ငလျှင်လှုပ်ရင်..ဘာလုပ်မလဲ

အခုတလော ငလျင်လှုပ်တာပဲ ကြားနေရတယ်။ မကြာခင်က နယူးဇီလန်၊ ပြီးတော့ ယူနန်ပြည်နယ်
ရင်ကျန်းမြို့ (မြန်မာပြည်နယ်စပ်)၊ အဲဒီနောက် မတ် (၁၁) ရက်နေ့က အကြီးဆုံး ၉.၀
ဂျပန်ငလျင်၊ ဟော မနေ့က (၂၄) ရက်မှာပဲ မြန်မာနိုင်ငံနယ်စပ်၊ မယ်ဆိုင်
(ထိုင်းနိုင်ငံ) နဲ့ လာအိုနယ်စပ်ဘက်မှာ ၆.၈ ငလျင် ထပ်လှုပ်ပြန်ပြီတဲ့။

သဘာဝဘေးအန္တရာယ်ထဲမှာ ငလျင်ကလည်း ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ကတော့
ကံကောင်းနေကြသေးလို့ ကိုယ်တိုင်မကြုံဖူး မခံစားမိသေးဘူး။ အကယ်၍ ငလျင်လှုပ်ခဲ့ရင်
ခုံအောက် ကုတင်အောက်ပဲ ပြေးပုန်းမှာလား၊ ဒါမှမဟုတ် တံခါးပေါက်ဝမှာပဲ
ရပ်နေမှာလား? ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာလား? အဲဒီလို
တွေးကြည့်စဉ်းစားမိကြပါသလား? အောက်ကစာကို ဆက်ဖတ်သွားကြည့်ပါ တစ်နေ့နေ့
ခင်ဗျားအသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။

ကျနော်နာမည်က Doug Copp ပါ။ ကျနော်က အမေရိကန်နိုင်ငံ နိုင်ငံတကာ ကယ်ဆယ်ရေးအသင်း
(ARTI) ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ကျနော်ဟာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့
သဘာဝဘေးဒဏ် ကယ်ဆယ်ရေးမှာ အထူးကျွမ်းကျင်သူူအဖြစ် ၂ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး
နိုင်ငံပေါင်း ၆ဝ လောက်က ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံပေါင်း ၈၇၅ လုံးထဲကို
ဝင်ရောက်ခဲ့ပြီး ကျနော့်အဖွဲ့နဲ့အတူ ကယ်ဆယ်ရေးအလုပ်ကို ၁၉၈၅ ခုနှစ်ကစပြီး
လုပ်ကိုင်ခဲ့ဖူးပါတယ်။

ပထမဆုံး ကျနော်ဝင်ရောက်ခဲ့တဲ့ အဆောက်အအုံကတော့ ၁၉၈၅ ခုနှစ်
မက်ဆီကိုငလျင်ဖြစ်တုန်းက မက်ဆီကိုနိုင်ငံက ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
ကျောင်းသားအားလုံး သူတို့ရဲ့ ကျောင်းစာသင်ခုံအောက်မှာ ပုန်းနေခဲ့တယ်၊ ဒါပေမဲ့
အဲဒီကျောင်းသားအားလုံး အရိုးကြေတဲ့အထိ ဖိညှပ်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။ အကယ်၍
သူတို့ကသာ စာသင်ခုံရဲ့ဘေးမှာပဲ  လှဲလှောင်းနေခဲ့ရင် အသက်ရှင်ကောင်း
ရှင်နိုင်မှာပါ။

အလွယ်ဆုံးရှင်းပြရရင် အဆောက်အအုံတစ်ခု ပြိုကျတဲ့အခါ မျက်နှာကျက်အလေးချိန်ဟာ
အောက်မှာရှိတဲ့ ပရိဘောဂများ အရာဝတ္ထုများကို ကျိုးပဲ့ပျက်စီးစေပြီး အဲဒီဘေးမှာ
တြိရိဂံနေရာလေး ဖြစ်ပေါ်စေပါတယ်။ တြိရိဂံနေရာက ပရိဘောဂရဲ့ ဘေးမှာနော်
အောက်မှာမဟုတ်ဘူး။ အဲဒီတြိရိဂံနေရာကို ကျနော်က “Triangle of Life” လို့
ခေါ်ပါတယ်။ အောက်ဖက်က ပရိဘောဂပစ္စည်းဟာ ကြီးမားခိုင်မာလေ ဘေးကဖြစ်စေနိုင်တဲ့
တြိရိဂံနေရာလွတ်ဟာ ပိုကြီးမားမယ်၊ ဒါကြောင့် အဲဒီလိုနေရာကို အသုံးပြုပြီး
ပုန်းခိုတဲ့လူဟာ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ပါဘူး။

နောက်တစ်ခါ တီဗွီသတင်းထဲမှာ ပြိုကျနေတဲ့ အဆောက်အအုံတွေကို မြင်ရင်
တြိရိဂံလိုနေရာ ဘယ်နှစ်ခုတွေ့နိုင်မလဲဆိုတာ ရှာကြည့်ပါ၊ အများကြီးတွေ့ရမှာပါ။
ကဲ ငလျင်ဖြစ်လာရင် အသုံးတကယ်ဝင်မဲ့ ဆောင်ရန်ရှောင်ရန်နည်းတချို့ကို
ပေးလိုက်ပါတယ်။

