ပင်တိုင်စာရေးဆရာများသို့ ပင်တိုင်စာဖတ်သူတစ်ယောက်ထံမှ ပေးစာ

စဆရ ႀကီးApril 4, 20111min20812

Mandalaygazette ကို ခုတစ်လောတွေ့နေရတာကို ကိုယ်ပိုင်အမြင်နဲ့ ပြောပြရမယ်ဆိုရင် နည်းနည်းငြီးငွေ့လာတယ်လို့ ဆိုရမလားဘဲ။ ဖတ်စရာ အကြောင်းအရာ ကောင်းကောင်းရှာမရဘဲ အပျော်ဖတ်စာပေတစ်ခုအနေနဲ့၊ Email Forward တွေကို ပြန်ပြီးရေးပြနေတဲ့ နေရာတစ်ခုလို့ပဲ မြင်လာမိပါတယ်။ နေ့တိုင်းတော့ မဖတ်ရမနေနိုင်လို့ ဝင်ဖတ်မိနေပေမယ့် မှတ်သားစရာ ဘာမှ မကျန်တော့လဲ နောင်ကို တော်တော်စဉ်းစားယူရမလို ဖြစ်နေပြန်တယ်။ ပင်တိုင်ဆောင်းပါးရှင်တွေအနေနဲ့လဲ Post များများတင်ချင်တဲ့စိတ်တစ်ခုနဲ့ ရရာနေရာကနေ ဆွဲယူသုံးနေလို့ Problem တွေဖြစ်နေတာကို မြင်နေရပြန်တော့လဲ စိတ်မကောင်းဖြစ်မိပြန်ပါတယ်။ ကျွန်တော်ဟာဆိုရင် ဒီ Site မှာ အတော်လေးကိုနောက်ကျမှ ရောက်ရှိလာတဲ့ စာဖတ်သူအသစ်တစ်ယောက်ဖြစ်သော်လည်း ဒီ Site လေးကို တွယ်တာပါတယ်။ သိပ်ကိုအောင်မြင်စေချင်တဲ့ စိတ်ရင်းအမှန်လဲရှိပါတယ်။ ဒါကြောင့်လဲ ဒီ Site က အမာခံစာရေးသားသူတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ လိုက်လံရေးသားနေခြင်းပါ။

ကိုယ်ပိုင် Post တစ်ခုကို တင်မယ်လို့စဉ်းစားလိုက်ပြန်တော့ ကျွန်တော့်မှာ တာဝန်ယူရမယ့်အပိုင်းတွေများနေလို့ မတင်ဖြစ်ခဲ့ပါဘူး။ အကြမ်းဖျင်းပြောရမယ်ဆိုရင် အထောက်အထားခိုင်လုံရပါမယ်။ အများအကျိုးရှိမယ့် အကြောင်းအရာဖြစ်ရပါ့မယ်။ အရေးအသား၊ စကားအသုံးအနှူန်း ကျစ်လျစ်သိပ်သည်းရပါမယ်၊ ပြေပြစ်ရပါ့မယ်။ ကိုယ်ပိုင်အမြင်စစ်စစ်တစ်ခုဖြစ်ရပါ့မယ်။ စိတ်ရင်းစေတနာမှန်စွာနဲ့ စာဖတ်သူများအပေါ်မှာ အကြားအမြင်၊ ဗဟုသုတတိုးစရာ အကြောင်းများပဲ ဖြစ်ရပါ့မယ်။ ကျွန်တော်ကတော့ Post တစ်ခုအပေါ်မှာ ဒီလိုပဲမြင်ပါတယ်။

အင်တာနက်တွေ ကျယ်ကျယ်ပြန့်ပြန့် ခေတ်မစားခင်အချိန်အခါကဆိုရင် စာရေးသူလို့ အမည်ခေါ်တွင်တဲ့သူတွေဟာ ကိုယ်ပိုင်စာတစ်ပုဒ်ရေးသားပြီးရင် အရင်ဆုံး သတင်းစာ၊ ဂျာနယ်တိုက်တွေကို မျက်နှာငယ်ခံပြီး အယ်ဒီတာတွေထံမှာ သူတို့ရဲ့ ဖန်တီးရေးသားမှုတွေကို အကဲဖြတ်၊ ဆုံးဖြတ်ချက် ချခိုင်းရပါတယ်။ အယ်ဒီတာက သဘောကျပြီဆိုတော့မှ ပုံနှိပ်ဖို့အတွက် ခဲစာလုံးစီ၊ ပန်းချီအပ် လုပ်ရပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်မှာမှ ပုံနှိပ်ထုတ်ဝေပြီး စာဖတ်သူများထံ ရောက်ပါတယ်။ အဲလောက်ထိ ခက်ခဲခဲ့ပါတယ်။

