ဖန်တရာတေ နေတဲ့အကြောင်း

erosApril 3, 20111min16912

eros မြန်မာပြည်အားချစ်ပါသည်။ မြန်မာပြည်အားတိုးတက်စေချင်သည်။ မြန်မာများတိုးတက်ဖို့ မြန်မာများသာ ကြိုးပမ်းရမည်။ မြန်မာများစည်းကမ်းရှိရန် လိုလေသည်။ eros ၏ပထမဦးဆုံးစာစု “မြန်မာများစည်းကမ်းရှိရန် အချိန်တန်ပြီ” ရေးခဲ့သည်။ ယခုရေးဦးမည်။ အဆိုးမြင်ဝါဒီဆန်နေပေလိမ့်မည်။ ဝေဖန်ကြပါ။ ယခု ″ဖန်တရာတေ နေတဲ့အကြောင်း″၊ ဘာအကြောင်းလဲ??? လိုင်းကား၊ တက္ကစီ အကြောင်းပင်ဖြစ်လေတော့သည်။
မြန်မာပြည်မှ စည်းကမ်းအပျက်ဆုံးများထဲမှ တခုမှာ လိုင်းကားများပင်ဖြစ်လေသည်။ မြန်မာပြည်မှလိုင်းကားများသည်ကား အခါခပ်သိမ်း မည်သည့်အခါမျှ မကောင်းပေ။ ကောင်းသော်ခဏပင်ဖြစ်လေသည်။ ပြီးလျှင်ပျက်လေတော့သည်။ လိုင်းကားနှင့် အတူတူ မြန်မာများစိတ်ဓာတ်ပြင်ရန်လိုပေသည်။ မြန်မာလူမျိုးများအများစုသည် အပေါ်ယံ ကောင်းချင်ယောင်ဆောင်၍ကိုယ့်ဖို့ယက်လှသည်ဟု မြင်မိသည်။ ဘယ်သူသေသေ ငတေမာပြီးရောသာ။ စည်းကမ်းမဲ့လှသည်။ စည်းကမ်းဖောက်ရတာ ဂုဏ်ယူစရာတမျိုးဟုထင်ကြသည်။ စနစ်တကျ မလုပ်ကြ။ ယခုကား လိုင်းကား နှင့်ပတ်သက်သည်ဖြစ်၍ လိုင်းကားအကြောင်းပြောမည်။ရှေးဦးစွာ မြန်မာလိုင်းကားအစကား R.E.T COMPANY၏ ထရော်လီဘတ်စ်က အစဖြစ်ပေလိမ့်မည်။ ဆရာကြီးသော်တာဆွေ၏ ဘဝတသက်တာမှတ်တမ်းစာအုပ်၌ ယခုခေတ်ကြားကား ဆန်ဆန်လိုင်းကားများဆွဲနေသည်ဟုသိရသည်။ အသင်းအဖွဲ့မရှိ။ အပြိုင်အဆိုင်ပြိုင်မောင်းလေသည်။ ဆရာကြီးမင်းသိင်္ခ၏ ဝတ္ထုတွင်လည်းကောင်း၊ရန်ကုန်မြို့ သမိုင်းစာအုပ်တွင်တိရိစာ္ဆန်တံဆိပ်နှင့် လိုင်းကားများပြေးဆွဲသည်ဟုသိရသည်။

ကျွန်တော်မှီသောလိုင်းကားခေတ်သည်ကား ကပရ ရေးနိုးများ၊ ဘီအမ် ၂စီးတွဲများ၊ အစ္စရေးနိုင်ငံထုတ်ဘတ်စ်ကားကြီးများ၊ မထသ ချက်ပလက်ဘတ်စ်ကားကြီးများဖြစ်သည်။ ထို့နောက်ဟိုင်းလပ်များ၊ ဂျပန်မှဘတ်စ်ကားကြီးများ၊ ကိုရီးယားမှ ဒေဝူးဟွန်ဒိုင်းဘတ်စ်ကားများ၊ဒိုင်နာများ ဖြစ်လာသည်။ ရှေးဦးစွာဝေပုံကျစနစ်တွင် ကားများတွင်လူပြည့်အောင်မတင်ပေ။ မှတ်တိုင်၌လူများနေလျှင် မောင်းပြေးလေသည်။ထိုခေတ်တွင်လည်းစပယ်ယာ၊ကားသမားတို့၏ ခရီးသည်အပေါ် ဆက်ဆံရေးသည် သိမ်မွေ့မှုမရှိဟုကြားမိလေသည်တကား။ ထို့နောက် ဝေပုံကျစနစ်ဖျက်သိမ်းလိုက်သောအခါ သမိုင်းကြောင်းထိန်းသိမ်းသော ကားသမားများသည် ခရီးသည်လုလေတော့သည်။ ပြိုင်မောင်းလေသည်။ မတော်တဆဖြစ်မှုတွေ ပိုများလာသည်။

