ဦးမြင့်ဆွေနှင့် ဆတ္တာသည်

ashinindakaMarch 12, 20112min770

ရှင်အာနန္ဒာကြီးအကြောင်း ဆက်ပြောရရင်
သူဟာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်လို့ မြတ်စွာဘုရားနဲ့
အနီးကပ်ဆုံးနေရသူဖြစ်တယ်။
ဒါပေမဲ့ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်
အရိယာနယ်ပယ်ထဲမှာ အောက်ဆုံးအဆင့်ဖြစ်တဲ့ သောတာပန်အဆင့်ပဲ သူရောက်တယ်။

တခြားသူငယ်ချင်းတွေလဲဖြစ် ညီကိုဝမ်းကွဲတွေလဲဖြစ်တဲ့
နန္ဒတို့၊ အနုရုဒ္ဓတို့နဲ့ယှဉ်လိုက်ရင် ရှင်အာနန္ဒာကြီးအနေနဲ့
စိတ်ဓာတ်ကျမယ်ဆို ကျချင်စရာ။
သူတို့တတွေအားလုံ ရဟန္တာဖြစ်ကုန်ကြပြီကိုး။

ဒါကို မြတ်စွာဘုရားလဲ သတိပြုမိခဲ့ပါတယ်။
ပရိနိဗ္ဗာန်စံခါနီးမှာတောင်
“အာနန္ဒာ၊ မင်းလဲ အရင်ဘဝတွေတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ဘူးတာပဲ။ စိတ်ဓာတ်မကျပါနဲ့။ မကြာခင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာဖြစ်မှာပါ”
လို့  ရှင်အာနန္ဒာ့ကို အားပေးစကား ပြောခဲ့ပါသေးတယ်။
ဒီလိုနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင် ပထမသင်္ဂါယနာတင်ခါနီးကာလမှာမှ
ရှင်အာနန္ဒာကြီးရဟန္တာဖြစ်သွားတယ်။

သူရဟန္တာဖြစ်ပုံက ထူးဆန်းတယ်။
တရားအားထုတ်ပြီး အိပ်မလို့ သူ့ခုတင်ပေါ် လဲလျောင်းမယ်လို့ လုပ်တဲ့အချိန်
ခြေထောက်က အောက်ကြမ်းပြင်လွတ်၊
ဦးခေါင်းက ခေါင်းအုံးပေါ်ကို မရောက်သေးတဲ့အခါကာလလေးမှာ
ရဟန္တာအဖြစ်သို့ ရောက်ရှိတယ်လို့ စာပေမှာ လာပါတယ်။

(Ananda was the only disciple who attained Arahantship
free from the postures of sitting, standing, walking or sleeping)
ပထမသင်္ဂါယနာလို သမိုင်းဝင်းလုပ်ငန်းကြီးတွေလုပ်ခဲ့ပြီး
အသက် ၁၂ဝ အရွယ်မှာ ပရိနိဗ္ဗာန်စံပါတယ်။

ပထမသင်္ဂါယနာပွဲမှာ အရေးအကြီးဆုံးပုဂ္ဂိုလ် နောက်တစ်ဦးကတော့
ရှင်ဥပါလိဖြစ်ပါတယ်။
သူက ဘုရားရှင်တို့ ဇာတိ ကပိလဝတ်ပြည် သား။
ဆတ္တာသည် မိသားစုက ပေါက်ဖွားလာသူ၊
ဆတ္တာသည် ဆိုတာ
ဆံပင်ညှပ်ပေးတဲ့သူ၊ ဆံပင်ညှပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူကို ပြောတာ။

ဒီလို ထူးဆန်းတဲ့ စကားလုံးတွေကို တွေ့ရင်
ဆရာကြီးဦးမြင့်ဆွေ ကို သတိရတယ်။
ဒီဆရာကြီးက အတော်စိတ်ရှည်တယ်။ ဘုန်းကြီးလူထွက်ကြီး။
ဓမ္မာစရိယ (၉) ကျမ်းအောင်ပြီးမှ လူထွက်တာ၊
နာမည်ကြီးခဲ့တဲ့ အနီးစခန်းဆရာတော်တို့လို ဆရာတော်တွေဆီမှာ ပညာဆည်းပူးပြီး
၁ဝ တန်းတွေ ဘာတွေအောင်ပြီး ဘီအေဘွဲ့ရတယ်။

ဦးနုလက်ထက်က လန်ဒန်ကို အစိုးရပညာသင်စု (Scholarship) နဲ့
ပညာသင်ခွင့်ရပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။

