ပန်းသီးဖီလင်…

introMarch 23, 20111min955

“သန်းမေ ထ… ထ…”

“ဟင်… အင်း… ဟီး… ဟီး…”
သန်းမေက တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်၏။

“သန်းမေ ထတော့လေ။ အောင်ထူးတို့တောင် သွားကြပြီ”

“ငါ နေမကောင်းဘူး သန်းမောင်”
သန်းမေ နဖူးကို သန်းမောင် စမ်းကြည့်သည်။

ကိုယ်တွေပူနေသည်။ အမေကလည်း မရှိ။ ပြန်မလာသည်မှာ နှစ်ရက်ရှိပြီ။ အမေက ဒီလိုပဲ အိမ်မှ နှစ်ရက်သုံးရက် ပျောက်သွားတတ်သည်။ အမေ မရှိလျှင် သန်းမောင်တို့ မောင်နှမ နှစ်ယောက် လမ်းကြိုလမ်းကြား လျှောက်ကာ တွေ့သမျှ ပုလင်းခွံတွေ၊ စက္ကူကတ်ထူ အတိုအစတွေ ကော်တွေ ကောက်ရောင်းရကာ ကိုယ့်ဝမ်းရေးကိုယ် ဖြေရှင်းရသည်။ အမေ ပြန်ရောက်လာလျှင်တော့ ငယ်သေးသော သန်းမောင်က သန်းမေနှင့် လိုက်စရာ မလိုတော့ပေ။ အိမ်မှာပင် အမေ ချက်ကျွေးတာကို စားလိုက်၊ ကစားလိုက်၊ အိပ်လိုက်နေလို့ ရသည်။ သန်းမေကတော့ အမေ ရှိရှိ၊ မရှိရှိ နေ့တိုင်း ထွက်သည်။ သူရတာကို သူ့ဟာသူ စားချင်တာစား ဝယ်ချင်တာဝယ်၏။ အမေက သူ့ရှိတာ ကုန်၍ နောက်တစ်ခါ ထွက်သွားပြန်လျှင် သန်းမောင်၏ တာဝန်က သန်းမေ ပခုံးပေါ် ရောက်၏။ သန်းမေ သွားရာနောက် တကောက်ကောက် လိုက်၍ သန်းမေ ကျွေးတာကို စားရပြန်လေ၏။

မနေ့ကလည်း သန်းမေနှင့် အတူ လိုက်သွား၏။ တစ်နေကုန် ရသမျှကို ညနေကျ သွားရောင်း၏။ ဦးဟာရှင်က ပိုက်ဆံ ငါးရာသာ ပေး၏။ ကမ္ဘာ့ စီးပွားရေး ကျနေလို့ ကော်ဈေး၊ စက္ကူဈေးလည်း ကျသည်ဟု ပြောသည်။ သန်းမေက မကျေနပ်။ ခါတိုင်း ထောင့်လေးငါးရာ ရနေကျဟု ပြောသည်။ နောက်ဆုံးတော့ ခုနစ်ရာ ပေး၏။

“သန်းမေ၊ ဗိုက်ဆာတယ်”

“ငါ့မှာ ပိုက်ဆံ မရှိတော့ဘူး။ မနေ့က ခုနစ်ရာက အကုန် စားလိုက်တာပဲ”

“အမေ ဘယ်တော့ ပြန်လာမှာလဲ”

“ဘယ်သိမလဲ။ ငါ့ကို ရေခပ်ပေး။ အာခေါင်တွေ ခြောက်လိုက်တာ”

အိမ်ရှေ့ စဉ့်အိုး ကွဲထဲက ရေတစ်ခွက် ခပ်ပေးလိုက်သည်။ သန်းမေက အငမ်းမရ သောက်၏။
“အောင်ထူးတို့ သွားပြီလား”

“သွားကြပြီ”

