ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကား
ဒီပို့စ်ဟာ ရတနာ (၁) ပို့စ်ရဲ့ ဖြေရှင်းချက်ပါ။
ရတနာ (၁) ကိုဖတ်ပြီးမှ ကားမောင်းတာတွေ ငွေကိုင်တာတွေနဲ့ပတ်သက်လို့
အမျိုးမျိုးဝေဘန်လွန်းလို့ ပြန်လည်ရေးသားတင်ပြလိုက်ရတာပါ။
ဗုဒ္ဓသာသနာတော်ကို ကြည့်တဲ့နေရာမှာ (ရတနာ ၁-) ပို့စ်ထဲမှာ ပါသလို
အချိန်ကာလကိုလည်း ကြည့်ရပါမယ်။
နေရာဒေသကိုလည်း ကြည့်ရပါမယ်။
မြန်မာပြည်က ဘုန်းကြီးကိုသာ မြင်လို့ မရပါဘူး။
မြန်မာပြည်က ဘုန်းကြီးလိုမျိုးပုံစံတွေ သီရိလင်္ကာမှာလည်း ရှိပါတယ်။
ထိုင်းမှာလည်း ရှိပါတယ်။ အမေရိကမှာလည်း ရှိပါတယ်။
ဟိုတလောက အမေရိကရောက်မြန်မာဘုန်းကြီးတစ်ပါး ပြောတာက
“‘အမေရိကက ဒကာ ဒကာမတွေက
ကားမမောင်းတတ်တဲ့ဘုန်းကြီး၊ ကားမရှိတဲ့ဘုန်းကြီးဆိုရင်
ဆွမ်းစား ကွမ်းစား မပင့်လိုကြဘူး၊
သူတို့ကလည်း အိမ်မှာ ဆွမ်းကပ်ဖို့ ဘုန်းကြီးကို ကြိုပို့ လုပ်မပေးနိုင်ဘူး။
ဆိုတော့ ကြိုပို့လုပ်ပေးစရာ မလိုတဲ့ ကားလည်းရှိတဲ့ ကိုယ်တိုင်ကားလည်းမောင်းတတ်တဲ့ ဘုန်းကြီးကိုပဲ ဆွမ်းစား ကွမ်းစားပင့်ကြတာ” တဲ့။
မလေးရှားနို်င်ငံမှာလည်း မြန်မာပြည်ကလို ဘုန်းကြီးတွေ ပေါမှပေါ။
ဟိုတလောက ကထိန်ရာသီတုန်းက ပီနန်းကဘုန်းကြီးတွေကို ကွာလာလမ်ပူမှာရှိတဲ့ကျောင်းတစ်ကျောင်းက ကထိန်ပင့်တော့
သူတို့ကားကို သူတို့ကိုယ်တိုင်မောင်းလာတာပဲ။
ဒရိုက်ဘာမရှိဘူးလားလို့ မေးတော့ လခမပေးနိုင်လို့ မငှားနိုင်ဘူးလို့ပြောတယ်။
ဆိုတော့ သင်္ကန်းဝတ်တုန်းကတော့ သံသရာဝတ်ဆင်းရဲမှ လွတ်မြောက်လိုလို့
နိဗ္ဗာန်ကို လိုချင်လို့ဆိုပြီး ဝတ်လာကြတာပါဘဲ။
ဒါပေမဲ့ မသိစိတ်ရဲ့နောက်မှာ ရည်ရွယ်ချက်တွေ ပြောင်းလဲသွားပါဘီ။
ဒါ့ကြောင့်လည်း တောထဲသွားပြီး တရားမကျင့်ဘဲ
အမေရိက၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေမှာ ခိုကပ်ပြီး သာသနာပြုဆိုတဲ့ခေါင်းစဉ်အောက်မှာ သီတင်းသုံးနေထိုင်နေကြတာပါ။
ကိုယ့်နေရာမှာ မနေပဲ ကမ္ဘာအေးလိုနေရာမျိုးတွေမှာ ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ၊ အဖွဲ့ဝင်စတဲ့ရာထူးတွေကို ယူပြီး ငြိမ့်နေကြတာပါ။
ဒါ ပြစ်မှားပြီး ပြောတာမဟုတ်ပါဘူး။
အဖြစ်ကို မြင်သာအောင် ပြောပြတာပါ။
ဒီလိုနေနေတဲ့သူတွေကိုလည်း အပြစ်တင်စရာ မလိုပါဘူး။
နိဗ္ဗာန်ရောက်ဖို့မကျင့်ပေမဲ့ ပရဟိတစိတ်လေးတွေ မွေးမြုုကာ ရပ်ရွာတွေမှာ မူလတန်းကျောင်းလေးတွေ ဆောက်ပေးတဲ့၊ ဆေးခန်းလေးတွေ ဖွင့်ပေးတဲ့၊ စာကြည့်တိုက်လေးတွေ တည်ထောင်ပေးတဲ့ဘုန်းကြီးတွေ အများကြီးပါ။
ဆိုလိုတာက ဘုန်းကြီးကိုတွေ့ရင်
နိဗ္ဗာန်ကိုသွားဘို့ကျင့်နေသူ ဆိုတဲ့ပေတံတစ်ခုတည်းနဲ့ မတိုင်းတာဘို့ပါပဲ။
တခါတရံမှာ အသိဉာဏ်ရှိတဲ့ပြည်သူပြည်သားက
