မိုးဇလကို မေးချင်ပါသတဲ့

လင်းဝေMarch 24, 20111min1376

မြန်မာနိုင်ငံမှာ မိုးလေဝသ၊ရာသီဥတု ဆိုင်ရာ ကိစ္စတွေကို အများပြည်သူ သိရှိနိုင်အောင်လို့ မိုး/ဇလ ဌာနက တိုင်းထွာရရှိသမျှကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ အခုနောက်ပိုင်း အက်ဖ်အမ် ရေဒီယိုများကနေတစ်ဆင့် ထုတ်လွှင့်ပေးမှသာ လူထုက သိရှိနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ( ဒါ ဦးထွန်းလွင်ရဲ့လေသံပါ) အခုနောက်ပိုင်းသဘာဝဘေးအန္တရာယ်ကို မြန်မာလူထုက ခံစားနေရတာနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူများဟာ ကြိုတင် အသိပေးမှုနဲ့ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မှု အားနည်းလွန်းတယ်လို့ အများက စွပ်စွဲပြောဆိုလာကြပြီဖြစ်ပါတယ်။

ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး လို့ ဆိုကြပါတယ်။ စင်စစ်အားဖြင့် မိုးဇလကနေပြီး သတင်းဖြန့်ဖြူးဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ လုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ နောင်များ သတင်းထောက်တွေ ဦးထွန်းလွင်ကို မေးကြည့်သင့်တယ်။ ဒါမှ ဘယ်သူက ဘယ်လို ခေါင်းရှောင်နေတယ် အပြစ်လွှဲချနေတယ်ဆိုတာကို ရေးရေးတွက်ဆနိုင်မှာပါပဲ။

ရေဒီယိုအသံလွှင့်ချက်ဟာ တောနေမြန်မာလူထုအတွက်ဘယ်လောက်အရေးကြီးသလဲဆိုရင် “မြန်မာပြည်ရဲ့ တောင်သူဦးကြီးတွေ၊ တံငါသည်တွေအနေနဲ့ အားကိုးရာဟာ ရေဒီယို တခုပဲ ရှိပါတယ်။ သူတို့မှာ အင်တာနက်လည်း မရှိပါဘူး။ ရေဒီယိုကမှ အဖြစ်မှန်အတိုင်း မကြေညာပေးရင် သူတို့ ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။” လို့ဆိုထားတာဟာ တကယ်အမှန်ပါပဲ။

နောက်တစ်ခါ အခုလောလောဆယ်ဖြစ်ပျက်နေတဲ့ ရေလုပ်သားတွေရဲ့ဒုက္ခနဲ့ပတ်သက်ပြီး “မြစ်ဝကျွန်းပေါ်ဘက်က ငါးဖမ်းသူတွေဟာ အခုလို နွေကာလရောက်ပြီဆိုရင် သူတို့ရဲ့ သဘာဝအတိုင်း ဖောင်တွေဖွဲ့၊ တဲတွေဆောက်ပြီး အစုလိုက်အပြုံလိုက် ငါးဖမ်းထွက်လေ့ ရှိကြတယ်လို့ သိရပါတယ်။ သူတို့မှာ တခါမှ မကြုံဘူးတဲ့ ရာသီဥတုဖြစ်စဉ်အတွက် အရေးပေါ် အခြေအနေ ကြေညာပေးဖို့၊ သတိပေးချက်တွေ ထုတ်ပြန်ပေးဖို့ အဓိက တာဝန်ရှိတာက မိုးဇလ ဌာနပါ။ အခြေအနေမှန်ကို အရေးပေါ် မကြေညာပေးနိုင် ခဲ့တဲ့ အတွက် အခု မတ်လ ၁၄၊ ၁၅၊ ၁၆ ရက်နေ့တွေက ဖြစ်ပေါ်ခဲ့တဲ့ လာနီညာ၊ စိုက်ဆင်း လေပြင်းတွေနဲ့အတူ သူတို့ရဲ့ ဖောင်တွေ ပြတ်ထွက် မျောပါပြီး ရေလုပ်သား ထောင်ကျော် ဒုက္ခရောက်ခဲ့ရပါတယ်။” ဟုတ်ပါတယ်။ တကယ်လို့ သာ ကြိုတင်သတင်းပေးနိုင်မှုနဲ့ အတူ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်မှုကိုသာ လုပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။

