လေပြင်းတိုက်လို့ အိမ်တွေပြို
အလဲဗန်းဂျာနယ်မှာ ပါတဲ့ သတင်းတစ်ပုဒ် ဖတ်မိပြီး ကျမစိတ်ထဲ ခြောက်ခြားစိတ်တွေ ၊ အံ့ဩစိတ်တွေ ၊ သနားဂရုဏာစိတ်တွေ ၊ တုန်လှုပ်မှူတွေနဲ့ အတူ ဒေါသလည်း ဖြစ်မိပါတယ်… ။ သတင်းကတော့ … မတ်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရုတ်တရက် လေပြင်း တချက် တချက် မွှေ့လို့ ပြိုပျက်သွားရတဲ့ အခြေခံလူတန်းစားများရဲ့ အိမ်ပျက်တဲ့ သတင်းနဲ့ … သတင်း ဓါတ်ပုံတွေပါပဲ… ။မြင်ရတာ အံ့ဩမိပါရဲ့… အပြိုပျက်တွေ မြင်ရတာလည်း ခြောက်ခြား တုန်လှုပ်မိပါတယ်… ။ ဓနိမိုး ထရံကာ အိမ်လေးတွေအများစုဖြစ်ပြီး ပျဉ်ထောင် အိမ်တလုံးတောင် ပါတယ်လို့ တွေ့ရပါတယ်… ဓနိမိုး ထရံကာလေး ဆောက်ဖို့တောင် အနိုင်နိုင် အခု လေပြင်း တိုက်တော့ အိမ်လေးတွေမှာ ယိုင်လဲ ပြိုကျရရှာတယ်…။ ချက်ချင်းပြန်ဆောက်ဖို့ဆိုတာ …. ပစ္စည်းဟောင်းတွေ ပြန်သုံးလျှင်တောင် ကျိုးပဲ့သွားတဲ့ ပစ္စည်း ၊ ဝါးလုံးတွေ အတွက် ငွေထပ်ဖြည့်ဆောက်ရမှာပါ ။ အိမ်သားထဲက ယောကျာ်းသားမရှိတဲ့ မိသားစု၊ ရှိလည်း အိမ်မဆောက်တတ်တဲ့ မိသားစုဆိုရင်တော့ လက်ခငွေပါ ကုန်ဦးမှာပါ … ။ သဘာဝဘေးအန္တရာယ် ဆိုပေမဲ့ မရှိချို့တဲ့တဲ့ လူတွေ အတွက်တော့ ဒုက္ခရောက်ရတာပေါ့ … ။ ပြိုကျ ပျက်စီးသွားတယ်ဆိုတဲ့ အိမ်လေးတွေကလည်း လူနေရယုံ အဖြစ်ဆောက်ထားတာလေးတွေမို့ လက်လုပ်လက်စား မိသားစုတွေချည်း နေကြတာ နားခိုရာ တစ်ခုအနေနဲ့ပါ…။ သူတို့ ခမျာ နူရာ ဝဲဆွဲ ခံရတဲ့ အဖြစ်ပါ … ။ အိမ်ပြိုတာကြောင့် ထိခိုက်ဒဏ်ယာ ရမှူတွေလည်း ရှိပါတယ် … ဒီအတွက် ကုသ စရိတ် ကုန်ဦးမှာပါ … ။ အများစုက နေ့စား အလုပ်လုပ်ကြတဲ့လူတွေဖြစ်ပြီး မနက်ပိုင်း ထမင်းချိုင့်ထည့်ဖို ့ အကြွေးယူ ညဘက် အလုပ်က ပြန်လို့ နေ့တွက်ရှင်းပေးတော့မှ အကြွေးပြန်ဆပ် ၊ နောက်နေ့မနက် အကြွေးထပ်ယူနဲ့ လုံးပါးပါးနေရတဲ့ မိသားစုက များပါတယ်…။ မိန်းမတွေကလည်း ဟော တယောက် ဟောတယောက်နဲ့ မွေးထားတဲ့ က လေးတွေကို ကြည့်ရှနေရလို့ တဘက်တလမ်းက ဝင်ငွေမရှာနိုင်တဲ့အခါ ကိုယ်အတိုင်းထွာနဲ့ ကိုယ် စားဖို့ အနိုင်နိုင် ချင့်ချိန် သုံးရတော့… အခုလို ဘေးအန္တရာယ် ကြောင့် အိမ်ပျက်တဲ့အခါ ချက်ချင်း ပြန်မဆောက်နိုင်လို့ ဘုန်းကြီးကျောင်းတို့ ခရစ်ယာန် ချက်ချ် တို့လို နေရာတွေမှာ ယာယီ ခိုအောင်းနေတဲ့ မိသားစုတွေရှိတယ်လို့လည်း ဒဂုံက အသိတယောက်က ပြန်ပြောပါသေးတယ်…။ အရင်က ဒီလို ဘေးအန္တရာယ်တွေ ပြည်တွင်းမှာ သိပ်မဖြစ်ပေမဲ့… 2008 ကတည်းက နာဂစ်ဝင်တယ် … နောက် ဂီရိ … အခုလည်း လေပြင်းတဲ့လား… ။ ရှေးလူကြီးတွေပြောတဲ့ သီလနည်းလို့ ဘေးဆိုးကျိုးတွေ ကြုံရတယ်ဆိုတာ တကယ်များဖြစ်နေမလား မတွေးတတ်တော့ပါဘူး …။ အသက်ရှင်သရွှေ့ ဘယ်လို ဘေးအန္တရာယ်တွေ ကြုံရမယ်မှန်း ကြိုမသိတော့ သီလမြဲအောင် စောင့်ကြပါလို့ပဲ တိုက်တွန်းလိုက်ချင်ပါတော့တယ် ။
