ဒုလ္လဘဆိုတာ

skbmintharMarch 20, 20111min770

ဒုလ္လဘဆိုတာ
“ဒုလ္လဘဆိုတာ.. `ရခဲခြင်း´လို့ အဓိပ္ပါယ်ရတယ် ရဖို့ခဲယဉ်းတယ်လို့ပြောတာ၊ အဲဒီ.. ရခဲတဲ့ဒုလ္လဘတရားက ငါးပါးရှိတယ်.၊ အဲဒါတွေကတော့ ပါဠိတွေနဲ့ပြောပြမယ်နော်…
နံပါတ်တစ် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ=လောကမှာ ဘုရားပွင့်တော်မူတဲ့အချိန်အခါနဲ့တွေ့ဖို့ ခဲယဉ်းသတဲ့..၊ အခု ကံအလွန်ကောင်းလို့… ဘုရားပွင့်တဲ့အချိန်… ဘုရားသာသနာနဲ့တွေ့နေရတာပေါ့..၊ ပြောမယ်ဆိုရင်… အကျယ်ကြီးပြောရမှာ..၊ ဘုရားတစ်ဆူပွင့်ဖို့ရာ… တော်တော်မလွယ်ဘူး.၊ ဘုရားပွင့်တယ်ထားဦး… အဲဒီအချိန် ကိုယ်က လူဖြစ်ဦးမှ…၊ လူဖြစ်တယ်ထားဦး… ကိုယ်က ဘုရားသာသနာကို ယုံကြည်တဲ့… ဗုဒ္ဓဘာသာဝင်ဖြစ်ဦးမှ…၊ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ထားဦး… ဗုဒ္ဓတရားတွေကို နာယူနိုင်စွမ်းရှိတဲ့… ဉာဏ်အမြင်ရှိဦးမှ…၊ ပြောမယ်ဆိုရင်.. အရှည်ကြီးပြောရမှာ…၊ ဒီလောက်ပဲ အကျဉ်းမှတ်ထားလိုက်ပေါ့…´´
နောက်နံပါတ်နှစ်ဒုလ္လဘက… မနုဿတ္တ ပဋိလာဘော ဒုလ္လဘော=လူ့အဖြစ်ကိုရဖို့လည်း အတော်မလွယ်ဘူးတဲ့၊ ဘယ်လောက်ထိမလွယ်သလဲဆိုရင်… မြေပြင်မှာ အပ်တစ်စင်းထောင်ထား…၊ မိုးပေါ်က အပ်တစ်စင်းချလိုက်…၊ အဲဒီအပ်နှစ်စင်းရဲ့… အဖျားချင်းသာ ထိဖို့လွယ်ကူလိမ့်မယ်…၊ လူ့ဘဝရဖို့က… အဲဒီထက် အများကြီးခက်သတဲ့.၊ ပြီးတော့ ရှိသေးတယ်…၊ အလွန်ကျယ်ပြောတဲ့… သမုဒ္ဒရာကြီးထဲမှာ… မျက်စိနှစ်ဘက်ကန်းနေတဲ့… လိပ်ကန်းကြီး တစ်ကောင်ရှိသတဲ့၊ အဲဒီလိပ်ကန်းကြီးဟာ… အနှစ်တစ်ရာကြာမှ ရေပြင်ထက်ကို တစ်ကြိမ်ပေါ်လာသတဲ့.၊ အဲဒီသမုဒ္ဒရာကြီးထဲမှာပဲ… အပေါက်တစ်ခုသာပါတဲ့.. ထန်းပိုးတုံးကြီးတစ်ခုဟာလဲ မျောချင်သလို မျောနေသတဲ့.၊ လိပ်ကန်းကြီးကလည်း… မမြင်မစမ်းနဲ့ သမုဒ္ဒရာကြီးထဲမှာ လျှောက်သွားနေတယ်…၊ ထန်းပိုးတုံးကြီးကလည်း… လေတိုက်လို့ လှိုင်းနဲ့အတူ… မျောချင်ရာမျောနေတယ်…၊ ဒီလောက်ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးထဲက… အဲဒီလိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ… ဟို မျောချင်ရာ မျောနေတဲ့… ထန်းပိုးတုံးအပေါက်ထဲကို… စွပ်ချင်စွပ်မိ လိမ့်မယ်…၊ လူ့ဘဝရဖို့ကတော့… အဲဒီထက် အများကြီးခက်ခဲသတဲ့..”

