ဒီနှစ် ရန်ကုန်သင်္ကြန် ဘယ်လိုလဲ . . .

ဦးကောက်April 7, 20111min1014

421b

အေးစက်စက် …. ရန်ကုန်သင်္ကြန်

မကြာမီ သင်္ကြန်ကာလ ရောက်တော့မည်။ သို့သော် ရန်ကုန်သင်္ကြန်၏ လှုပ်ရှားမှုများကတော့ လက်ရှိ အချိန်ထိ အေးစက်စက် ဖြစ်နေဆဲ. . .။

ဧပြီလပထမပတ်မှ စတင်ကာ မဏ္ဍပ်နေရာများ စတင်ထုတ်ပြန်ခဲ့ခြင်း၊ ယခုနှစ်သင်္ကြန် ကာလ၌ လိုက်နာ ဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အသစ်ထုတ်ပြန်ခြင်း နှင့် ဧပြီလဒုတိယပတ်တွင်မှ မဏ္ဍပ်တည်ဆောက်ခွင့် ပါမစ်များကို စတင် ချထားပေးခဲ့သည်။

ရန်ကုန်၌ မဏ္ဍပ်တွင်းထားရှိရမည့် သတ်မှတ်ချက်များအရ မဏ္ဍပ်တည်ဆောက်မည့် သူများမှာ ယမန်နှစ် ကနှင့်မတူဘဲ ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့် ၎င်းတို့မှာ မဏ္ဍပ်များ လုပ်ခွင့်ရလျှင်လည်း အမြတ်ရရန် မသေချာမှုများကြောင့် အရာရာချင့်ချိန်နေရသည့် အနေအထားသာ ဖြစ်နေကြောင်း ယမန်နှစ်က သင်္ကြန်မဏ္ဍပ် စီစဉ်ခဲ့သူများက ဆိုပါသည်။

“မနှစ်က သင်္ကြန်မဏ္ဍပ်တွေရဲ့ လုပ်ရတဲ့စရိတ်နဲ့ ပြန်ရလာတဲ့ ငွေပမာဏက စီစဉ်သူတွေအတွက် အရှုံးပေါ်ခဲ့ တယ်။ ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကြောင့် လည်းပါတယ်။ ဒီနှစ်မှာ မဏ္ဍပ်ဆောက် လုပ်ခွင့် စရိတ်တွေကလည်း ကြီးလာတော့ အမြတ်ရဖို့ မသေချာသလောက်ပဲ” ဟု ၂၀၁ဝ ပြည့်နှစ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်စီစဉ်သူတစ်ဦး က ပြောပြခဲ့ပါသည်။

 

421

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တည်ဆောက်လျက် ရှိသော မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်အား ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်

 

ယခုနှစ်သင်္ကြန်အတွက် မဏ္ဍပ်စီစဉ်သူများ၊ ပါမစ်ရရန် စောင့်ဆိုင်းနေ သူအများစုမှာ ဝါသနာအလျောက်နှင့် အရှုံးအမြတ်တစ်ခုအတွက် ကစားပွဲ ဆန်ဆန် ပြုလုပ်နေကြသည်ဟု ဆိုနိုင်သော်လည်း ယခင်နှစ်များစွာကထက် စိတ်ဝင်စားမှု သိသာစွာ လျော့ကျခဲ့သည့် နှစ်တစ်ခုဖြစ်နေကြောင်း သင်္ကြန် နှစ်အဆက်ဆက် အင်းလျား၌ မဏ္ဍပ် စီစဉ်ခဲ့သူက ဆိုခဲ့သည်။

မဏ္ဍပ်ကြော်ငြာဒီဇိုင်းနှင့် ပတ်သက်၍ Atomic Digital Art မှ ကိုမျိုးမင်းက ”ကျွန်တော်တို့ဆီကို ဒီဇိုင်း လာအပ်တဲ့သူတွေ မှန်သမျှက မန္တလေးဘက်က များတယ်။ ရန်ကုန်မှာတော့ မဏ္ဍပ်ကြီးထဲက နှစ်ခုလောက်ပဲ လာ အပ်သေးတယ်”ဟု ပြောကြားခဲ့ပါ သည်။