“ဘယ်လို လုပ်မလဲ။ ငါ ဒီနေ့ မလိုက်နိုင်ဘူး။ နင်တစ် ယောက်တည်း သွားမလား”

သန်းမောင် တွေဝေ သွားသည်။ အမှန်တော့ သန်းမေနောက်သို့ အပျော် သဘော လျှောက်လိုက် နေခြင်းသာ ဖြစ်၏။ အသက်ဆယ့် တစ်နှစ် ရှိပြီ ဖြစ်သော သန်းမေက လည်လည်ဝယ်ဝယ် ရှိ၏။ သန်းမေထက် လေးနှစ်ငယ်သော သန်းမောင်မှာ ဘယ်လို ပစ္စည်းမျိုးက ပြန်ရောင်းလို့ ရသည်ကိုပင် သိပ်ခွဲခြား မသိသေး။

“ဘယ်လိုလဲ။ နင် သွား ကောက်ရင်တော့ နင့်ဟာနင် ထမင်း ဝယ်စားလို့ ရတာပေါ့”

“နင်ရော”

“မသိဘူး။ ညနေ နင် ပြန်လာရင် ငါ့အတွက် အပူ ကျဆေး ဝယ်လာခဲ့”

သူတို့နေသော ကျူးကျော် တဲစုလေးမှ ထွက်၍ ရထားလမ်းကို ကျော်လိုက်သည်နှင့် တိုက်တာ အဆောက် အအုံတွေကို လှမ်းမြင်ရသည်။ သန်းမေနှင့် သွားနေကျ လမ်းအတိုင်း သန်းမောင် လျှောက် ထွက်လာခဲ့သည်။

အတော်လေး နေမြင့် လာတော့ ရထားသမျှကို သွန်ချပြီး ဉာဏ်မီသလောက် တွက်ကြည့်သည်။ ပိုပိုသာသာ တွက်ကြည့်တာတောင်မှ တစ်ရာဖိုး မပြည့်ချင်။ ဗိုက်က ဆာလှပြီ။ ကောက်လာသော ရေသန့် ပုလင်းထဲက လက်ကျန်ရေကို မော့သောက်ပြီး ပန်းခြံဘက်ကို သန်းမောင် ထွက်ခဲ့သည်။ ပန်းခြံနားတစ် ဝိုက်တွင် ပစ္စည်း အရနည်း တတ်သော်လည်း ရသမျှ ပစ္စည်းတွေက သန့်၍ ဈေးပို ရတတ်သည်။ တစ်ခါတစ်ရံ လမ်းသွား လမ်းလာတွေက သနားသဖြင့် ပေးကျွေးသွား လျှင်လည်း မြိုးမြိုးမြက်မြက် ရတတ်သည်။

ပန်းခြံဘေးရှိ သစ်ပင် ရိပ်တွင် ခြံစည်းရိုး သံတိုင် များကိုမှီ၍ သန်းမောင် ထိုင်ချလိုက်သည်။ ရေသန့် ဘူးဟောင်းများထဲမှ ကျန်သမျှ ရေတွေကို အကုန်အစင် သောက်လိုက်တော့ အနည်းငယ် အဆာပြေသွားသည်။ လူကတော့ နုံးခွေ၍ နေသည်။ တစ်ခုခု စားလိုက်ရရင် အားတွေ ရှိလာမှာပဲဟု တွေး၏။ ဆာလောင်နေသော ဗိုက်ပေါ်သို့ လက်ဖြင့် ပွတ်သပ်ပေးရင်း မှေးခနဲ အိပ်ပျော် သွား၏။

သန်းမောင် အိပ်မက် မက်နေ၏။ အိပ်မက်ထဲတွင် မုန့်တွေ အများကြီး သယ်၍ အမေ ပြန်လာ၏။ သန်းမောင်တို့ မောင်နှမ နှစ်ယောက် စိတ်ကြိုက်စားတာတောင် မုန့်တွေ က မကုန်နိုင်။ အမေက မုန့်တွေကို ထပ်ထပ်ပေးရင်း အတင်း စားခိုင်းနေသည်။