တိုးတက်ချင်လို့ လုပ်ချင်ကိုင်ချင်စိတ်ရှိပေမဲ့
အစိုးရဆိုတာကြီးက ကြားကခံနေလို့
အဆင်မပြေတာကို မဝေဘန်ရတော့ဘူးလား။
ဘုန်းကြီးအဖွဲ့အစည်းလည်း အတူတူပါပဲ။
စေတနာကောင်းဘို့လိုပါတယ်။
ဒါကတော့ကောင်းတယ်၊ မှန်တယ်၊
ဒါကတော့ မကောင်းဘူး၊မမှန်ဘူးလို့ပြောဘို့
ဘုရားရှင်ကိုယ်တိုင်က တိုက်းတွန်းထားတာ ရှိပါတယ်။
ငွေကိုင်တဲ့ကိစ္စလည် ဒီနေရာမှာ တခါတည်း ရှင်းလိုက်ပါရစေ။
နိဗ္ဇာန်လိုချင်လို့ မြန်မာဘုန်းကြီးတွေ အမေရိကမှာ နေနေတာမဟုတ်ပါဘူး။
မလေးရှားမှာ နေနေတာ မဟုတ်ပါဘူး။
နိဗ္ဗာန်လိုချင်ရင် တောထွက်ရမှာပါ။ တောထဲမှာ နေရာမှာပါ။
တောထွက်ပြီး တရားကျင့်နေတဲ့ ဝိနည်းလေးစားတဲ့
ငွေမကိုင်တဲ့ဘုန်းကြီးတွေ အများကြီးပါ။
အကြိမ်ကြိမ် ရှိခိုးထိုက်ပါတယ်။ ပူဇော်ထိုက်ပါတယ်။ လေးစားထိုက်ပါတယ်။
ဒါက တစ်မျိုးပါ။
နိဗ္ဗာန်မလိုချင်သေးပဲ ပရဟိတစိတ်ပေါက်နေတဲ့
ကိုယ့်နိုင်ငံက လူမျိုးတွေ အဆင့်အတန်းကို မြှင့်ပေးလိုတဲ့ အမေရိကရောက်နေတဲ့ မြန်မာဘုန်းကြီးတစ်ပါးအနေနဲ့ ငွေလိုတယ်။ ငွေကိုင်ရမယ်။
ဒါကို အပြစ်လို့ဆိုမလား။ သူ့စေတနာက ကောင်းနေတာကိုး။
ဝိနည်းအရတော့ ငွေကိုင်တဲ့ဘုန်းကြီး အာပတ်သင့်တယ်။
ပိဋကတ်ဆိုတာ သုံးပုံရှိတယ်။
ဝိနည်းတစ်ခုထဲကို ကြည့်လို့မရပါဘူး။
ငွေကိုင်တဲ့ဘုန်းကြီး ဝိနည်းပိဋကအလို အာပတ်သင့်တယ်။
မှန်ပါတယ်။
ဒါပေမဲ့ အဘိဓမ္မပိဋကအလို
သူများအကျိုးလိုလားပြီး စေတနာသန့်သန့်နဲ့ ငွေကိုင်တဲ့ဘုန်းကြီးမှာ
ကုသိုလ်စိတ်တွေ တိုးပွါးနေပါတယ်။
ဒါကို သဘောပေါက်ဖို့လိုပါတယ်။
ရွာမှာရှိတဲ့ ရွာကျောင်းဘုန်းကြီးတစ်ပါးက
ခြံထွက်ဖြစ်တဲ့ အုန်းပင်က အုန်းသီးကို ကြည့်ပြီး လောဘစိတ်တက်နေရင်
ဝိနည်းအရ အာပတ်မသင့်ပါဘူး။
အဘိဓမ္မာအရ အကုသိုလ်ဖြစ်နေပါတယ်။
ပိုက်ဆံမကိုင်ပဲနဲ့ ကျောင်းတစ်ကျောင်းပြီး တစ်ကျောင်း
တိုးချဲ့ဆောက်နေတဲ့ဘုန်းကြီးလည်း အတူတူပါဘဲ။
စေတနာအရေးကြီးပါကြောင်းပြောပါရစေ။
23 comments
eros
March 29, 2011 at 2:26 am
ခေတ်ကာလ က မသိမသာနဲ့ မောင်းသွင်းနေပြီ ဟိုဟို ဒီဒီ သွားတယ် ကားခပေးရတယ်။ နိုင်ငံခြား ပိုတောင်ဆိုးနေသေးတယ်။ ပိုက်ဆံမပေးရင် ဘာမှ မရဘူး။ ဒီတော့ ဘုန်းဘုန်းများ ပိုက်ဆံကိုင်ရတယ်။ ဒါပေမယ့် ဘုန်းဘုန်းများ ပိုက်ဆံ အပေါ် တပ်မက်မှု မရှိဘို့ အရေးကြီးတယ်။ ဒါယကာ၊ ဒါယိကာ တွေဆီက မရရအောင်လည်း အလှူမခံဖို့လည်း အရေးကြီးတာပေါ့။ ပိုက်ဆံမှ မဟုတ်ဘူး။ တခြားဟာတွေရောပေါ့။ ဘုန်းဘုန်းတို့ ရဲ့ တာဝန်တရပ် မှာ သာသနာပြန့်ပွားရေးလဲ ပါတော့ တကယ် သာသနာပြန့်ပွား ရေးအတွက်ဆိုရင် ကားမောင်းသင့်မောင်းရမှာပဲလို့ ထင်တယ်။ ကားက စက်၊ သက်မဲ့ဆိုတော့လေ။ သက်ရှိ မြင်းလှည်း၊ နွားလှည်းဆိုတာက ရိုက်နှက် ထိန်းကြောင်း မောင်းနှင်ရတော့ မလုပ်အပ်ပါဘူး။
