ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၉)ကြွေလွင့်သွားတဲ့ ပန်းတစ်ပွင့်
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၉)
အထက်တန်းကျောင်းသားများအတွက် ဟောပြောပွဲလေးတစ်ခု လုပ်ပေးရန် စီစဉ်ခြင်း
နှင့်
ကြွေလွင့်သွားတဲ့ ပန်းတစ်ပွင့်
လာမယ့် ဖေဖော်ဝါရီလ ၁၃၊ ၁၄ ရက်နေ့တွေမှာ ဒေးဒရဲမြို့ နဲ့ ဘိုကလေးမြို့တွေမှာ အထက်တန်း ကျောင်းသား တွေ အတွက် ဟောပြောပွဲလေးတစ်ခု လုပ်ပေးရန် စီစဉ်နေပါတယ်။ အဲလို စီစဉ်ဖြစ်သွားတာကလဲ .. ကူညီပေးမယ့် volunteers တွေ ရှိတာကတစ်ကြောင်း ၊ လိုအပ်ချက် တစ်ခုဖြစ်နေတယ်လို့ ခံစားရတာကြောင့် တစ်ကြောင်း ကြောင့် စီစဉ်ဖြစ်သွားတပါ။
ပထမ အချက်ကတော့ …
ကူညီပေးမယ့် volunteer တစ်ဦးကတော့ စင်္ကာပူက လာမှာပါ။ ကျမတို့ရဲ့ ပရဟိတ လုပ်ငန်းတွေရဲ့ donor တစ်ဦးလဲဖြစ်ပါတယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ စိတ်ပညာကို ဝါသနာပါလို့ အသုံးချစိတ်ပညာ ဒီပလိုမာ ကို စင်္ကာပူမှာရထားပြီး စင်္ကာပူနိုင်ငံက စိတ်ရောဂါ အထူးကုဆေးရုံမှာ စနေ၊ တနင်္ဂနွေ တွေမှာ counseling လုပ်ပေးနေတဲ့ သူပါ။ ရန်ကုန်ကို ခွင့်နဲ့ လာတဲ့အခိုက်မှာ၊ လိုအပ်ရင် counseling လုပ်ပေးနိုင် ပါတယ်လို့ ကမ်းလှမ်းခဲ့တဲ့အတွက်.. ဒီအစီအစဉ်လေး .. ကို စဉ်းစားမိတာလေ…
ဒုတိယ အချက်ကတော့ …
ကြွေလွင့်သွားတဲ့… ပန်းလေးတစ်ပွင့် ကြောင့်ပါ …
ကျမတို့ 2000 Group ရဲ့ donor တွေက ကျောင်းထားပေးနေတဲ့ ကလေးတွေ ဒီနှစ် ၅၃ ယောက်ရှိပါတယ်။ အဲဒီထဲမှာ ဆေးတက္ကသိုလ်၊ သွား- ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကုန်သွယ်ရေကြောင်း သိပ္ပံ၊ သူနာပြု တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တွေအပြင်၊ အထက်တန်း ကျောင်းသားတွေလဲပါ ပါတယ်။
အဲဒီထဲမှာ .. ဒေးဒရဲမြို့ က ၉ တန်းကျောင်းသားလေး တစ်ယောက်ဟာ၊ ဒီလ ၁၃ ရက်နေ့က ဆုံးသွားလို့ပါ…။
ကလေးက ၁၅နှစ် ဘဲရှိပါသေးတယ်။ ဒီ January လ အရမ်းအေးတဲ့ ၉ ရက်၊ ၁ဝရက် မှာ.. ဖျားပါတယ်။ ၂ ရက် ဖျားပြီး နုတ်ခမ်းထောင့်လေးတွေ အကြောဆွဲချင်သလိုဖြစ်လာလို့၊ ဆရာတော်က စိတ်ပူပြီး ရန်ကုန်ကို ဆေးကုဖို့ ၁၁ ရက်နေ့ ညနေမှာ ပို့လိုက်ပါတယ်။ ၁၁ ရက်နေ့ည ၁ဝ နာရီခွဲလောက် ရန်ကုန်ရောက်ပြီး၊ SSC မှာ တင်လိုက်ပါ တယ်။ ဦးဏှောက်နဲ့ပါတ်သက်တယ်လို့ယူဆပြီး၊ ဓါတ်မှန် နဲ့ CT Scan ရိုက်ပါတယ်။ ဘာမှ မတွေ့ ပါဘူး။ ဒါပေမဲ့ ကျမ ၁၂ ရက်နေ့ SSC မှာ သွားကြည့်တော့၊ အကြောတွေဆွဲပြီး တက်နေတာ၊ ဆက်တိုက် လိုပါဘဲ၊ ကြည့်ရ မြင်ရ တာ စိတ်မချမ်းမြေ့စရာပါဘဲ။ ဒါပေမဲ့ ကလေးက သတိတော့ရှိနေပါတယ်။