သာသနာ့တက္ကသိုလ် စာသင်သားဘဝတုန်းက
ဒီဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်) က
ဘာသာဘေဒ (Philology) သင်ပေးတယ်။
သက္ကဋဘာသနဲ့ ပါဠိဘာသာနှီးနွယ်မှု၊ ဒီပါဠိပုဒ်က ဘယ်သက္ကဋပုဒ်က ဆင်းသက်လာတာ၊
ပြာကတမှာက ဘယ်လို စသဖြင့် သူသင်ပေးတယ်။

တွေ့ဘူးတဲ့ အပင်ပန်းခံသင်ပေးတဲ့ဆရာတွေထဲမှာ
ဆရာကြီးဦးမြင့်ဆွေ တစ်ဦးအပါအဝင်ပါ။
ဂျွတ်ဂျွတ်ကြိုးနဲ့ မိုက်ကိုချည်၊ အကွင်းလေးလုပ်၊
လည်ပင်းမှာတတ်ပြီး ဘောမှာ ရေးလိုက်၊ ပြောလိုက်၊ ဖျက်လိုက်နဲ့၊
သူ့ကြည့်ရတာကိုက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဆရာကြီးက ဖက်ကြမ်းဆေးလိပ်လဲ သောက်လေ့ရှိတယ်။
ဖက်ကြမ်းဆေးလိပ်သောက်တဲ့အခါ တစ်ခါးတည်း ဘယ်တော့မှ အကုန်မသောက်ပြစ်ဘူး။
သူ့မှာ ဝါးကျည်တောက်ဗူးလေးပါတယ်။ နှစ်ခါလောက် ရှိုက်ဖွာ ဖွာပြီး
ပါလာတဲ့ ဝါးကျည်တောက်ဗူးထဲ ပြန်ထည့်ထည့်ထားတယ်။
ဆာတဲ့အခါ မီးညှိ၊ နှစ်ခါလောက် ဖွာ၊ ပြန်ထည့်။
နောက်ဆုံး ဆေးလိပ် တိုစိသွားတဲ့အထိ သောက်တာ။
ဆေးလိပ် ဖင်ဆီခံရောက်တဲ့အထိ သောက်တာ။
ဆေးလိပ်မီးခိုးမထွက်တော့မှ နွှံ့ (စွန့်) ပစ်လေ့ရှိတယ်။

အတော်တော့ စီစစ်တယ်ပြောရမလားပဲ။
ဖိနပ်ဆိုလဲ အပေါစား ဖော့ဖိနပ်နဲ့။ သူစီးတဲ့ဖော့ဖိနပ် ဖနောင့်နေရာ
ဗထက်ချိုက် ဖြစ်တဲ့အထိ စီးတုန်း။

အလားအလာကောင်းလောက်မဲ့ သာသနာအတွက် အားကိုးရလောက်မယ်ထင်တဲ့
ဦးဇင်းလေးတွေဆို သူက အလွန်ချစ်တာ။ အလေအလွင့် ဖြစ်မသွားစေချင်ဘူး။
ခရီးတစ်ခုသွားတုန်းက သူနဲ့ ရထားပေါ်အတူ တစ်တွဲထဲ ကျဘူးတယ်။ ဆုံဘူးတယ်။
သူက သူ့ဇနီးနဲ့အတူထိုင်လိုက်လာတာ။
လမ်းခရီးက တက်စီးလာတဲ့ ကိုယ့်လဲ မြင်ရော သူ့ဇနီးဘေးက ထလာပြီး
ကိုယ့်ဘေးလာထိုင်ကာ စကားတွေ ပြောလာလိုက်တာ မန္တလေး အထိပဲ။
သူ့ဇနီးနား သွားမထိုင်တော့ဘူး။ ဒီလောက်အထိ ဆရာကြီးက ဦးဇင်းတွေကို ခင်တာ။

ဆရာကြီးပြောတဲ့စကားတွေက အင်မတန် မှတ်သားစရာကောင်းတယ်။
အလုပ်တစ်ခုလုပ်တဲ့အခါမှာ
ဟုန်းခနဲ ထတောက်ပြီး သေသွားတဲ့ ကောက်ရိုးမီးလို မလုပ်သင့်ကြောင်း၊
အခု မန္တလေးသာသနာ့တက္ကသိုလ်ထွက် ဦးဇင်းတစ်ပါး
တရားဟော နာမည်ကြီးနေကြောင်း၊ ကောက်ရိုးမီးသာဖြစ်ကြောင်း၊
မကြာခင် ငြိမ်းသွားမှာ ဖြစ်ကြောင်း
(မငြိမ်းခင် သုံးနှစ်လောက် တင်ကြိုပြီး) ပြောပြဘူးပါတယ်။