“စားလိုက်ပါ သား ရယ်၊ ချိုကချိုနဲ့”

အမေ့အသံက သန်းမောင် ဘယ်တုံးကမှ မကြား ဖူးဘူးခဲ့သလို ချိုလွင်အေးမြ နေသည်။
“ဟင့်အင်း။ စားချင်ဘူး”

ပြန်ပြောလိုက်တာက သန်းမောင် မဟုတ်။ ဘယ် သူလဲ မစားဘူး ပြောတာ။ သန်းမောင် ယီးတီးယောင်တောင် ဖြစ်သွားသည်။ စားမှာ စားမှာဟု မြည်တမ်းရင်း မျက်လုံးကို ဖွင့်ကြည့်လိုက် သည်။ အိပ်မက် မက်နေတာမှန်း သိလိုက်ရတော့ အကြီး အကျယ် စိတ်ပျက်သွား သည်။
“စားပါ သားရယ်နော်”

အိပ်မက်ထဲက အသံကို ထပ်ကြားရပြန်သည်။ သန်းမောင် ခေါင်းကို ချာလည်လှည့်၏။ ပန်းခြံထဲက သူနှင့် ကျောချင်းကပ်လျက် သစ်ပင်ရိပ်အောက်ရှိ ခုံတန်း ပေါ်တွင် အဒေါ်ကြီး တစ် ယောက်နှင့် သူ့အရွယ်ကောင် လေး တစ်ယောက်တို့ ထိုင်နေကြသည်။ အဒေါ်ကြီးက လက်ထဲရှိ အခွံနွှာထားသော ပန်းသီးစိတ်များကို ကောင်လေးကို ကျွေးနေ၏။ အဒေါ် ကြီး၏ ဘေးတွင်လည်း နီနီ ရဲရဲ ပန်းသီးကြီးများ ထည့် ထားသော အိတ်တစ်လုံးကို ချထား၏။
ဖြူဖြူပိန်ပိန်ဖြစ်သော ကောင်လေးက ဘာကို အလို မကျလဲ မသိ။ မျက်နှာကို သုန်မှုန်ပြီး တစ်ဖက် လွှဲထား၏။

“စားလိုက်ပါ သား ရယ်၊ ပန်းသီးလေးက ချိုက ချိုနဲ့”

“စားချင်ဘူး”

ကောင်လေးက ခေါင်း ကို တယမ်းယမ်း လုပ်နေ၏။ တွဲလောင်း ချထားသော ခြေထောက်ကိုလည်း မြေကြီး ပေါ်သို့ မမီတမီ လှမ်းဆောင့် နေသေး၏။ အတော်မိုက်တဲ့ ကောင်။ ပန်းသီးများ မစား ချင်ဘူးတဲ့။ ပန်းသီးဆိုတာ လူတိုင်း စားနိုင်တာ မဟုတ်ဘူးကွ။ မင်းက သူဌေးမို့ စား နိုင်တာ။

ပန်းသီးဆိုတာ သူဌေး တွေမှ စားနိုင်တာဟု သန်းမြင့်က ပြောပြဖူးသည်။ သည်လို ပြောသည့်နေ့က သန်းမေ ပန်းသီးတစ်လုံး ရလာသည်။ ပန်းသီးနီနီကို သန်းမောင် မျက်နှာရှေ့တွင် ဝေ့ကာဝဲကာ ပြ၏။ သန်းမောင်က လှမ်းယူတော့ ပန်းသီးကို သူ့ရင်ခွင်တွင်းသို့ လက်နှစ်ဖက်ဖြင့် အုပ်ဝှက်၏။

“ငါ ခိုးလာတာ၊ ပြေးလိုက်ရတာ မောသွားတာပဲ”