ashinindaka
March 29, 2011 at 2:55 am
ဟုတ်ပါတယ်။ မြန်မာပြည်မှာ ဦးဇင်းတစ်ပါး ပိုက်ဆံမကိုင်ဘူးဆိုပြီး မြို့ကြီးပြကြီးမှာနေကာ ဘတ်စ်ကားလိုက်တိုးစီးနေတယ်။ ကားစပယ်ယာက ကားခတောင်းတော့ သူရထားတဲ့ ဆပ်ပြာခဲ ထုတ်ပေးတယ်တဲ့ ။ ကားစပယ်ယာ အတော် စိတ်အနှောက်အယှက်ဖြစ်မှာပဲ။ တကယ်တမ်း ပိုက်ဆံမကိုင်ဘူး။ ဝိနည်းလေးစားလိုက်နာတယ်ဆိုရင် တောထဲမှာနေပါ။ တရားကျင့်ပါ။ မြို့မှာနေပြီး ဘတ်စ်ကားတိုးမစီးသင့်ပါဘူး။
bigcat
March 29, 2011 at 2:59 am
အရှင်ဘုရား၏ ဝိနည်းနဲ့ဆိုင်သော ပို့စ်သည် အလွန်ကျယ်ပြန့်သော အကြောင်းအရာဖြစ်ပြီး ရဟန်းတပါးမှ လူအများ ယခုလို ဝင်ရောက်ဆွေးနွေးဖလှယ်ရန် ခေတ်မှီမှီ လမ်းဖွင့်ပေးသည့်အတွက် လွန်စွာကျေးဇူးများပါသည်။ ပြောင်းလဲနေသာခေတ်နှင့်အညီ ပြင်သင့်သည်များ အထင်အရှား ရှိသလို ခေတ်နှင့် မလျော်ညီသော်လည်း ဆက်လက်ထိန်းသိမ်းရမည်များလည်း ရှိပါသည်။ တပည့်တော် ပုဂ္ဂလိကဆန္ဒအရကတော့ ခေတ်လူအများ မျက်မြင်ကိုယ်တွေ့ လက်ခံစေရန် အကျင့်၊ သီလ၊ သမာဓိ၊ ပညာဖြင့် သာသနာတန်ခိုး ပြသင့်သည်။ သီလ သမာဓိ ပညာဆိုတာ စာအုပ်ထဲက စာလုံးများမဟုတ်၊ ယနေ့တိုင် ရှင်သန်ဆဲကို ရဟန်းတော်များ ကိုယ်တွေ့ပြရန် ဖြစ်ပါသည်။ ပရဟိတ ထက်သန်သော ရဟန်းတော်များအနေဖြင့် သာသနာ ကြည်ညိုသော သဘောထားစစ်မှန်သူ လူအများနှင့် တွဲဖက်ပြီး Strategy မဟာဗျူဟာနှင့် directing ဩဝါဒကို ဘုန်းကြီးအပိုင်း၊ operation, programme နှင့် administration လုပ်ငန်းလည်ပတ်ခြင်း၊ အစီအစဉ်ချမှတ်ခြင်း နှင့် စီမံအုပ်ချုပ်ရေး တာဝန်များကို လူ့အပိုင်း စည်းတားလုပ်သင့်သည် ထင်ပါသည်။ လောကီနှင့် လောကုတ္တရာ သဘာဝခြင်း လွန်စွာ ကွာခြားသဖြင့် ရဟန်းတော်တပါး ဘုန်းဘယ်လောက်ကြီးကြီး လူများနှင့်နီးစပ်လွန်းပါက အကျိုးထက် အပြစ်သာ များပါမည်။ မြန်မာပြည်ပျက်ရသည်မှာ စစ်သားများ အုပ်ချုပ်ရေး နိုင်ငံရေးအာဏာ အရသာ ခံစားဖူး၍ မစွန့်နိုင်သောကြောင့် ဖြစ်ပါသည်။ ရဟန်းတော်များလည်း လောကီအခွင့်အာဏာ ရပိုင်ခွင့်များနှင့် ထိစပ်မှုများလွန်းပါက သာသနာ အချိန်မတိုင်မှီ ပျက်ဆီးကြောင်း ဖြစ်ပါမည်။
ashinindaka
March 29, 2011 at 3:49 am
ဝိနည်းကို ပြောင်းလဲဘို့ ပြောနေခြင်းမဟုတ်။ သူ့နေရာ သူ့အချိန်အခါအရ ငွေကိုင်တာ၊ ကားမောင်းတာကို အပြစ်မမြင်မိအောင် ပြောပြခြင်းသာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဝိနည်းကိုကား ရဟန္တာကြီးများတောင် ပြောင်းလဲလို့မရပေ၊ ပြောင်းလဲပစ်ရန်လဲ မသင့်တော်ပေး။
ဆူး
March 29, 2011 at 2:38 pm
