အတင်းပြောချင်သေးလား
ကျမတို့ကတော့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရင်းနဲ့ အချိန် ကုန်နေရတဲ့လူမို့လို့ ရပ်ကွက်ထဲ ဖြစ်ပျက်နေတာတွေ သိပ်မသိပါဘူး ။ အိမ်ပြောင်းတဲ့လူတွေလည်း ရှိပါတယ်… ။ နှစ်ရှည်လများ နေတဲ့ လူတွေလောက်သာ မျက်မှန်းတန်းမိတာပါ… ။ မျက်မှန်းသာ တန်းမိတယ်… ဘယ်အိမ်ကလည်း မသိ ၊ နာမည်ဘယ်သူလည်း မသိ …. ကျမအတွက်တော့ ရပ်ကွက်ထဲကလူတွေအကြောင်း မသိတာက ပိုများနေပါတယ်..။ ကျမက သူများအကြောင်းလည်း သိပ်စိတ်မဝင်စားတော့ မြင်လို့ ရယ်ပြရင်တော့ ပြန်ရယ်ပြတတ်ပေမဲ့ ဘယ်သူမှန်းမသိဘူး ဖြစ်နေပါလေရော … ။ အိမ်မှာပဲ ထိုင်နေရင်း သတင်းစုံတဲ့ ကျမအဘွားကို မေးကြည့်တော့မှ သူက ဘယ်သူ့ အိမ်က စသဖြင့် ပြောပြပါတယ်… ။ ကျမအဘွားက အိမ်မှာသာနေတာ ဈေးသွားရင်း ကြားခဲ့တဲ့ သတင်းတွေကို ကျမအိမ်ပြန်လာတဲ့အခါမှာ ဖြစ်ဖြစ် ၊ ကျမရုံးမသွားခင် မှန်ရှေ့မှာ အချိန်ဖြုန်းနေတဲ့အခါဖြစ်ဖြစ် နောက်က တတွတ်တွတ်လိုက်ပြောတတ်ပါတယ် … ။ တနေ့လုံး သူတယောက်ပဲ အိမ်မှာ ကျန်ခဲ့တော့ စကားပြောချင်ရှာမှာပေါ့… ။ ကျမလည်း နားငြီးငြီးနဲ့ ကြားတချက် ၊ မကြားတချက် အင်း မလုပ် အဲမလုပ်ပဲ နားထောင်လိုက်ပါတယ်….။ တစ်ခါတစ်လေ အလုပ်က စိတ်ရှုပ်တာ အိမ်ပါလာတဲ့နေ့ သူကလည်း တောက်လျှောက်လိုက်ပြောနေရင်တော့ စိတ်တိုပြီး နားညဉ်းတယ်လို့ ပြောမိပါတယ်…။ ခဏတော့ ငြိမ်သွားပေမဲ့ မေ့လောက်တဲ့နေ့ဆိုရင် ပြန်ပြောတတ်ပါတယ်… ။ အခုတော့ ကြား လိုက်၊ မကြားလိုက်ပဲ နားထောင်ချင်ယောင်ပဲ ဆောင်နေပါတော့တယ် … ။လူကြီးတွေက အသက်ကြီးရင် အထီးကျန်ပြီး စကားပြောဖော်လိုချင်မှာပဲ တွေးမိလို့ ငြိမ်နေလိုက်တာပါ… ။ ပြန်မဆွေးနွေးလည်းရတယ် သူက ပြောနေရရင်ကို ကျေနပ်ရောဆိုတော့ ကျမကလည်း အင်းမလုပ် ၊ အဲ မလုပ်နဲ့ ပေါ့ … ။