ရင်ခွင်တွင်းမှ ပြူ ထွက်နေသော ပန်းသီးထိပ် ပိုင်းလေးကို လက်ညှိုးဖြင့် တယုတယ ပွတ်ပေးနေရင်း ပြော၏။ ထို့နောက် ပန်းသီးကို ဂွမ်းခနဲမြည်အောင် ကိုက် ပြ၏။ ပန်းသီးကို တမြုံ့မြုံ့ ဝါးရင်း “ဖီးပဲ”ဟု တီဗွီ ကြော်ငြာထဲက မင်းသမီး ပုံစံ လုပ် ပြ၏။

သန်းမောင်က ပန်းသီးကို လှမ်းလုတော့ သန်းမေက ထွက်ပြေးသည်။

“ငါ့ကို မီအောင်လိုက်လေ။ မီရင် ကျွေးမယ်”

သန်းမေကို မီအောင် သန်းမောင် မလိုက်နိုင်ပါ။ သို့သော် သန်းမေက ပန်းသီးတစ် ခြမ်း ကျွေးပါသည်။ တစ်သက်မှာ တစ်ခါသာ စားခဲ့ ဖူးရသော ပန်းသီး အရသာမှာ ချို၏။ မွှေး၏။ အေး၏။ ပြန်၍ သတိ ရမိသော အခါ အခုပင် စားခဲ့ရသလို သန်းမောင် ထင်မိ၏။ ပါးစပ်ထဲတွင် ပြည့်လာသော သွားရည်ကို ပြက်ခနဲ မြည်အောင် မျိုချ လိုက်မိ၏။ သန်းမောင်ထံမှ အသံကြောင့် အဒေါ်ကြီးက လှည့်ကြည့်သည်။ ရွံရှာဟန်ဖြင့် တစ်ဖက် လှည့်သွားပြီးမှ တစ်ဖန် ပြန်ကြည့်၏။ အဒေါ်ကြီးက အကြံတစ်ခု ရသွားဟန် ဖြင့် သူ့သားဘက်ကို ပြန်ကြည့်၏။

“ကဲ သား၊ ပန်းသီးစား မှာလား၊ ပြော”

ဒီတစ်ခါ အဒေါ်ကြီး အသံက ချိုသော်လည်း အနည်းငယ် မာ၏။
“ဖေဖေ ရုပ်ရှင်ပြမယ် ပြောပြီး…”

“ဖေဖေက ရုံးမှာ မီတင် မပြီးသေးလို့ ဒီမှာ စောင့်ခိုင်းထားတာ သားရယ်။ ဒီမှာ ကြည့်၊ လက်မှတ်တောင် ဝယ်ပြီးပြီ”

“ဟင်း မေမေကလည်း အခုပဲ ထမင်း စားထားတာ ကို”

မိုက်လိုက်တဲ့ကောင်။ ထမင်း စားရတာ ကောင်းတာပေါ့။ သန်းမောင် မချင့်မရဲ တွေး၏။ ငါသာဆို ကျွေးသမျှ ကုန်အောင်စားမှာ။
“ထမင်း စားပြီးတိုင်း သစ်သီး စားရမယ်လေ သားရဲ့။ ဒါမှ သားလေး ကျန်းမာပြီး အားရှိမှာ”

“ဟင့်အင်း”

ကောင်လေးက ခေါင်းခါပြီး တစ်ဖက် ပြန်လှည့်သွား၏။
“ဟိုမှာ ကြည့်စမ်း သား”

အဒေါ်ကြီးက သန်းမောင်ကို လက်ညှိုးထိုးပြ သည်။
“တွေ့လား၊ စားချင်လို့ ငေးနေတာ။ သား မစားရင် သူ့ ကျွေးလိုက်မှာနော်”

ကျွေးမယ် ဆိုပါလား။သန်းမောင် ရင်ဘတ်ထဲတွင် ဟစ်ဟော့ပ်နှစ်ဖွဲ့ ဆိုင်ပြီး အပြိုင်ရန်တွေ့ကြသလို အိုး နင်းခွက်နင်း ဖြစ်သွား၏။
“ကျွေးလိုက်”

