်ခဲ့သည် ။ ဒါရိုက်တာ နှင့် ခင်မင်ရင်းနှီးသဖြင့် ရိုက်ကွင်းကြည့်ချင်သောကြောင့် လိုက်ပါသွားခြင်းဖြစ်သည် ။ နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြသော ရန်အောင် ၊ စိုးမြတ်နန္ဒာ ၊ သူထူးစံ ၊ ဖြိုးငွေစိုး တို့အပြင် ဥက္ကာမင်းမောင် ၊ပြည့်စုံ ၊ စိုင်းကျော်စွာ၊ စိုးမိုးကြည၊်ဘူန်းလျံ တို့အပြင် တခြား ဇာတ်ပို့၊ ဇာတ်ရံများလည်း ပါဝင်သည် ။ နယ်မြို့လေးတွင် သွားရိုက်ရမည်ဖြစ်သဖြင့် လိုက်ပါ ကြည့်ရှူလိုကြောင်း ဒါရိုက်တာကြီးနှင့် ဇနီးအားပြောရာ ကြည်ဖြူစွာ ခေါ်ဆောင်သွားခဲ့သည် ။ DVD ရုံတင်ကား အဖြစ် ရိုက်ကူးမည်ဟုလည်း သိရသည် ။

စတင်ထွက်ခွာခြင်း နှင့် ရောက်ရှိခြင်း

ရန်ကုန်မြို့ အောင်မင်္ဂလာ ကားဂိတ်မှ ခရီးသွားကားများဖြင့် လိုက်ပါခဲ့ပြီး မွန်ပြည်နယ် ၊ သိမ်ဇရက်လမ်းပေါ်မှ တဆင့် ဆိုင်ကယ် ဖြင့် စစ်တောင်းရွာလေးထဲသို့ ဆယ်မိနစ်ခန့်သွားရပါသည် ။ ရွာနှင့်အနီးဆုံး မှတ်တိုင်သို့ လေးနာရီနီးပါးမျှ မောင်းရသည် ။ ထိုမှတ်တိုင် ရောက်သော အခါ မှာထားသည်ဟု ထင်သော ရွာမှ ဆိုက်ကယ် ကယ်ရီသမားများ လာကြိုကြသည် ။ ဆိုက်ကယ်လေးငါးစီး ကို အကြိမ်ရေ လေး၊ငါးခေါက်ခန့် အပို့ကြိုလုပ်ရသည် ။ ရန်ကုန်တွင် တစ်ခါမှ ဆိုက်ကယ်မစီးဖူးသော ကျွန်မအဖို့ အသက်အောင့်ပြီး စီးခဲ့ရပါသည် ။ ဆိုက်ကယ်အိတ်ဇောနှင့် ခြေထောက်ကပ်မည်လည်း စိုးသေးသည် ။ လမ်းမှာ မပြေပြစ်သဖြင့် အနည်းငယ်ခုံးနေသော မြေစိုင်များရှိရာ ဆိုက်ကယ်မောင်းသူမှာ ကွေ့ကာဝိုက်ကာ မောင်းနေရသည် ။ ရှေ့မှ ဆိုက်ကယ်များလည်း ရှိသဖြင့် ဖုံတထောင်းထောင်းထရာ အရှေ့သို့ ကောင်းစွာ မမြင်ရပဲ ရှိလေသည် ။ လက်နှစ်ဘက်မှလည်း လမ်းတွင် အစာပြေစားရန် မုန့်ထုတ်များကို လက်ဆွဲအိတ်ဖြင့် ထည့်လာရာ ယခု ဆိုက်ကယ်ပေါ်ထိုင်စီးရချိန်တွင် ကမောက်ကမဖြစ်နေတော့သည် ။ ဆိုက်ကယ်လည်း မစီးတတ်သဖြင့် ပြုတ်ကျမည်စိုးရာ ဆိုက်ကယ်ခုံကို အတင်းကာရော ကိုင်ထားရသည် ။ လမ်းကလည်း ကြမ်းသဖြင့် ဆိုက်ကယ်ပေါ်မှ ကျမ ဟိုဘက်ယိမ်းလိုက် ၊ ဒီဘက်ယိမ်းလိုက်ဖြင့် စကောထဲမှ ဇီးဖြူသီးပမာ ပြောင်းဆန်နေတော့သည် ။ ဆိုက်ကယ်တစ်စီးကို တစ်ယောက်စီပဲ စီးစေပါသည် ။

