ကြွေးစာရင်း အားလုံးရှင်းပြီး

soethuya7April 6, 20111min13810

မေးထဲကရတာလေးပါအရမ်းကောင်းတဲ့ပို့လေးမို့ပြန်ပြီးမျှပေးလိုက်တာပါ

ကြွေးစာရင်း အားလုံးရှင်းပြီး

အမေသည် တစ်နေ့လုံး အလုပ်ရှုပ်နေ၏။ ဒီနေ့ ခင်ပွန်းဖြစ်သူ အလုပ်မှ စောစောပြန်ရောက်ပါက အစစအရာရာ အဆင်သင့်ဖြစ်စေရန် နေ့လယ်ကတည်းက ပြင်ဆင်နေရသည်။ ဒီနေ့မှ ထင်းက မီးကောင်းကောင်း မတောက်ချင်ဘဲ ရှိနေသည်။ တစ်ခါ တစ်ခါ မီးခိုးများ အူ၍ပင် လာတတ်သည်။ ထို့ကြောင့်လည်း အမေက ကြေးမီးပြောင်းကြီးနှင့် တစ်ခါတစ်ခါ မှုတ်ပေးရသည်။

အမေသည် မီးခိုးတွေ အူနေ၍ မျက်လုံးများ စပ်လာသည်ကို ပုတ်ခတ်ပုတ်ခတ် ပြုလုပ်ရင်း မျက်လုံးကိုလည်း အကျီင်္လက်မောင်းမှ အစနှင့် သုတ်မိစဉ် သားလေးရောက်လာပြီး သူ့လက်ရေးများနှင့် ရေးထားသော စာရွက်အဖြူလေးတစ်ရွက်ကို မိခင် လက်တွင်းသို့ လာရောက်ပေးအပ်ပါ၏။

 

အမေက စာရွက်ဖြူဖြူလေး မိမိလက်ကြောင့် မည်းမသွားစေရန် စာရွက်၏ အဖျားပိုင်းကို လက်ဖျားနှင့် ဆွဲယူ၍ ဖန်စပ်စပ်ဖြစ်နေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဖတ်ကြည့်လိုက်ပါ၏။

စာရွက်အပေါ်ပိုင်းတွင် လုပ်အားခစရိတ် ဟု ခေါင်းစဉ်တပ်ကာ အောက်ပါအတိုင်း ရေးသားထားပါ၏။

 

လုပ်အားခစရိတ် (အမေမှ ပေးရန်)

၁။ ဒီနေ့မနက် ခြံထဲတွင် မြင်ရှင်းခ        = ၃ ကျပ်

၂။ အမေ့ကို ဈေးဝယ်ပေးခ                 = ၂ ကျပ်

၃။ အမေထမင်းချက်စဉ် ညီလေးထိန်းခ  = ၅ ကျပ်

၄။ အမှိုက်သွန်ပေးခ                         = ၁ ကျပ်

၅။ ငရုတ်သီးထောင်းပေးခ                  = ၂ ကျပ်

၆။ အတန်းထဲတွင် စာတော်အောင် ကြိုးစားခ  = ၅ ကျပ်

၇။ ဘုရားညောင်ရေအိုး လဲခ               = ၂ ကျပ်

စုစုပေါင်း        = ၂ဝ ကျပ်

 

အမေက သားရေးထားသော စာရွက်ပေါ်မှ စာများကို ဖတ်နေပါ၏။ သားက မျှော်လင့်ချက်ကြီးစွာဖြင့် အမေ့ကို ကြည့်နေရင်း မီးဖိုအလယ်ခေါင်တွင် ရပ်နေသည်။

 

အမေသည် သားထံမှ လုပ်အားခငွေ တောင်းခံလွှာကို ဖတ်ပြီး၍ အဆုံးတွင် မီးဖိုအလယ်၌ မျှော်လင့်ချက်ကြီးစွာဖြင့် ရပ်နေသော သားကိုပင် သတိမထားတော့ပဲ မီးဖိုပေါ်တွင် ရေနွေးအိုးကို တန်းလန်းထားကာ ထမင်းစားပွဲကို ခင်းလျက် ခေါင်းတွင် ထိုးထားသော ခဲတံကိုယူ၍ တံတွေးဆွတ်ကာ သားရေးထားသော လုပ်အားခ တောင်းခံလွှာ စာရွက်၏ ကျောဘက်တွင် အခုလို ရေးချလိုက်ပါ၏။

 