အရှင်ဘုရား အခုလို ပြောတဲ့ ကွန်မန်းကို ဖတ်ရတဲ့ အတွက် ဝမ်းသာ ပီတိ ဖြစ်ရပါတယ်။ အရှင်ဘုရား… ကားမောင်းတာ ပိုက်ဆံ ကိုင်တာ စသဖြင့် ဝိနည်းနဲ့ မညီတာ အမှန်ပါဘဲ။ အရှင်ဘုရား ကိုင်တာ သုံးတာ ဘာမှ ကန့်ကွက်ဖို့ စိတ်ကူးမရှိပါဘူး။
ဒါပေမဲ့ အရှင်ဘုရားရဲ့ ပိုစ်တွေမှာ ခေတ်နဲ့ အညီ ပြုပြင်သင့်သည်ကို ပြုပြင်သင့်ပါတယ် ဆိုတဲ့ အသုံး အနှုန်းမျိုးနဲ့ လောလောဆယ်အနေအထားအရ သံဃာ့နာယကအဖွဲ့သည် သံဃာအတွက် ဗုဒ္ဓဘာသာအတွက် အားကိုးရလောက်သော အမြင်ကျယ်သောအဖွဲ့အစည်း မဟုတ်သေးပါ ဆိုတဲ့ အသုံးအနှုန်းများကို ပြောချင်တာပါ။ တခြား စော်ကားလိုစိတ်တော့ မရှိပါဘူး။
ပဌာန်းဒေသနာ ဆိုတာ သာသနာ အတွက် မဟာတံတိုင်းခံတပ်ကြီး တခုအနေနဲ့ တည်ရှိတယ်လို့ ပြောကြသလို သာသနာ မကွယ်ခင် ပဌာန်းဒေသနာ အရင်ကွယ်ပျောက်မယ်လို့ ပြောတာ ကြားဖူးပါတယ် ဘုရား။ ဝိနည်း စည်းကမ်း သိက္ခာကို လေးစားတဲ့ ရဟန်း သံဃာများရဲ့ ကျေးဇူးကြောင့် ယနေ့ သာသနာ နှစ် ၂၅၀ဝ ကျော်သွားတဲ့ အချိန်အထိ စစ်မှန်တဲ့ သာသနာကို ကြုံခွင့်ရတာကိုတော့ တခြားငြင်းဖွယ်ရာ ရှိမယ် မထင်ပါဘူး။ ဒါကြောင့် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါးမှာ.. မြတ်စွာဘုရား သက်ရှိထင်ရှား မရှိတော့ပေမဲ့ တရားဆိုတဲ့ အရာကို သံဃာတော် များ အဆက်ဆက် အသက်နဲ့ လဲပြီး ထိန်းသိမ်းခဲ့လို့ ယနေ့ အထိ တည်တံ ထွန်းလင်းနေတာဖြစ်ပါတယ်။
လက်ကောက်ဝတ်မှာ သင်္ကန်းစ စီးတဲ့ ရဟန်းများ ပေါ်ထွန်းမဲ့ ခေတ်တော့ မရောက်အောင် ဝိုင်းဝန်း ကူညီ စောင့်ရှောက်သင့်ပါတယ် ဘုရား။
eros
March 29, 2011 at 3:05 am
ဟဲ ဟဲ ဘုန်းဘုန်း များလည်း ဟမ်းမားတို့ လန်ခရူဇာတို့ ရိုးလ်စရိုက်တို့ ဝယ်မစီးသင့်ဘူးလို့ ထင်တာပဲ။ သူများလှူရင်တော့ တမျိုးပေါ့။ ကာလံဒေသံ အရ တောင်ပေါ် ဗွက်ပေါတဲ့ နေရာမှာတော့ ဖိုးဝှီး စီးရမှာပေါ့။ အရေးကြီးတာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ရေး၊ စစ်မှန်သော သာသနာ ပြန့်ပွားရေးနဲ့ ရတနာများ တိုးပွားရေးသာ အရေးကြီးကြောင်းပါဟု ရိုသေစွာ လျှောက်တင်အပ်ပါသည် ဘုရား။
eros
March 29, 2011 at 3:10 am
ဘုန်းဘုန်း ဘဝကလည်း မလွယ်လှပေဘူး ခဏ တဖြုတ် ဒုလ္လဘ ဝတ်တာ ဝိနည်း အတိုင်းနေရတာ တယ်ခေါင်းလေးသကိုး။ ကန်တော့ပါရဲ့ ရှုရှုးပေါက်တာတောင် မြေပေါ်ပေါက် ရင် သတိထားရတယ်။
eros
March 29, 2011 at 3:13 am
စကားမစပ် အရှင်ဘုရား၊ ဒါန အကြောင်းလေးရေးပါလို့ လျှောက်တင်ပါသည် ဘုရား။
Shwe Tike Soe
March 29, 2011 at 3:27 am
ဆရာတော် (ဘုန်းကြီး) တစ်ပါးရဲ. သိက္ခာ တော်ကို ဘယ်သူမှမချဘူး ဘုန်းကြီး ဒကာ၊ဒကာမတွေပဲ ချနေတာ
ဘာလို.လဲဆိုတော့ ဘုန်းကြီးကျောင်းကို သူထက်ငါ မလှူသင့်တာတွေ လှူကြ..