ရွာအဝင်လမ်းသို့ ရောက်သည်နှင့် သတင်းကြား၍ လာစောင့်နေကြသော လူအုပ်ကြီးကို တွေ့ရာ မေ့မျောလုမတတ် စိတ်ညစ်သွားခဲ့မိသည် ။ ဤသည်ကား ရွာရောက်ရောက်ခြင်း ပထမဆုံးမြင်ကွင်း တည်း ။ လူအုပ်ကြီးကို လမ်းဖယ်ခိုင်းကာ ရွာထဲသို့ ဝင်ရောက်ခဲ့ပါသည် ။ တည်းခိုမည့် အိမ်မှာ ရွာအတွင်းပိုင်းကျသည် ။ ရွာတွင် ချောင်းတစ်ခုရှိမှန်းသိရသည် ။ အိမ်များအများစုမှာ ဓနိမိုး၊ ထရံကာများဖြစ်ပြီး အိမ်အနည်းစုသာလျှင် ပျဉ်ထောင် နှစ်ထပ်ခြေတံရှည် အမျိုးစားဖြစ်သည် ။ မြေညီထပ်ကို အုတ်ခံ ထားပြီး အပေါ်မှ ပျဉ်ထောင် ထပ်ခိုးတင်ထားသော နှစ်ထပ်အိမ်များ နှစ်လုံး၊ သုံးလုံးခန့်သာရှိသည် ။ အိမ်တိုင်းတွင် ရေတွင်းကိုယ်စီရှိသည်ကိုလည်း တွေ့ရသည် ။ အိမ်သာအများစုမှာ အမိုးအကာမလုံသော အနေထားဖြင့်ရှိဩသည် ။ စပ်စပ်စုစု လိုက်လာမိသည့် ကျမအဖို့ အတော်ပင် စိတ်ကသိကအောက်ဖြစ်ရတော့သည် ။ ယခုလို အနေထားမျိုးနှင့် ဘယ်လိုမှ နေနိုင်မည်မဟုတ်သောကြောင့် ပြန်ချင်သော်လည်း အဆင်မပြေဖြစ်ရာ အောင့်အီးကာနေရတော့သည် ။
ကံကောင်းထောက်မစွာ ကျမတို့ တည်းခိုသော အိမ်ကြီးသည် နှစ်ထပ်ခြေတံရှည်အိမ်အမျိုးစား ဖြစ်ပြီး ၊ အိမ်သာမှာလည်း ရေလောင်း အိမ်သာဖြင့် အင်္ဂတေ၊ အုတ်ခံဆောက်လုပ်ထားသဖြင့်သာ တော်သေးသည် ။ဒါရိုက်တာဧ။် ဆွေမျိုး နီးစပ်အိမ်ဟုလည်း သိရပြီး ရုပ်ရှင် အဖွဲ့များ ရောက်လာတိုင်း တည်းခိုသဖြင့် ယာယီ အခန်းများစွာဖွဲ့ထားပြီး အိမ်သာကိုလည်း လုံလုံခြုံခြုံဖြစ်အောင် ဆောက်လုပ်ထားခြင်းဖြစ်သည် ။