ဆရာဝန်တွေကတော့၊ Virus ပိုးတစ်ခုခု ဦးဏှောက်ထဲကို ဝင်သွားတယ်လို့ ယူဆကြပါတယ်။ TB ပိုး လဲ ဖြစ်နိုင် သလို၊ ခွေးရူးရောဂါပိုး လဲဖြစ်နိုင်ပါတယ်.. တဲ့။ ခွေးကိုက်ခံရဘူးသလားလို့ မေးတော့ အကိုက် မခံရဖူး ဘူး လို့ ပြောပါတယ်။ ဒါဆိုရင်တော့ TB ပိုး ဖြစ်ဖို့များတယ်ပေါ့လေ။ အဲလိုဆိုရင်တော့ ဆေးပတ် လည် သွားရင် အတက်ကျသွားပြီး၊ ရေရှည်ကုလိုက်ရင်ကောင်းသွားမယ်လို့ ဆိုပါတယ်။
၁၂ ရက် နေ့ နေ့လယ်မှာတော့ SSC ကနေ ဆေးရုံကြီး အဆောင် ၁၇၊ ၁၈ ကို လွှဲပေးပါတယ်။ (ပိုက်ဆံ မတတ် နိုင် လို့ပါ) အဲဒီမှာ ရောဂါ တိတိကျကျ သိရအောင် စစ်ဖို့ သွေးဖောက်ပါတယ်။ အဖြေ တိတိကျကျ သိပြီ ဆိုရင် တော့ ဆေးကုလိုက်ရင်ကောင်းသွားမှာပါ လို့ မျှော်လင့် ယုံကြည်ထားမိတယ်။
ဒါပေမဲ့ ကလေးရဲ့ အကြောတွေဆွဲပြီး တက်နေတာက ပိုဆိုးလာပါတယ်။ ရုန်းကန်နေတာ၊ လူနာစောင့် ၄ ယောက် ဝိုင်းဖိထား၊ ချုပ်ထားရတယ်။ အဲဒီအချိန်မှာ ဆရာဝန်တွေက ခွေးရူးရောဂါပိုး ဦးဏှောက်ထဲကို ဝင်သွားတာ ဖြစ်မယ်လို့ ယူဆနေကြပါပြီ။
၁၃ ရက်နေ့ နေ့လယ်မှာတော့ ကျမ ရုံးကနေ ထမင်းစားချိန် ၁၂ နာရီမှာ ထွက်ပြီး ရုံးက ဆရာဝန် တစ်ယောက် နဲ့အတူ ကလေးကို သွားကြည့်ပါတယ်.. ။ ကျမတို့လဲ သူ့ အခန်းကိုရောက်၊ သူလဲ နှလုံးခုန် အရပ်၊ ဆရာဝန်တွေ လဲ ပျာပျာသလဲ နှလုံးကို ပြန်နိုးကြ၊ ကြိုးစားကြပေမဲ့ .. သူကလေးကို ပြန်မရတော့ပါဘူး…။
ဆရာဝန်က မရတော့ဘူးလို့.. ကလေးအဖေကို အပြင်ခေါ်ထုတ်ပြီး ပြောတော့ ကလေးအဖေက နားမလည်နိုင် သလို ကြောင်ပြီး ကြည့်နေလို့ ဆရာဝန်က ကျမကို .. ဘာတော်သလဲလို့မေးပြီး ကလေးရဲ့ ရောဂါနဲ့ မရတော့ ကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာ ကလေးအဖေက အခန်းထဲပြေးဝင်ပြီး ကလေးကို ကြုံးဖက်ပြီး အော်ငိုနေ ပါပြီ။ အဲဒီလို အော်ငိုသံကြားလိုက်ရတဲ့ အချိန်မှာကျမစိတ်ပူသွားမိတာ.. ကလေးအတွက်ပါ..။ ဘဝကူး မကောင်း ဖြစ်သွားမှာကို အရမ်းစိတ်ပူသွားပါတယ်။ ဒါကြောင့်ကျမလဲ.. အခန်းထဲပြေးဝင်ပြီး ကလေးအဖေကို မငိုဖို့ ပြောတော့ သူ နားလည်ရှာပါတယ်။ ပါးစပ်ကိုပိတ်ပြီး ခပ်ဝေးဝေးမှာ သွားငိုနေပါတယ်။ ကျမလဲ ရုတ်တရက် .. ဘုရားစာ ..