ဦးမျိုးသန့် (စာရေးဆရာကြီး မောင်ဆုရှင်) (၁-၁-၁၉၃၂ — ၂-၆-၂၀၀၉)၏ ကိုယ်ရေးမှတ်တမ်းလွှာ

manawphyulayMarch 13, 20111min1200

အဖဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့၌ မွေးဖွားသည်။

စာပေပညာလေ့လာခြင်း
မူလတန်းနှင့် အလယ်တန်းပညာကို မြောင်းမြမြို့၊ အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းနှင့် ဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။

စာပေဘဝအစ
၁၉၄၉ခုနှစ်တွင် ရိုထရီကလပ်မှီ ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုရ “နိုင်ငံသားကောင်းတာဝန်” စာစီစာကုံးကို ဟံသာဝတီ လွတ်လပ်ရေးနေ့ အထူးထုတ် သတင်းစာ၌ “မျိုးသန့်” ဟူသည့်ကလောင်အမည်ဖြင့် စတင်ဖော်ပြခံရကာ ကလောင်သွေးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် “မောင်ဖြူနွဲ့”ဟူသည့် ကလောင်အမည်ဖြင့် ဟံသာဝတီမဂ္ဂဇင်းကဏ္ဍ၌ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ “မောင်ဆုရှင်” ကလောင်အမည်ဖြင့် ရူမဝ၊ သင့်ဘဝ၊ စာပေဗိမာန် စသည့်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားပြုစုခဲ့သည်။ ၁၉၅၅ခုနှစ်မှ စတင်ပြီး “မျက်မှောက်ကမာ္ဘ့ရေးရာ” အခန်းများကို ရူမဝမဂ္ဂဇင်းတွင်ရေးသားခဲ့သည်မှာ ရူမဝမဂ္ဂဇင်းရပ်နားသည့်အထိ ပင် ဖြစ်သည်။ အခြားကလောင်ခွဲများမှာ အောင်သူ၊ ဦးဘခန့်၊ ဝင်းသန့် စသည့်တို့ဖြစ်သည်။

စာပေရေးသားပြုစုခြင်း
၁၉၄၉ခုနှစ်တွင် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍ၊ ၁၉၅၄ခုနှစ်တွင် ရူမဝမဂ္ဂဇင်း၊ သင့်ဘဝမဂ္ဂဇင်းနှင့် စာပေဗိမာန်မဂ္ဂဇင်း၊ ၁၉၅၆ ခုနှစ်တွင် ဘာဂဝါဂီတကျမ်း(ဟင်ဒီ) နှင့် သီရိကုရဲလ်ကျမ်း(တမီလ်)၊ ၁၉၇၂ခုနှစ်တွင် “မြတ်ဘုရားရွှေတိဂုံ” စာအုပ်တို့ကို ပြုစုရေးသားခဲ့ပြီး ပင်ကိုယ်ရေးနှင့် ဘာသာပြန်လုံးချင်းစာအုပ်ပေါင်း ၁၀ဝ ကျော် ရေးသားထုတ်ဝေခဲ့သည်။ ခရီးသွားစာပေစာတမ်း၊ ဂန္ထဝင် စာပေစာတမ်း၊ ဘာသာပြန်စာပေစာတမ်း အပါအဝင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၂ဝ ကျော်နှင့် နိုင်ငံတကာစာတမ်းဖတ်ပွဲများတွင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၁ဝခုကျော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုဖတ်ကြားခဲ့သည်။

စာပေတည်းဖြတ်ခြင်း အတွေ့အကြုံ
၁၉၅၄ခုနှစ်မှ ၁၉၉၁ခုနှစ်အထိ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗမာန်တွင် စာပြုအဆင့်မှ စာတည်းမှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၆၁ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆီရာကျုတက္ကသိုလ်မှ စာနယ်ဇင်းဒီပလိုမာ ရရှိခဲ့ပြီး ၁၉၇၂ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ယူနက်စကို အာရှယဉ်ကျေးမှုဌာနတွင် စာတည်းသင်တန်း တက်ရောက်ခဲ့သည်။

စာပေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတိ အဖွဲ့ဝင်၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်များ၊ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်က ကြီးမှူးသည့် သုတဘဏ်စာတမ်းဖတ်ပွဲ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း နှီးနှောဖလှယ်ပွဲများကို စီစဉ်ကျင်းပခြင်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အတွက် ဦးထင်ကြီး ဒီဂျစ်တယ်ရည်ညွှန်းစာကြည့်တိုက် ထူထောင်ပေးခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ WIPO, ACCU အဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်း၍ စာပေမူပိုင်ခွင့် ဗဟုသုတ တိုးပွားရေး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက် ကျင်းပပေးခြင်း စသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။

စာပေစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ချက်များ
၁၉၆၆မှ ၁၉၈၈ခုနှစ်ထိ စာပေလုပ်သားအဖွဲ့ တွဲဖက်အတွင်းရေးမှူးနှင့် အတွင်းရေးမှူး၊ ၁၉၈၉မှ ၁၉၉၂ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး၊ ၁၉၉၄မှ ၁၉၉၉ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌနှင့် ၁၉၉၉ခုနှစ်မှ ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။