ရွာအနေထား နှင့် ပတ်ဝန်းကျင်

ရွာထဲတွင် ကားတစ်စီးမျှမရှိပေ ၊ မိုဘိုင်းဖုန်းလိုင်းလည်း မမိသော အရပ်ဖြစ်သည် ။ တစ်ရွာလုံး၌ တယ်လီဖုန်း တစ်လုံးထဲသာ ရှိကြောင်းလည်း တွေ့ရသည် ။ အရိပ်ရသော သစ်ပင်ကြီးများကြားတွင် စိမ်းစိမ်းစိုစို နှင့် တည်ရှိနေသော ရွာလေးဖြစ်သည် ။ ရွာခံလူများမှာ ရိုးသားကြသည် … အမြဲလိုလို အကူညီပေးနိုင်ရန် အသင့်အနေထားရှိကြောင်းလည်း တွေ့ရသည် ။ ရွာဘေးတွင် ချောင်းငယ်လေး တစ်ခု စီးဆင်းနေသည်ကို တွေ့ရသည် ။ ဦးပိန်တံတားပုံစံ သစ်လံးတစ်တားငယ်လေးဖြင့်တဘက်ခြမ်းသို့ကူးနိုင်သည် ။ ရွာတွင် သီးပင်စားပင်များ စိုက်ပျိုးခြင်း ၊ ငါးဖမ်းခြင်းများပြုလုပ်ပြီး ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ တလမ်းဝင်တလမ်းထွက်ရောင်းချကြရသည် ။ ရပ်ကွက်တစ်ခုစာမျှသော ရွာလေးဖြစ်သဖြင့် အလွန်ပင် တိတ်ဆိတ်လွန်းလှသည် ။ လျှပ်စစ်မီး လုံးဝမရသော ရွာဖြစ်သဖြင့် တီဗွီ ၊ကတ်ဆက်သံများ ဘာမှပင်မကြားရချေ… ။ ကျမတို့ တည်းခိုသော အိမ်တွင် သာ မီးစက်သုံး၍ ရေတင်ခြင်း ၊ မီးထွန်းခြင်းများ ပြုလုပ်ရတော့သည် ။ အစားသောက်ကျွေးမွေးရာတွင်လည်း တစ်နေ့လျှင် သုံးကြိမ် ကျွေးမွေးပါသည် ။ မနက်ပိုင်း ဘရိတ်ဖက်စ်အတွက်တော့ ထမင်း ၊ မုန့်ဟင်းခါး တလှည့်စီကျွေးပြီး နေ့လည်စာနှင့် ညစာကိုတော့ ထမင်းကိုသာ အရည်ဟင်းတစ်မျိုး ၊ ငါးသလောက်တစ်မျိုးနှင့် ကျွေးမွေးခဲ့သည် ။ ဆန်များ ကြမ်းထော်နေသော်လည်း တခြား ဘာဆိုင်မှ မရှိသဖြင့် ထမင်းကိုသာ ပိုစားကြရသည် ။ ကြေး(ဂျီး)များနေ ၍လည်း မဖြစ်သည့် အခြေနေမို့ အားလုံးစားကြပါသည် ။ ထူးခြားချက်မှာ မနက်စာနှင့် ညနေစာ ကျွေးမွေးရာ ဟင်းတို့တွင် ငါးသလောက်ဟင်း အမြဲပါဝင်နေခြင်းပင်။ တစ်နေ့တစ်မျိုး မရိုးအောင် ငါးသလောက်ကို ကြော်လှော်၊ ချက်ပြုတ် ၊ ဖုတ်ကင် ၊ ဆီပြန် မှ အစ မုန့်ဟင်းခါးချက်လျှင်ပင် ငါးသလောက်နှင့် ချက်သည် ။ ဈေးမရှိသဖြင့် ဖမ်းဆိးမိသော ငါးသလောက်များ ကို ပြန်လည်ဝယ်ယူက ချက်ရသည်ဟုလည်း ပြော ပါသည် ။ ရေ မှာ အဝီဇိတွင်းရေဖြစ်သော်လည်း ချောင်းနားနီးသဖြင့် ဝါကျင်ကျင် အရောင်ရှိသည် ။ သောက်သုံးရန်အတွက် ရေသန့်ဗူးကြီးများ ရန်ကုန်မှ တင်လာခဲ့ရသည် ။ ချိုးရေမှာ ရေချိုးပြီး တစ်ရက်နှစ်ရက်အတွင်းပင် အသားရောင်ကို မွဲခြောက်စေကာ မဲလာသည်ကို လက်တွေ့ခံစားရသည် ။ ရွာစွန်တွင် တောကြီးသဖွယ်ဖြစ်နေရာ ဘုန်းကြီးကျောင်းကိုပင် ကောင်းစွာ မမြင်ရတော့ချေ ။ င်္သချိုင်းလည်း ထိုနားတွင် ရှိသေးသည် ။ ရိုက်ကွင်းတစ်ခု တောထဲဝင်ရိုက်မည်ဟု သိရသဖြင့် လိုက်ကြည့်ရာမှ ထိုနေရာသို့ ရောက်ခဲ့ခြင်းပင်ဖြစ်သည် ။ နွားလှည်းဖြင့် သ ွးာရပြီး နွားများကို အလွန်သနားသည့်တိုင် အသက်အောင့်ကာ ကိုယ်ဖော့လိုက်ပါလာတော့သည် ။