ကျွန်တော်တကိုယ်တည်းကားစီးရသည့် အရွယ်ရောက်သော် မီနီဘတ်စ် ပုံသေ ၂ဝ ကျပ်၊ အဲကွန်းကား ပုံသေ ၂ဝ ကျပ်တို့ ပေါ်လာလေသည်။ ထိုအချိန်ထိုအခါက၂ဝကျပ် သည်တန်ဖိုး ရှိသေးပေရာ တချို့ မီနီဘတ်စ်ကားများသည် ခရီးသည်ပိုရရန် ခရီးသည်ပါးချိန်တွင် ခရီးနီးလျှင် ၁ဝကျပ်ကောက်လေသည်။ ရိုးရိုးဂိတ်စ၊ ဂိတ်ဆုံး ၆ကျပ်တန်ကားများလည်းရှိပေသည်။ နောက်တွင် အပိုင်းလိုက်၅ကျပ်၊ ဂိတ်စဂိတ်ဆုံး ၂ဝ ကားများရှိလာသည်။ ထို့နောက် အပိုင်းလိုက် ၄ဝကျပ်မှ ယခု အပိုင်းလိုက် ၅ဝကျပ် ဖြစ်လာသည်။ အထူးကားများလည်းပေါ်လာသည်။ အထူးကားများကား ၂၀၀၊ ၃၀ဝ ပေးစီးရလေသည်။ ယခုစည်းကမ်းအပျက်ဆုံးကား အဆိုပါ အထူးကားများပင်။ လမ်းလယ်ခေါင်ရပ် လူတင်လူချလုပ်သည်။ ထိုအတွက်ကားအသွားအလာ ကျပ်ကုန်သည်။ ကားအတွင်းတွင်လည်း ထိုင်ခုံများကား လူစဉ်မမှီပေ။ အင်မတန်မှသေးကွေးပြီး ကျဉ်းကျုပ်လေသည်။ ခြေထောက်ချရန်အတွက်လည်း အဆင်မပြေပေ။ လျှောက်လမ်းကားကျဉ်းမြောင်းသည်။ တစုံတရာ မတော်တဆဖြစ်လျှင် အန္တရာယ်ပိုဖြစ်နိုင်လေပေသည်။ နေ့ခင်းတွင်ရိုးရိုးကားနှင့်မခြား မှတ်တိုင်တွင် အချိန်အကြာကြီးရပ်သည်။ နောက်ကားမှီလာလျှင် ပြိုင်မောင်းလေသည်။ စပယ်ယာများကား အကြွေ ၁၀ဝ ပြန်မအမ်းချင်ပေ။ မနက် နှင့် ညနေတွင်ကား ရိုးရိုးကားထက်ကြပ်အောင် အထူးကားလူတင်လေသည်။ ထိထိရောက်ရောက် ဖမ်းမည့်သူ မရှိတော့ ဖြစ်ချင်တိုင်းဖြစ်နေလေသည်။ ပါရမီကားများသည်ကား လိုင်းကားခနှုန်းထားများကို သိသာထင်ရှားစွာမကပ်ပေ။ မှတ်တိုင်တွင် နောက်ကားမရောက်လာမချင်း စောင့်နေပေသည်။ ထို့အတွက် ကားမှတ်တိုင်တွင် ကားများပုံနေပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေလေတော့သည်။ ဥပမာ၊ လှည်းတန်း၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေး။
ရန်ကုန်မြို့ ရှိ တက္ကစီများကို လည်းကြည့်ကြပါဦး၊ အားလုံး ညစ်ပတ်ပေရေ ပြီး အသံစုံထွက်ပြီး စိတ်မချရ။ eros သာ အာမခံကုမ္ပဏီပိုင်ပါက ရန်ကုန်မှ တက္ကစီများကို အာမခံမပေးပေ။ မီတာကတော့ရုပ်ပြမျှသာဖြစ်သည်။ မကြာခင် သင်္ကြန်ကျတော့မည်ဖြစ်သည်။ သင်္ကြန်တွင် လိုင်းကားခ၊ တက္ကစီခများ မည်မျှတက်သွားမည်ကို ကြည့်ရဦးမည်။

12 comments

  • unclegyi1974

    April 3, 2011 at 2:40 pm

    လိုင်းကားကစည်းမရှိတာမပြောနဲ့လေတူမောင်ရဲ့
    စည်းကမ်းထိမ်းသိမ်ရေးကသိတဲ့အတိုင်း
    ဘော်ဒါကြေးပေးရင်ပြီးတာဆိုတော့..
    တက္ကစီကားမီတာလည်းထိုနည်း၎င်း
    တကယ်ကိုင်ရင်ဘယ်သူကလုပ်ရဲမှာတုန်း
    ဟန်လေးတွေလုပ်ပြီးဝေစားနေကြသမျှ
    ထိုနည်း၎င်းထိုနည်း၎င်း..