ဆရာကြီး ဆက်ပြောတာက
အလုပ်လုပ်ရင် မီးတောင်တွေလို ပြုကျင့်သင့်ကြောင်း
မီးတောင်တွေ ပေါက်ကွဲတာဟာ ကောက်ရိုးမီးလို ချက်ချင်း ဝုန်းကနဲ ပေါက်ကွဲတာ မဟုတ်ကြောင်း၊ နေ့စဉ်နှင့်အမျှ မြေကြီးထဲမှာ ပေါက်ကွဲဘို့ လှုပ်ရှားနေရကြောင်း၊
ပေါက်ကွဲဘို့အတွက် နှစ်ပေါင်းများစွာ လိုကြောင်း
ပေါက်ကွဲလိုက်ပြီဆိုရင်လဲ အထွဋ်အထိပ်သို့ရောက်ကြောင်း ပြောပြပါတယ်။
ဆရာကြီးပြောတဲ့ “ပေါက်ကွဲ” ဆိုတာ အောင်မြင်မှုကို ပြောတာလို့
ပြောစဉ်ကတည်းက နားလည်ခံစားမိပါတယ်။

ဆရာကြီးက ဘာသာ၊ သာသနာနဲ့ မျိုးချစ်စိတ် အလွန်ရှိတယ်။
တောင်တန်းဒေသတွေမှာ သာသနာရောက်ဖို့ သာသနာပြုရဟန်းတော်များ လိုကြောင်း
တွေ့တိုင်းပြောတယ်။ ဒီအတွက် တောင်တန်းသာသနာပြုတက္ကသိုလ် ရှိသင့်ပြီး
လုပ်နိုင်တဲ့အင်အားရှိက လုပ်ဖို့ တည်ထောင်နိုင်တဲ့အင်အားရှိက
တည်ထောင်ဖို့ ပြောလေ့ရှိတယ်။

နောက်ပြီး ဘွဲ့ရပြီးသား ဦးဇင်းငယ်တွေ သူတစ်လူ ငါတစ်မင်းမနေပဲ
အတူတကွ စုစည်းနေထိုင်ပြီး
ပါဠိသုတေသနဌာန (Pali Research Centre) ကို တည်ထောင်ဘို့လဲ တိုက်တွန်းတယ်။
ဦးဇင်းငယ်တွေ တစ်စုတစ်ဝေးတည်းနေပြီး
(အဋ္ဌကထာသူစိ) အဋ္ဌကထာပေါင်းချုပ်ကို ရေးပေးပါရန်လဲ တောင်းဆိုဘူးတယ်။
အဋ္ဌကထာပေါင်းချုပ် ရေးထုတ်လိုက်ရင်
စာသင်သား ဦးဇင်းငယ်တွေ အချိန်တိုအတွင်း ပါဠိအဋ္ဌကထာစာပေတွေကို
လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ပါဠိပညာသင်ခရီး အချိန်တိုတိုနဲ့ ပေါက်နိုင်ကြောင်းကိုလဲ
ထပ်လောင်းပြောကြားလိုက်ပါသေးတယ်။

ဆရာကြီးဟာ သူကတော့ ဘာမှ မလုပ်ဘဲ
သူများကိုချည်း တိုက်တွန်းနေတဲ့ လူစားမျိုးမဟုတ်ပါဘူး။
သူကိုယ်တိုင်လဲ
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဆိုပြီး
မြို့ကြီး နှစ်မြို့မှာ တက္ကသိုလ်နှစ်ခုဖွင့်လစ်ပြီး သင်ကြားပို့ချနေပါတယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တက္ကသိုလ်တွေထဲမှာ
ဆရာကြီးတက္ကသိုလ်က သင်တန်းသားအများဆုံးတက္ကသိုလ်ဖြစ်ကြောင်း
သူငယ်ချင်းတွေ ပြောပြလို့ သိရပါတယ်။