ကုန်ကျစရိတ်တွေ တစ်နင့်တစ်ပိုးနဲ့ ရန်ကုန်သင်္ကြန်

ယခုနှစ် သင်္ကြန်မဏ္ဍပ်များ၌ CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ထားရာ လက်ရှိတွင် ကုမ္ပဏီလေးခုနှင့် ဆက်သွယ်ရန် အကြမ်းဖျင်းလျာထားပြီး CCTV ကင်မရာခနှုန်းထားအနေဖြင့် ပါမစ်ကျသည့်အခါတွင် ကျပ်ရှစ်သိန်းပေးသွင်းခဲ့ရကြောင်း မဏ္ဍပ်ပါမစ်ကျ သူများထံမှသိရှိရသည်။

“မဏ္ဍပ်ဆောက်ဖို့အတွက် ပါမစ် ကျပါပြီ။ ပါမစ်ကြေးကျပ်သိန်း ၃ဝ နဲ့ အခြားဝန်ဆောင်ခတွေအပြင် CCTV ကင်မရာအတွက် ကျပ်ရှစ်သိန်းသွင်းရတယ်။ လုံခြုံရေးအပိုင်းတွေပါ တာဝန်ယူပါ့မယ်လို့ ဝန်ခံကတိလည်း ရေးထိုးခဲ့ရတယ်။ မနှစ်က အနေအထားအရ ဒီနှစ်ဘယ်လိုလာမလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်။ ဒါပေမယ့် ဒီနှစ်က ကန်တော်ကြီး ကန်ပတ်လမ်းမှာ အရင်နှစ်တွေထက် မဏ္ဍပ်အရေအတွက် နည်းတော့ စီစဉ်သူတွေနည်းနည်း အသက်ရှူချောင်မလားဘဲ”ဟု နှစ်စဉ် သင်္ကြန်မဏ္ဍပ်စီစဉ်သူတစ်ဦးက ပြောပြခဲ့သည်။

ယခုနှစ်၏ သင်္ကြန်ကာလ၌ အများစုမှာ လည်ပတ်ရန်ကိုသာစတင် စိတ်ဝင်စားလျက်ရှိကြသည်။ အချို့ မှာ သူငယ်ချင်းများစုဖွဲ့ကာ ကားစင်း လုံးငှားရမ်းရန် ကြိုတင်ပြင်ဆင်မှုများ ရှိလာခဲ့သော်လည်း လတ်တလော ဓာတ်ဆီခနှင့် ဒီဇယ်ဈေးနှုန်းများ မြင့် တက်နေခြင်းကြောင့် လည်ပတ်ရန် စရိတ်မှာလည်း ဈေးမြင့်နိုင်ဖွယ် ရှိနေ သည်။

“သင်္ကြန်အချိန် ရောက်လာတော့လည်း လူငယ်သဘာဝ ပျော်ချင်တာပဲ။ ကုန်ကျစရိတ်တွေကလည်း အရာရာ တက်လာတော့ ဘာလုပ်လို့လုပ်ရမှန်း ကို မသိတော့ဘူး”ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

 

421a

ကန်တော်ကြီး ကန်ပတ်လမ်းတွင် တည်ဆောက်လျက်ရှိသော ရေကစားမဏ္ဍပ်တစ်ခုအား ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်

 

လမ်းလျှောက်သင်္ကြန်ပဲ ဖြစ်တော့မလား . . .