၁။ လူတိုင်းလိုလို ခုံအောက်မှာ ကားထဲမှာ ဝင်ပုန်းကြတယ်၊ အဲဒီလိုနေရာမှာ
ပုန်းကြတဲ့လူတွေ ဖိမိပြီးသေကြရတယ်။

၂။ ငလျင်လှုပ်ချိန်မှာ အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊
စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ
ပုဇွန်တုပ်ကွေး ကွေးပြီးနေရင် တြိရိဂံပုံနေရာလွတ်လေးက သင့်ကို
ကယ်တင်နိုင်မှာပါ။

၃။ ငလျင်လှုပ်တဲ့အခါ သစ်သားအိမ်တွေကတော့ အလုံခြုံဆုံး အိမ်ပုံစံဖြစ်ပါတယ်။
ပြိုကျခဲ့ရင် နေရာလွတ်အများကြီး ဖြစ်စေပါတယ်။ အုတ်နဲ့ဆောက်ထားတဲ့အိမ်တွေ
ပြိုကျရင် အုတ်ခဲတွေတစ်ခုစီကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။ ဒါပေမဲ့
ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။

၄။ အကယ်၍ ညဖက်အိပ်နေချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို
လှိမ့်ချလိုက်ပါ။ တြိရံဂံနေရာလွတ်ဟာ ကုတင်ဘေးကပ်လျက် မှာ ရှိလာမှာပါ။

၅။ အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ
အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး
သေကြရပါတယ်။

၆။ ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့်
လှေကားပျက်မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ
ပြိုကျနိုင်ပါတယ်။ အဆောက်အအုံ မပျက်စီးခဲ့ရင်တောင် လှေကားကို
ထပ်မံစစ်ဆေးသင့်ပါတယ်။

၇။ အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ
အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း
ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။

၈။ ကားမောင်းနေရင်း ငလျင်လှုပ်တဲ့အခါ ကားအတွင်းမှာပဲ နေကြသူများဟာ အပေါ်ကလမ်းတွေ
ပြိုကျဖိမိပြီး အားလုံးသေကြရတယ်။ ၁၉၈၉ ခုနှစ် ဆန်ဖရန်စစ်စကို ငလျင်မှာ Nimitz
Freeway လမ်းမကြီးပေါ်မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ကားထဲမှာနေနေကြတဲ့လူတွေ
အားလုံးသေကြတယ်။ အကယ်၍ သူတို့က ကားထဲကထွက်ပြီး မိမိရဲ့ကားဘေးမှာပဲ ထိုင်နေရင်
သို့မဟုတ် လှဲနေရင် အလွယ်တကူ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။
ကွန်ကရစ်တိုင်လုံးကြီး ကားပေါ်တည့်တည့် ထက်ချိုးကျတဲ့ ကားတွေကလွှဲရင်
ပျက်စီးကြေမွှသွားတဲ့ ကားတွေရဲ့ဘေးမှာ ၃ ပေအမြင့်နေရာလွတ်တွေ ရှိခဲ့ပါတယ်။

၉။ ကျနော့်အတွေ့အကြုံအရ ပြိုကျသွားတဲ့ သတင်းစာတိုက်လို စက္ကူတွေအများကြီးရှိတဲ့
အဆောက်အအုံထဲမှာ စက္ကူထုတ်တွေရဲ့ဘေးနားမှာ နေရာလွတ်အများကြီး ဖြစ်နေတာကိုလည်း
တွေ့ခဲ့ရပါတယ်။  (စက္ကူထုပ်တွေဟာ ပြားချပ်မသွားပဲ
ထုနဲ့ တောင့်ခံနိုင်တယ်လို့ဆိုလိုတာပါ

)

“The triangle of live saves lives” ဆိုတာလေးကို ထပ်မှတ်ထားလိုက်ပါ။ ဒီစာလေးကို
လက်ဆင့်ကမ်းရင်း လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ကြပါစေလို့…။

မြစ်ကြီးနားအွန်လိုင်း
ဝက်ဘ်ဆိုဒ်မှာ ကျော်ကျော် ရေးထားပေးတာပါ
ထပ်ဆင့်ကူးယူ မျှဝေလိုက်ပါတယ်… ခွင့်ပြုပေးပါဗျာ…

3 comments

  • juttue.gyi

    March 30, 2011 at 10:48 am

    ကျေးဇူးဘဲဗျာ အခုမှကြားဖူးတော့တယ် ငလျှင်လှုပ်ရင် တြိရံဂံနေရာလွပ်တွေ
    ရှိတယ် ဆိုတာကိုလေ မှတ်သားထားပမယ်။

  • rainbow

    March 30, 2011 at 12:29 pm

    ငလျင်ဆိုတာ လူကိုသေနိုင်တယ်။ကို ကိုယ်ကိုဂရုစို်က်ဖို့လိုတယ် မှတ်ထား။

  • nature

    March 30, 2011 at 2:06 pm

    အခုအချိန်မှာဒါလေးသိရတာတော်တော်အကျိုးများပါတယ်။
    ဒါပေမဲ့တခုမေးချင်တယ်၊ငလျှင်လှုပ်ချိန်မှာရေခဲသေတ္တာဘေးမှာသွားနေလို့ရေခဲသေတ္တာ လဲကျရင်ဘယ်လိုလုပ်မလဲ။ရေခဲသေတ္တာကရှည်တယ်လေ။

Leave a Reply