ကောင်လေးက ဂရု မစိုက်ဟန်ဖြင့် လှည့်မကြည့်ဘဲ ပြော၏။ သဘောကောင်း လိုက်တဲ့ကောင်။ ဒီထက် ပိုပိုပြီး ဌေးပါစေ။ သန်းမောင် ဝမ်းသာအားရ ဆုတောင်းပေးရင်း ဒူးထောက်လျက် ရှေ့တိုး၏။
“တကယ်လား၊ မေမေ ကျွေးလိုက်မှာနော်”

အဒေါ်ကြီးက လှည့်မကြည့်ဘဲ ပန်းသီး ကိုင်ထား သောလက်ကို သန်းမောင် ဘက်သို့ ဆန့်တန်း၏။
တကယ် ကျွေးတော့ မှာ။ ဝမ်းသာစိတ်ဖြင့် သံတိုင် တွေကြားထဲ ခေါင်းကို တိုးကပ်၏။ စားရပါတော့မယ် ဆိုမှ ဗိုက်က ဂလွီဂလွမ်မြည် လာပြန်သည်။ မြည်၊ ကြိုက် သလောက်မြည်ထား။ ခဏ နေရင် မင်းထဲကို ပန်းသီးတွေ ပစ်ထည့်လိုက်မယ်။
“ကျွေးလိုက်တော့မယ်နော်”

ကောင်လေးဆီက အသံထွက်မလာ။ အဒေါ်ကြီး လက်က သန်းမောင် မျက်နှာ နှင့် ပိုနီးလာသည်။ သံတိုင် တွေကြားသို့ ခေါင်းထိုးသွင်း၏။ မဝင်။ ဒီခေါင်းက ဘာလို့ ဒီလောက်ကြီးရတာလဲဟု ကိုယ့်ခေါင်းကိုယ် ငြူစူ၏။ ပန်းသီးနံ့ မွှေးမွှေးလေးကို ပင့်ရှူလို့ ရနေပြီ။ ဗိုက်က ပိုပို ဆာလာ၏။ ရှေ့နည်းနည်း တိုးပါဦး ဒေါ်ကြီးဟု သန်းမောင် စိတ်ထဲက အသံတိတ် ပြော၏။

“သားကို ကွန်ပျူတာ ဂိမ်းဝယ်ပေးမှာလား”

ကောင်လေးဆီက တောင်းဆိုချက် ထွက်လာသည်။ အဒေါ်ကြီး လက်ကို ပြန်ရုပ်သွား၏။
“တစ်လုံးကုန်အောင် စားရင် ဝယ်ပေးမယ်”

မစားနဲ့။ ဟေ့ကောင် မစားဘူးလို့ ပြောလိုက်။ ကောင်လေးဆီမှ အသံထွက် မလာ။ တစ်ခုခုကို ကြံစည်နေပုံ ရ၏။ ငါ ဗိုက်ဆာ နေလို့ပါကွာ။ မင်း မစားဘူးလို့ ပြောလိုက်ပါ။ သန်းမောင် စိတ်ထဲက ကျိတ်၍ တောင်းပန်မိသည်။
“ဟင်း မေမေကလည်း၊ ဒါဆို သားကို ဟတ်ပီးဝေါလ်လည်း လိုက်ပို့ပေး”

“ပို့ပေးမယ်။ သားသာ အစားကို ကျွေးတိုင်းစား”

“တကယ်နော်”