သို့သော်လည်းပဲ ကြိုတင်အသိပေးနိုင်ဖို့ရာ ဒီအတိုင်းထိုင်ခန့်မှန်းလို့ရတာမျိုးမဟုတ်လေတော့ “အငြိမ်းစား မိုးဇလ ညွှန်ချုပ် ဦးထွန်းလွင်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာကတော့ စိုက်ဆင်းလေပြင်းတွေကို တိုင်းထွာဖို့အတွက် ကိရိယာကို မဝယ်နိုင်သေးလို့လို့ ဆိုပါတယ်။ နိုင်ငံနဲ့ ချီတဲ့ ဌာနကြီးဖြစ်ပြီး ဒီလောက် အရေးကြီးတဲ့ ပစ္စည်းတခုကို မဝယ်နိုင်တာဟာ ဘယ်လောက်များ ဈေးကြီးလို့ပါလိမ့်လို့ စဉ်းစားမိပါတယ်။ ၁၉၉ရ ခုနှစ်ကတည်းက ဝယ်ဖို့ ကြိုးစားနေတာလို့ သူက ဆိုပါတယ်။ မိုးဇလ ဌာနဟာ လူတွေ နောက်ပြောင်ပြောဆိုနေသလို မိုးရွာ မရွာ သိဖို့ ဖား ၃ ကောင်မွေးထားတယ် ဆိုတာမျိုး တကယ်ပဲ ဖြစ်နေပြီလား ဆိုတာ တော်တော်မေးချင်စရာပါ။”
အားရစရာကြီးပါပဲခင်ဗျား။

ဆက်လက်ပြီး အားရပါးရ ဝေဖန်ပြန်တာကတော့,

မိုးဇလရဲ့ တာဝန်မဲ့မှု၊ မှားယွင်း ထုတ်ပြန်မှုတွေကြောင့် အဓိက ခံစားရတာက အောက်ခြေလူတန်းစားတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာနီညာ ဖြစ်စဉ်နဲ့ စိုက်ဆင်းမုန်တိုင်း ကိစ္စဆိုရင် တောင်သူဦးကြီးတွေနဲ့ တံငါသည်တွေ အဓိက ခံစားရပါတယ်။ အသက်ဆုံးရှုံးရသူတွေ ရှိသလို စီးပွားရေး နလံပြန်မထူနိုင် သူတွေအများကြီး ရှိခဲ့ပါတယ်။ မိုးဇလမှာ ပစ္စည်းကိရိယာ မစုံလင်လို့ဘဲ ဖြစ်ဖြစ်၊ အထက်က ပိတ်ပင်လို့ မကြေညာရတာဘဲ ဖြစ်ဖြစ် … နောက်ဆက်တွဲ ဖြစ်စဉ်တွေက ကြောက်စရာ ကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

သဘာဝဘေးအန္တရာယ် တခုခု ဖြစ်လာရင် အုပ်ချုပ်သူ အစိုးရကို အပြည့်အဝ အားကိုးလို့ မရဘူးဆိုတာ ပြည်သူ လူထု အားလုံးသိပါတယ်။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ သတင်းစာမှာဆိုရင် ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဌာနဆိုပြီးရှိတဲ့အကြောင်း၊ အဲဒီမှာ နိုင်ငံတော်အဆင့် ဥက္ကဋ္ဌ အဖြစ် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ခန့်ထားတဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်မကလို့ တပ်ချုပ်ကြီးပဲ ဥက္ကဋ္ဌလုပ်လုပ် သဘာဝဘေးအန္တရာယ်ကြောင့် ခံစားရတဲ့ ပြည်သူတွေ နာလံထူဖို့ ဘာတခုမှ မလုပ်ပေးနိုင်ဘူး ဆိုတာ ………..။
ရခိုင်ဂီရိ ဒေသမှာဆို အခုထိ သောက်သုံးရေတောင် သေသေချာချာ မရသေးတဲ့သူတွေရှိပါတယ်။ ထမင်းစားဖို့တောင် အနိုင်နိုင် အိမ် ပြန်မဆောက်နိုင်တဲ့သူတွေ၊ လယ်ပြန်မလုပ်နိုင်လို့ ဝိသမ စီးပွားရေးသမားတွေလက်ထဲ ကိုယ်ပိုင်တဲ့လယ်ကို ဈေးပေါပေါနဲ့ ထိုးထည့်လိုက်ရတဲ့သူတွေ ………….။

ဒီတော့ ဖြစ်ပြီးသွားမှ ဆိုတာထက် မဖြစ်ခင် သတိနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြည်သူလူထု သိဖို့ လုပ်ပေး သင့်ပါတယ်။ ဦးထွန်းလွင်က သူ့ဝက်ဘ်ဆိုက်မှာ ရေးနေပေမယ့် အင်တာနက် ဆိုတာ ဘာမှန်းတောင် မသိတဲ့ ရေဒီယိုတခုပဲ အားကိုးနေရတဲ့ သူတွေသိဖို့၊ အောက်ခြေက အမြဲတန်း ခံစားနေရတဲ့ လူတွေ နားလည်ဖို့အထိ သတင်းမှန်တွေ၊ အခြေအနေ မှန်တွေကို ထုတ်လွှင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကလည်း နိုင်ငံတော် အဆင့်ကပဲ လုပ်ရမယ့်ကိစ္စပါ။