၁။ မင်းကို ဗိုက်ထဲမှာ (၉) လကျော်ကျော် ထည့်ထားစဉ် မင်း ယူငင်စားသောက် စရာများအတွက် = စားစရိတ်ပေးရန် မလို

၂။ မင်းကို နို့ချိုတိုက်ကျွေးတဲ့ အမေ့နို့ရည်တွေ အတွက် = စားစရိတ်ပေးရန် မလို

၃။ မင်း အမြဲ ရင်ကျပ်နေလို့ ဆရာပင့်ပြီး အကြိမ်ကြိမ် ဆေးကုပေးရတဲ့အတွက် = ဆေးဖိုးပေးရန် မလို

၄။ မင်း နေမကောင်းစဉ် ပွေ့ပွေ့ထားပြီး ငုတ်တုတ် မိုးလင်းရတဲ့အတွက် = ကလေးထိန်းခပေးရန် မလို

၅။ မင်းအရွယ်ရောက်တော့ လိမ္မာရေးခြားရှိအောင် ဆုံးမ သွန်သင်ရက်နဲ့ မိဘကို ဒုက္ခပေးပေါင်းများလို့ ကျရတဲ့ မျက်ရည်များအတွက် = စရိတ်ပေးရန် မလို

၆။ မင်းအတွက် ကလေးကစားစရာ၊ အဝတ်အစား၊ အစားအစာနဲ့ နောက်ဆုံးသေး၊ ချေး၊ ကျုံးပေး ကုန်းပေးရတဲ့အတွက် = စရိတ်ပေးရန်မလို

 

ဟု ရေးကာ အမေက ခပ်တည်တည်ဖြင့် စာရွက်မလောက် ဟု ဆိုလိုက်ပါ၏။ သားက အမေ ဘာတွေရေးနေသည်ကို မသိသေးဘဲ စာရွက်မလောက်ဟု ဆိုသောကြောင့် နောက်စာရွက် အဖြူတစ်ရွက်ကို သွားယူ၍ ပေးပါ၏။

 

အမေက စာရင်းကို ဆက်၍ ရေးပါသည်။

 

၇။ မင်းရဲ့ရှေ့ရေးအတွက် မျှော်တွေးပြီး ကြိုတင် စီစဉ်ရတာတွေ ပူပင်သောက ရောက်ရတာတွေ အတွက် = စရိတ်ပေးရန် မလို

၈။ သားရန်ဖြစ်လာလို့ ဖတ်ဖတ်မောအောင် လိုက်တောင်းပန်ရတဲ့အတွက် = စရိတ်ပေးရန် မလို

၉။ တစ်နေ့ကပဲ အိမ်က ဖိနပ်လေး စီးလို့ ရပါသေးရက်နဲ့ အသစ်မှ စီးချင်တယ်ဆိုလို့ ဝယ်ပေးရတဲ့ အပြာရောင်ဖိနပ်လေးအတွက် = စရိတ်ပေးရန် မလို

 

စာရင်းတွေ အကုန်ရေးရင် စာရွက်လည်း လောက်မှာ မဟုတ်ဘူး။ ရေနွေးအိုးလည်း ဆူတော့မယ်။ နောက်ဆုံး အမေ ပြောချင်တာက မင်းကို အမေသိပ်ချစ်တဲ့ အမေ့ရဲ့ မေတ္တာတွေအတွက် မင်း ဘာမှပေးဖို့ မလိုပါဘူး။ အမေ မင်းအပေါ်မှာ ဘာစရိတ်မှ မတင်ဘူး။ ကဲ မင်းသိပြီလား။ အမေ ဟု ရေးကာ မတ်တပ်ရပ်နေသော သားကို ရော့ ဖတ်ကြည့် ဟု ဆိုကာပေးပြီး ဆူလက်စ ပြုနေသော ရေနွေးအိုးဆီသို့ အမေ ထွက်သွားပါ၏။

 

သားလေးသည် အမေ့ထံမှ သူတောင်းခံထားသော လုပ်အားခ စာရင်း၏ ကျောဘက်တွင် အမေ့လက်ရေး စောင်းစောင်းများနှင့် ရေးထားသော ကမ္ဘာကျော် ကြွေးစာရင်းကို ဖတ်ကြည့်နေပါ၏။

 