တစ်နေ့… ဘုရားရှင်ဆွမ်းခံကြွရင်း… မြေကြီးပေါ်က ဖုန်မှုန့်အနည်းငယ်ကို… လက်သည်းတော်ပေါ်တင်ပြီး… ရှင်အာနန္ဒာကိုမိန့်တယ်…၊ `ချစ်သားအာနန္ဒာ… အခု ငါဘုရားလက်သည်းတော်ပေါ်က… ဖုန်မှုန့်အနည်းငယ်နဲ့… ကျန်တဲ့ကမ္ဘာမြေကြီး… ဘယ်ဟာကများသလဲ…´၊ အဲဒီမှာ… ရှင်အာနန္ဒာက… ဒီလိုပြန်လျှောက်ထားတယ်…၊ `ရှင်တော်ဘုရား… အရှင်ဘုရားရဲ့ လက်သည်းတော်ပေါ်က ဖုန်မှုန့်ဟာ… ကျန်တဲ့ကမ္ဘာမြေကြီးနဲ့ ယှဉ်လိုက်ရင်… ဘာမှကို ပြောစရာမရှိအောင်… နည်းပါးလှပါတယ်ဘုရား…´၊ ဒီတော့ ဘုရားရှင်က… ဒီလိုမိန့်တော်မူတယ်…၊ `ချစ်သားအာနန္ဒာ… လူ့ဘဝကသေပြီး… လူပြန်ဖြစ်တဲ့လူတွေဟာ… ဟောဒီငါဘုရားရဲ့ လက်သည်းတော်ပေါ်က… ဖုန်မှုန့်လောက်ပဲရှိတယ်…၊ လူ့ဘဝကသေပြီး.. အခြားတိရစ္ဆာန်, ပြိတ္တာ, ငရဲကို ရောက်သွားတဲ့သတ္တဝါတွေက… ကျန်တဲ့ ကမ္ဘာမြေကြီးလောက်များတယ်…´ အဲဒီလို ဘုရားရှင်က မိန့်တော်မူတယ်…၊ ကဲကြည့်… လူ့ဘဝရဖို့ ဘယ်လောက် မလွယ်သလဲ…´´
ပြီးတော့.. နံပါတ်သုံးက… သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘာ=ရတနာသုံးပါးနဲ့ ကံ,ကံရဲ့အကျိုးကို ယုံကြည်တဲ့သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ရာလည်း… ခဲယဉ်းလှသတဲ့..´´
ဒို့ဗုဒ္ဓဘာသာတွေဆိုတာ… ရတနာသုံးပါးနဲ့ ကံ,ကံရဲ့အကျိုးတရားကိုပဲ… ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ကိုးကွယ်ရတယ်…၊ ဟို… ဘိုးတော်တွေ… ဗေဒင်လိမ်တွေ… နတ်စိမ်းတွေကို… ယုံကြည်ကိုးကွယ် နေစရာမလိုဘူး..၊ အဲဒါတွေကို အဟုတ်မှတ်ပြီး… ကိုးကွယ်ပသနေရင်… သရဏဂုံညှိုးနွမ်းတယ်…၊ သေချာစဉ်းစားကြည့်ပေါ့…၊ ရတနားသုံးပါးနဲ့ ကံ,ကံရဲ့အကျိုးကို… စစ်စစ်မှန်မှန်ယုံကြည်သူနဲ့… နတ်စိမ်း, နတ်ပြာ, ဘိုးတော်လိမ်, ဗေဒင်လိမ်တွေကို… ကိုးကွယ်ဆည်းကပ်နေကြတာ… ဘယ်ဟာက ပိုများသလဲ…´´ရဟန်းအဖြစ်ရဖို့… တယ်မလွယ်ဘူးကွဲ့…၊ အသက်ကလဲ နှစ်ဆယ်ပြည့်ရမယ်…၊ လူသားစစ်စစ်လည်းဖြစ်ရမယ်…၊ ခြေလက်အင်္ဂါလည်းစုံရမယ်…၊ ယောက်ျားစစ်စစ်လည်းဖြစ်ရမယ်…၊ အမိအဘ ဆရာသမား-စတဲ့… အုပ်ထိန်းသူတွေကလည်း… ခွင့်ပြုရမယ်…၊ ဒါ အကြမ်းဖျင်းပြောပြတာ…၊ အကျယ်ချဲ့ပြောရင်… မင်းတို့နားရှုပ်မှာစိုးလို့…၊ နောက်ထပ် အများကြီးကျန်သေးတယ်…၊ ရဟန်းဖြစ်သွားရင်လည်း လိုက်နာရမယ့် စည်းကမ်းတွေက… အများကြီးကွဲ့…၊ လွယ်လွယ်လေးနဲ့ရတာမဟုတ်ဘူး…၊ ဒါ့ကြောင့်… ဒုလ္လဘလို့ ပြောတာ ပေါ့ကွယ်…´´