တစ်နေ့ ရုံးသွားခါနီး သူက ရေးကြီးသုတ်ပြာ ကျမနားလာကပ်ပြီး ပြောစရာရှိတယ် ဆိုပြန်ပါတယ် … ။ အရင်က ပြောစရာရှိတာ မရှိတာ ဘာမှစကားပုလ္လင်မခံပဲ ကရားက ရေလွှတ်သလို ပြောနေကြဆိုတော့ အခုလို သတ်သတ်မှတ်မှတ်ပြောတာက အထူးဆန်းတော့ဖြစ်နေပါတယ်… ။ ဒါနဲ့ ကျမအရင်ကလိုပဲ စိတ်မဝင်စားသလို မျက်လုံးတွေနဲ့ သူပြောမဲ့ အချိန်ကို စောင့်နေပါတယ်… ။ လမ်းထဲက ဦးဘယ်သူရဲ့ ညီမက မနေ့က ဈေးထဲမှာ တွေ့တယ်တဲ့… ။ သူက မေးတယ်… အစ်မမြေး ဘယ်တော့ မင်္ဂလာဆောင်မှာလဲတဲ့… ။ ကောင်လေးက မျက်နှာ တည်တည် ကြည်ကြည်နဲ့ မဆိုးဘူးတဲ့ … မြန်မြန်ပေးစားလိုက်တဲ့ တွဲနေတာ ကြာရင် မကောင်းဘူးတဲ့… ။ သူ့စကားလည်း ဆုံးရော ကျမစိတ်ထဲ ဒေါသက ထွက်သွားတယ်… ပေါက်ကွဲချင်ချင်ဖြစ်လာတယ် … စိတ်နည်းနည်း ရှည်အောင်ထားပြီး အဖွားကို ဘယ်လို တုံ့ပြန်လိုက်လဲ မေးတော့ ငါလည်း မသိဘူး သိချင်ရင် သူ့ကိုသွားမေးလို့ ဘုတောခဲ့တယ်တဲ့…. ။ ကျမလည်း အဖွားကို သင်ပေးခဲ့တယ်… နောက်တစ်ခါ အဲ့ဒါမျိုး မေးလာလို့ ကြုံရင် ပြောလိုက်ပေါ့….. ။ သူတို့ယူပြီးရင် ညီမအိမ်ပေါ်တင်ပြီး အိမ်ဦးခန်းမှာ ရှာကျွေးထားမလို့မေးတာလားလို့ ……။
ကဲ ကြည့်ပါဦး လူတွေများ သိပ်စိတ်ဝင်စားတတ်လိုက်တာ….။ ကိုယ့်ဘာသာကိုယ် ယောကျာ်းဘယ်တော့ ယူယူ သူတို့ အပူပါလို့လား ။ ကျမ အသက်က အပျိုကြီးတန်းဝင်ပြီမို့လားနော် … စိတ်တိုလိုက်တာ ။ သူများကိုယ်ရေး ကိုယ်တာကိစ္စကို စပ်စုလို့ စိတ်တိုတာပါ … မယူဖြစ်သေးတာကိုထောက်ပြလို့ စိတ်တိုတာ မဟုတ်ပါဘူး ။ ကျမ ယူတော့ရော သူတို့ ဘာကောင်းကျိုးရမှာမို့လဲ … ဘယ်လိုများ ထိခိုက်နစ်နာသွားမှာ မို့လဲ… အလကား စပ်စုတယ် …။ မျက်နှာချင်းဆိုင်များ အမေးခံရရင် လူကြီးသူမ မရှောင် ရန်တွေ့မိမှာပဲ ….