အခြားလုပ်ငန်းများ
နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ တာဝန်ပေးသည့် လုပ်ငန်းများဖြစ်သည့် ၁၉၉၃မှ ၂၀၀ရခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားညီလာခံသမိုင်းပြုစုရေးအဖွဲ့ ခေါင်းဆောင်၊ ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့တွင် မဂ္ဂဇင်းထုတ်ဝေရေး အဖွဲ့ခေါင်းဆောင် စသည့်တာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် စာပေပြိုင်ပွဲများ၊ မြန်မာအသံတွင် ၁၉၆ဝပြည့်ခန့်မှစ၍ “သိပ္ပံပညာ သိကောင်းစရာကဏ္ဍ” နှင့် သုတပဟေဠိကဏ္ဍများ၊ ၂၁ရာစု လူမှုဝေါဟာရများ မိတ်ဆက်ကဏ္ဍတို့တွင် အသံလွှင့်ခဲ့ပြီး ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ခဲ့သည်။
ထွန်းဖောင်ဒေးရှင်းစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး၊ သုတစွယ်စုံစာပေဆု စိစစ်ရွေးချယ်ရေးဥက္ကဋ္ဌ၊ ဆရာဝန်တင်ရွှေစာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဂျပန်နိုင်ငံ ယူနက်စကို အာရှ-ပစိဖိတ် ယဉ်ကျေးမှုဌာန(ACCU)တွင် မြန်မာနိုင်ငံစာပေဆိုင်ရာ သတင်းဆက်သွယ်ရေးမှူးဖြစ်သည်။
၁၉၉၁ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးတွင် အကြံပေးအရာရှိ၊ ကျွမ်းကျင်သူတာဝန်များ ထမ်းဆောင်နေဆဲတွင် ကွယ်လွန်ခဲ့သည်။

ကြယ်ကြွေည
ကြယ်တစ်ပွင့် ကြွေလွှင့်စင်
ညကောင်းကင် ငိုကြွေး။
အလင်းလွှာ လျော့ကာနည်း
မှောင်မည်းပေါ့လေး။ ။
နန္ဒာမိုးကြယ်

ဂန္ထဝင်…အလွမ်း
နောင်-ယခု–ယခင်
မောင်ဆုရှင်သတင်း
ထုံသင်းဝေလွင်…
မြန်မာမှု စာပေရှင်
ဂန္ထဝင် အမြင့်ပန်း…
လက်တန်းကဗျာသီလို့
အဉ္စလီ ပဏာမရယ်နဲ့
ဦးချကာ ခါခါညွှန်းလို့ရယ်…
ခွန်းနေ့ဆက်လွမ်း… ။ ။
အောင်ကျော်ဆန်း

“စာပေဖခင် မောင်ဆုရှင်” သို့
ဆရာ…
ဆရာ့အသွင်၊ ငါလျှင်မြင်ရ
ရွှင်သောမျက်နှာ၊ နှုတ်မှာချိုမြ
စကားလှဖြင့်၊ သွင်တင့်မူရာ
တွေ့တိုင်းမှာပင်၊ ငြိုငြင်မှုကင်း
ရင်တွင်းအလှ၊ လှစ်ခြွေပြသည်
ဆရာ့မျက်နှာ၊ ဘယ်ခါမမေ့
တစ်ကွေ့ကမ္ဘာ၊ ဆုံချင်ပါသေး
စာပေဖခင်၊ မောင်ဆုရှင်သို့
စိတ်တွင်ခါခါ…
ဦးညွတ်ပါသည်…
ဆရာ…ကောင်းရာသုဂတိလားပါစေ။
အများ…သူ…ငါ…တောင်းဆုခြွေ။
ဘဝတိုင်းမှာ လှပစေ…။ ။
မွှေးငယ်ငယ်

လွန်လေပြီးသော ကာလများ

ဆုံစည်းခဲ့သမျှ
ပြန်မရလည်း…
ဆုံစည်းခဲ့သမျှ
ပြန်တမ်းတရင်း…
လွှမ်းစရှည်နေဦးမှာပါ …ဆရာ။
ဝင်းဝေနောင်
နှုတ်မဆက်ဘဲ သွားလေသူ
အတွေးသစ်မှာ ရေးဖြစ်သွားတဲ့
ဆွေးရစ်စရာ စာလေးတစ်ပုဒ်
ရွေးထုတ်မိလိုက်တော့ …
“ဘယ်တော့မှ…” ဆိုတဲ့ စာစုလေးထဲမှာ
မင်းက…
“နှုတ်မဆက်နဲ့ အချစ်ရယ်
(Never Say Good Bye)….”တဲ့။
ဪ….နိမိတ်ပုံလေလား
အတွေးပွားမိတယ်….ဆရာ။
တကယ့် တကယ်တော
့ဆရာကမှ
လက်မပြ နှုတ်မဆက်ဘဲ
ထွက်ခွာသွားလေသူပါ…
ဆရာနဲ့
“ဘယ်တော့မှ…”
ပြန်လည်ဆုံတွေ့ ခွင့် မရနိုင်တော့ပါ။
ဒါပေမဲ့…
ဆရာပြုစုယုယခဲ့တဲ့
စာပေပန်းခင်းကြီးဟာ
အဆင်းရနံ့တွေနဲ့
သင်းပျံ့ကြိုင်လှိုင်နေမှာပါဆရာ…
ဆရာ…
မြင့်မြတ်တဲ့ ဘုံဌာနသို့ရောက်ပါစေ….
တက္ကသိုလ်ဆန်းတင့်နိုင်