“ကိုယ်အင်္ဂါချို့တဲ့သူ ရဟန်းပြုလျှင်´´

“ကိုယ်အင်္ဂါချို့တဲ့သူကို ရဟန်းပြုမပေးကောင်းပါဘူး၊ အကယ်၍ ရဟန်းပြုပေးခဲ့လျှင် ရဟန်းပြုပေးသောပုဂ္ဂိုလ်မှာ ဒုက္ကဋ်အာပတ် သင့်ပါတယ်၊ အမှန်တော့ ရဟန်းပြုမပေးကောင်းတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်အင်္ဂါချို့တဲ့သူမျှသာမကဘူး၊ အားလုံး ၃၂-ပါးရှိတယ်´´
“ဪ… အများကြီးပါလား၊ ဘယ်လိုပုဂ္ဂိုလ်များလဲဘုရာ့ ရဟန်းပြုမပေးကောင်းတာ၊ မိန့်တော်မူပါဦးဘုရာ့´´
“မဟာဝါ မဟာခန္ဓကမှာဟောတော်မူတဲ့ ရှင်ရဟန်းမပြုထိုက်သူ ၃၂-ပါးစာရင်းက (၁) လက်ပြတ်သူ၊ (၂) ခြေပြတ်သူ၊
(၃) လက်ခြေပြတ်သူ၊ (၄) နားပြတ်သူ၊ (၅) နှာခေါင်းပြတ်သူ၊ (၆) နားနှာခေါင်းပြတ်သူ၊ (၇) ခြေချောင်း-လက်ချောင်းပြတ်သူ၊
(၈) ခြေမ,လက်မ ပြတ်သူ၊ (၉) အကြေမ ပြတ်သူ၊ (၁၀) ခြေချောင်း-လက်ချောင်းပူးသူ၊ (၁၁) ကုန်းသူ၊ (၁၂) ပုကွသူ၊
(၁၃) လည်ပင်းကြီးနာရှိသူ၊ (၁၄) သံပူကပ်၍ တံဆိပ်ခပ်ထားသူ၊ (၁၅) ကြိမ်ဒဏ်ပေးခံရသူ၊ (၁၆) တွေ့ရာအရပ်သတ်စေဟု
ကြေညာခံထားရသူ၊ (၁၇) ခြေကိုင်းသောသူ၊ (၁ဂ) အနာဆိုးရှိသောသူ၊ (၁၉) အသွင်ချို့တဲ့သူ၊ (၂၀) တစ်ဘက်ကန်းသူ၊
(၂၁) လက်ခြေကောက်သူ၊ (၂၂) ခွင်သောသူ၊ (၂၃) ကိုယ်တစ်ခြမ်းသေ(ဖက်သက်နာ)စွဲသူ၊ (၂၄) အသွားဆွံ့သောသူ၊
(၂၅) အိုမင်းမစွမ်းသူ၊ (၂၆) မျက်စိနှစ်ဘက်ကန်းသူ၊ (၂၇) စကားဆွံ့သူ၊ (၂၈) နားပင်းသူ၊ (၂၉) ကန်းလည်းကန်း,
အလည်းအသောသူ၊ (၃၀) ကန်းလည်းကန်း, နားလည်းပင်းသောသူ၊ (၃၁) အလည်းအ, နားလည်းပင်းသောသူ၊
(၃၂) ကန်းလည်းကန်း, အလည်းအ, နားလည်းပင်းသောသူ၊ အဲသည် ၃၂-ပါးသောပုဂ္ဂိုပ်များကို ရှင်လည်းမပြုပေးကောင်းဘူး၊
ရဟန်းလည်းမခံပေးကောင်းဘူး၊ အကယ်၍ ရှင်ရဟန်းပြုပေးလျှင် ရှင်အဖြစ်, ရဟန်းအဖြစ်ကိုတော့ ရောက်ပါတယ်၊
သို့သော် ရှင်ရဟန်းပြုပေးတဲ့ကိုယ်တော်များ ဒုက္ကဋ်အာပတ်သင့်ရောက်တယ်လို့ ဝိနည်းမဟာဝါ ပါဠိတော်မှာ ဘုရားရှင်
ဟောတော်မူထားတယ်ကွယ့်…´´

“မှန်ပါ-ရှင်းလင်းပါပြီ ဘုရား´´
“သာဓု-သာဓု-သာဓု´´