ယနေ့ခေတ်အခါမှာတော့ ကိုယ်ပိုင်ကွန်ပျူတာ(သို့မဟုတ်) ကွန်ပျူတာ/အင်တာနက် အသုံးပြုတတ်ရုံနဲ့ ကိုယ်ရေးချင်ရာ၊ ကိုယ်ပြောချင်ရာတွေ လျှောက်ပြောလို့ ရနေပါပြီ။ ဒီနေရာမှာ Public ကို ချပြတော့မယ့် စာတစ်ကြောင်း၊ တစ်ပုဒ် ဖြစ်တော့မယ်ဆိုရင် စာရေးသူ မိမိကိုယ်တိုင်ဟာ တာဝန်ယူစိတ် အပြည့်အဝ ရှိရပါ့မယ်။ ငါရေးချင်တာရေးရမယ်ဆိုတဲ့စိတ်နဲ့ ရေးချင်ရာလျှောက်ရေးနေမယ်ဆိုရင်တော့ တာဝန်ယူစိတ်ကင်းမဲ့တယ်လို့ပဲ ဆိုရပါ့မယ်။ မိမိကိုယ်တိုင်က အမှားအယွင်းတစ်ခု၊ အပြစ်တစ်ခုကို ပြုမိခဲ့မယ်ဆိုရင် ရဲရဲကြီး ဝန်ခံရဲရပါ့မယ်။ ငါက အိမ်ရှင်၊ သူက ဧည့်သည်။ ငါက Senior၊ သူက Junior ဆိုပြီး မျက်နှာလွဲ ခဲ(ဂဲ)ပြစ် မလုပ်ကောင်းပါဘူး။ တာဝန်ရှိသူတွေအနေနဲ့လဲ အရေးယူစရာရှိ ရဲရဲကြီး အရေးယူသင့်သလို ချီးကျူးစရာရှိရင်လဲ ပေါ်ပေါ်ထင်ထင် ချီးကျူး၊ ဂုဏ်ပြုသင့်ပါတယ်။ ဒါမှ ပွင့်လင်းမြင်သာမှုရှိလာပြီး New Generation တွေ တိုးပွားစည်ပင်လာမယ်လို့ မြင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အောင်မြင်စရာ အကြောင်းအရာမရှိတော့ဘဲ အမာခံလူအချို့ရဲ့ အပျင်းပြေဖတ်ရှူစရာ၊ Social Networking Area တစ်ခုအနေနဲ့ နယ်နိမိတ်ကျဉ်းသွားစရာရှိကြောင်း စာဖတ်သူတစ်ဦးအမြင်နဲ့ ဝင်ရောက်ဝေဖန်သုံးသပ်လိုက်ပါတယ်။

ပင်တိုင်စာရေးဆရာများ သဘောထားအမှန်ကို သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

ကျွန်တော် ရှူံးနိမ့်မှုများနဲ့ လူ… ပါ။
(လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်)

12 comments

  • MaMa

    April 5, 2011 at 1:32 am

    တင်ပြထားတာ ကောင်းပါတယ်။ အားလုံးအတွက် တွေးစရာလေးတွေပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလို အလေးအနက် မစဉ်းစားပဲ ပိုစ့်တွေတင်ခဲ့ဖူတယ်။ ကိုယ့်ဖာသာကို်ယ် ရေးချင်တာ ချရေးလိုက်တာ ကလေးအတွေးလို ဖြစ်နေတာပေါ့။ နောင်ဆိုရင်တော့ ဆင်ခြင်စရာပေ့ါ။ ကျေးဇူးတင်ပါတယ်။

  • etone

    April 5, 2011 at 2:00 am

    တူညား တကား ကြီး … လွတ်လပ်စွာ ကွဲလွဲနိုင်တယ်တဲ့ … ဟိဟိ 😀

    • eros

      April 5, 2011 at 3:23 am

      etone ရေ နင်က သတင်းရေးတာတော်တယ်။ ပိုပြီးသတင်းလေးတွေ ဝေဝေဆာဆာ ဖြစ်အောင်တင်ပါလားလို့ တောင်းဆိုပါတယ်။ ဆိုက်ပိုပြီး ကောင်းအောင်ပါ။

  • လင်းဝေကျော်

    April 5, 2011 at 2:34 am

    ရှုံးနိမ့်မှုများနဲ့ လူ လို့ဘာဖြစ်လို့များကိုယ့်ကိုကိုယ် အမည်ပေးထားတာလဲကွယ်။
    လူတိုင်းမှာ အရှုံးတွေရှိပါတယ်။ အောင်မြင်မှုတွေလည်း ရှိပါတယ်။
    အောင်မြင်အောင် ကြိုးစားဖို့အားမွေးရမယ့်အစား အရှုံးသမားလေးပါဆိုပြီး Mercy collector မလုပ်ပါနဲ့လားလို့…
    ရိုးသားပြီး စိတ်နုတဲ့လူတစ်ယောက်လို့ ထင်လို့ စိတ်ကို ဆင်ခြင်နိုင်အောင် အပြုသဘော ဝေဖန်ပေးလိုက်ပါတယ်။
    ပျော်ရွှင်အောင်မြင်ပါစေ။