  • kopauk mandalay

    April 3, 2011 at 3:38 pm

    ရန်ကုန်မှာလိုင်းကားစည်းကမ်းမရှိလို့စိတ်ပျက်သူ
    မန်လေးကိုခဏလောက်လာကြည့်စေချင်ပါတယ်။
    ဘယ်လိုင်းကားက ပိုမိုက်လဲဆိုတာကို။
    ကျနော်ကတော့ စည်းမဲ့ကမ်းမဲ့မောင်းတဲ့ ယဉ်မောင်းသူကြောင့်လူသေရင် သူကိုလဲ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်ထင်ပါတယ်။

    • eros

      April 4, 2011 at 5:08 am

      မန်းလေး က ကားစပယ်ယာတွေက နည်းနည်းစကားပြောမာသလားလို့။ မန်းလေးက ပါရမီကား တခါစီးဘူးတယ်။ တောင်ပေါ်ကို လိုင်းကားနဲ့သွားဘူးတယ်။ အရင်အလုပ် ကို ဆက်လုပ်နေမယ်ဆိုရင် အခုဆို မန်းလေး ချောင်းပေါက် မတက်ရောက်နေမှာ။ ပြောလို့မရသေးပါဘူး။ ဒီနှစ်ပြန်လုပ်ရင် လုပ်ဖြစ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက မန်းလေး ရောက်တုန်း city mart ရှေ့ လမ်းကူးတာ ၁၅ မိနစ်ကြာသွားတယ်။ ဆိုင်ကယ်တွေ တော်တော် စည်းကမ်းမဲ့တာပဲ ဒါတောင်လူကူးမျဉ်းကျား ကကူးတာ။ ကားတစီးက ယာဉ်ကြောပြောင်းမောင်းလာပြီး၊ လူကူးမျဉ်းကျားမှာ ကလမ်းဖြတ်ကူးဖို့ စောင့်နေတဲ့သူကို ဟွန်းပေးပြီး ဖယ်ခိုင်းသေးတယ်ဗျို့။ အံ့ရော။ကံကောင်းတယ် ဖြတ်တိုက်မသွားတာ။

    • eros

      April 4, 2011 at 5:14 am

      မန်းလေးက လိုင်းကားတွေက ရန်ကုန်နဲ့ ယှဉ်ကြည့်ရင် ဈေးကြီးလွန်းတယ်။ ဦးပေါက်ရေ မန်းလေးမှာ မြို့ပတ်ရထားရှိခဲ့ဘူးတယ် ကြားဘူးတယ်။အဲဒီ အကြောင်းလေးရေးပါဦး

  • Ko Ko Aung

    April 3, 2011 at 4:13 pm

    ကျွန်တော့မိသားစုမှာ လိုင်းကား ၂ စီးရှိပါတယ်။ အဲဒီ ၂စီးလုံးရပ်ထားရတာ ၃ လရှိလို့ မကြာခင် မထသ က ပြဿနာရှာပါတော့မယ်။ ဒီလိုဆိုတော့ နဲနဲဝင်ပြောပြဘို့ ခွင့်ပြုကြပါ။
    လိုင်းကားစည်းကမ်းမရှိတာက တာဝန်ရှိသူတွေက စည်းကမ်းထိမ်းသိမ်းဘို့မလုပ်ပဲ စားဘို့ဝါးဘို့ပဲလုပ်နေလို့ပါ။ ဒါကြောင့် စည်းကမ်းတခုသတ်မှတ်လိုက်တိုင်း အဲဒါသူတို့စားဘို့ ခွင်တခုဖြစ်သွားပါတော့တယ်။ ထုတ်တဲ့စည်းကမ်း လုပ်ထုံးလုပ်နည်းတွေကလဲ အများပြည်သူဘေးကင်းအဆင်ပြေဘို့ စေတနာလဲမပါ ဉာဏ်ပညာလဲမရှိသူတွေထုတ်တာမို့ လက်တွေ့မကျ အလုပ်မဖြစ်ပါ။ ဥပမာ ယာဉ်မောင်းက ကား၂ထပ်ရပ်ရင် ယာဉ်မောင်းကိုတော့ဘာမှမလုပ်ပဲ အဲသည်ယာဉ်မောင်းကို မြင်တောင်မမြင်ဘူးတဲ့ ယာဉ်ပိုင်ရှင်ကို ဒါဏ်ကြေး နှစ်သိန်းရိုက်တာမျိုးပါ။ ဒါဏ်ကြေးမဆောင်ချင်ရင် စာအိတ်ကလေးနဲ့လာခဲ့ပေါ့။
    လိုင်းကားတွေ တက္ကစီတွေ တချို့ အဝေးပြေးကားတွေစုတ်နေတာကတော့ တာဝန်ရှိသူတွေကမကြီးကြပ်လို့ပါ။ အဲဒါတွေကိုထောင်ထားတဲ့ ပိုင်ရှင်တွေက နေလို့ရလို့နေနေတာပါ။ အဆင့်မမီတဲ့ကားတွေဖမ်းတားပြီး အပြီးသိမ်း လေလံပစ်ကြည့်ပါလား။ အားလုံးပြောင်းသွားမှာပါ။