ယခုနှစ် သင်္ကြန်ကာလ အလည်အပတ်များအတွက် ကုန်ကျမည့် ဈေးနှုန်းများမှာ မြင့်တက်နိုင်မည့်အပြင် ရန်ကုန်သင်္ကြန်မှာလည်း လမ်းလျှောက်၍ လည်ပတ်ရမည့် အနေအထားသာ ဖြစ်နေကြောင်း ရန်ကုန်မြို့ခံ အချို့က ပြောကြားခဲ့ပါသည်။

“မြန်မာလူမျိုးတွေအနေနဲ့ သင်္ကြန် ဆိုတဲ့အငွေ့အသက် စကြားပြီဆိုတာနဲ့ ပျော်ချင်ကြတာပဲ။ မနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကတော့လုံးဝကို ခြောက်ခြား စရာကောင်းခဲ့တယ်။ ကိုယ့်သားသမီးကို ကိုယ့်မျက်စိရှေ့မှာပဲ ထားတာ ကောင်းတယ်။ ရပ်ကွက်မှာ အုန်းလက်မဏ္ဍပ်လေး ထိုးပေးဖို့နဲ့ ကလေးတွေ ရေအလုံအလောက်ရအောင် ရေအလှူ ပေးသွားမယ်” ဟု တောင်ဥက္ကလာပမြို့နယ်၌ နေထိုင်သူက ဆိုပါသည်။

ရိပ်သာဝင်ဖို့ပဲ ဆုံးဖြတ်တော့မယ် . . .

ယခုနှစ်၏ သင်္ကြန်အချိန်အခါ သည် ယမန်နှစ်များကကဲ့သို့ ဘက်ပေါင်းစုံမှ တက်ကြွမှု အရိပ်အသန်းများ ကင်းမဲ့နေသည့်နည်းတူ ပရဟိတအစု အဖွဲ့များရှိ လူငယ်အများစုမှာ ရိပ်သာဝင်ရန် ဆုံးဖြတ်မှုများ ရှိနေကြ သည်ဟု လူငယ်အချို့က ပြောပြခဲ့ပါသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ တရားစခန်း၊ တရားရိပ်သာ အသီးသီး၌ စာရင်းပေးသွင်းသူများမှာ ယမန်နှစ် များကထက် လူဦးရေတိုးလာသည် ဟုသိရှိခဲ့ရသည်။ အချို့မှာ မိသားစုလိုက် ရိပ်သာဝင်ခြင်း၊ လူငယ်များ စုဖွဲ့ ကာ ရိပ်သာဝင်ခြင်းများ ပြုလုပ်ရန် ကြိုတင်စာရင်းပေးခြင်းများ ရှိနေခဲ့သည်ဟု သိရှိရပါသည်။

ခရီးထွက်ဖို့ပဲ လုပ်တော့မယ် . . .

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မိသားစုအပန်းဖြေ ခရီးထွက်ရန် စိတ်ပါဝင်စားမှုများလည်း ရှိလာခဲ့ရာ ပြည် တွင်း၊ ပြည်ပခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၌ ဘိုကင်တင်ထားသည့် အရေအတွက်မှာ ယမန်နှစ်များကထက် ပိုမိုများပြားနေကြောင်း ရန်ကုန်မြို့တွင်းရှိ ပြည်တွင်းခရီးသွား လုပ်ငန်း အချို့ထံမှ စုံစမ်းသိရှိရပါသည်။

“အပန်းဖြေခရီးထွက်ဖို့ လတ်တလော စဉ်းစားထားတယ်။ မိသားစုလိုက် အပန်းဖြေနိုင်မယ့် ခရီးစဉ်မျိုးပါ။ ဒီနှစ်သင်္ကြန်ကတော့ စိတ်အပန်းဖြေပြီး မိသားစုလိုက် လုံခြုံစိတ်ချရမယ့် နေရာမျိုးကို သွားချင်တာပါ။ ရန်ကုန် သင်္ကြန်မှာ ကိုယ့်ကလေးတွေလည်ဖို့ ဘယ်လိုမှစိတ်မချဘူး”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောကြားခဲ့ပါသည်။