    • ကိုလင်းဝေကျော်ရဲ့ အကြံပြုချက်ကို လက်ခံပါတယ်။ ဒီနာမည်ပေးထားရခြင်းမှာ အများတကာ သနားကြင်နာလာအောင် ပေးထားခြင်းမဟုတ်ပါဘူး။ ဘဝမှာ မျှော်မှန်းပြီး ကြိုးစားထားသမျှ ကျရှူံးနေခဲ့ရလို့ပါ။ လက်မြှောက် အရှူံးတော့မပေးသေးပါဘူး။ ဆက်လက်တိုက်ခိုက်၊ ကြိုးစားနေဆဲပါပဲ။ အောင်မြင်တဲ့တစ်နေ့မှပဲ ဒီနာမည် ပြန်ပြောင်းပါ့မယ်။

  • bigcat

    April 5, 2011 at 3:06 am

    ကျုပ်လည်း ရှုံးနိမ့်မှုများနဲ့လူပါဗျို့။ မီဂါထီမပေါက်ဘဲ ထိုးမိလို့ ရှုံးတယ်ဗျို့။ သိကြားမင်းမဟုတ်ဘဲ ကိုယ့်ဝမ်းကိုယ်ရှာစားရလို့ ရှုံးတယ်ဗျို့။ ဒေါ်လာသိန်း၊သန်းချီမရဘဲ ရွာထဲမှာ တပုဒ်၈ဝစားရလို့ ရှုံးတယ်ဗျို့။ လူချင်းတူပါလျက်နဲ့ ကြောင်အခေါ်ခံရလို့ ရှုံးတယ်ဗျို့။ သဂျီးကံကို မယုံလို့ ရှုံးတယ်ဗျို့။ ဘကြီးပု ပန်းမမကိုလွမ်းလို့ ရှုံးတယ်ဗျို့။ တပ်မ(၇၇)စစ်သား ခွက်ပုန်းချလို့ ရှုံးတယ်ဗျို့။ အီးတုံးရည်းစား မျက်နှာများလို့ ရှုံးတယ်ဗျို့။ ဆရာတော် ပိုက်ဆံကိုင်လို့ ရှုံးတယ်ဗျို့။ အိမ်မက်ရဲ့ကြက်ဖြူကြီး သေသွားလို့ ရှုံးတယ်ဗျို့။ မမ အလွမ်းမမ ပန်းမမနဲ့ ထင်ယောင်ထင်မှားဖြစ်ခံရလို့ ရှုံးတယ်ဗျို့။ မနောဖြူလေး အတိုင်ခံရလို့ ရှုံးတယ်ဗျို့။ အဘဆွေ နိပွန်စကားမပြောတတ်လို့ ရှုံးတယ်ဗျို့။ ဦးမိုးညို ဥက္ကဌဘယ်သူဖြစ်မလဲ တပ်အပ်မပြောနိုင်လို့ ရှုံးတယ်ဗျို့။ အန်တယ်ဂျီး မြန်မာပြည်မှာ သုံးမရတဲ့ ဖီးဆစ်နဲ့ဘွဲ့ရထားလို့ ရှုံးတယ်ဗျို့။ ဗျို့ ဗျို့ ဗျို့…………

  • manawphyulay

    April 5, 2011 at 3:27 am

    မိမိကိုယ်တိုင်ဟာ တာဝန်ယူစိတ် အပြည့်အဝ ရှိရပါ့မယ်။
    မိမိကိုယ်တိုင်က အမှားအယွင်းတစ်ခု၊ အပြစ်တစ်ခုကို ပြုမိခဲ့မယ်ဆိုရင် ရဲရဲကြီး ဝန်ခံရဲရပါ့မယ်။
    This Right………. Good Idea… I Know that.