without ကားတွေ သိမ်းတော့ ဘုန်းကြီးကျောင်းပို.
ဘုန်းကြီးကျောင်းကို စလောင်းတွေလှူ…. ပေါနေပါတယ်ဆိုတဲ့ကျောင်းတွေ သူထက်ငါလှူကြ…အင်းဒါနဲ.ပဲ ဘုန်းဘုန်းတို. ခမျာ ဒကာ၊ဒကာမ အကြိုက်လိုက်ပြီးတော့ …. အင်း ပြောရင်တော့မကောင်းပါဘူး
ဆွမ်း၊ကွမ်း အခက်အခဲရှိပြီး တရားအားထုတ်နေတဲ့ကျောင်းတွေ အများကြီးရှိနေတယ်ဆိုတာ မသိကြတာလားဗျာ
maungmoenyo
March 29, 2011 at 3:33 am
ရန်ကုန်မှာကားတင်သွင်းခွင့်လိုင်စင် လက်မှာကိုင်ပြီးဆွမ်းကွမ်းဒကာရှာတာကတော့ တယ်မနိပ်လှပါဘူးဘုရား။ အရှင်ဘုရားမိန့်သလို နေရာ၊ ဒေသဆိုပေမဲ့ ဗုဒ္ဓရဲ့ကျင်စဉ်လမ်းကတခုတည်းကိုသာပြတယ်ဆိုတာတပည့်တော်နားလည်ထားပါတယ် – နိဗ္ဗာန်ရောက်ကြောင်းကိုပါ။ သံသရာကလွတ်ကြောင်းကိုပါ။ သံသရာမှာ လည်ကြောင်းကိုအပြီးတိုင်ခြေမှုန်းနိုင်အောင် (၃၁) ဘုံသားတွေ ကျင့်ရင်းကျင့်ရင်း ဒီသံသရာကမလွတ်နိုင်ကြသေးတာတွေကလည်း၊ ဒီဆင်ချေတွေကြောင့်ဘဲမဟုတ်ပါလားဘုရား။
သံဃာယနာတင်ရခြင်းတွေကလည်း ဒီလို ဆင်ခြေ၊ သွေဖီလာမှုတွေကြောင့်ဘဲမဟုတ်ပါလားဘုရား။
သူယုတ်မာနံ့ကင်းအောင်မောင်မိုးညိုတယောက်ကြိုးစားရင်း ဒီနေ့ဒီချိန်ထိ ပင်ပမ်းဆင်းရဲကြီးစွာ လျှောက်နေရသေးတာလဲ ဒီဆင်ခြေဝဲဩဂထဲမှာ မောင်မိုးညိုတယောက်ခုံမင်နေလို့မဟုတ်ပါလားဘုရား။
မိုက်ကယ်ဂျော်နီအောင်ပု
March 29, 2011 at 8:33 am
ဘာမဆိုင်ညာမဆိုင်
ငယ်ငယ်က ဖတ်ဘူးတဲ့
ကာတွန်းငွေကြည်(ကိုယ့်အဘိုးလောက်တော့ရှိမယ်ထင်တယ်)
ရဲ ့ကာတွန်းလေးထဲကလိုဖြစ်နေပြီထင်ပါတယ်
မီးပွိုင့် စိမ်းတဲ့ အချိန်မှာ ကားတွေက မရပ်ပေးဘဲ တအားမောင်းကြတဲ့အတွက်
မီးပွိုင့်နီတဲ့အချိန်မှာ လူတွေကလည်း အုပ်စုအလိုက် လမ်းဖြတ်ကူးကြလေသည်
ဆိုသလို ဖြစ်နေပါပြီ
ဒီအကြောင်းတွေကို ပြောရရင်တော့ ဆုံးတော့မှာ မဟုတ်ပါဘူး
ဝိနည်းတွေ အရမ်းတင်းကျပ်ရင်လည်း သာသနာတော်မှာ
ပျော်ပိုက်သူ ရဟန်းသံဃာ လျှော့နည်းသွားနိုင်တယ်လို ့ထင်မှတ်မိပါတယ်
ဝိနည်းတွေကို လိုက်စားသူ နည်းသွားရင်လည်း
သာသနာတော် တည်တံ့ဘို ့အချိန် တိုသွားနိုင်တဲ့သဘော ဖြစ်ဦးမှာပါ
ကြပ်မပြည့်တဲ့ ဘုန်းကြီးတစ်ပါးကို
တစ်နေ ့ကြပ်ဘူးပါတယ် 🙂