ရွတ်ရမှာမို့ ကျမအမြဲ သတိရတိုင်းမှာ ရွတ်နေကျ ဖြစ်တဲ့ သရဏဂုံ ၃ ပါးကို ဘဲ အပြန်ပြန် ရွတ်ပေး နေမိပါတယ်။ ပြီးတော့ မှ ဂုဏ်တော်တွေကိုဆက်ပြီးရွတ်ပေးပါတယ်။ ဆရာဝန်က တစ်ခေါက် ထပ်ဝင်လာပြီး သူငယ်အိမ်ကို လာစစ်ကြည့်ပေးပါတယ်။ ပြီးတော့ အသံတိတ် “ ဆုံးသွားပြီ.. “ ရယ်လို့ အမူအရာနဲ့ ပြောသွား ပါတယ်။ ဒါပေမယ့် ကျမကတော့ ဆက်ပြီး ဘုရားစာရွတ်ပေးနေပါတယ်။ ကျမနားလည်တာက .. နောက်ဆုံး အချိန်မှာ .. အမြင်အာရုံချုပ်ပြီးပေမဲ့ အကြားအာရုံက ကျန်နေသေးပြီး .. နောက်ဆုံးမှချုပ်တယ် ဆိုသမို့ အသံကြောင့် မကောင်းတဲ့ အာရုံတွေရမသွားစေချင်လို့ပါ … ။
ဆုံးပြီလို့သေချာတဲ့ အချိန်မှာ.. အခန်းထဲမှာ .. ကျမနဲ့ သူကလေးနဲ့ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်.. နှလုံးကိုနှိုးဖို့ ကြိုးစားထားတာကြောင့် အကျႌရင်ဘတ်ကြယ်သီးတွေလဲ ဖြုတ်ထားလို့၊ လက်နှစ်ဖက်ကလဲ ဘေးတစ်ဖက် တစ်ချက် ဆီ ကို ကားယားအနေအထားနဲ့၊ မျက်လုံးကလဲ ပွင့်နေတာ.. ကျမ စိတ်ထဲမှာ.. ဒီကလေး တကယ်.. သေ သွားတာ.. ဟုတ်ရဲ့လား.. နှလုံးများခုန်နေသေးသလားလို့ .. သူ့ရင်ဘတ်ကလေးများ.. လှုပ်နေလေ သလားလို့.. သူ့မျက်လုံးလေးတွေများ .. လှုပ်ရှားလာလေမလားလို့ .. ဇဝေဇဝါ နဲ့ စေ့စေ့ကြည့်နေမိပါတယ် ..။ (ဒါကြောင့် အဲဒီနေ့ ည .. တစ်ရေးနိုးတော့ အဲဒီမြင်ကွင်းကို.. ပြန်မြင်နေမိတာ..) ခဏနေတော့ ဆရာဝန်က ဝင်လာပြီး.. ကျမကို .. “သူ့နားကို ဘယ်သူမှ ပေးမလာနဲ့ နော်.. သူ့အဖေကို လဲ ကလေးကို ဖက်မငိုစေနဲ့..၊ သူ့ကိုယ်ပေါ်က သွားရေ တွေနဲ့ မျက်ရည်၊ ချွေးတွေ က တစ်ဆင့် ခွေးရူးရောဂါပိုး ကူးနိုင်တယ်.. “ လို့ပြောသွားပါတယ် .. ။
ဒေးဒရဲကို.. ဖုန်းဆက် အကြောင်းကြားရတော့ ဆရာတော့်ကို .. ဘယ်လိုပြောရပါ့မလဲ ရယ်.. လို့ ကျမ နုတ်တွန့် နေ မိပါတယ်.. ။ ဆရာတော်က .. ပြန်သယ်မယ်။ အသုဘ ကို ဒေးဒရဲ မှာဘဲ၊ ဘုန်းကြီးကျောင်းမှာဘဲ စီစဉ်မယ် တဲ့။
ကလေးဆုံးပြီ ဆိုတာနဲ့ ကလေးအမေကလဲ .. “ ဟင်း .. “ ကနဲ သက်ပြင်းတစ်ချက်ဆွဲရင်း ပုံကျ သတိလစ်သွား လို့ ဆရာဝန် ပြေးခေါ်ပြီး ပြုစုရသေးတယ်..။ ဒေးဒရဲကလိုက်လာတဲ့ ဦးဇင်းနဲ့ ပြန်သယ်ဘို့ ကိစ္စ ညှိပေးပြီး ရုံးကို ပြန်ခဲ့ပေမယ့် .. ရင်ထဲက မကောင်းဘူးကွယ် .. “ ပွင့်သောပန်းတိုင်း.. လန်းစေချင်.. “ ပေ မယ့် အခုတော့ “ပန်းလေးတစ်ပွင့် ကြွေလွင့်သွားခဲ့ပြီကော … “