။ အိမ်ထောင် တစ်ခု တည်ထောင်တယ်ဆိုတာ သေချာ မစဉ်းစားပဲ ဆင်ကန်းတောတိုး သလို ဝရုန်းသုံးကာ လုပ်ရင်တော့ လွယ်လွယ်နဲ့ ကိစ္စပြီးပေမဲ့ …. ကျမအတွက်တော့ သေချာ အလေးနက်ထား စဉ်းစားရမဲ့ ကိစ္စမျိုးဖြစ်နေတယ်…။ တွဲတာကြာတာ မကြာတာ ဘေး ပတ်ဝန်းကျင်က ဘာမှ လှုံ့ဆော်ပေးစရာမလိုဘူးလေ… ။ သူများတွေလို လေးငါးနှစ်တွဲ ၊ ရှစ်နှစ်တွဲ မယူပဲ ကွဲခဲ့တဲ့ ဇာတ်လမ်းတွေတောင်ရှိတယ် … ။ကျမတို့က အဲ့ဒီလို နှစ်ရှည်တွဲတာတောင် မဟုတ်ဘူး ။ ကျမတို့မှာလည်း ကိုယ့်အစီစဉ်နဲ့ကိုယ် စဉ်းစားထားတာလေးတွေရှိသေးတယ် ညှိယူရမဲ့ အပိုင်းတွေ ရှိသေးတယ်လေ ….။ ပတ်ဝန်းကျင်မှာ တွဲသွား တွဲလာ လုပ်နေတာနဲ့ ဖုတ်ကူမီးတိုက် ယူရမတဲ့လား …..။ အတူတည်ဆောက်ရမဲ့ ဘဝတစ်ခုအတွက် အစစအရာရာ တွေးတော စဉ်းစား စီစဉ်ပြီးမှ ဖြစ်မှပေါ့……။ တွဲသွား ၊ တွဲလာ လုပ်တယ်ဆိုတာကလည်း တချိန်မှာ အစီစဉ်ရှိလို့ လူသိရှင်ကြား သွားလာရဲတာပါ… အထက်တန်းကလေး ရည်းစားခိုးထားသလို မဟုတ်ဘူးလေ …. မိဘဆွေမျိုး အားလုံး သိထားပြီးသားပဲ ဟာ…. ဘာကိုလောစရာရှိလို့လဲ ။ သူတို့အမြင်မှာ ကျမအခုထိ အိမ်ထောင်မကျသေးတာ အပျိုကြီးစာရင်းဝင်နေပုံရတယ်… သူတို့အသက်ရွယ်တုံးက ဆယ့်ငါး ၊ ဆယ့်ခြောက်တောင် ဆွေးမျိုးတွေက စပ်ပြီး ပေးစားတဲ့ ခေတ်ကို း ။ ကျမတို့ အရွယ်ဆို တချို့ ကလေး သုံးယောက်လောက် တွဲလဲဖြစ်နေပြီ ….. ။ လူတွေများ အလကား အားအားယားယား အလုပ်မရှိ မျက်စိထောက်ထောက်လိုက်ကြည့် အတင်းပြောတာ အကျင့်ကိုပါလို့ …။ တစ်ချို့ဆို တနေရာကနေ တနေရာ ကူးပြီးတောင် သူများအတင်းလိုက်ပြောတယ်…။ အတင်းဆိုတာ နောက်ကွယ်မှာ ပြောတာဖြစ်လို့ အဖြစ်မှန် မဟုတ်တာလည်း ပါနိုင်သလို ၊ အဖြစ်မှန်ကို နားစွန်နားဖျား ကြားပြီး လျှောက် ရမ်း ကွန့်ပြောတာတွေလည်း ပါနိုင်ပါတယ် …..။ ကျမအလုပ်သွားတဲ့အချိန် မနက် ရ နာရီ မထိုးခင်က အိမ်က ထွက်ရတယ်…။ ညနေ အလုပ်ပြန်လျှင်လည်း ဂျစ်တူ 😛 အလုပ်ကို သွားကူပေးရတာနဲ့ ညဘက် ၉နာရီခွဲ ၊ ဆယ်နာရီမှ အိမ်ပြန်ရောက်တယ် ။ ဒါကိုတောင် အားယားပြီး လိုက်ကြည့်နေတဲ့လူတွေကလည်း ရှိသေးတယ်… ။ တကယ့်ကို ဂျောက်ဂျက်ပါပဲ…. ။ ဖြစ်နိုင်မယ်ဆိုလျှင် ဟိုသီချင်းကိုပဲ ဓမ္မာရုံကလော်စပီကာ ငှားပြီး ဖွင့် ပြလိုက်ချင်ပါတော့တယ် ….. ။” အတင်းပြောလွန်းတဲ့ မိန်းမတွေကို မုန်းတယ် ” ဆိုတာလေ ….။