ဖတ်နေရင်း သားလေး၏ မျက်လုံးထဲမှ မျက်ရည်ပေါက်ကြီးများ လိ်မ့်ကျလာပါသည်။ ကျကျနန မခြောက်သေးသော ထင်းများကြောင့် အူ၍ ထွက်နေသော မီးဖိုချောင်ထဲမှ မီးခိုးများကြောင့် မဟုတ်ပါ။ သားလေး၏ နှလုံးသားများ မီးအမြှိုက်ခံရသောကြောင့် ဖြစ်ပါ၏။ စာအဆုံးတွင် သားသည် မျက်ရည်စကြီးများနှင့် အမေ့ကို မော့ကြည့်လိုက်ရင်း ဒါဆိုရင် အမေက သားကို သိပ်ချစ်တာပေါ့နော် ဟု ဆိုလိုက်ပါ၏။

 

ထိုအခါ အမေက ဟဲ့ ငါ့သား၊ အမေကမှ သားကို ချစ်တာမဟုတ်ဘူး။ အမေတိုင်းက ဟောဒီ ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းက သူတို့ရဲ့ ရင်ထဲက ဖြစ်လာတဲ့ သားသမီးတွေကို အမေ ချစ်သလို ချစ်ကြတာချည်းပဲ ဟု ဆိုလိုက်ပါ၏။

သားလေးသည် အမေပြောသော စကားအဆုံးတွင် ကျောကို မတ်မတ်ဆန့်လိုက်ပါ၏။ ထို့နောက်မှ အမေရေးသော လက်သမား ခဲတံကြီးကို တံတွေးဆွတ်လိုက်ပြီး သူ့လက်ရေးများ ပါဝင်သော အမေ့ထံမှ သူတောင်းခံထားသည့် လုပ်အားခ စာရင်းပေါ်၌ လက်ရေးကြီးကြီးဖြင့်-

 

ကြွေးစာရင်းရှင်းပြီး လက်ကျန်မရှိ

ဟု ရေးသားကာ မီးဖိုချောင်အတွင်းမှ ထွက်ခွာသွားမည် အပြုတွင် အမေက သားကို ပြန်ခေါ်လိုက်ပါ၏။ အမေသည် ဒူးထောက်၍ ထိုင်ချလိုက်သည်။ ပြီးမှ သူ့ပါးပြင်ကြီးကို သားအား ထိုးပေးလိုက်ပါ၏။ သားက အမေ့ ပါးပြင်ကြီးအတွင်းသို့ မိမိ၏ နုနယ်သော နှာခေါင်းလေး နစ်မြှုပ်သွားအောင် နမ်းလိုက်ပါသည်။

 

ထိုအခါ အမေကလည်း အမေကိုယ်တိုင် ရေးထားသော အမေ့လက်ရေးနှင့် စာနှစ်ရွက်ပေါ်တွင် သား၏ ဟန်ပန်အတိုင်း လက်သမားခဲတံကြီးကို တံတွေးဆွတ်လိုက်ကာ….

 

ကြွေးစာရင်းရှင်းပြီး လက်ကျန်မရှိ

ဟု ရေးကာ အောက်မှ အမေ ဟု လက်မှတ်ထိုးလိုက်ပါ၏။

10 comments

  • မမလေး

    April 6, 2011 at 6:07 pm

    အမေသားကို ချစ်တာ အခမဲ့ပါကွယ် ။။။။

  • MaMa

    April 7, 2011 at 1:07 am

    အင်းးးးးးးးးး ကြွေးစာရင်းရှင်းပြီးဆိုရင် အမေ့မေတ္တာကို တန်ဖိုးဖြတ်လို့ ရတဲ့သဘော ဖြစ်မနေဘူးလား။ မိဘမေတ္တာဆပ်မကုန်ပါဘူး။