တစ်ဆက်ထဲမှာဘဲ.. ကလေးတွေအတွက် Camp တွေမှာ တိရစာ္ဆန်တွေကတစ်ဆင့် ရတတ်၊ ကူးစက်တတ်တဲ့ ရောဂါတွေ အကြောင်းကို Health Talk အနေနဲ့ ပြောရအုံးမယ်.. လို့ တွေးမိပါတယ်..။ ခွေးရူးရောဂါပိုး ဆိုတာ.. ခွေးကိုက်ခံရမှရယ် မဟုတ်ဘဲ.. ကြောင်ကတစ်ဆင့်၊ လင်းနို့ ကတစ်ဆင့်လဲ.. ရနိုင်ကြောင်း၊ ခွေးကိုက်ခံရပြီး.. အမှတ်တမဲ့ ကာကွယ်ဆေး မထိုးမိရင်.. ချက်ချင်းတော့ ဘာမှမဖြစ်ဘဲ .. ၃ လ ကနေ.. ၃ နှစ် အတွင်း .. တစ်ခါတစ်လေမှာ .. ၁ဝနှစ် အတွင်း ထိ တောင်ကြာမှ ရောဂါ လက္ခဏာ ပြတတ်တာ.. ၊ ရောဂါ လက္ခဏာ လဲပြရော.. ၂ရက် ၃ ရက် အတွင်း ပြစ်လိုက်ရရောဘဲလေ..၊ ဘာမှ လုပ်လို့ မရတော့ဘူး.. ရော်..။
ဆရာတော်ကလဲ .. ရွာဝေးက ကလေးတွေကို ပညာရေး အတွက် ကျောင်းအိပ်၊ ကျောင်းစား၊ ကျောင်းထားပေး ထားတာ.. ၊ အဲဒီ ကလေးက အလယ်တန်း တက်ကတည်း က ဆရာတော့်ကျောင်းမှာဘဲ ကျောင်းအိပ်၊ ကျောင်းစား၊ ကျောင်းနေတာ။ ကျောင်းပိတ်မှ ရွာပြန်တာမို့၊ ဆရာတော့်မှာ သံယောဇဉ်ကြောင့် စိတ်မကောင်း ကလဲဖြစ်၊ ကျန်တဲ့ ကလေးတွေ အတွက်လဲ စိတ်ပူနဲ့မို့၊ ကျမတို့ရဲ့ ၃၈ ကြိမ်မြောက် ပရိယတ္တိ၊ ပရဟိတ အလှူ ဒေးဒရဲမြို့နယ်၊ ကျွဲခြံစုရွာ မှာ သွားလှူရင်းနဲ့၊ ဆရာတော့်ကျောင်းမှာ ကလေးတွေကို ပညာသင်ထောက်ပံ့ကြေး တွေ ဝင်ပေးတော့ ဆရာတော်ရော၊ ကလေးတွေရော.. မျက်နှာ မကောင်းကြဘူး..။ ဆရာတော်လည်း.. ကလေးတွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ volunteer ဆရာဝန်မလေးတွေနဲ့ဆွေးနွေး တိုင်ပင်ပါတယ်။
ကျောင်းမှာက ကျောင်းအိပ်၊ ကျောင်းစား၊ ကလေးတွေ သုံး၊ လေး ဆယ်လောက်ရှိတာ..။ ကလေးတွေလဲ စိတ်မကောင်း ဖြစ်ကြတာပေါ့၊ အတူစား၊ အတူကျောင်းသွား၊ အတူနေ၊ အတူအိပ် နဲ့ မောင်နှမတွေလို ဖြစ်နေပြီ ကိုး။ အင်း.. ကြောက်ချင်လဲ ကြောက်နေကြမှာပေါ့လေ.. ။ သူတို့လေးတွေရဲ့ စိတ်ကလေးတွေမှာ.. ဒီ အဖြစ်အပျက် က ဒဏ်ရာ.. အနည်းနဲ့ အများ .. ယာယီတော့ ရသွားစေမှာ.. အသေအချာ ဘဲလေ..။
ဒါကြောင့်.. ဒီကလေးတွေအတွက် counseling လိုအပ်နေပြီလို့ ကျမ ခံစားမိတယ်လေ..။
ကျမတို့ရဲ့ volunteer ဆရာဝန်မလေးတွေလဲ.. စိတ်မကောင်းဖြစ်ကြတာပေါ့.. ။ ကလေးတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ‘knowledge’ တွေအများကြီး ပေးရအုံးမယ်လို့ .. ယူဆ.. အားခဲထားကြတယ်..