  • R Ga

    April 5, 2011 at 7:46 am

    အင်းကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို ရေးနိုင်မယ်လို့ စိတ်ကူးမိကတည်းက ရေးစရာတော်တော်ရှားပါးသွားပါတယ်။ များများရေးမဲ့ အစား များများ ကျန်မယ့် စာမျိုးရေးနိုင်အောင်လို့ကြိုးစားနေပါတယ်။ ဒိလိုဝင် ရေးလို့ ကျွန်တော် က ပင်တိုင်စာရေးဆရာလည်းမဟုတ်ရပါကြောင်း

    • ယခုလိုစိတ်ကူးမျိုးရှိတယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာတော့ စာကောင်းကောင်းတစ်ပုဒ်တော့ ရေးဖြစ်မှာပါ။ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးပါတယ်။ ဒီ Site မှာ ရသစာပေ ရှားပါးနေပေမယ့် သုတစာပေလဲ သိပ်မတွေ့ရဘူး။ သုတရော၊ ရသပါ များများစားစားရှိလာမယ်ဆိုရင် ပိုကောင်းမှာပါ။

  • kopauk mandalay

    April 5, 2011 at 11:59 am

    Public ကို ချပြတော့မယ့် စာတစ်ကြောင်း၊ တစ်ပုဒ် ဖြစ်တော့မယ်ဆိုရင် စာရေးသူ မိမိကိုယ်တိုင်ဟာ တာဝန်ယူစိတ် အပြည့်အဝ ရှိရပါ့မယ်။ ငါရေးချင်တာရေးရမယ်ဆိုတဲ့စိတ်နဲ့ ရေးချင်ရာလျှောက်ရေးနေမယ်ဆိုရင်တော့ တာဝန်ယူစိတ်ကင်းမဲ့တယ်လို့ပဲ ဆိုရပါ့မယ်။ မိမိကိုယ်တိုင်က အမှားအယွင်းတစ်ခု၊ အပြစ်တစ်ခုကို ပြုမိခဲ့မယ်ဆိုရင် ရဲရဲကြီး ဝန်ခံရဲရပါ့မယ်။

    ဒီအတွေးလေးက သိပ်မှန်ပါတယ်။
    ကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရဲပါမယ်။
    အယူအဆတူတာ မတူတာ ကြိုက် တာမကြိုက်တာက တပိုင်းပါ။
    ဒါပေမယ် ပို့စ်တင်တာကိုလဲ မြန်မာရေးပြီးတင်
    ကိုယ်မှားလို့ဝန်ခံရင်လဲ မြန်မာလို မှားသွားပါတယ်လို့ ပြောပြီးဝန်ခံရင်ပိုကောင်းမလား.။
    ကျွန်တော်က တော့ မြန်မာလိုဘဲရေးတတ်လို့ ဒီလိုတွေးကြည့်မိတာပါ
    ထောက်ခံတယ် ဗျို့

  • padonmar

    April 5, 2011 at 2:48 pm

    ထောက်ခံပါတယ်၊ရွာထဲဝင်ခါစက စာတိုင်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုတလောနည်းနည်း ငြီးငွေ့စရာကောင်းလာပေမယ့် မြင်နေကျ သူငယ်ချင်းတွေနဲ့ မတွေ့ရရင်မနေနိုင်သလို နေ့စဉ်ဝင်ဖတ်နေဖြစ်တာပါပဲ၊
    အရင်ရေးနေကျ ဝေဝေတို့ etone တို့ စာရေးကျဲသွားသလားလို့၊ ဦးfatty လည်းမတွေ့တော့၊
    ကိုပေါက်နဲ့ ဆူးပဲ ပင်တိုင်တွေ့ရတော့တယ်၊
    hmee တို့ ချမ်းချမ်းတို့ လင်းဝေကျော်တို့လို idea ကောင်းလေးတွေ ရှိနေ သေးလို့ တော်သေးတယ်၊

  • Oo Oo

    April 5, 2011 at 3:47 pm

    ကျနော်ရွာထဲကိုမကြာခဏရောက်ဖြစ်ပါတယ်…ရောက်တိုင်းလဲတင်ထားတဲ့ပို့စ်တွေကိုအချိန်ရသလောက်ဖတ်ဖြစ်ပါတယ်
    ကျနော်အခုအချိန်အထိရွာထဲမှာပို့စ်တခုမှမတင်ဖူးသေးပါဘူး..ကျနော့ရဲ့နေ့စဉ်အင်တာနက်အသုံးပြုချိန်အတွင်းမှာ..ရေးတာထက်ဖတ်တာကိုအချိန်ပိုပေးနေမိတဲ့
    စာဖတ်ပရိတ်သတ်တယောက်ပါ…မန်းဂေဇက်မှာမကြာခဏရွာဆူတာလဲသတိထားမိပါတယ်
    သူဂျီးလဲအတက်ကြီးမှပုတီးတစ်ဖက်ဆွဲပြီးရွာထဲကပြသနာတွေကိုလိုက်ရှင်းနေရတယ်..ဟီးး
    အခုလို ရှူံးနိမ့်မှုများနဲ့.. လူ ထောက်ပြထားတဲ့အချက်လေးတွေကိုကျနော့အနေနဲ့သဘောကျပါတယ်
    ဒီမန်းဂေဇက်ကိုလဲကျနော်အမြဲဝင်ဖတ်ချင်ပါတယ်..

Leave a Reply