ရွာထဲပတ်ကြည့်

ပထမ တစ်ရက် ၊ နှစ်ရက်ကတော့ ရွာထဲရိုက်သမျှ ရိုက်ကွင်းတိုင်း လိုက်ကြည့်ဖြစ်သည် … နောက်ပိုင်း နေပူသဖြင့် ပျင်းပျင်းရှိကာ ရွာထဲမှ အပျိုကြီးများနှင့်စကားဝိုင်းဖွဲပြောကာ တည်းခိုသော အိမ်တွင်ပင် နေရစ်ကြတော့သည် …။ တည်းခိုသော အိမ်ဟု ဆိုရာတွင်လည်း သာမန်အိမ်တလုံးမျှသာဖြစ်ကာ တခန်းနှင့်တခန်း သုံးထပ်သားသာခြားထားသည် ။ ကျမနှင့်အတူ ပါလာသော ကောင်မလေးအပါဝင် ၊ ဒါရိုက်တာ တူမဖြစ်သူ နှင့် အတူ တစ်ခန်းနေရသည် ။ ခြင်က ကိုက် ခြင်ထောင် မရှိသော အဖြစ်များအား ပြန်တွေးကြည့်လျှင် စိတ်ပျက်စရာကောင်းလှသည် ။ မိုးလင်း ဘရိတ်ဖက်စ် စားပြီးချိန်မှ စပြီး ကျမ ရွာစပ်ရှိချောင်းရိုးနား သွားကြည့်သည် ။ ကျမနှင့်အတူ ရွာထဲမှ အပျိုကြီးများ အဖွဲ့လည်းပါသည် ။ တံငါလုပ်သူတွေ ပိုက်ဘယ်လိုချလဲ စပ်စုခွင့်ရသည်။ ကျမတို့ ရောက်သွားချိန်တွင် ဒီရေတက်သော အချိန်ဖြင့် ကြုံခဲ့ရာ ၊ ဒီရေ မည်သို့ တက်လာခြင်းအပေါ် များစွာ အံ့အားသင့်ရပေတော့သည် ။ ကျမတစ်သက်တွင် ဒီရေတက်သော အကြိမ်ပထမဆုံးမြင်ဖူးခဲ့ခြင်းဖြစ်သည် ။ လှိုင်းလုံးကြီးမျာပင်လယ်ဘက်မှ ပြေးလာကာ ရွာထဲ ဦးတည်ပြီး အလုယှက် တွန်းတိုက်လိုက်ချိန်တွင် ငုတ်တိုင်မှာ ချည်ထားသော လှေကျိုးပျက်သွားခဲ့သည်ကိုလည်း မြင်ရသည် … ။ တံငါမိသားစုခမျာ လှေမျောသွားမှာ စိုးသဖြင့် မိသားစု လေးယောက်စလုံးရေထဲဆင်းက လှေဆယ်ရသည် … ။ သို့သော် ဒီရေမှ ပင်လယ်ဘက်သို့ လိုင်းပုတ်ရိုက်ခတ်ပြီး ပြန်ဆွဲယူသဖြင့် အားမတန်ပဲရှိရာ ကျမတို့ ပါ ၊ဝင်ရောက် ကူညီဆွဲပေးခဲ့ရသည် ။ ဒီရေတက်ချိန်ယခုမျှ ကြောက်စရာကောင်းသည်ကို မသိခဲ့ပေ ။ အုန်းစိမ်းရေ လိုသလောက်ဝယ်သောက်နိုင်သဖြင့် အလွန်ပင် အဆင်ပြေလှပြန်သည် ။ တိတ်ဆိတ်သော ရွာလေးဖြစ်ပြီး ကျဉ်းမြောင်းသဖြင့် ရွာ အစဆုံး လမ်းလျှောက်ကာ လှည့်ကြည့်နိုင်သည် ။ ငါးခြောက်လှမ်းပုံကိုလည်း မြင်ခဲ့ရသေးသည် ။ ငါးခြောက်ဟုဆိုသော်လည်း ငါးသလောက်ငါးခြောက်သာဖြစ်တော့သည် ။ ကလေးများ ဖိနပ်မပါပဲ ဆော့ကစားနေကြသည် ။ မိန်းမတစ်ချို့ အပေါ်ပိုင်း အင်္ကျ ီ မပါပဲ ထမီကို ရင်ခေါင်းထိတက်ဝတ်ကာ ဆေးလိပ်သောက်သူကသောက် ၊ ငါးခြောက်လှမ်းသူကလှမ်း ၊ အရွက်ခူးသူက ခူးဖြင့် ကိုယ်ပိုင် အလုပ်ကိုယ်စီဖြင့် အလုပ်လုပ်နေချိန်တွင် ကျမတို့ကတော့ ဟိုစပ်စပ်ဒီစပ်စပ်လျှောက်သွားလို့ပေါ့… ။ ရွာအစွန်ထိပ်တွင် အကြော်တဲလေးတွေ့သဖြင့် ဝင်စားရာ အလွန်ပင် ဈေးတန်ကြောင်းသိရသည် ။ တန်လွန်းလို့ အများကြီးစားမိတော့မှ ထိုင်ရ ၊ ထရပင် မလွယ်သည် အထိဖြစ်ရသည်။ ကျမရောက်သည့်နေမှ ပထမဆုံးအကြိမ် တစ်ရွာလုံးမှာ တစ်ဆိုင်သာ ရှိသဖြင့် ပျော်သလိုလိုပင် ခံစားရသည် ။ ဗူးညွှန့် ၊ ဂေါ်ရခါးညွှန့်များပါမကျန် ဟင်းအိုးထဲရောက်ကုန်တော့သည် ။