ဒီ Session လေးမှာ.. Talk အနေနဲ့ ၃ ပိုင်း ပါမှာပေါ့။
1) Counseling
2) Encouragement
3) How to be healthy (especially before and during the Final Exam)
အခြေနေပေးရင်.. Game Program လေးပါထည့်ချင်တာ.. ကလေးတွေက စာမေးပွဲနီးတော့ စာတွေချည်း ကုန်းကျက်နေရတာမို့ Stress တွေလျော့ပြီး စိတ်ရွှင်လန်းသွားအောင်ပေါ့..။
ဒီ Program လေး လုပ်ဖြစ်မှာမို့ တစ်လက်စ ထဲ.. ဘိုကလေးကိုပါ လှမ်းမေးလိုက်တယ်။ စိတ်ဝင်စားရင်.. တစ်ကြောထဲ မို့ ဘိုကလေးမှာပါ.. တစ် Session လုပ်ပေးမယ်.. ဆိုတော့ ဘိုကလေးက တာဝန်ခံ ဆရာတော်က 2000 Group က လုပ်သမျှ Program တွေကို စိတ်ဝင်စားပါသတဲ့..။ ချက်ချင်းဘဲ.. လက်ခံတာမို့ အခု စပြီး .. စီစဉ်နေပါပြီ..။
Volunteer အဖြစ်နဲ့ ကူညီချင်သူများရော…၊ လူကိုယ်တိုင် မကူညီနိုင်ပေမဲ့ ငွေအားနဲ့ အလှူ အားဖြင့် ကူညီမယ့် သူများရော.. ဖိတ်ခေါ်ပါရစေ.. ရှင်..။
ပွင့်သောပန်းတိုင်း.. လန်းစေ .. ဖို့ …
ပန်းကလေးတွေ … အချိန်မတိုင်မှီ .. ကြွေလွင့် မသွားစေဖို့ …
ကျမတို့ အားလုံး.. တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာကနေ.. တတပ် တအား .. ပါဝင် ကူညီကြပါစို့…. လို့..
ဖိတ်ခေါ်ရင်း ….
လိုအပ်သူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..
ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..
ရင်မှ မေတ္တာ များစွာဖြင့်…
မေအေးဦး
2000GROUP
2000.donation.group@gmail.com
GIVE THE WORLD THE BEST YOU HAVE!
I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.
IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.
One comment
MaMa
March 12, 2011 at 9:58 am
ခုရက်ထဲ connection မကောင်းလု့ိ မဖတ်ဖြစ်တာ ဒီနေ့မှ စစချင်းဖတ်လိုက်တော့လည်း ပန်းကလေးတစ်ပွင့် ကြွေလွင့်သွားတဲ့အကြောင်း ဖြစ်နေတယ်။ တော်တော်စိတ်မကောင်းစရာပဲ။ ဒီလိုမျိုး ရောဂါ ကူးစက်တတ်တာကို ကလေးတွေကိုတင်မကဘူး။ လူကြီးတွေကိုပါ အသိပညာ ပေးသင့်တယ်။ ကျမတို့ ကိုယ်တိုင်တောင်မှ ဒီဗဟုသုတတွေ မရှိပါဘူး။ ဘဝကူးကောင်းစေဖို့ ကြိုးစားပေးတဲ့ မေအေးဦးကိုတောင် ကလေးကိုယ်စား ကျေးဇူးတင်မိပါတယ်။ တတ်နိုင်သလောက် ကမာ္ဘမြေကြီးကို ဝိုင်းဝန်းပံ့ပိုးကြပါစို့လို့သာ။