စာတွေ ပျက်နေလို့ အက်ဒစ်လုပ်တာ ငါးခါလောက်ရှိပြီ ။
Eleven ကပုံတွေ အရင်းတိုင်း ကူးလာပါတယ် 😀
11 comments
etone
March 24, 2011 at 10:18 am
ခြောက်ခါမြောက် edit လုပ်လိုက်ပါသေးတယ်… comment off ဖြစ်နေလို့ပါ 😀
mihninlay
March 24, 2011 at 10:31 am
ကြားရကြားရနားဝမှာမသက်သာတာတွေချည်းပါပဲလား
လင်းဝေကျော်
March 24, 2011 at 10:42 am
အဲဒီနေ့ကကော မြို့ပြင်မှာပဲလား။ ဘယ်ရောက်နေသေးသတုန်း။
မြို့ပြင်မှာ ဘာသွားလုပ်နေတာတုန်း၊ မြင်းအတူတူ သွားစီးနေတာလား။
etone
March 25, 2011 at 8:38 am
အာ ဦးလေးကတော့ ပြောတော့မယ် …
မြင်းမစီးပါဘူး ပုရစ်သွားဖမ်းနေကြတာ 😀
cobra
March 24, 2011 at 11:35 am
အင်း……
သက်ပြင်းရှည်ကြီးသာချလိုက်မိပါတယ်…။
char too lan
March 25, 2011 at 8:49 am
ဂျပန်မှာဖြစ်တဲ့နေ့က တောင်ဒဂုံ လေးထောင့်ကန်နဲ့ ရွာသာကြီးဘက်ကလူတွေလဲ လေပြင်းမိပီး တော်တော်ထိသွားတယ်ကြားတယ်ဗျ ဂရုစိုက်ကြပါ သတိရှိကြပါလို့ပဲ ပြောစရာရှိတော့တယ် 🙁
etone
March 25, 2011 at 9:04 am
လှိုင်သာယာမှာလည်း ဖြစ်တယ်… ပြိုသွားတာ မျိုးတော့ မရှိဘူး ..
ဆူး
March 26, 2011 at 4:01 pm
သနားပါတယ်။ မြန်မာပြည်က လူတွေက အရင်က ဘေးဆိုး ကပ်ဆိုးတွေ သိပ်မရှိတော့ အေးအေးချမ်းချမ်း ထရံကာ ဓနိမိုး နဲ့ နေတာ သားစဉ်မြေးဆက် ဘာမှ မဖြစ်ဘူး။
အဲဒီ အိမ်တွေက လေကြမ်း မိုးကြမ်းလာရင် အကုန်လွင့်ကုန်တော့တာဘဲ။
ဒီနေ့ သတင်းစာထဲမှာ ပုံတွေ ကြည့်မိတော့ ခြေတံရှည် အိမ်တွေ ငလျင်ကြောင့် ခြေထောက်တွေ ကျိုးပြီး အိမ်အလုံးလိုက် ပြိုတာတွေ မြင်မိတော့ အိမ်တွေ သက်သက်သာသာနဲ့ ခိုင်ခံတဲ့ အိမ်တွေ ဖြစ်ဖို့ တခုခုတော့ စဉ်းစားရမယ် ထင်တယ်။
လင်းငယ်
March 26, 2011 at 4:55 pm