တောက်တဲ့ပေါတဲ့ရွာ

သတိထားမိသော အချက်တစ်ချက်ရှိသေးသည် ။ ထိုရွာတွင် တောက်တဲ့ အလွန်ပေါကြောင်း မြင်ခဲ့ရသည် ။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ တောက်တဲ့ မမြင်ဖူးသော ကျမအဖို ့ အထူးဆန်းဖြစ်နေတော့သည့် ။ တောက်တဲ့ ပေါက်ကလေးများက ညဘက်လူခြေတိတ်ချိန် ဟိုဟိုဒီဒီပင်ပြေးလွှားနေသေးသည် ။ ထိုအိမ်တွင် တောက်တဲ့ ဘိုးအေကြီးတစ်ကောင်လည်း ရှိသေးသည် ။ ကိုယ်ခန္ဒာမှာ ကြောင်ပျိုအရွယ်ရှိပြီး အရှည် တစ်တောင်လောက်ရှိသောကြောင့် တောက်တဲ့ ဘိုးအေဟု နာမည်ပေးကြသည် ။ ထိုတောက်တဲ့ဘိုးအေမှာ တစ်နေ့လုံး ဘယ်မှ မသွားပဲ တိုင် ၊ အမိုး ၊ ထုတ်တန်း ၊တံခါးကြားစသော နေရာမျိုးတွင် နေတတ်ပြီး နေခင်းပိုင်းလူရှိနေချိန် ဘယ်မှ မသွားပဲ တစ်နေရာထဲတွင် နာရီပေါင်းကြာမြင့်စွာ အိပ်နေတတ်သည် ။ ညဦးပိုင်း ရောက်သည်နှင့် လူခြေတိတ်ချိန်ထိစောင့်ပြီး ဟိုမှ ဒီ ဥဒဟို သွးာလာတတ်သည် ။ တစ်ခါတစ်လေ အိမ်သာ အပေါ့ပါး သွားချိန် သူပြေးလွားချိန်နှင့် ကြုံမိလျှင် အသက်ထွက်မတတ်ကြောက်ခဲ့ဖူးသည် ။ လူကို ဘာအန္တရာယ်မှ မပေးသောလည်း အားလုံး အိပ်နေချိန်တွင် အသံကွဲအက်အက်ကြီးဖြင့် တောက်တဲ့ … တောက်တဲ့.. လို့ တစ်ခါအော်လျှင် အကြိမ်ရေ ခုနစ်ကြိမ် အနည်းဆုံးအော်တတ်ပြီး … ခဏခဏအော်တတ်သည် ။ ကျမတို့ တွင် ခြင်ထောင် မရှိသောကြောင့် စောင်သာ ခေါင်းမြီးခြုံကွေးရသည် ။ သူ့အော်သံကို နားထောင်ပြီး သူဘယ်ရောက်နေလဲ မှန်းကာ အိပ်ကြရသည် ။ ကျမတို့ အခန်းသည် မိန်းကလေးများ အိပ်သော အခန်းဖြစ်သဖြင့် အခန်းတံခါးကို ပိတ်ထားသော်လည်း ထုတ်တန်းနှင့် အခန်းဖွဲ့စည်းရာကြား တစ်ပေခန့် အပေါ်ဘက် လွတ်ထားသည် ။ ထိုနေရာမှ တောက်တဲ့ဝင်နိုင်သောကြောင့် လွန်စွာ ကြောက်ကြသည် ။ ညနေခင်း တစ်ခုတွင် ရိုက်ကွင်းပြီးသဖြင့် စိုးမိုးကြည် ရေချိုး ကာ သနပ်ခါးလိမ်းသည် ။ သူမ နှင့် သူမ မိသားစု အခန်းသည် ကျမတို့ ခေါင်းရင်းခန်းဖြစ်သဖြင့် ကျမကောင်းစွာ ကြားနေရသည် ။ သနပ်ခါး သွေးသံကြားပြီး သိပ်မကြာမီတွင်ပင် ဒရောသောပါး ၊ ကစဉ့်ကလျား ပြေးထွက်လာသဖြင့် ကျမတို့လည်း ပြာပြာသလဲ ဘာဖြစ်သလဲ သူ့ အခန်းထဲ ဝင်ကြည့်ရာ … တောက်တဲ့ ဘိုးအေက မှန်ချိတ်ရာ ထုတ်တန်းမှ ပြုံးဖြီးဖြီးနှင့် ကြည့်နေပါသည် ။ မောင်းလို့လည်း မသွားတဲ့ အဆုံး သနပ်ခါး ဝင်မလိမ်းတော့ပဲ … တခြားလူကို သူမအဝတ်ထုတ်ယူခိုင်းကာ တခြားအခန်းမှာ လဲ စေပါတော့သည် ။ ညကျမှ တောက်တဲ့ နေရာရွှေ့ပြီး ချိန်ရောက်မှ သာ အခန်းတွင်း ပြန်ဝင်အိပ်နိုင်ပါတော့သည် ။