အဲ့လိုပါဘဲ ဘုန်းကြီးဆိုတာ ပိုက်ဆံမကိုင်ကောင်းဘူးဘာညာကွိကွပေါ့
သူကတော့ အပန်းမကြီးစွာနဲ ့ပြောပါတယ်
မင်းပြာတာကတော့ ဟုတ်ပါပြီ………………..တဲ့
ခုငါက ဟိုဘက်ရွာက လာတာ…………………တဲ့
ခုငါ ဆွမ်းမတီးရသေးဘူးးးးးးးးးးးးးးးးးးးးးးးးးတဲ့
မင်းကြွေးမလားးးးးးးးးးးးးးးးးးးးးးးးးးးတဲ့
ငါပြန်ရင် ……………………..တဲ့
မင်းအဘ..ကားကြုံရှိရင် ထည့်ပေးလိုက်လေ……………….တဲ့
ဒါနဲ ့ကိုယ်လည်း ဘာမှမပြောသာတော့ပါဘူး
ဘေးကကောင်ကလည်းသဒ္ဒါရှာပါပေတယ်
မာဘိုလို တစ်လိပ်ဆွဲထုပ်ပြီး
ဦးဇင်း မာဘိုလို ဘုန်းပေးပါသီးလို ့လုပ်တော့
အွိမ်းဆိုပြီး တစ်ဖွာနှစ်ဖွာနှစ်ဖွာရှူပြီး
တော်တော်ကောင်းတာဘဲ
ဘုန်းကြီးကိုလှူတာ ကုသိုလ်ရတယ် ကျန်တာပါ လှူပါလားလုပ်တော့
နောက်ထပ်သုံးလိပ် ပေးပြီး မနည်းကြီး ညှိုနှိုင်းလိုင်ရတယ်
မိုက်ကယ်ဂျော်နီအောင်ပု
March 29, 2011 at 8:33 am
ဘုရား
ashinindaka
March 29, 2011 at 9:34 am
ကောင်းဗျာ။ အခုပို့စ်က ဝိနည်းကို ပြင်ဆင်ဘို့မဟုတ်ဘူးနော်။ အခြေအနေအရ ကားမောင်းတဲ့ဘုန်းကြီးများမြင်ရင် ငွေကိုင်တဲ့ဘုန်းကြီးများ တွေ့ရင် ယောနိသော မနသိကာရလို့ခေါ်တဲ့ Appropriate Attention ရှိပြီး အပြစ်မမြင်ဘို့ ပြောတာ။
kopauk mandalay
March 29, 2011 at 4:00 pm
ashinindaka
ဦးဇင်းရေ မန်းလေးမြို့သူမြို့သားများကတော့ သင်္ကန်းရုံထားတယ်ဆိုရင်ဘဲ
ဘုရားသားတော်လို့ သတ်မှတ်ပြီး ဘာအပြစ်မှမြင်ဘဲ ရှိခိုးဦးတင်လို့
ထားတတ်ကြပါတယ်။
အဲဒီနိုင်ငံမှာဦးဇင်းနေလို့ အပြစ်မြင်မြင်သူများရှိရင် မန်းလေးမြို့ကိုပြောင်းပြီး သီတင်းသုံးတော်မှုပါဘုရား
ashinindaka
March 30, 2011 at 8:50 am
ဟုတ်တယ် ကိုပေါက်၊ ဦးဇင်းလဲ ၁၉၉ဝ ပြည့်လွန်နှစ်က စလို့ မန္တလေးမှာ ၈ နှစ်လောက်နေပြီး စသင်ခဲ့ဘူးတယ်။ မန်းထွက်ပါဘဲ။ မန်းဒကာ ဒကာမတွေရဲ့ ဘုန်းကြီးအပေါ် ရိုသေကိုင်းရှိုင်းမှုကတော့ တကယ့်ကို အံ့မခန်းပဲ။ သူတို့က ဘုန်းကြီးတွေ ဘာလုပ်လုပ် ခွင့်ပြု နားလည်ပေးလို့ ဦးဇင်းတော့ မန်း ဒကာ ဒကာမတွေ အားတောင် နာမိတယ်။
antimoe
March 30, 2011 at 11:33 am
ကိုပေါက်ရေ..