ဒီနေရာမှာ မဏ္ဍပ်အကြီးတွေရှိမယ်

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ဆရာစံလမ်း၊ စက်မှု ၁ လမ်း၊ ကမ်း နားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း စသည့်နေရာများတွင် သင်္ကြန်မဏ္ဍပ် အကြီးများရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ် အဆိုပါနေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးမှု ပမာဏမှာပြီးခဲ့သည့်နှစ်ထက် လျော့နည်းနေပြီး ယခင်နှစ်က ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်နေရာ ၁၆ ခု ပေးခဲ့သော်လည်း ယခုနှစ်တွင် ခုနစ်နေရာသာ ချထားပေးခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ်သင်္ကြန်မှာ ကန်တော်ကြီး ပတ်လမ်းမှာ မဏ္ဍပ်ဆောက်လုပ်ဖို့ အတွက် အများဆုံး လျှောက်လွှာတင် ခဲ့ကြတယ်။ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းတို့ကတော့ လျှောက်လွှာတင်တဲ့သူ အရေအတွက် နည်းတယ်လို့ သိရတယ်။ ကန်တော်ကြီးပတ်လမ်း မှာ လျှောက်တဲ့သူ ၁၅ ဦးကနေ ခုနစ်ဦး ကို ပါမစ်ချပေးခဲ့ပါတယ်”ဟု ကန်တော်ကြီး ကန်ပတ်လမ်းတွင် သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိခဲ့သူ တစ်ဦး က ပြောပြခဲ့သည်။

ယမန်နှစ် သင်္ကြန်ကာလအတွင်း က အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက် လုပ်ခွင့်များမပေးခဲ့ဘဲ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် အဝီစိတွင်းများရှိသော မြို့တွင်းနေရာများတွင် မဏ္ဍပ် ဆောက်လုပ်ခွင့်များအား စိစစ်ကာ ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ ယမန်နှစ်က ရန်ကုန်သင်္ကြန်သည် မဏ္ဍပ်ကြီးများ၌ စပွန်ဆာကြော်ငြာရှင်များရရန် မျှော် လင့်ခဲ့ရဖူးသည်။ သို့သော်လည်းမဏ္ဍပ် စီစဉ်သူများမှာ အမြတ်မရဘဲ အရှုံးနှင့် သာရင်ဆိုင်ခဲ့ရသည်။ ယခုနှစ် ရန်ကုန် သင်္ကြန်မှာမူ မည်ကဲ့သို့ အနေအထား များနှင့်ရင်ဆိုင်ကြရဦးမည်ဆိုသည် ကိုတော့…။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ထုတ်ပြန်ထားခဲ့သည့် စည်းကမ်းချက်အချို့

–         ရေကစားမဏ္ဍပ်များအား နေ့စဉ်နံနက် ရ နာရီမှစတင်ပြီး ညနေ ၆ နာရီအချိန်တွင် ပိတ်သိမ်းရမည်။

–         မဏ္ဍပ်များတွင် ကြော်ငြာများထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက် သောကြော်ငြာများ ထည့်သွင်းခြင်းမပြုပါ။

–         မဏ္ဍပ်အကြီးများအကျယ်ဆုံးပေ ၁၀ဝ ထက်ပိုမိုဆောက်လုပ်ခြင်းမပြုရ။ သတ်မှတ်ထားသော စည်းကမ်းချက်အားဖောက်ဖျက်ပါက အာမခံစပေါ်ငွေသွင်းအား သိမ်းဆည်းမည်။

–         ရေဆိုးရေပုပ်များဖြင့် ရေကစားခြင်း၊ ရေပက်ခံသူ ထိခိုက်အန္တရာယ်ရှိသည့် ပစ္စည်းများဖြင့် ရေပက် ကစားခြင်း မပြုလုပ်ရ။

–         ခွင့်ပြုချက်ရရှိသည့် သင်္ကြန်မဏ္ဍပ်ကြီး(ပေ ၅ဝ နှင့် အထက်)များသည် မြန်မာ့ရိုးရာ ယိမ်းအဖွဲ့တစ်ဖွဲ့ (၁၂ ဦးယိမ်း(သို့) ၁၆ ဦးယိမ်း (သို့) ၂၄ ဦးယိမ်း)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်တွင် ပါဝင်ယှဉ်ပြိုင်စေရမည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်၏သင်္ကြန်ဖွင့်ပွဲနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားများကို ပါဝင်တက်ရောက်ရမည်။ ဦးစီးကော်မတီမှ ညွှန်ကြားလာပါက ရန်ကုန်မြို့တော် စည်ပင်ဗဟိုမဏ္ဍပ်တွင် အလှပြယာဉ်တစ်စီး ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရမည်။