ကျိုက်ထီးရိုးသို့ခဏတာ

ရွာထဲနေရတာ ငါးရက်ခြောက်ရက်လောက်ဖြစ်လာတော့ ပျင်းလာသည် ပြန်ချင်လို့လည်း မရတော့ အောင့်အီးပြီးနေရာကနေ ဒါရိုက်တာက ကျိုက်ထီးရိုးသွားချင် သွားပါလားဟု ပြောသဖြင့် ကျမတို့တွေ သွားဖို့ စီစဉ်ပါသည် ။ ရန်အောင် ၊ စိုးမိုးကြည် ၊ ဖြိုးငွေစိုးတို့က ရန်ကုန်မှ သူတို့ကားများ လိုက်လာစေပြီး လူခွဲတင်ကာ လိုက်စေသဖြင့် ကျမတို့တစ်ဖွဲ့လုံး ကျိုက်ထီးရိုးသို့ ရောက်တော့သည် ။ ကျိုက်ထီးရိုးတွင် ဒါရိုက်တာဧ။် တူဖြစ်သူ သရုပ်ဆောင်ပြည့်စုံက အစစအရာရာ စီစဉ်ပေးပြီး ကားတစ်စီးရှာကာ တောင်ပေါ်သို့ တိုက်ရိုက် မောင်းနှင်စေခဲ့သည် ။ ထိုခရီးစဉ်တွင် စိုးမြတ်နန္ဒာမာှ ပင်ပန်းသဖြင့် မလိုက်ပဲ ကျန်ခဲ့သည် ။ ဘုရားပေါ် ရောက်ပြီး ဘုရားဖူးသည် ပြီးနောက် ခဏနားကာ နေ့လည်စာ စားကြသည် ။ နေ့လည်စာ စားပြီး နေပူသဖြင့် အရိပ်ကောင်းကောင်း သစ်ပင်အောက်သို့ဝင်ကာ အုန်းရည်သောက်ကြသည် ။ နာရီဝက်လောက် နားပြီး ဘုရားပေါ် ပြန်တက် ၊ ဘုရားကန်တော့ ၊ လှူဒါန်းစရာရှိတာ လှူဒါန်းပြီး ပြန်ဆင်းလာခဲ့သည် ။ အပြန်လမ်းတွင် သိမ်ဇရပ်၌ခဏနားကာ ပြန်လာခဲ့တော့သည် ။ ညနေထမင်းစားချိန်အမှီ ပြန်ရောက်ကြသည်။ နေ့ချင်းပြန်ခရီးဖြစ်သော်လည်း ကျိုက်ထီးရိုးနှင့် နီးသဖြင့် အစစအရာရာ အဆင်ပြေခဲ့သည် ။ နေရတာ လေးငါးရှစ်ရက်ဖြစ်လာတော့ ပျင်းလာပြီဖြစ်သည်။ … ပြန်ချင်တာနဲ့ ဘယ်သူများ ပြန်မယ့်လူရှိမလဲစောင့်ပါသည်… ။ ဒါကိုရိပ်စားမိတဲ့ ဒါရိုက်တာက ပြန်ဖို့ စီစဉ်ပေးပြီး ကားလက်မှတ်ဝယ်ကာ ရိုက်ကွင်းကားဖြင့်ပင် စုရပ်သို့ ပို့ပေးခဲ့သည် ။ ထို့နောက် အခက်ခဲမရှိ ရန်ကုန်သို့ ပြန်ရောက်ခဲ့တော့သည်။ အိမ်ပြန်ရောက်တော့ အဒေါ် အပျိုကြီးတွေရဲ့ ပါးစပ်သေနတ်ပစ်သံများ အဆက်မပြန်ဝင်လာပြီး မဆိုင်းမတွ ရေချိုးခန်းထဲဝင်နေရတော့သည် ။ ကျမအိမ်ကိုပြောသွားတာ အလွန်ဆုံး တစ်ပတ်ဟုပြောပြီး ဆယ်ရက်နီးပါး ကြာသဖြင့် စိတ်ပူပြီး ဆူခြင်းဖြစ်သည် ။ ဖုန်းဆက်သွယ်လို့လည်း တစ်ရွာလုံး တစ်လုံးထဲ ရှိသည်မို့ … မနက်ပိုင်းတန်းစီပါက နေ့လည်စာစားချိန်မှသာ ကိုယ့်အလှည့်ရောက်သော ဖုန်းဖြစ်သဖြင့် ယောင်လို့တောင် အနားမသွားခဲ့သောကြောင့် အဆက်သွယ်ပြတ်နေခြင်းဖြစ်သည် ။ ကျမနှင့် အဖော်လိုက်သော သူငယ်ချင်း ကိုလည်း သူ့အိမ်က ကြီးကောင်ကြီးမားနဲ့ ဗျောတီးလိုက်တယ်လို့ ကြားပါသည် ။ ရွာ စစ်စစ်ကို မရောက်ဖူးခဲ့သောကြောင့် ရွာရဲ့ အနှစ်သာရ၊ ဖွဲ့စည်းမှူ ပုံစံ ၊ လူနေမှူ စရိုက် ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေကို လေ့လာခွင့်ရသောကြောင့် ပျော်စရာကောင်းခဲ့တာထက် အဒေါ် အပျိုကြီးများ ပစ်သော ပါးစပ်သေနတ်သံက ပိုပြင်းပြီး နားမခံသာလွန်း သဖြင့် လိုက်သွားမိသော ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ရွာအကြောင်းလေးကို မေ့လိုက်ပါတော့သည် ။ ။

9-Mar-11

14 comments

  • အာဖျံ ကွီး

    March 10, 2011 at 8:33 am

    အာယာ .. ဝတို.အီးတုံးက ကိုယ်ဖော့သိုင်းလဲ တတ်လယ် .. မိုက်လယ်ကွာ … ဟီးဟီးးး

  • Shwe Tike Soe

    March 10, 2011 at 8:57 am

    ဟာဗျာ အဲဒီလောက်ကြီးတဲ့ တောက်တဲ့ကို ဖမ်းခဲ့ပါလား
    ထိုင်းမှာ ရောင်းလို.ရတယ်လေ.. ဟဟဟ