ဆရာကြီးဟာ စာသင်သားသံဃာတွေအပေါ်မှာ
ပညာရေးနဲ့ပတ်သက်ပြီး အလွန်စေတနာ ထားရှာတယ်။
သာသနာ့တက္ကသိုလ်မှာ ဦးဇင်းပေါက်စ စာသင်သားဘဝကတည်းက
ဆရာကြီးရဲ့ကျေးဇူးကြောင့်
လန်ဒန်က ထုတ်တဲ့ ပါဠိအဘိဓာန်လို ရှားပါး စာအုပ်မျိုးကြီးတွေကို
ကိုင်ဘူး လေ့လာဘူးနေပြီ။ ဆရာကြီးက သူငယ်ငယ်တုန်းက စုဆောင်းထားတဲ့စာအုပ်တွေကို
လိုချင်တဲ့သူရှိက ငှားရမ်းပြီး မိတ္တူကူးစေပါတယ်။
သူကိုယ်တိုင်ကလဲ စာသင်သားဦးဇင်းငယ်တွေကို
တကယ်လိုအပ်တဲ့ အရေးကြီးတဲ့ စာအုပ်တွေကို ညွှန်ပြပြောဆိုပြီး မိတ္တူကူးခိုင်းပါတယ်။
သူ့မှာရှိတဲ့စာအုပ်ဆို အလွယ်တကူ မိတ္တူကူးပေးပါတယ်။

ဆရာကြီးက သူ့မှာ ရှိတဲ့စာအုပ်တွေကို မိတ္တူကူးချင်တဲ့သူလာရင် လွယ်ကူဘို့
စာအုပ်ချုပ်ရိုးများဖြေ (ဖြည်) ထားကြောင်းလဲ ထပ်လောင်းပြောလိုက်ပါသေးတယ်။

တစ်နေ့ စာသင်ခန်းထဲမှာ မြန်မာစကားနဲ့ပတ်သက်လို့ သူပြောပြတာက
မြန်မာစကားလုံးစစ်စစ်တွေရဲ့ တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါကြောင်း၊
တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားလုံးများဟာ
မြန်မာစကား စစ်စစ်မဟုတ်ကြောင်း၊
ပါဠိဘာသာ သို့မဟုတ် အခြားဘာသာစကားတစ်ခုခုက
ဆင်းသက်လာတာဖြစ်ကြောင်း ပြောပြပြီး
ဥပမာအနေနဲ့ (သူသေတို့ မြှုပ်နှံရာ) သင်္ချိုင်း ဆိုတဲ့စကားလုံးကို ထုတ်ပြပါတယ်။
သင်း ဆိုတဲ့အလုံးမှာ အဓိပ္ပါယ်ဖော်မရသလို ချိုင်း ဆိုတဲ့အလုံးမှာလဲ
အဓိပ္ပါယ်ဖော်မရကြောင်း၊ ဒီလို အလုံးတိုင်း အလုံးတိုင်း အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားများဟာ မြန်မာစကားစစ်စစ်မဟုတ်ကြောင်း စာသင်ခန်းထဲမှာ
သူ ပြောဘူးတာ မှတ်သားဘူးပါတယ်။

အခု ဥပါလိရဲ့ လုပ်ငန်းကလဲ ဆတ္တာသည် တဲ့။
ဆရာကြီး ဦးမြင့်ဆွေ ပြောသလိုဆို ဆတ္တာသည်ဆိုတာ
မြန်မာစကားတော့ ဟုတ်ပုံမပေါ်ဘူး။

ဆတ္တာသည် မိသားစုက ပေါက်ဖွားလာတဲ့ ဥပါလိ
အရွယ်ရောက်လာတော့ ဆတ္တာသည် ပဲ လုပ်ရပါတယ်။
သူ့အလုပ်က နန်းတွင်းထဲမှာ။ မင်းညီ မင်းသားတွေကို ဆံညှပ်ပေးရတာ။
သူ ဆံညှပ်ပေးရတာက မြတ်စွာဘုရားရှင်နဲ့ညီကိုဝမ်းကွဲတော်တဲ့ အနုရုဒ္ဓ တို့တတွေ။
မြတ်စွာဘုရား ဇာတိမြေ ကပိလဝတ်ပြန်ကြွတော့
ခမည်းတော်ရှင်ဘုရင် သုဒ္ဓေါဒန မင်းကြီးက သူ့သားဘုရား
အခြံအရံ နည်းမှာစိုးလို့ဆိုပြီး
ယောက်ကျားသားမှန်သမျှ ဘုန်းကြီးဝတ်ခိုင်းတယ်။
ဥပါလိ ဆံညှပ်ပေးနေရတဲ့ အနုရုဒ္ဓတို့ မင်းညီမင်းသားတွေလဲ ရဟန်းဝတ်ရတော့တာပေါ့။