မန်းလေးသားတွေကတော့…ရှာမှရှားပါ။
မနက်ဆွမ်းခံချိန်..ဘတ်စကား..နောက်တွဲတွေမှာ..သံဃာပျိုတွေအများကြီးပဲ။
ပိုက်ဆံမယူကြဘူး။
သံဃာတွေကလည်း..အထဲဝင်မစီးကြပဲ..တွဲခိုကြတာတွေ့ရတယ်။
စပယ်ယာကပြောဆိုစရာရှိရင်လည်း…ရိုသေစွာ..လျှောက်ထားကြတာ
တွေ့ခဲ့ရတယ်။
ရန်ကုန်မှာ..ဝေးဝေးမှ..တခါ..ကားပေါ်မှာ..သံဃာတွေတွေ့ရပေမယ့်..ပိုက်ဆံကောက်တယ်။
ဂျပန်လေယာဉ်ပေါ်မှာ..ထိုင်းသံဃာတော်တပါးပါလာတာ..တက်လာတဲ့ ထိုင်းလူမျိုးတိုင်း..အိတ်ဘေးချပြီး..လေယာဉ်ကြမ်းပြင်ပေါ်..ထိုင်ချကန်တော့တာ..ကြုံဖူးတယ်။
ရန်ကုန်သားတွေ..နဲနဲပြင်ဖို့လိုတယ်..ထင်ပါတယ်။
kai
March 30, 2011 at 4:47 pm
ထိုင်း(ဘန်ကောက်)မှာ..မှတ်မိသလောက်..
ရဟန်းကဆွမ်းစားချိန်နီးပြီး ဆွမ်းမမှီဘူးထင်ရင်.. ကြိုက်တဲ့ဆိုင်ဝင်စားလို့ရတယ်..။
ဘာသာခြားတွေဖွင့်တဲ့ဆိုင်တောင်… ငွေမယူပဲ..နေရာထိုင်ခင်းသေချာပေးတာ တွေ့ဖူးတယ်..။
parlayar46
March 29, 2011 at 6:51 pm
သာသနာတော်ကြည်ညိုတဲ့ ရဟန်းစစ်စစ်တိုင်း ငွေကိုင်ရင်အာပတ်သင့် (အပြစ်ရှိ) တာသိကြပါတယ်။ ဒါကြောင့် သတိရှိတဲ့ရဟန်းတော်များဟာ ငွေကိုင် သုံးစွဲ စီမံ ရင်းနဲ့ပဲ တပ်မက်မှုမဖြစ်အောင် အကုသိုလ်မဖြစ်အောင် ကုသိုလ်တရားတိုးပွားအောင် သာသနာ့အကျိုးကိုသာ အများဆုံးပြုဖြစ်အောင် ကြိုးစားကြတာတွေ့ဖူးပါတယ်။ အပြစ်နဲနဲ နဲ့ ကုသိုလ်များများကို လဲတဲ့သဘောမျိုးလို့ထင်ပါတယ်။ ရဟန်းများငွေကိုင်တာကိုထောက်ခံတာမဟုတ်ပါ။ သူတို့ဘက်ကဝင်ကြည့်ပေးတဲ့သဘောပါ။
nature
March 30, 2011 at 12:39 am
သာသနာတော်မှာပရိပတ္တိ နှင့် ပရိယတ္တိ ဆိုပြီးရှိပါတယ်၊သင်ကြားတာ နဲ့ ကျင့်ကြံတာပေါ့၊
ကျနော့အမြင်ကတော့ သာသနာတော်ရှည်ကြာဖို့ သင်တာဟာအရေးကြီးပါတယ်၊ သင်ကြားပေးတဲ့သူက ယောက်မလိုလူ ၊
ကျင့်ကြံတဲ့လူကတော့ လျှာလိုလူလို့ မြင်ပါတယ်၊
အုန်းသီးလောက် ကိုယ့်အပြစ်ကိုမြင်အောင်ကြည့်ပါ၊
နှမ်းစေ့လောက် သူများအပြစ်ကိုမြင်အောင်မကြည့်ပါနဲ့။
pasi
March 30, 2011 at 8:40 am
သံဃာ့သဒေးမ
လင်းဝေကျော်
March 30, 2011 at 10:30 am
သံဃာတော်တွေ လည်း ပုထုဇဉ်တွေများတာမို့ …….