  • ဆူး

    March 10, 2011 at 2:00 pm

    ဆူးလည်း အလှူ အတွက် ရွာဘက်ကို တခါ ရောက်ဘူးတယ်။ ဒီမှာ နေရတာနဲ့ နေထိုင်မှု အဆင်မပြေတာနဲ့ နောက်များ လိုက်ကို မသွားတော့ဘူး။

  • bigbird

    March 10, 2011 at 2:52 pm

    ဒါပေါ့လေ..မြို ့မှာကြီးတော့ ရွာကိုမေ့နေရောပေါ့..ဒါပေမယ့် ရွာလေးကတော့
    အမြဲတမ်း ကြိုဆိုလျှက်ပါပဲကွယ်။

  • ဆူး

    March 10, 2011 at 3:10 pm

    ဆူး က ရန်ကုန်သူ စစ်စစ်ပါ။ အမျိုးသမီး ဆေးရုံးမှာ အမေက မွေးခဲ့တာ ရွာကို အဲဒီ အလှူရှိလို့ တခါဘဲ ရောက်ဘူးတယ်။ နောက်မှ စိတ်ကူးနဲ့ ပိုစ်တခု ဖြစ်အောင် ရေးပေးမယ်။

    • etone

      March 11, 2011 at 2:25 am

      အီးတုံးလည်း ရန်ကုန်မှာပဲ မွေးတာပါ ။ ပြန်စရာဆိုလို့ ဘယ်ရွာမှ မရှိဘူး ။
      အဖေ နဲ့ အမေလည်း ရန်ကုန်မှာပဲ မွေးတာ ။ အဘိုး ၊ အဖွားတွေ ကလည်း ဆုံးတဲ့လူက ဆုံးကုန်ပြီး ကျန်တဲ့လူက ရွာမပြန်နိုင်တော့ဘူး ။ သူတို့ အမျိုးတွေလည်း ရန်ကုန်ရောက်ကုန်ပြီတဲ့ … ။ တစ်ခါမှ ရွာမရောက်ဘူးလို့ လိုက်သွားတာ စိတ်ကိုညစ်ရောပဲ ။

      တက္ကသိုလ် စတတ်တုန်းကတော့ မအူပင်(ဧရာဝတီတိုင်း)မှာ သုံးလ သွားတတ်ရတယ်… ရန်ကုန်မှာ တက္ကသိုလ်ဆောက်တာ မပြီးသေးလို့ … ပြီးမှ ဒီဘက်ပြန်ပြောင်းရတာ ။ အဲ့ဒီတုန်းက နေခဲ့တဲ့ မအူပင်မြို့လေးကလည်း ကျဉ်းကျဉ်းလေး နေလို့ကောင်းလို့ … ပြီးခဲ့တဲ့ သင်္ကြန်တုန်းက အပျော်ခရီးထွက်သေးတယ် ။ 2003လောက်က အဲ့ဒီမှာ 3လနေဖူးတာ အခုထိဘာမှ ထူးထူးခြားခြား မပြောင်းလဲသေးဘူး ။ အေးချမ်းတယ် ။

  • kopauk mandalay

    March 10, 2011 at 3:59 pm

    တောက်တဲ့ပေါတယ်ဆိုလို့ စိတ်ဝင်စားသွားပြီနော်။
    အခုတောက်တဲ့တွေဈေးကောင်းပေးနေသတဲ့။
    ရောက်ဘူးတယ်ဆိုတဲ့ တုံမမနဲ့ ဆူးမမတို့ကလမ်းပြပေး တောက်တဲ့ဖမ်းပြီးရောင်းစားလိုက်ကြရအောင်.။
    တိန် တိန် တိန် …………………………………..

    • ဆူး

      March 10, 2011 at 4:13 pm

      ဆူး ရောက်ခဲ့တဲ့ ရွာက ဧရာဝတီ တိုင်းထဲမှာ ရှိတဲ့ ဟင်္သာတ အလွန် မအူကုန်း ရွာ ဖြစ်ပါတယ်။ အီးတုံး ရောက်တဲ့ နေရာနဲ့ မတူဘူး။ ဒါပေမဲ့ စရိုက်သဘာဝ တော်တော် နီးစပ်ပြီး မတူညီတာ အနည်းငယ်တော့ မြင်မိတယ်။

  • unclegyi1974

    March 10, 2011 at 4:00 pm

    အိတုန် ရေ ရွာအကြောင်းမေ့သွားတယ်ဆိုလို့သာ
    တော်တော့တာပ မေ့များမမေ့ရင်ရွာမှာသွားနေ
    လောက်တယ်ထင်တယ် ရေးထားတာအတော်စုံ
    ပြီးဖတ်လို့လည်းအတော်ကောင်းပါတယ်
    ဆိုင်ကယ်စီးနည်းမန္တလေးသားကိုပေါက်ကို
    သေချာသင်ခိုင်းထားအုန်းနောက်ကြုံရင်သုံးရတာပ