လိုချင်တာ ရသွားသော ကောင်လေးက ဝင်းပသော မျက်နှာဖြင့် အဒေါ်ကြီးကို မော့ကြည့်၏။ အဒေါ်ကြီးက နှစ်ခြိုက်စွာ ပြုံးရင်း ပန်းသီး စိတ်ကလေးများကို တစ်ခုချင်းစီ ခွံ့ကျွေး၏။ သွားပြီ။ နာဂစ် ဝင်မွှေ သွားသလို သန်းမောင်၏ စိတ်သည် အလဲလဲ အပြိုပြို ဖြစ်သွားသည်။ ကောင်လေးက ပန်းသီး တမြုံ့မြုံ့ဝါးနေသည်ကို သန်းမောင် နှမြော တသစွာ ငေးနေမိသည်။ ကောင်လေး၏ နှုတ် ခမ်းထောင့်စွန်းမှ ကျနေသော ပန်းသီးရည်ကို အဒေါ်ကြီးက တစ်ရှူးစလေးဖြင့် တို့သုတ်ပေး၏။ သန်းမောင်က ကျလာသော မျက်ရည်ကို လက်ဖမိုးဖြင့် ပွတ်သုတ်ပြီး ထရပ်၏။

အဒေါ်ကြီးက သန်း မောင်ကို လှည့်ကြည့်၏။ သနားဟန်ဖြင့် တစ်ချက်မျှ တွေသွားပြီး သူ့လက်ကိုင် အိတ်ကိုဖွင့်ကာ မွှေနှောက်နေ၏။ သန်းမောင် မသွားဘဲ ရပ်စောင့်နေမိသည်။ အဒေါ် ကြီးက ငါးဆယ်တန် တစ်ရွက်ကို ခေါက်၍ ပစ်ပေး၏။ ငါးဆယ်တန်ကို ကောက်၍ လှည့်ထွက်လာခဲ့သည်။

နေကလည်း ပူလှပြီ။ ဝမ်းထဲမှာ ဆာလောင်မှုက ပို၍ပူပြင်း၏။ တစ်လှမ်းချင်း စီ တရွတ်ဆွဲ၍ သန်းမောင် လျှောက်လာခဲ့၏။ ပန်းခြံကို ကျော်သွားပြီး လမ်းထောင့် မှ ချိုးကွေ့လိုက်တော့ ရှေ့တွင် ပန်းသီးသည် တစ်ဦးကို တွေ့ရ၏။

ဒေါက်တိုင်ပေါ် တင် ထားသော သစ်သားဗန်းပေါ် တွင် ပန်းသီးများ စီစီရီရီပြည့် နေ၏။ တချို့က နီနီစွေးစွေး။ ဝင်းလို့စိုလို့နေ၏။ သန်းမောင် ရင်ထဲတွင် အားအင်တွေ ပြည့် လာသလို ခံစားလိုက်ရ သည်။ လက်ထဲက ပိုက်ဆံ ကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ပြီး ပန်းသီးသည်ရှေ့တွင် သွားရပ်၏။

ပန်းသီးသည် အဒေါ် ကြီးက မော့ကြည့်ပြီး ဘာလဲ ဟု မေး၏။ သန်းမောင်က ငါးဆယ်တန်ကို လှမ်းပေး ရင်း ပီပီသသပြောလိုက်သည်။
“ပန်းသီး ပေးပါ”

“ဘာ၊ ပန်းသီး ပေးပါ။ ငွေလေး ငါးဆယ်နဲ့”

“ဟဲ့ ငါ့ ပန်းသီးက ချင်းသီး၊ တရုတ်သီး မဟုတ် ဘူးဟဲ့။ ဩစတြေးလျားသီး၊ တစ်လုံးကို ရှစ်ရာဟဲ့ ရှစ်ရာ”

မိန်းမကြီးက ကြော်ငြာ ဆန်ဆန် ရန်တွေ့၏။ တစ်လုံး ရှစ်ရာ။ ရှစ်ရာဆိုသော ငွေက ဘယ်လောက်များလဲ သန်း မောင် မသိ။ သန်းမောင် ဗိုက် ဆာလှပြီ။ ပန်းသီးတစ်လုံး လောက်တော့ စားရမှ ဖြစ်တော့မည်။

“ငါ ခိုးလာတာ”