–         မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ကျူးသည့် အနေဖြင့် သင်္ကြန်မဏ္ဍပ် အားလုံးဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်းဆောင်ရွက် သွားရမည်။

–         မဏ္ဍပ်တာဝန်ခံသည် မဏ္ဍပ်ခွင့်ပြုချက်ကို ပလပ်စတစ်လောင်းပြီး မဏ္ဍပ်မြင်သာသည့် နေရာတွင် ချိတ်ဆွဲထားရန်။

–         မဏ္ဍပ်၏ကြံ့ခိုင်မှုကို အသုံးမပြုမီ မပျက်မကွက် စစ်ဆေးရမည်။ လာရောက် စစ်ဆေးသော အဖွဲ့၏ ညွှန်ကြားချက်အတိုင်း လိုအပ်ချက်များကို အတိအကျ ပြင်ဆင်ဆောင်ရွက်ရမည်။

ယခုနှစ်သင်္ကြန်တွင် လမ်းအလိုက်တည်ရှိမည့် မဏ္ဍပ်စာရင်း

ကန်တော်ကြီးကန်ပတ်လမ်း –     ငါးပြတိုက်ရှေ့(ကားပါကင်အတွင်း)

ကန်တော်ကြီးဟိုတယ်ရှေ့ (ကားပါကင်အတွင်း)

အထက်ပန်းဆိုးတန်းလမ်းနှင့် သိမ်ဖြူလမ်းကြား (၃ နေရာ)

သိမ်ဖြူလမ်းနှင့် ဦးအောင်မြတ်လမ်းကြား(ဟော်ကီကွင်းရှေ့)

သိမ်ဖြူလမ်းနှင့် ဦးအောင်မြတ်လမ်းကြား(ပါဝါလိုက်စားသောက်ဆိုင်ရှေ့)

ပြည်လမ်း        –         ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းကြား၊ စွမ်းအင်ဝန်ကြီးဌာနရုံးဟောင်းရှေ့၊ ကမာရွတ်မြို့နယ်၊ Yong Auto Service ရှေ့၊ ကမာရွတ်မြို့နယ်၊ အမှတ် ၆၂၃ ခြံဝင်းရှေ့၊ လှိုင်မြို့နယ်၊ ခြံအမှတ် ၅ ရှေ့

ကမ္ဘာအေးစေတီလမ်း    – မြကျွန်းသာပန်းခြံရှေ့၊ မရီနာဟိုတယ်အနီး၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် စက်မှု ၁ လမ်းဆုံမီးပွိုင့်အနီး

ဗိုလ်ချုပ်အောင်ဆန်းလမ်း         –         ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့

ဝေဇယန္တာလမ်း –         သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏကွင်းအနီး၊ Goal Hotel ရှေ့

အလုံလမ်း       –         မြို့မကျောင်းလမ်းနှင့် ပြည်လမ်းကြား(ဆောက်လုပ်ရေးရုံးရှေ့)

မြို့မကျောင်းလမ်းနှင့် ပြည်လမ်းကြား (Summit Park View) ရှေ့

ကမ်းနားလမ်း    –         ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးရှေ့

ဘုရင့်နောင်လမ်း         –         ကမာရွတ်မြို့နယ်၊ ရွှေမာလာရိပ်မွန်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရွှေပုန်းညက်ရိပ်မွန်ရှေ့၊ လှိုင်မြို့နယ်၊ နန်းထိုက်တော်ဝင်ရှေ့

သင်္ကြန်ဏ္ဍပ်များလုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာရန်ထုတ်ပြန်သည့် စည်းကမ်းချက် ၂၅ ချက်မှ ကောက်နုတ်ချက်အချို့