  • bigcat

    April 7, 2011 at 3:10 am

    ဒါနဲ့ပဲ နှစ်ဆယ်မရလိုက်ဘူးဆိုပါတော့။ တော်တော်အတဲ့ကောင်ပဲ…

  • nozomi

    April 7, 2011 at 3:14 am

    ဟိုတနေ့ကဘဲ သူကြီးက မေးကရတာတွေလုံးဝမတင်ရဆိုပြီး နှစ်လုံးပြူးကြီးထမ်းပြောတယ် အခုတင်တယ် (တင်တဲ့သူကိုနစ်နာစေချင်လို့ပြောတာမဟုတ်ဘူးနော်) အခုအတိုင်းဆို သူကြီးလဲ ကျွန်တော်တို့အစိုးရလိုဖြစ်နေပြီ ကားတွေ စတစ်ကာမကပ်နဲ့ အရေးယူမယ် ဒဏ်ငွေ ၃သိန်းတဲ့ လမ်းပေါ်မှာ စတစ်ကာကပ်တဲ့ကားတွေ ရှိနေသေးတာပဲ
    အဲဒီတော့ ကျွန်တော်အကြံပြုချင်တာက ပင်မစာအားလုံးက ရွာသားတွေအတွက် အကျိုးရှိမဲ့ ကိုယ်တိုင်ရေးဖြစ်ရမယ် နောက်တစ်ခုက ရွာသားတွေအတွက် တခုခုအကျိုးရှိနိုင်မဲ့ ပုံတွေ၊စာတွေပဲ မဖြည့်စွက်ပဲ မူရင်းအတိုင်းတင်တာဖြစ်ချင်ဖြစ်မယ် ကိုယ့်ရဲ့ ထင်မြင်ချက်တွေနဲ့ရေးတင်တာ ဖြစ်ချင်ဖြစ်မယ် အဲဒီအတွက် ပြန်လည်ကူတင်တဲ့ သီးသန့် ကဏ္ဍတစ်ခုဖွင့်ပေးရင်ကောင်းမယ် ပြန်ကူးတင်တာဖြစ်တဲ့အတွက် လုံးဝပွိုင့်မပေးနဲ့ ကိုယ်တိုင်ရေးမဟုတ်လို့ မဖတ်ချင်တဲ့သူတွေအတွက် ရှောင်ဖတ်သွား
    အဲဒါမျိုးဆို သူကြီးအာဏာလဲတည်တာပေါ့

    • kai

      April 7, 2011 at 7:43 am

      အင်း..အဲဒီအိုင်ဒီယာကောင်းတယ်..။
      တကယ်တော့ .. ကက်တဂရီမှာ Other – Non Channelized > Copy/Paste ကဏ္ဍရှိတယ်..။
      အားရက်နည်းနည်းရရင်တော့ ..ပြန်စိစစ်တော့မယ်..။

  • winkyawaung

    April 7, 2011 at 6:51 am

    မိဘမေတ္တာကျေးဇူး များကို ဖော်ပြပေးတာ ကောင်းပါတယ်။ အကြွေးကတော့ လက်ကျန်မရှိ ဟု မိဘကျေးဇူးကို တွက်သွားရင်တော့ မှားသွားမည်ထင်ပါတယ်။

  • hmee

    April 7, 2011 at 7:35 am

    ရင်ထဲမှာ နင့်နေအောင်ချစ်တယ်၊ တစိမ့်စိမ့် ကြည့်ပြီး ချစ်လို.ကို မဝ အောင်ချစ်တယ် ဆိုတာ အမေက သူ.ရဲ.သား၊ သမီးကို ချစ်တာကိုပြောတာ။ ဟုတ်မဟုတ် မယုံရင် သားသားမီမီးလေးတွေ မွေးကြည့် တကယ်ကို ရင်ထဲ့မှာခံစားရမယ်။

  • meelay

    April 7, 2011 at 8:39 am

    အခမဲ့ ဆိုပြီးတော့ နွဲ့ယဉ်ဝင်း ဆိုထားတဲ့ သီချင်းရှိပါတယ် … နားထောင်လို့ အရမ်းကောင်းတယ် …

  • meelay

    April 7, 2011 at 8:48 am

    နောက်တစ်ခုက ပို့စ်တင်တဲ့လူတွေ Categories ကို သေချာခွဲပြီး တင်စေချင်ပါတယ် …..

  • naywoonni

    April 7, 2011 at 2:57 pm

    ပွိုင့်ပေးစံနစ် (Jan 22 2011)

    Number of points for each comment: 10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
    Number of points for each post: 80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
    Number of points new members get for registering: 400 ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
    Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
    Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

    * ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
    * ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
    * စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
    * အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။

    * ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
    * မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
    * မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
    * ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
    * ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
    * ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
    * စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
    * မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
    * အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

    New Member များဖတ်ကြည့်ကြရန်

    * စည်းကမ်းများ http://myanmargazette.net/rules-for-writers
    * အရင်စာများ(၁) http://myanmargazette.net/26482/editors-notes-announcements-letters-to-the-editor
    * အရင်စာများ(၂) http://myanmargazette.net/45/business-economy

    အယ်ဒီတာ့မှတ်စုတို

    * မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
    * ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

Leave a Reply