မျက်စိရှေ့တွင် ပန်းသီး ကို ဝေ့ကာဝဲကာ လုပ်ပြနေသော သန်းမြင့်ပုံကို ပြန်မြင် ယောင်မိ၏။ လက်ထဲတွင် ကိုင်ထားသော ပိုက်ဆံကို လွှတ်ချလိုက်ပြီး ပန်းသီးနီနီ တစ်လုံးကို ဆတ်ခနဲ ကောက်ယူကာ သန်းမောင် ပြေး ထွက်ခဲ့တော့သည်။
“လုပ်ပါဦး…သူခိုး၊ သူခိုး”

မိန်းမကြီး၏ အော်သံ ကမ္ဘာ ပျက်မတတ် ထွက်လာ၏။ ဖြတ်သွားဖြတ်လာတွေ က လှည့်ကြည့်ကြသည်။ သန်းမောင် ဘာကိုမှ ဂရုမစိုက်အားဘဲ အားကုန်ထုတ်၍ ပြေး၏။ ပြေးရမယ်။ ပြေး ပြေး။ ပန်းသီး စားရအောင် ပြေး။ ပန်းသီးလေးက ချိုအေးနေမှာ။ ရင်ထဲတွင် အားတွေ ပြည့်လာသလို ခံစားရသည်။ ပန်းသီးကို ဂွမ်းခနဲ မြည်အောင် ကိုက်စားလိုက်မည်။ ဆာနေသမျှတွေ မောနေသမျှတွေ ပြေပျောက်သွားလောက် အောင် ပန်းသီးလေးက ချို အေးနေရမည်မှာ ဧကန်အမှန်။ သန်းမောင် ပျော်ရွှင် လာမိသည်။ ပြေးနေသော ခြေထောက်တွေက မြေကြီးထိ သည်ဟု မထင်ရ။ သန်းမောင် လေထဲတွင် မြောက်တက်သွား၏။ အရှိန်နှင့် ရှေ့သို့မှောက်လျက်လဲ ကျသွားသည်။ တစ်ယောက် ယောက်က နောက်မှ ရိုက်လိုက်ခြင်း ဖြစ်သည်။

မှောက်လျက်ကျသွား သော သန်းမောင်က ပန်းသီးကို ရင်ခွင်တွင်းထည့်ဝှက်ပြီး ဘေးဘီကို ကြောက်လန့်တကြား မော့ကြည့်၏။ လူတွေက ဝိုင်းအုံကြည့်နေကြ သည်။ လူကြီးတစ်ယောက် က သန်းမောင်ကို လည်ကုပ်မှ ဆွဲမသည်။ အပြေးအလွှား ရောက်လာသော ပန်းသီးသည် အဒေါ်ကြီးက သန်းမောင်ရင်ခွင်ထဲမှ ပန်းသီးကို ဆတ်ခနဲ ဆွဲယူသည်။ ပန်းသီးကို အဖိုးတန် ရတနာတစ်ပါး လို လှည့်ပတ်၍ ကြည့်မိ၏။

“တော်ပါသေးရဲ့။ မပွန်းမပဲ့လို့”

ပြောပြောဆိုဆို အစွန်း ထွက်နေသော အထက်ဆင်စနှင့် ပန်းသီးကို ပွတ်သုတ်၏။
“ခွေးသူခိုးလေး”

သန်းမောင်ကို တစ်ချက် ဆဲရေးကာ လှည့်ထွက်သွား သည်။
“ဒီကောင်လေးကို ဘာလုပ်မှာလဲဗျ”

သန်းမောင်ကို ကုပ်မှ ကိုင်ထားသူက မေး၏။
“ကြိုက်သလိုသာ လုပ်ကြ”

“လွှတ်ပေးလိုက်ပါ ကွာ”

“ဟုတ်ပါရဲ့ သနားပါတယ်”