ဒီအဖြစ်ကို စဉ်းစားမိပြ ီး ပတ်ဝန်းကျင်က လူတယောက်အပေါ် ဘယ်လိုများ သက်ရောက်မှုရှိလဲဆိုတာ စဉ်းစားကြည့်မိတယ်… ။ တကယ်ဆိုရင် ပတ်ဝန်းကျင်ဆိုတာ မီးလောင်ရာ လေပင့်တဲ့၊ သာပေါင်း ညာစားဆိုတဲ့ အမျိုးအစားထဲကလိုပဲ ကျမက သတ်မှတ်ချင်ပါတယ်… ။ ပိတ်ရက်များ လမ်းထွက် ဈေးမဝယ်နဲ့ သကာဖုံးတဲ့ မျက်ခွက်တွေနဲ့ တစ်ခါမှ မသိလည်း နာမည်တွေဘာတွေ ခေါ်ပြီး နှုတ်ဆက်နေတယ်… ။ ကျမကတော့ မသိလျှင် မသိသလို မသိချင်ယောင်ဆောင်ပြီး တုံ့ပြန်ပါတယ် … ။ သူတို့က တွေ့ရင်သာ အဲ့ဒီလို … နောက်ကွယ်မှာ မဲ့ကာရွဲ့ကာနဲ့ လက်ညှိုးထိုး အတင်းတုတ်တယ်…. ။ တစ်ချို့တွေကလည်း ပတ်ဝန်းကျင်ရဲ့ အတင်းဖျင်းပြောမှူ ၊ ဝေဖန်လှုံ့ဆော်မှူတွေကို ကြောက်ကြတယ် ၊ ဒဏ်မခံနိုင်ဘူးပေါ့…. ။ အဲ့ဒီတော့ ပတ်ဝန်းကျင်က အပြောလွတ်အောင် အိမ်တွင်းအောင်းနေတာမျိုးတို့ … လုပ်မြဲလုပ်ရတဲ့ ကိစ္စတွေကိုတောင် ရပ်တန့်ပစ်တာမျိုး ၊ ပြောင်းလဲပစ်တာမျိုးတွေ လုပ်တတ်ကြပါတယ်…ဒါက ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့လူတွေပါ…. ။ အဲ့ဒီလို လူမျိုးတွေ များသောအားဖြင့် ကိုယ့် စိတ်ဆန္ဒအတိုင်း မနေထိုင်နိုင်ပဲ … ၊ စိတ်ကျဉ်းကြပ်ရပါတယ်…။ ကျမအတွက်တော့ ပတ်ဝန်းကျင်ဆိုတဲ့ အမျိုးစားက အတင်းပြောတာကလွဲလို့ တခြား ဘာသက်ရောက်မှူမှ မလုပ်နိုင်ဘူးလို့ ထင်ပါတယ် …..။ ကျမကိုယ်၌က ယုံကြည်ရာ စွဲမြဲလုပ်ဆောင် တတ်တဲ့ အကျင့်ရှိလို့ပါပဲ…. သူများ ဘာပြောပြော ကိုယ်မှန်တယ်ထင်ရင် ဂရုမစိုက်တတ်တာ လည်း ပါပါတယ်… ။ ဝေဖန်သံကြားမှာ တုန်လှုပ်မှာလည်း မဟုတ်ပါဘူး… သူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ် … နိုင်ငံခြား သွားဖို့ အလိမ်ခံရတဲ့ အခါ ..ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံကြားမှာ လပိုင်းလောက် အိမ်တွင်း ပုန်းဖြစ်သွားသေးတာ … မနည်းကို ဖြောင်းဖျပြီး အိမ်က ခေါ်ထုတ်ရတယ်….။ အခုတော့လည်း အတင်းပြောတဲ့ ဒဏ်ကို ရိုးသွားပြီ ဆိုပဲ ….။ သူငယ်ချင်း တယောက်ကလည်း ပြောဖူးတယ် … ကိုယ့်နောက်ကွယ်မှာ အတင်းပြောတယ် ဆိုတာဟာ ကိုယ့်*င်ကို ကန်တော့တာပဲတဲ့… ထိထိမိမိနဲ့ ရယ်စရာကောင်းတဲ့ စကားလေးမို့ မှတ်သားထားပါတော့တယ် ….။ ။
10 comments
santds
March 26, 2011 at 4:06 am
ဒီပို ့လေးရေးထားတာကိုကြိုက်ပါတယ်။
အတွေးချင်းတူနေလို ့။
bigcat
March 26, 2011 at 4:15 am
အီးတုံး ဘာမှမလုပ်နဲ့။ လက်ပစ်ဗုံးတလုံးယူပြီး သူတို့အတင်းပြောတဲ့စုရပ်မှာ ဝင်ရောပြီး စနက်တံဖြုတ် ဖောက်ခွဲလိုက်။ အီးတုံးဂျစ်တူ ဆလာဝံဆေးသေတ္တာကိုင်ပြီး လာကြည့်လိမ့်မယ်။ ခွဲလည်းပြီးတော့ အီးတုံးကနေ အီးဗုံးလို့ ရွာသားတွေက တလေးတစား ဆက်ဆံလာကြလိမ့်မယ်။
alfred
March 26, 2011 at 4:40 am
နိုင်ငံခြားမှာ ကျောင်းတတ်ဘူးတဲ့လူဆိုရင် အဲလို အတင်းပြောခံရတာ အကျင့်ဖြစ်နေပါပြီ။ တွေ့တိုင်းအတင်းပြောခံနေရတာ ပိုဆိုးတာက ကိုယ့်ရှေ့မှာတင်ပြောတာ။ 🙁
ငှက်ကြီး
March 26, 2011 at 5:07 am
သည်းခံလိုက်ပါမအီးတုံးရယ်…အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့သဘော
ထားလိုက်ပေါ့။ ကိုယ်သာမတွဲမိရင်သူတို့ဘယ်ပြောပါ့မလဲ၊
ကိုယ်တွဲမိလို့သူတိုပြောတယ်လို့သဘောထားလိုက်ပေါ့။
ပတ်ဝန်းကျင်ဆိုတာက ချီးမွမ်း၊ကဲ့ရဲ့တဲ့အမျိုးတွေပဲ။
ချစ်စကိုရှည်စေ။
မုန်းစကိုတိုစေတဲ့။ ချစ်သူ မိတ်ဆွေများများဖွဲ့..ရန်သူနည်းအောင်နေတဲ့။
(ငှက်ကြီးကဆရာဝင်လုပ်သွားပြန်ပြီး..ဟီး..ဟီး)
nigimi77
March 26, 2011 at 12:25 pm
Confession လို ့ ခေါ်မလား။ ရိုက်မစစ်ပဲ အာပတ်ဖြေတာကို။
အိုဘဲ့ နှမတော် အီးတုံး…..။ ကူညီပရစေ ကူညီပရစေ ခည….။
ဆူး
March 26, 2011 at 2:51 pm
အီးတုံးကို ပတ်ဝန်းကျင်က ယောကျား ယူစေချင်နေတာကိုး..