  • bigcat

    March 11, 2011 at 3:34 am

    နောက်တခါ တောရွာကိုသွားရင်ပြော ကိုကြောင်ကြီးရဲ့ ဂြိုလ်တုတယ်လီဖုံး ပေးလိုက်မယ်။ ကမာ္ဘကြီးဘယ်နေရာရောက်ရောက် အဆက်အသွယ်မပြတ်စေရဘူး။ တခုတော့ရှိတယ် ထောက်လှမ်းရေးတွေသိလိုကကတော့ အီလက်ထရောနစ်ဥပဒေနဲ့ အနှစ်နှစ်ဆယ်ပဲ။

    • etone

      March 12, 2011 at 3:24 am

      ကိုကြောင်ကြီးရေ မပြောချင်တော့ပါဘူး ။ အီလက်ထရောနစ်ဥပဒေလည်း မုန်းလွန်းလို့ .. ။
      ဟိုးတနေ့က စက်ရုံနားက စက်ရုံက အလုပ်သမားတွေ အပြင်ထွက်နေကြလို့ စပ်စပ်စုစုအမှတ်နဲ့ ဓါတ်ပုံသွားရိုက်တာ … အဖမ်းခံရတော့မလို့ … ။ ကိုယ်ကလည်း အပျော်ရိုက်တာပါဆိုတာမရဘူ း…. ဖုန်းသိမ်းမှာစိုးလို့ မန်မိုရီကဒ်ပဲ ဖြုတ်ပေးလိုက်ရတယ် 🙁 ။ လူပေါင်း တစ်ထောင်ကျော်က ဝိုင်းကြည့်နေတယ် … ရှက်လိုက်တာမှ သေချင်တာပဲ … ။ ဓါတ်ပုံရိုက်တာလည်း နိုင်ငံရေးထဲမှာပါတယ်တဲ့… ။ ဟွန့် … သူများက ဘာနိုင်ငံရေးမှ မလုပ်ပါဘူး အပျော်လေး ဒီလို ခလုတ်လေးနှိမ်မိတာပါလို့ပြောတာ မယုံဘူး ။ နောက်ဆုံး ခံဝန်ကတိနဲ့ အဲ့ဒီနေရာမှာတင် လက်မှတ်ထိုးခဲ့ရပြီး ဖုန်းမန်မိုရီကဒ်အသိမ်းခံခဲ့ရတယ်… ။ ပါဆယ်နယ် ဒေတာ တွေ အကုန်နီးပါးပါးသွားပြီး ၊ မှတ်တမ်းထားတဲ့ ရေသန့်ဗူးပုံတို့ … ဂျစ်တူ အော်ပရေးရှင်းလုပ်တုန်းက ခွဲထုတ်ထားတဲ့ အသားလုံးပုံတို့ … ချုပ်ရိုးဖြည်ပုံတို့… အကုန်ပါသွားတယ်… ။
      ရေခဲချောင်းစားတဲ့ ကြောင်လေးတောင် ပါသွားတယ် ဟင့် … 🙁 🙁

  • white

    March 11, 2011 at 7:13 am

    ကြုံတုန်းလေး အဲဒီကားထဲ ဝင်ရိုက်ခဲ့ရမှာ
    မင်းသမီး ဖြစ်ဖြစ် မင်းသမီးအဒေါ်ဖြစ်ဖြစ်ပေါ့

    • bigcat

      March 12, 2011 at 2:42 am

      အီးတုံးလည်း ဝင်ရိုက်မလို့ ကြိုးစားသေးတာပေါ့။ ကံဆိုးချင်တော့ ဇာတ်လမ်းထဲမှာ လူကြမ်းအခန်း၊ အဖွားအိုအခန်း တကွက်မှ မပါဘူး။ အဲဒီကားအောင်မြင်သွားပါတယ်။ အစကတော့ လူတွေက အင်တင်တင်ဖြစ်နေကြတယ်။ ထုတ်လုပ်သူက မျက်နှာစိမ်းတကွက်ပါရင် ဆယ်ဆလျော်မယ်ပြောမှ ဖြန့်လို့ရသတဲ့။

    • etone

      March 12, 2011 at 3:05 am

      ရိုက်ပါဘူး အဲ့ဒီတုန်းက ပါချင်လို့ ဖလမ်းဖလမ်းထနေတဲ့ ဟာတွေ တပုံကြီးပါလာသေးတယ် ။ မီးစက်နဲ့ ဆံပင်ဖြောင့်စက်သုံးတာ မီးတွေဝပ်သွားလို့ … သူ့ကို ဝိုင်းဆဲရသေးတယ် … ။ ယောကျာ်းရုပ်နဲ့ လိပ်ခါး ၊ ဖားဖင် ကြီးကလည်း ဘယ်နေရာရရတဲ့ .. ဟဟဟ။

Leave a Reply