  • nigimi77

    April 3, 2011 at 7:14 pm

    ကားတွေကတော်တော် စုတ်နေတာ။ ဘယ်တော့ ကုလားပြည်ကလို Bus ကား အစုလိုက် အပြုံလိုက်သေတာကို
    ကြားရမလဲမသိဘူး။
    အထူးသဖြင့် ၁၈၃ တွေ။

    • rabbit

      April 4, 2011 at 7:34 am

      မနက်၈နာရီလောက်နဲ့ ညနေရုံးဆင်းချိန် တက္ကသိုလ်ရိပ်သာလမ်းကို လာကြည့်ပါလား။ ၁၀ရ တွေ နောက်ဘီး ၂ လုံးတည်းနဲ့မောင်းပြနေတာတွေ့ရမယ်။ ကားနောက်တင်မက ဘေး၂ဘက်လုံးနဲ့ ခေါင်မိုးပေါ်ပါ လူတွေအပြည့်တင်ပြီးတော့..

      • eros

        April 4, 2011 at 10:29 am

        အဲဒီနေရာမှာ မီနီဘတ်စ်တွေ အစာထိုးလိုက်ရင်ကောင်းမယ်။ အင်း မြေအောက်ရထားမရှိ၊ မိုးပျံရထားမရှိ၊ လမ်းလယ်ခေါင်ပြေးတဲ့ tram ဓာတ်ရထားမရှိ၊ မြို့ပတ်ရထားက လူနေရပ်ကွက်နဲ့ဝေး၊ အချိန်မမှန်နဲ့ဆိုတော့ ဒါတွေနဲ့ပဲ သွားရဦးမှာပဲ။

  • winkyawaung

    April 4, 2011 at 2:41 am

    မြန်မာတပြည်လုံး လိုင်းကားတွေ စည်းကမ်းပျက်ကြပါသည်။ ဦးပိုင်လီမီတက် ကားများက အများအပေါ် ဗိုလ်ကျ စိုးမိုးနေကြသည် ။

  • Yangon

    April 4, 2011 at 3:17 am

    ဟုတ်တယ်ဗျ မထူးကားနဲ့ပါရမီကားတွေအဆိုးဆုံးပဲ…100ဘယ်တော့မှမအမ်းဘူး အကြွေတွေဆိုရင် အိတ်ထဲထည့်ပြ၊ီး မရှိဘူးပြောတယ်…အမြဲပဲ 300ပေးစီးနေရတာ…လမ်းပိတ်ပြီးရပ်ချင်သလိုရပ်တယ် စည်းကမ်းသိပ်မဲ့တယ်…လမ်းထောင့်ကလူကလည်း ကားပေါ်ကပစ်ချတဲ့အရာလေးရရင်ပြီးရောဆိုပြီး ဘာမှအရေးမယူဘူး
    ခရီးသွားတွေကို အန္တရယ်ကင်းစေချင်တယ်ဗျာ

  • nozomi

    April 4, 2011 at 5:28 am

    ဖန်တရာတေတာတော့ ဟုတ်တယ် ဒါပေမဲ့ ဒုံရင်းကဒုံရင်းပဲဟာ သက်ဆိုင်သူတွေသတိထားမိလာပြီး မလုပ်ပဲမနေနိုင်တဲ့အထိ ထပ်တော့ပြောနေရမှာပဲ များများနဲ့ ခဏခဏသာပြောပေးပါ

    • eros

      April 4, 2011 at 6:42 am

      မှော်ရုံတောမှာ မောလှပြီ။

Leave a Reply