နိုင်ငံရေးသတင်း မဟုတ်တဲ့ သဘာဝဘေးဒဏ်နဲ့ စပ်ဆက်နေတဲ့ မိုးလေဝသ သတင်းတွေကို ဘာကြောင့်များ စိစစ်ဖြတ်တောက် နေတာလဲ ဆိုတာနဲ့ … မိုးဇလ ဌာနတခုမှာ ရှိသင့်ရှိထိုက်တဲ့ ကိရိယာတွေ ဘာကြောင့် မရှိနိုင်သေးတာလဲ၊ မဝယ်နိုင်သေးတာလဲ ဆိုတာကိုတော့ မြန်မာ့ မိုးဇလကို မေးခွန်းထုတ်ချင်ပါတယ်။

ကဲ… တို့ဘာတွေလုပ်မလဲ။

6 comments

  • dream

    March 24, 2011 at 10:28 am

    သူတို့ကို အားကိုးနေလို့ကတော့
    ဟင်းးးးးးးး မပြောချင်တော့ပါဘူး
    ပြောဖို့တောင် စိတ်လေတယ် 🙁

  • nigimi77

    March 24, 2011 at 11:55 am

    ဘာလုပ် မလဲ ဆိုတော့….အဟမ်း…..ဖား တစ်ကောင် ထပ်ရှာပြီး မိုးဇလကို သွားလှုမယ်။

  • unclegyi1974

    March 24, 2011 at 3:47 pm

    မြန်မာ့နည်းမြန်မာ့ဟန်မိုးလေဝသဖတ်ခြင်းပညာတွေ
    ကိုနယ်ပေါင်းစုံ တောပေါင်းစုံ ဆင်းပြီးသကာလ
    စုဆောင်း၍ အချင်းချင်းလက်ဆင့်ကမ်းပညာပေးကြ
    ပါစို့

  • char too lan

    March 25, 2011 at 5:58 am

    ကျနော်ဒါကို ကူးပီးပို့သင့်ပို့ထိုက်တဲ့ သူတွေဆီကိုပို့မယ်နော်

  • kai

    March 25, 2011 at 8:09 am

    တိုင်းပြည်ရဲ့ ဘတ်ဂျက်ထဲ.. မိုးဇလအတွက်..ငွေဘယ်လောက်ဖယ်ထားလို့လဲ..မေးစရာဖြစ်ပါတယ်..။
    အဲဒါ ဒီနှစ်ဘက်ဂျက်အတွက် ..မိူးဇလက ..ငွေဘယ်လောက်ရထားသလည်း ..သိချင်တာပါပဲ..။

    သိလောက်တော့ .. မိုးဇလ ဌာနမှာတတ်ရတဲ့ ကွန်ပျူတာတွေဟာ ..စူပါကွန်ပျူတာတွေပါ..။ ဘုံဘေမှာလိပ်ပြာအတောင်ခတ်ရင်.. နယူးယောက်မုန်တိုင်းဝင်နိုင်တဲ့ .. ဗရမ်းဗတာဆက်စပ်ဖြစ်စဉ်(Butterfly Effect – Chaos )ကို.. စူပါကွန်ပျူတာတွေတောင် အနိုင်နိုင်တွက်ရချက်ရတာပါပဲ..။
    အဲဒါတွေက.. ဒေါ်လာ သန်းချီမယ် မှန်းမိပါတယ်..။
    နောက်တော့ ..သတိပေးအစီအစဉ်တွေရယ်..။ နေရာအနှံ ့ထားရမဲ့ စက်ကရိယာတွေရယ်..။ အဲဒါအတွက်အလုပ်လုပ်ပေးရမဲ့ လူတွေရယ်..။ ဒေါ်လာငွေမနည်းမနော ကုန်မှာပါ..။

    ဦးစားပေးအစီအစဉ်အရဆို.. အဲဒီဘက်ဂျက်ရဖို့.. လွှတ်တော်ထဲ.. နာဂစ်၊ဂီရိနဲ ့သေခဲ့တဲ့လူစာရင်းတွေပြပြီး .. တော်တော်တိုက်တောင်းရမှာပဲ..။
    အခုနှစ်ကတော့ .. စစ်တပ်က..ဗိုလ်ချုပ်မှုးကြီး လွှတ်တော်မတင်ပဲ..ဘက်ဂျက်ကြိုချလိုက်တယ်..ကြားပါတယ်.။
    ဆိုတော့ ..ဒီနှစ်တော့ ဝေးပေါ့..။
    နောင်နှစ်များမှပဲ..။

  • eros

    March 25, 2011 at 10:01 am

    အမေရိကန် ဒေါ်လာ ရ သန်းကုန်ကျပါမယ်တဲ့

Leave a Reply