ဒီလို ကပ်ဆိုးတွေ ကြုံတွေ့နေရတဲ့ မြန်မာလူမျိုးတွေကို မြန်မာ လူမျိုး တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ ရတာမှ မဟုတ်တာ။ ကျွန်တော်တို့ နိုင်ငံမှာ Org ဆိုတာ ရှားပါးလွန်းပါတယ်။ ဒိပြင် နိုင်ငံတွေထက်စာရင် နည်းပါးလွန်းတာကို ပြောတာပါ။ ပြီးတော့ နိုင်ငံသားတွေအနေနဲ့ Volunteer လို ပုံစံမျိုး လုပ်နိုင်တဲ့ သူ အရေအတွက်ကလည်း သိပ်ပြီး မရှိပါဘူး။ အဲဒီလို အဖြစ်ဆိုးမျိုးတွေ ကြားမိတိုင်း ၂၀၀ရ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်ကို သွားသတိရမိတယ်။ ဒီလိုမျိုး ကပ်ဆိုးတွေ ကြုံနေရတဲ့ သူများအတွက် နိုင်ငံတကာက ထောက်ပံ့ပေးတဲ့ ဆေးခြင်ထောင်တွေ ဈေးကွက်ထဲကို ရောက်သွားတဲ့ အဖြစ်မျိုးတွေ။ ကိုယ်ချင်းစာစိတ်ဆိုတာကော ရှိကြရဲ့လားလို့ တစ်ခွန်းလောက် မေးလိုက်ချင်ပါတယ်။ ဒီလို လုပ်လို့ ကိုယ့်အတွက် ပြောရလောက်အောင် အကျိုးမဖြစ်ထွန်းပေမယ့် တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားများအတွက်တော့ အဲဒါက အတော်ကြီး အကျိုးရှိပါတယ်။ လူတစ်ယောက် ဖြစ်နေပြီ ကိုယ်ချင်းစာစိတ် မရှိဘူးဆိုရင်တော့ အဲဒီလူဟာ တိရိစာန်ထက် တန်တူးနီးပါပါပဲ။ ခွေးတစ်ကောင်လို တခြားခွေးနဲ့ စားခွက်လုနေသလိုမျိုးပေါ့။
မြန်မာလူမျိုးတွေ လူမျိုးအချင်းချင်း ကိုယ်ချင်းစာသင့်နေပါပြီ။ ပြီးတော့ လူမျိုးတစ်ခုလုံးကို ကယ်တင်မယ့် စိတ်ကလေးတွေကိုလည်း မွေးသင့်နေပါပြီ။
nigimi77
March 29, 2011 at 7:57 pm
ကယ်ဆယ်ခြင်းကို ခံဖို ့မျှော်လင့်တာထက်စာရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကိုယ်ထူကိုယ်ထ
ဆိုတဲ့ ဆောင်ပုဒ်ကို ရင်းနှီးနေတဲ့ ကျုပ်တို ့မြန်မာပြည်ဟာ “ကိုယ်က လဲ ဘုရားထူ” ဆိုတဲ့ ဆင့်ဖင် ခွေးမျှော်
အတွေးအခေါ်ကြားမှာ နစ်မွန်းနေပါတယ်။ ရှေးက အသိဉာဏ်မရှိတဲ့ လူကြီးတွေပြောသလို သီလ နဲ(နည်း) လို ့
ဘေးဆိုးကျိုးတွေ ကြုံရတာ မဟုတ်ပါ။ သဘာဝ ပတ်ဝန်းကျင်ကို လူတွေက ဖျက်ဆီးလို ့ ပျက်စီးပါတယ်။
သဘာဝ ပျက်စီးရင် ဂေဟ စံနစ် ပျက်စီးပါတယ်။ ဂေဟ ပျက်စီးရင် သဘာဝ ပျက်စီးပါတယ်။ သဘာဝ ပျက်စီးရင် သဘာဝ ဘေးထွက် အန္တရာယ်ဆိုးတွေ ကြုံရပါတယ်။
ဂျပန်မှာ ငလျင်လှုပ်တာ အခုမှ မဟုတ်ပါ။ သူတို ့ဟာ ငလျင်ဒဏ်ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လို အိမ်မျိုး
ဆောက်လျင် ပျက်စီး ဆုံးရှုံးမှု ၊ လူသေမှု နည်းမလဲ ဆိုတာကို စဉ်းစားပါတယ်။ သီလမြဲဖို ့ ဘယ်သူမှ မစဉ်းစားပါ။
အတွေးအခေါ်အား အရင်ဆုံး ပြုပြင်နိုင်ရင်ဖြင့် ကျုပ်တို ့သေပြီး နောင် နှစ်ပေါင်း နှစ်ဆယ်ခန် ့ဆိုရင်
နောင်လာနောက်သားတွေရဲ ့ လက်ထဲမှာ မြန်မာပြည် ပြောင်းလဲမည်ဟု ယူဆရပါသည်။
nature
March 30, 2011 at 12:05 am
အကြောင်းအရင်း မှန်ကိုမဖြေရှင်းနိုင်ရင် သူ့တက်သူဆိုးတဲ့ဘေးဒုက္ခ တွေတခုပြီးတခုထပ်ဖြစ်လာမှာပါ။