–         မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။ မသင်္ကာဖွယ်ရာများကို အနီးကပ် ဓာတ်ပုံ မှတ်တမ်းတင်နိုင်ရန်အတွက် သီးခြားဓာတ်ပုံ ရိုက်သူများ ထားရှိရမည်။

–         လုံခြုံရေး ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ရာတွင် လုံခြုံရေးကုမ္ပဏီများမှ အတွေ့အကြုံရှိသော လုံခြုံရေးဝန်ထမ်းများ ငှားရမ်း၍ စည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီမှ သတ်မှတ် ပေးထားသည့်အင်အားအတိုင်း တာဝန်ချထားရမည်။ လုံခြုံရေးကုမ္ပဏီများမှ လေ့ကျင့်ပြီး လုံခြုံရေး အနည်းဆုံး ၁ဝ ဦး ငှားရမ်းအသုံးပြုရမည်။

–         ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် မဏ္ဍပ်တိုင်းတွင် တယ်လီဖုန်းများ ထားရှိရမည်။

–         အရေးပေါ် အချိန်များတွင် အသုံးပြုရန်အတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွင် Light Truck ယာဉ်တစ်စီး အသင့် စီစဉ်ထားရှိရမည်။

–         ရေပက်ခံ လာသူများအကြားမှ မိုင်းဟု မသင်္ကာဖွယ်အထုပ်များ၊ ဆန့်ကျင်စာ၊ လှုံ့ဆော်စာများ ဖြန့်ကြဲခြင်း၊ ပစ်ချခြင်းများအား တွေ့ရှိပါက ပြုလုပ်သူကို အလျင်အမြန်တားဆီး၍ အတွင်းစည်း တာဝန်ကျလုံခြုံရေးအဖွဲ့သို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရမည်။

–         မဏ္ဍပ်တွင် မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရမည်။

–         မဏ္ဍပ်တာဝန်ခံနှင့် ဆက်ဆံရေးအရာရှိ ၂ ဦးတို့အား တိတိကျကျ တာဝန်ပေး၍ ဆက်သွယ်ရမည့် လက်ကိုင်ဖုန်းများ ထုတ်ပေးပြီး ကွပ်ကဲမှု အဖွဲ့စုဖွဲ့ထားရှိရမည်။

–         ရေပက်သည့် သူများကြားတွင် ရန်ပြုနိုင်သော တုတ်၊ ဓား၊ လက်နက်များပါရှိသည်ကိုတွေ့မြင်ပါက လုံခြုံရေး တာဝန်ယူထားသူများက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့သို့ အလျင်အမြန် အကြောင်းကြားရမည်။

–         လုံခြုံရေးတာဝန်ကျသူ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ လုံခြုံရေးဆောင်ရွက်ရန်နှင့် မဏ္ဍပ်ပေါ်မှ သီဆိုဖျော်ဖြေသူများ၊ ရေပက်နေသူများအား အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေး တာဝန်ယူထားသူးက တတ်နိုင်သမျှ ကာကွယ်ပေးနိုင်ရမည်။

Eleven Media Group မှ ကူးယူဖော်ပြသည်…

 

4 comments

  • မမလေး

    April 8, 2011 at 7:31 am

    ဒီလောက်ပဲလား … ဆရာစံလမ်းတို့ဘာလမ်းတို့တွေရော …

  • manawphyulay

    April 8, 2011 at 8:33 am

    ရန်ကုန်သင်္ကြန်ဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မလားပဲနော်……….

  • eros

    April 8, 2011 at 8:59 am

    ဒီနှစ်ဘာမှ မလုပ်ဘူး အိမ်မှာပဲနေမယ်။ အင်တာနက်ဆိုင် သွားမယ်။ သင်္ကြန်တွင်းဘယ်မှာ ဆိုင်တွေဖွင့်လဲဗျို့။

  • intro

    April 8, 2011 at 10:00 am

    World of Warcraft ပဲ ထိုင်ဆော့တော့မယ်… ဒါထက် နေပြည်တော် သင်္ကြန်ကျတော့ရော

Leave a Reply