တိုတိုပြောကြပါစို့။
သူ့အလုပ်ရှင်ဖြစ်တဲ့ မင်းညီမင်းသားတွေ ဘုန်းကြီးဝတ်တော့
ဥပါလိလဲ ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားတယ်။
ဥပါလိလဲ မင်းညီမင်းသားတွေနဲ့အတူ ခေါင်းတခါထဲ တုံးတယ်။
မြတ်စွာဘုရားက ရဟန်းဘောင် တက်ပေးလိုက်တယ်။

ဒီနေရာမှာ တစ်ခုသတိပြုမိတာက
မြတ်စွာဘုရားက ရဟန်းဘောင်တက်ပေးတဲ့နေရာမှာ
အလုပ်သမားဖြစ်တဲ့ ဥပါလိကို အရင် ရဟန်းဘောင်တက်ပေးတယ်။
အလုပ်ရှင်များဖြစ်ကြတဲ့ မင်းညီမင်းသားတွေကို နောက်မှ ရဟန်းဘောင် တက်ပေးတယ်။

သာသနာတော်မှာက တစ်စက္ကန့်လေးနောက်ကျပြီးမှ
ရဟန်းဘောင်ရောက်လာတဲ့ ပုဂ္ဂိုလ်က တစ်စက္ကန့်လေးစောပြီး ရဟန်းဘောင်ရောက်လာတဲ့ပုဂ္ဂိုလ်ကို
အရိုအသေပေးရမယ်၊ ရှိခိုးရမယ်၊ ဦးချရမယ်ဆိုတဲ့ ဥပဒေသရှိတယ်။

အခု အလုပ်သမားဥပါလိက အရင်ရဟန်းဖြစ်၊ မြတ်စွာဘုရားရဲ့ ညီကိုဝမ်းကွဲဖြစ်တဲ့
မင်းညီမင်းသားတွေက နောက်မှ ရဟန်းဖြစ်တော့
မင်းညီမင်းသားရဟန်းတွေက ဆတ္တာသည်တဖြစ်လဲ ရှင်ဥပါလိကို ရှိခိုးရတော့မယ်။
မြတ်စွာဘုရားကလဲ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တာဖြစ်တယ်။
မင်းညီမင်းသားတွေရဲ့ မာန ကျသွားအောင်လို့တဲ့။
ဒီမာနခံနေရင် ဘယ်လိုမှ တရားထူးရမှာ မဟုတ်ဘူး။ ရဟန္တာမဖြစ်နိုင်ဘူး မို့လား။
ဒါ့ကြောင့် မြတ်စွာဘုရားက မင်းညီမင်းသား ရဟန်းတွေကို
စစချင်း ဆောက်နဲ့ ထွင်းပစ်လိုက်တာ။

ရှင်ဥပါလိ ရဟန်းဖြစ်ပြီး မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းတရားတောင်းတယ်။
တောထဲသွား တရားအားထုတ်ဖို့ မြတ်စွာဘုရားကို လျှောက်တယ်။
မြတ်စွာဘုရားက ဒါကို သဘောမတူပါဘူး။
တောထဲသွားတရားအားထုတ်ရင် ကမ္မဋ္ဌာန်းတရားသာ သိမှာဖြစ်ပြီး
အခြားအခြားသော တရားတော်တွေကို သိမှာ မဟုတ်တော့ဘူး။
ကမ္မဋ္ဌာန်းတရားသာမက အခြားသော သိသင့်သိထိုက်သောတရားတွေကိုပါ
သိရအောင် မြတ်စွာဘုရားက သူ့အနားမှာပဲနေစေပြီး တရားအားထုတ်ခိုင်းတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်ပဲ ဝိနည်းတရားကို ရှင်ဥပါလိကို သင်ပေးတယ်။
နောက်ဆုံးတော့ ရှင်ဥပါလိမထေရ်ကြီးဟာ
ဝိနည်းစာပေမှာ ဝိနည်းအရာမှာ ဝိနည်းတရားမှာ အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း မြတ်စွာဘုရားပြောခဲ့တယ်။
သူလဲ အချိန်တန်တော့ ရဟန္တာဖြစ်သွားပါတယ်။

ပထမသင်္ဂါယနာတင်တဲ့အချိန်မှာ
ဒီရှင်ဥပါလိမထေရ်က ဝိနည်းပိဋကကို ဖြေရပြီး
သုတ္တပိဋကနဲ့ အဘိဓမ္မပိဋကတို့ကို ရှင်အာနန္ဒာဖြေရပါတယ်။
အမေးဆရာတော်ကတော့ ရှင်မဟာကဿပကြီးတစ်ပါးတည်းပါ။
အမေးဆရာတော်လုပ်တဲ့
ရှင်မဟာကဿပကြီးအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။