စိတ်အားမငယ်နဲ့ ရပ်ကွက်ဆိုတာ ဒီလိုဘဲ.. ဆူး ကတော့ အပြင်ဘက်က လူတွေ ဘာပြောလဲ မသိဘူး သိပ်ပြီးလည်း စကားပြန်မပြောဘူး။ မြင်ရင် ပြုံးပြတာက လွဲပြီး တခြား အပို စကား သိပ်မပြောဘူး။
တခါတလေ အလုပ်သွားရင် လမ်းဟိုဘက် ဒီဘက် ခြားနေတာတောင် အကျယ်ကြီး အော်ပြီး စကားတွေ လှမ်းပြောတယ် နုတ်ဆက်သလိုမျိုးပေါ့.. ဒါပေမဲ့ မဆိုင်တဲ့ စကားနဲ့ စပ်စုတဲ့ စကားတွေ အော်ဟစ်မေးတာ အော်ဟစ်ဖြေရလောက်အောင် သိက္ခာမနည်းဘူး။ ရပ်ကွက်က လူတွေက မလွယ်ဘူး.. မြင်သမျှ အကုန်စပ်စုချင်တယ်။
kopauk mandalay
March 26, 2011 at 3:38 pm
မြန်မာစကားပုံလေးတစ်ခုရှိပါတယ်။
လူတိုင်းလဲသိမယ်ကြားဘူးမယ်ထင်ပါတယ်။
အပြောမတတ်တော့ ဆဲသလို
အထိုင်မတတ်တော့ဖြဲသလိုတော့
အရေးမတတ်တော့ အတင်းပြောသလိုဖြစ်မှာကိုတော့
ကျွန်တော်လဲစိုးရိမ်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
March 26, 2011 at 3:59 pm
ဪ…
အီးဒုံးရယ်
လောကဓံတရားရှစ်ပါးထဲက တစ်ပါး ကိုယ့်နောက်လိုက်တယ် သဘောထားလိုက်ပါ
ဘာဝဟာ ဘာဝဘာ
ဒါနဲ ့ပြောရဦးမယ် တိုးတိုး
အင်မတန်ချစ်လို ့ ( ဟိုတစ်ယောက်နဲ ့ဝေစုခွဲတာဟုတ်ဘူးနော်)
အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုး ဤသုံးမျိုး အချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး ဆိုပြီး
ဘယ်…စာမတတ် သိပ္ပံမတတ် ဥပဒေနားမလည်တဲ့ ပညာရှိပြောခဲ့ဘူးသလဲတော့မသိ
သေချာတာကတော့ ချက်ကင် လေးဘာလေး တော့လုပ်ကြည့်ဦးနော်
တိမ်သလား နက်သလား ပူသလား အေးသလားဆိုတာလေ
ပေါက်တယ်နော်
ဟိုလေဟယ်
ထမင်းစားတယ်လို ့ပြောပေမဲ့
ဟင်းကိုလည်း စားတာတဲ့သဘောလေဟယ်
ငပိလေးလည်းပါမယ်
နံနံပင်လေးလည်းပါမယ်
သခွားသီးလေးလည်းပါမယ်
သတိတော့ထားနော် ဘူသီးကြီးအလုံးလိုက်မျိုချမိတာမျိုးကြတော့ နည်းနည်းဂွကျတယ်
ပေါက်တယ်နော်..
unclegyi1974
March 27, 2011 at 4:37 pm
ရပ်ကွက်ထဲမှာဒီလိုဘဲရှိတယ်
အဲဒါကိုကမြန်မာမှုပဲလေ
ရှေးတုန်းကအိမ်ဦးစီးကအလုပ်လုပ်
ကျန်တဲ့သူအကုန်ထိုင်စားခေတ်ဆိုတော့အားနေ
ကြတာပေါ့ အရွာလုံးလည်းအကုန်တယောက်နဲ့တ
ယောက်သိ မသိတဲ့သူမရှိ
အားနေကြတော့တအိမ်နဲ့တအိမ်လည်ပြီးစကား
ပြောရာကအတင်းပြောတယ်ဆိုတာဖြစ်လာတာပါ
မြန်မာနိုင်ငံမဆင်းရဲဖူးဆိုတာပြယုတ်တခုလို့မှတ်
လိုက်ပါကွယ်
cobra
March 28, 2011 at 7:39 am
ဒါကတော့ရပ်ကွက်အထာပေါ့…
ကျွန်တော်ဆိုရင်အမြဲအပြောခံရတယ်
လမ်းထဲမှာလူငယ်က၃ယောက်လောက်ပဲရှိတော့ပိုဆိုးတယ်
အဝတ်အစားဝတ်တာကအစသူတို့ကိုလိုက်ကြောက်နေရတယ်
အလကားပါ…အဆင့်အတန်းမရှိတာတွေ….။