ပြည့်စုံပြီးသားဘုန်းကြီးတွေကို အရမ်းထပ်ထပ်လှုတော့
ခြိုးခြံချွေတာပြီး လောဘ မဖက်ပါဘူးလို့ ဆိုတဲ့ ဘုန်းကြီးတွေကို အပိုအလျှံဖြစ်အောင်သွားလုပ်ပေးတော့
သူတို့မှာလည်း ဥစ္စာ တဏှာလို့ခေါ်လေမလား အဲဒီစိတ်ပေါ်လာမှာပေါ့လေ…။
“ဒါပေမဲ့ မသိစိတ်ရဲ့နောက်မှာ ရည်ရွယ်ချက်တွေ ပြောင်းလဲသွားပါဘီ။
ဒါ့ကြောင့်လည်း တောထဲသွားပြီး တရားမကျင့်ဘဲ
အမေရိက၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေမှာ ခိုကပ်ပြီး သာသနာပြုဆိုတဲ့ခေါင်းစဉ်အောက်မှာ သီတင်းသုံးနေထိုင်နေကြတာပါ။”
သာသနာပြု သော လုပ်ငန်းစဉ်များကို ပိုမိုအလေးထားပြီး ထိရောက်စွာ လုပ်နေပါက လူတွေ ကြည်ညိုပါလိမ့်မယ်။
padonmar
March 30, 2011 at 2:38 pm
တနှစ်လျှင် ၆လကျော် နိုင်ငံခြားတိူင်းပြည်များသို့ ကြွပြီး တရားစခန်းများဖွင့် သာသနာပြုနေသော ချမ်းမြေ့ဆရာတော်ကြီးနဲ့ တပည့်များ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းမှ
သံဃာတော်များ အအေးဒဏ်ခံနိုင်ရန် အနွေးထည်ဝတ်ခြင်းမှအပ ကျန်ဝိနည်း အားလုံး လိုက်နာကြပါတယ်၊
ငွေမကိုင် credit card မကိုင်ပါ၊ကားမမောင်းပါ၊
ယောဆရာတော်ကြီးလည်း ငွေမကိုင်ပါ၊ ဖုန်းမကိုင်ပါ။ထိထိရောက်ရောက် သာသနာပြုနိုင်ကြပါတယ်။ဖားအောက်ဆရာတော်ကြီး နဲ့ လက်ထောက်ဆရာတော်များလည်း ဝိနည်းလိုက်နာပြီးသာသနာပြုနေကြပါတယ်၊
အခြား ဝိနည်းကို တသွေမတိမ်းလိုက်နာနေတဲ့ သံဃာတော်များလည်း ရှိအုံးမှာပါ၊
နည်းနည်းစီပြင်သွားရင် ကြာလာတော့ မူရင်းနဲ့ ဆန့်ကျင်ဘက်ကိုရောက်သွားပါလိမ့်မယ်၊
kai
March 30, 2011 at 6:17 pm
အမေရိကားမှာ သီတင်းသုံးတဲ့ ရဟန်းတပါးရေးထားတာပါ.။ အောက်မှာ ဆောင်းပါးအစအဆုံး..။
သိစေချင်တာက…မြန်မာဘုန်းကြီးတွေ.. နိုင်ငံခြားသာသနာပြုတယ် ဆိုတဲ့အကြောင်းပဲ..။ အဲဒါလေးကို ရွေးပြီး မှတ်ချက်ထုတ်ပေးထားပါတယ်..။
===========
http://myanmargazette.net/12088/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit
စာရေးသူအမေရိကန်ပြည်ထောင်စုကို ဒုက်ခသည်ဘဝနဲ့မတော်တဆရောက်လာပြီးတဲ့နောက် မြန်မာပြည်မှာ တွေးခဲ့တဲ့အတွေးနဲ့လက်တွေ့အမြင်နဲ့က ကွာဟနေလို့ပါ။ ဘာကြောင့်လဲဆိုတော့ ထိုဆိုင်းဘုတ်အကြီးကြီးတွေနဲ့ဆရာတော်တွေက အမေရိကားကိုလာ၊ အမေရိကားမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာ နှစ်ပတ်တစ်လသီတင်းသုံးပြီး မြန်မာပြည်နဲ့အလှမ်းဝေးပြီး အမေရိကားမှာနှစ်ရှည်လများ နေထိုင်ကြတဲ့မြန်မာပြည်သား အနည်းငယ်ကိုသာတရားဟောပြီး အလှူဝတ္ထုတွေယူပြီးပြန်သွားကြတာကိုပါပဲ။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုစိတ်နဲ့ရေးသားတာမဟုတ်ပါ။ တို့မြန်မာဘုန်းတော်ကြီးတွေ တစ်ခုခုလိုနေသေးတယ်ဆိုတာကို အားမလိုအားမရဖြစ်မိလို့ရေးလိုက်ခြင်းသာဖြစ်ကြောင်း စာဖတ်ပရိသတ်များနားလည်စေလိုပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ဘာတစ်ခုမှစွမ်းဆောင်နိုင်တာမဟုတ်ပါ။ ဒါပေမယ့် ကိုယ့်မြန်မာပြည်က ဘုန်းတော်ကြီးတွေကို Dalai Lamaတို့လို ကမ္ဘာသိဖြစ်စေချင်တဲ့စေတနာနဲ့ ရေးမိရေးရာ ရေးလိုက်ရတာပါ