ဘေးမှလူတွေက တစ် ယောက်တစ်ပေါက် ဝိုင်းပြောကြသည်။ သန်းမောင်ကို လွှတ်ပေးပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့ တစ်ယောက်တည်း မလှုပ်မယှက် ရပ်နေမိသည်။ လေဟာပြင်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့သလို ခံစားရသည်။ ဘယ်သူမှ မရှိ။ ဘာ မှမရှိ။ ရင်ထဲမှာလည်း ဘာမှ မရှိ။ ဗိုက်ထဲမှာလည်း ဘာမှ မရှိ။ နာကျင်မှု မရှိ။ ဆာလောင်မှု မရှိ။ ခံစားနိုင်မှု မရှိ။ ပကတိ အရှုူံး။

“ဟေ့ကောင်လေး သွားတော့လေကွာ”

တစ်ယောက်ယောက်က ပြော၏။ အသံက အဝေးကြီးမှာ လာနေသလို ခံစား ရသည်။ သွားရမယ်။ တစ် လှမ်းချင်း လှမ်းနေမိသည်။ သူ့အရိပ်က သူ့ခြေထောက် အောက်တွင် ပြားကပ်လျက် လိုက်ပါ လာနေသည်။ သူ့နှာခေါင်းထဲမှ စေး ပျစ်ပျစ်အရည်တွေက သူ့နှုတ် ခမ်းပေါ်သို့ စီးကျလာသည်။ လျှာဖြင့်ထိုး၍ လျက်လိုက်သည်။ ငန်ငြိငြိ အရသာကို ရသည်။ လက်ဖြင့် တို့ကြည့် သည်။ သွေးတွေ။ နီနေ၏။ ရဲနေ၏။ ပန်းသီးတစ်လုံးလို။

သန်းမောင် နောက်တစ် ကြိမ် လျှာဖြင့် ထပ်လျက် လိုက်သည်။ ရင်ထဲတွင် ပြည့် သွားသလို ခံစားရသည်။ သူ့ ဗိုက်က တဂျုတ်ဂျုတ် မြည်လာပြန်သည်။ သန်းမောင် နောက်ထပ် တစ်ကြိမ်ပြီးတစ် ကြိမ် လျှာဖြင့်လျက်ပြီး မျိုချ နေမိသည်။ သန်းမောင်၏ စိတ်ထဲ တွင်တော့ ပန်းသီးသည် သွေးကဲ့သို့ နီရဲပြီး သွေးသည် ပန်းသီးကဲ့သို့ ဘာကြောင့် မချိုမြိန်ရပါလိမ့်ဟု အံ့ဩနေ မိပါသည်။
http://www.shweamyutay.com/index.php?option=com_content&view=article&id=2996%3A2011-03-03-06-08-08&catid=91%3A2008-06-08-19-55-22&Itemid=683

ပြုံးချို
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

5 comments

  • bigcat

    March 24, 2011 at 3:02 am

    သန်းမေဖျားနေပြီ၊ သန်းမောင်ဆာနေသည်။ သန်းရွှေဘာလုပ်နေသလဲ…..

    • char too lan

      March 24, 2011 at 5:18 am

      နောက်ဖေးလမ်းကြားမှာ ချီးကျုံးနေဒယ်ဂျ 🙂

  • dream

    March 24, 2011 at 3:19 am

    နာမန်းထားတာတွေ ဘယ်ရောက်ကုန်ပါလိမ့် ???

  • santds

    March 24, 2011 at 5:25 am

    သဘာဝကျပြီး အရမ်းလည်း ဖတ်လို ့ကောင်းပါတယ်။
    အခုလို ပို ့စ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။

  • ဆူး

    March 26, 2011 at 4:57 pm

    ဇတ်လမ်းလေးက သနားစရာလေး.. သနားစရာ ဘဝ နာတဲ့ ကလေးတွေ အကြောင်း သေချာ ရေးထားတာဘဲ။ ဖတ်လို့ကောင်းတယ်။

Leave a Reply